Saturday, April 9, 2011

ကျနော် ခွဲထွက်ရေးသမား

ကျနော် ခွဲထွက်ရေးသမား

မျက်မှောက် မြန်မာ့နိုင်ငံရေး ပြဿနာတွင် ခွဲထွက်ရေးပြဿနာသည် အဓိကအချက်အနေဖြင့် ပါဝင် နေသည်။ တချို့က ခွဲထွက်ခြင်း၏ အကျိုးအပြစ်များကို စနစ်တကျ ခွဲခြမ်းစိပ်ဖြာပြီးမှ ခွဲ မထွက်သင့်ဟု ယူဆသူများလည်း ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲမထွက်သင့်ဟု အမြင်ရှိကြသည်။ တချို့လည်း ဘာပဲဖြစ်ဖြစ် ခွဲထွက်မှ ဖြစ်မယ်ဟု အမြင် ရှိကြသည်။ တချို့လည်း တိုင်းရင်းသားများအား ရာသက်ပန် လက်အောက်ခံအဖြစ် ထားလိုပြီး ခွဲထွက်ရေးကို ခွင့်မပြု လိုသူများ ရှိကြသည်။ တချို့လည်း ပေါင်းနေသောအားဖြင့် အမျိုးသား အခွင့်အရေးများ ဆုံးရှုံးသည် အကျိုးမရှိမည့် အတူ ခွဲထွက်လိုကြသည်။ ခွဲထွက်ရေးကို ခွင့်မပြုဆိုသူများ၏ နောက်ကွယ်တွင် ပယောဂ မျိုးစုံ ပါလာသည်။ ခွဲထွက်ခွင့်ကို တားမြစ်လိုလျှင် အကျိုးတူ ဖြစ်ဖို့လိုသည်။ အကျိုးမတူလျှင် အကျိုးရှိသူကသာ ခွဲထွက်ခွင့်ကို ဆန့်ကျင်မည် ဖြစ်သည်။ အကျိုးယုတ်သူများ၏ ဆန္ဒကား ခွဲထွက်ရန် အမြဲတန်းကြိုးပမ်း နေမည်ဖြစ်သည်။ လိုရင်းအားဖြင့် ခွဲထွက် လိုသောပြဿနာသည် အကျိုးတူ မတူ ဆိုသည့် ပြဿနာပင် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် ခွဲထွက်ရေးကို ပြောဖို့အတွက် ကြောက်နေကြသည်။ ဗမာအများစုကလဲ ကြောက်နေ ကြသည်။ ဗမာမဟုတ်သော တခြား အမျိုးသားများကလဲ ကြောက်နေကြသည်။ သူတို့ ကြောက်နေ ကြသည်မှာ အထက်ပါ အကြောင်း အမျိုးမျိုး ရှိနိုင်သည်။ တချို့အကြောင်းပြချက်မှာ ခွဲထွက်ရေးသည် မျက်မှောက်ကမ္ဘာတွင် ခေတ်ကုန် သွားပြီ မည်သည့် နိုင်ငံမှ မထောက်ခံ။ ထို့ကြောင့် ခွဲထွက်ရေးကို မပြောသင့်ဟု ဆိုကြသည်။ ပြောသောအားဖြင့် အာဏာရ ရန်သူ၏ အမြတ်ထုတ်မှုကိုသာ ခံသွားရမည်ဟု ဆိုကြသည်။ အာဏာရ အဆက်ဆက်သည် ခွဲထွက်ရေး သမားများအဖြစ် အမြဲတမ်း စွပ်စွဲလာသူများ ဖြစ်သည်။ ဤသည်ကို ချေပရန် အတွက် ခွဲထွက်ရေး စကားကို မပြောသင့်ဟု ဆိုကြသည်။  ဤသည်ပင်လျှင် အမှန်တရားကို မျက်ကွယ်ပြုခြင်း ဖြစ်သည်။ ဤပြဿနာသည် ကြောက်နေ၍ ပြီးသွားမည့် ပြသနာမဟုတ်။ ခေါင်းရှောင်နေ၍ ပြေလည်သွားမည့် ပြဿနာမဟုတ်။ ဖုန်းကွယ်ထား၍ ရမည့် ပြဿနာလည်း မဟုတ်သည်ကို သတိပြုသင့်သည်။

ခွဲထွက်ရေး၏ အမှန်တရားသည် မည်သူမျှ ပါယ်ဖျက်၍ မရသော လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေး (Basic Rights) ဖြစ်သည်။ ခွင့်ပြုချက်ကို လက်ဖြန့် တောင်းစရာ မလိုသည့် အခွင့်အရေး ဖြစ်သည်။ တဖက်တွင် သမိုင်းတလျှောက်လုံး သီးခြားစီ နေထိုင် လာခဲ့ကြခြင်းလည်း ဖြစ်သည်။ အမှန်တရားကို ငြင်းပါယ်နေသမျှ၊ ဟန်ဆောင် နေသမျှ၊ မျက်ကွယ်ပြုနေသမျှ ကာပတ်လုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက် ဖွံ့ဖြိုးရေးနှင့် အလှမ်း ဝေးနေမည်သာ ဖြစ်သည်။ အာဏာရ အဆက်ဆက်သည် ခွဲထွက်ရေးကို အင်အားသုံး တားမြစ် လာခဲ့ကြသည်။ တနည်းအားဖြင့် စည်းရုံးရေးကို အင်အားသုံး တည်ဆောက် လာခဲ့ကြခြင်း ဖြစ်သည်။ ပဒေသရဇ်ခေတ် အဆက်ဆက်ကို အားကျ နေကြသူများ ဖြစ်သည်။ ၀ံသာနု လွန်ကဲသူ ဗမာများကလည်း အားပေး ထောက်ခံလာကြသည်။ ၀ံသာနုစိတ်ဓါတ် ဆိုသည်မှာ လူမျိုးတိုင်းအတွက် ကောင်းသော လက္ခဏာရပ် တခုဖြစ်သည်။ သို့သော် လိုအပ်သည်ထက် ကျော်လွန်လျှင် အမုန်းပွါးမှုကိုသာ ရစေ တတ်ပါသည်။ မြန်မာနိုင်ငံသည် အမုန်းပွါးမှု သာမက ပဋိပက္ခသံသရာ ရှည်ကြာနေသော နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကိုယ့်လူမျိုးကို ကိုယ်ချစ်လျှင် တရားခံဖြစ်သည်။

ဤသို့ဆိုလျှင် ကျနော်လည်း ခွဲထွက်ရေးသမားပင် ဖြစ်သည်။ ကျနော့ ခွဲထွက်ရေးက သူများနှင့် တူချင်မှ တူမည်။ ရခိုင်တို့သည် အတိတ်သမိုင်း တလျှောက် သီးခြားနေလာသူများ ဖြစ်ခြင်း၊ ခွဲထွက်ခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေး ဖြစ်ခြင်း၊ ပူးတွဲနေလာသော ရာစုတ၀က်ကျော် သက်တမ်းအတွင်း အကျိုးဖြစ်ထွန်းမှုဟူ၍ ပြစရာမရှိခြင်း။ ထို့ကြောင့် ပူးတွဲ နေသောအားဖြင့် အကျိုးယုတ်မဲ့အတူ သီးခြားနေလိုခြင်း၊ သီးခြား နေသောအားဖြင့် ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရခြင်း၊ သူတပါး၏ ခေါင်းပုံဖြတ် ချယ်လှယ်မှုအောက်မှ လွတ်ကင်းသွားခြင်း။ အနိမ့်ဆုံးအားဖြင့် လူမျိုးခြား လက်အောက်ခံ ကျွန်အဖြစ်ဖြင့် ချမ်းသာခြင်းထက် လွတ်လပ်စွာ ဆင်းရဲလိုခြင်း၊ လိုရင်းအားဖြင့် လူမျိုးပေါင်စုံ၏ အဓိက တောင်းဆိုချက် ဖြစ်သော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကို ဗိုလ်ချုပ်အောင်ဆန်းမှ အပ လက္ခံသူမပေါ်သေးခြင်း၊ လူမျိုးခြားတို့၏ လက်အောက်ခံ သူ့ကျွန်ဘ၀တွင်လည်း နေရသေးသည်။ ခေါင်းပုံဖြတ်မှုလည်း ခံရသေးသည်ဆိုလျှင် ထိုထက် လူဖြစ်ရှုံးခြင်း မရှိဟုယူဆခြင်း တို့ကြောင့် ကျနော်သည် သီးခြားနေလိုခြင်း (၀ါ) ခွဲထွက်လိုခြင်း ဖြစ်ပါသည်။

မိမိတို့ လက်ခံသော ညီညွတ်ရေးဆိုသည်မှာ တဖက်သတ် တည်ဆောက်၍မရ၊ အင်အားသုံး တည်ဆောက်၍ မရ၊ သခင်နှင့် ကျွန်ပုံစံ တည်ဆောက်၍ မရ၊ အလုပ်ရှင်နှင့် လုပ်သားပုံစံ တည်ဆောက်၍ မရ။။ ထိုသို့ တည်ဆောက်ခြင်း၏ ရလဒ်မှာ သံသယကိုသာ ရမည်။ အာဃာတကိုသာ ရမည်။ ပဋ္ဋိပက္ခကိုသာ ရမည်ဖြစ်သည်။ ညီညွတ်ရေး ဆိုသည်မှာ အကျိုးတူ တည်ဆောက်ရသည်မျိုး ဖြစ်သည်။ အပြန်အလှန် နားလည်မှုဖြင့် တည်ဆောက် ရသည်မျိုး ဖြစ်သည်။ ညီညွတ်ဖို့ လိုအပ်သည်ကို လူ့ကျင့်ဝတ်အရ သဘောပေါက် လက်ခံဖို့ လိုအပ်သည်။ ထိုသို့ တည်ဆောက်နိုင်မှ သာလျှင် စည်းနှောင်အား ပိုကောင်းမည် ဖြစ်သည်။ မျက်မှောက် နိုင်ငံတော်သည် စတုတ္တ မြန်မာနိုင်ငံတော် ဖြစ်သည်။ ပဒေသရဇ် တည်ဆောက်ပုံကို ပုံတူကူးချနေလျှင် တတိယ မြန်မာနိုင်ငံတော် ပြိုကွဲခဲ့သလို စတုတ္တ နိုင်ငံတော်လည်း တနေ့တွင် ပြိုကွဲမည်မှာ မုချပင် ဖြစ်သည်။ မပြိုကွဲသမျှ ကာလပတ်လုံး သွေးမတိတ် ရောဂါမှာ ဆက်လက်ပြီး ကြီးထွားနေမည် ဖြစ်ပါသည်။ (၂၀) ရာစုကုန်ပိုင်းသည် ကမ္ဘာလုံး ဆိုင်ရာတွင် အမျိုးသားနိုင်ငံများ ပြန်လည် စန်းပွင့်ချိန် ဖြစ်သည်။ ဆိုဗီယက်၊ ယူဂိုဆလားဗီးယား၊ ချက်ကိုစလိုဗက်ဂီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှားတို့မှ မွေးဖွါး ပေးလိုက်သော နိုင်ငံသစ် နှစ်ဆယ်ကျော်ခန့် ကုသမဂ္ဂတွင် တိုးလာခဲ့သည်။

အင်အားသုံး တည်ဆောက်လာသောကြောင့် ရာစုတ၀က် ကျော်သွားပြီဖြစ်သည်။ ဖွံ့ဖြိုးဖို့အစား ချွှတ်ခြုံ ကျသွားသည်။ တည်ငြိမ်မှု ရဖို့အစား လူမျိုးရေး အာဃာတများ တိုးပွါးလာသည်။ အကျိုးဆက် ရလဒ်အဖြစ် ပဋ္ဋိပက္ခသံသရာ ရှည်ကြာလာသည်။ သွေးမတိတ်သော ဒဏ်ရာကြီးသာ ဖြစ်လာသည်။ (၁၉၈၄) ခုနှစ်က  သောင်းကျန်းသူများအား နောက်လေးနှစ်အတွင်း အမြစ် ပြတ်စေရမယ်ဟု ဗိုလ်ခင်ညွန့် ကြုံးဝါးခဲ့သည်။ ယင်းမတိုင်မှီကလည်း ဗိုလ်နေ၀င်းက ကြိမ်ဖန်များစွာ ကြုံးဝါးခဲ့ဖူးသည်။ ကမ္ဘာတွင် နမူနာ ယူကြမည်ဆိုလျှင် အနာဂါတ်ပြည်ထောင်စုသို့ ဦးတည်လှုပ်ရှားမှုများလည်း အင်အားကောင်းသည်ထက် ကောင်းလာသည်။ ယင်းတို့မှာ ဥရောပသမဂ္ဂ၊ (CIS) နိုင်ငံများတို့ ဖြစ်သည်။ ပထမကမ္ဘာစစ် မတိုင်မှီက ဥရောပကို အင်ပါယာ ပိုင်ဆိုင်မှုနှင့် ဖွဲ့စည်းခဲ့သည်။ ပထမကမ္ဘာစစ်ပြီးနောက် အင်ပါယာများ ပြိုကွဲသွားပြီး အမျိုးသား နိုင်ငံများ ပေါ်ထွက်လာကြသည်။ နှစ်ဆယ်ရာစုကုန်ပိုင်းတွင် ကုသမဂ္ဂအဖွဲ့ဝင် နိင်ငံပေါင်း နှစ်ရာကျော်ထိ တိုးတက်သွားသည်။ ဆန္ဒကို မျက်ကွယ်ပြုပြီး အင်အားသုံး စည်းရုံးဖွဲ့စည်းခဲ့သော ဆိုဗီ ယက်ပြည်ထောင်စု တခုတည်းကပင်လျှင် အမျိုးသားနိုင်ငံပေါင်း တဆယ်ကျော် မွေးထုတ် ပေးခဲ့သည်။

ဗမာနှင့် တခြား လူမျိုးများအကြား တည်ရှိလာသော သံသယများ၊ အာဃာတများ၊ ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးသည် စစ်ဝါဒ ဖျက်သိမ်းရေးအဖြစ် ထားသင့်သည်။ ဗိုလ်နေ၀င်း အာဏာသိမ်းစက ဗမာဝံသာနုအများစုက ထောက်ခံခဲ့ကြ ဖူးသည်။ (၈၈) တွင် ကိုယ့်အလှည့် ရောက်တော့မှ သဘောပေါက် သွားကြသည်။ မျက်မှောက်တိုက်ပွဲကို ဗမာ ၀ံသာနု အစွဲသန်သူများနှင့် တခြား လူမျိုးရေး အစွဲသန်သူများ၏ တိုက်ပွဲအဖြစ် အဓိပ္ပါယ်ဖေါ်ကြသည်။ ဗမာပြည်သမိုင်းတွင် တည်ငြိမ်မှု၊ သင့်မြတ်မှုနှင့် ငြိမ်းချမ်းမှုဆိုမှာ ဘယ်တုန်းကမှ မရှိခဲ့။ ထို့ကြောင့် ဖက်ဒရယ်ကို လက်ခံသော ဗမာခေါင်းဆောင်များကို ဗိုလ်အောင်ဆန်းက ခြိမ်းခြောက်နေသည်။ လိုရင်းအားဖြင့်ဆိုလျှင် အတိတ်သမိုင်း၏ ပုံစံအတိုင်း သီးခြားစီ ပြန်နေကြခြင်းကသာ အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့်  ဖွံ့ဖြိုးတိုးတက်မှုများ၏ စိတ်ကူးယဉ်ဘ၀ကို ကျော်လွားနိုင်မည်ဟု မျှော်လင့်ပါသည်။ ယနေ့ကာလ ဗမာနိုင်ငံတွင် ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဘောရစ်စ်ယယ်ဆင်လို ပုဂ္ဂိုလ်တဦး အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါကြောင်း။ ဤသို့ဖြင့် ခွဲထွက်ရေးသမားကို စောဒကတက်မည်ဆိုလျှင် လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု အခြေခံဖြင့်သာ စဉ်းစားရမည် ဖြစ်ပါကြောင်း။       ။

စံရွှေခိုင်
Way Min Way Min 11:59pm Apr 9

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...