Friday, April 8, 2011

ရိုးတံနှင့် ပန်းပွင့်


ဒီနေ့ ကျွန်မရဲ့ ဧည့်ခန်းထဲမှာ စိုပြည်လျက်ရှိနေတယ်။ ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ စားစရာတွေ အပြည့်ရှိနေသလို ရယ်မောပြောဆိုနေသံမှာ ပြန်စဉ်းစားရင် လွန်ခဲ့သော နှစ်များဆီက အတိုင်းပါပဲ။ ကျွန်မက ဧည့်ခန်းထဲက ဧည့်သည် မမများအတွက် အအေး၊ ကော်ဖီတွေဖျော်နေတယ်၊ အကြိုက်ကလည်း
တယောက်တမျိုး…၊ ကျောင်းကတည်းက သူငယ်ချင်းတွေမို့ အတွင်းသိ၊ ကျွန်မတို့ ခုလို ပြန်ဆုံနိုင်ဖို့
တော်တော်ကြိုးစားထားရတာ၊ ကျောင်းပြီးတော့ အလျှိုလျှို အိမ်ထောင်ကျကုန်ကြတယ်၊ အဲဒီကတည်းက
လေးယောက်လုံး တခါမှ မဆုံခဲ့၊ ဒီကြားထဲ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မအားတာနဲ့ပဲ… ပြောင်းတဲ့လူက
ပြောင်းနဲ့ မတွေ့ကြတော့ဘူး၊ အရင်က တယောက်အကြောင်း တယောက် သိကြ ပေမဲ့ ခုချိန်မှာ
ပြောင်းလဲမှုတွေများစွာနဲ့ ဝေးနေကြရတယ်၊ ဒီနေ့တော့ ကျွန်မရဲ့ မှတ်မှတ်ရရ မွေးနေ့လည်း ဖြစ်တာမို့
မဖြစ် ဖြစ်အောင် ဆုံဖို့ တလလောက် ကြိုချိန်းခဲ့ရတယ်၊ ကျွန်မတို့ အားလုံး
ပျော်ရွှင်နေကြတယ်။

ဒီအရသာကို လွတ်လပ်စွာ ပြန်ခံစားခွင့်ကို မျှော်လင့်နေခဲ့တာ ကျွန်မတို့ လေးယောက်လုံးပဲ၊
အားလုံး
ဝေးကွာနေရာက ခုလို ပြန်ဆုံတော့ ခံစားမှု အသစ်လေး ရသလို ကျွန်မတို့ အားလုံး အိမ်ထောင်သည်တွေနဲ့မတူပဲ အပျိုတွေနဲ့ တူနေတယ်။

ကျွန်မတို့ တွေ့ဆုံမိကြရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာ၊ မပြေလည်မှု၊ ပြေလည်မှုတွေ
အားလုံးပြောဖို့၊

ရင်ဖွင့်ဖို့ဟာလည်း တာစူထားကြတယ်၊ အသီးသီး အိမ်ထောင်ကျ သွားပေမယ့် အဲဒီအိမ်ထောင်ရေးရဲ့

အခြေအနေကို မသိကြသေးတာမို့ တယောက်အကြောင်း တယောက် စိတ်ဝင်စားနေကြတယ်။

ကျွန်မတို့ ဘယ်လောက် စိတ်ကူးယဉ်ကြသလဲ ဆိုရင် ရင်ဖွင့်ဖို့ကို မဲလိပ်နှိုက်ပြီး
အမှတ်စဉ်တပ်ကြတယ်၊


အမှတ်စဉ် နံပါတ်(၁)ကို ကျသွားသူက “ယမင်းတင်အောင်” တဲ့

အမင်းရဲ့ မျက်နှာလေးက အရင်အတိုင်း ချောဆဲ။ နှုတ်ခမ်းက ပြုံးစစ ဖြစ်သွားပြီး သူ့
အကျင့်အတိုင်း
ဆံပင်ကို တချက်ခါလိုက်ရင်း….
“ ငါ အရင်ကျသွားတော့ သိပ်မကောင်းဘူး၊ ဒါပေမယ့် ငါ အရမ်းပြောချင်နေတယ်၊ အဓိကက
ငါ့ဘ၀မှာ

မထင်မှတ်တာတွေ တွေ့လာရတာပဲ၊ နင်တို့ သိတဲ့အတိုင်း အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့

စီးပွားရေးလည်း ငါပဲ ဦးဆောင်လုပ်ခဲ့ရတာ၊ ပွဲရုံလုပ်ငန်းဆိုတော ရှုပ်တော့ ရှုပ်နေတာပေါ့၊ ငါက ငယ်ငယ်

ကတည်းက ဦးဆောင်လာရတော့ အကျင့်ဖြစ်နေပြီ၊ ငါ့စိတ်က မြန်တော့ ငါလုပ်သမျှပြီးလွယ်ပြီး

အောင်မြင်တာများတယ်၊ ဒါကတော့ ငါ ငယ်ငယ်ကတည်းက ပွဲရုံနဲ့ ရင်းနှီးနေလို့ပဲ ထားပါတော့…”

“ ငါ `ကိုမျိုးဆက်`ကို ဖြစ်စေချင်တာက ငါ့စီးပွားရေးလည်း သူ့စီးပွားရေးပဲ
ငါ့မိဘပိုင်တယ် ဆိုတဲ့ အသိက

သူ့ခေါင်းထဲကို ရောက်နေတယ်၊ အဲဒီလုပ်ငန်းတွေမှာ စိတ်ပါစွာ ၀င်လုပ်စေချင်တယ်၊ သူ့အတွေးက သူက

ငါ့လောက် မလုပ်နိုင်တော့ အလိုလို feel ဖြစ်တယ်၊ ငါ့မိဘကလည်း သူ့ကို မနှိမ်ပါဘူး၊ သူလုပ်တဲ့
ကား၊
ဆိုင်ကယ် ပွဲစားအလုပ်က ရတလှည့် မရတလှည့် သိတဲ့ အတိုင်းပဲ၊ သူသာ ဦးစီးနိုင်မယ်ဆိုရင် ငါ က
တဖက်က ဆိုင်တခုခု ဖွင့်လို့ ရတယ်၊ စီးပွားရေးကို ဘယ်လိုလုပ်ရမယ် ဆိုတာ ငါ့လောက် သူနားမလည်ဘူး…”
“ကုန်သည်တွေကလည်း ကြာတော့ ငါ့ပဲ သိတာပေါ့၊ ဟိုနေရာဆိုလည်း ငါ ဒီနေရာဆိုလည်း ငါပဲ၊ ဒီကစ္စတွေ

ငါ လုပ်ရလို့ ပြောတာ မဟုတ်ပါဘူး၊ သူ့ကိုဖြစ်စေချင်တာပေါ့ ကြာတော့ ငါ့မိဘက ဘာမှ
မပြောပေမယ့်
သူ့ဟာသူ ရှောင်ဖယ်လာတယ်၊ နောက်ဆုံး စိတ်အလိုမကျမှုတွေက ငါ့အပေါ် စုပုံလာပြီး မကြာခဏ
စကားများကြတာပေါ့၊ အရင်က ငါ သူ့ကို အဲဒီိလို စိတ်ဓါတ် ရှိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး၊ အဲဒါက
ငါ့ရဲ့
Main ပြဿနာပဲ ”
“ဟုတ်ပြီ အမင်းရဲ့ ပြဿနာကို သိရပြီ၊ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို နောက်မှ
အဖြေထုတ်ကြတာပေါ့၊

ခု ဒုတိယ တယောက်ရဲ့ ရင်ဖွင့်တေးသံသာကို နားဆင်ရအောင်”


ဒုတိယ အလှည့်က “အသော်”…။

အသော်က ဘာပြောရမလဲ စဉ်းစားနေပုံနဲ့ နှုတ်ခမ်းကို ကိုက်လိုက်သေးတယ်၊

“ငါကတော့ မိဘတွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့သူ ဆိုတော့ ကိုနိုင်နဲ့ လမ်းခွဲပြီး မိဘတွေ
ပေးစားတဲ့

ကိုဘုန်းကို လက်ထပ်လိုက်ရတာ ဒီအထိ ရှင်တို့ သိပါတယ်၊ ငါဟာ ကိုနိုင့်ကို လမ်းခွဲပြီး
အိမ်ထောင်တခု

အပေါ်မှာ အမြဲ သစ္စာရှိခဲ့ပါတယ်၊ ကိုဘုန်းက အရင်က ရည်းစား မရှိခဲ့ဘူး၊ ကိုနိုင့်ကိစ္စနဲ့
ပတ်သတ်ပြီး သူက

သ၀န်တိုတယ်၊ ကိုနိုင်နဲ့က စီးပွားရေးအရ တခါတလေ ဆက်ဆံရတာလည်း ရှိတာပေါ့..”

“သူက အမြဲတမ်း သံသယ မျက်လုံးနဲ့ ကြည့်တတ်တယ်၊ တကယ်တော့ မိန်းမအားလုံးဟာ မျက်နှာ
မများချင်

ကြတဲ့ လူချည်းပဲ၊ ဒီတယောက်ထဲ ချစ်ပြီး အိမ်ထောင်ဖက် ကိုလည်း ဒီတယောက်ပဲ ဖြစ်ချင်တာပဲ၊
ဒါပေမယ့်

စိတ်ကူးနဲ့ လက်တွေ့ဟာ ထပ်တူကျချင်မှ ကျတတ်တာပဲ၊ သူကတော့ ငါ့တယောက်ကိုပဲ ကြိုက်ပြီး

လက်ထပ်နိုင်ခဲ့တာ ဆိုတော့ ကံကောင်းတာပေါ့၊ ငါနဲ့ ကိုနိုင်ကြားက ဆက်ဆံရေးဟာ သန့်ရှင်းတယ်၊ ဒါကို

သူ့မှာ သံသယ အပူတွေနဲ့ နေရတာ သူ့အတွက် မငြိမ်းချမ်းဘူး၊ သူ့ ကြည့်လိုက်ရင် မြုံစိစိနဲ့၊
သေသေချာချာ

တော့ ငါ့ကို မပြောဘူးဟ၊ ငါတို့ နှစ်ယောက်ကြားမှာ အဲဒီလိုချည်း မဖြစ်ချင်ဘူး၊
ပွင့်ပွင့်လင်းလင်းပေါ့၊ ဒီလို

ကိစ္စတွေက ကြာလာရင် သူ့ဘက်က ပေါက်ကွဲလာမှာ စိုးရိမ်တယ်၊ ငါ့ပြဿနာကတော့ ဒါပဲ၊ ဘာမှ မဟုတ်ပဲ..

လင်မယား ခဏခဏ စကားများနေရရင် ကြာရှည်ကျ မကောင်းဘူးလေ၊ တကယ်တော့ လပ်ထပ်ခြင်း ဆိုတာ

သူတို့က ပိုင်ဆိုင်ပြီး ငါတို့က ပိုင်ဆိုင်ခံလိုက်ရတဲ့ သားကောင်တွေလိုပဲ၊ အိမ်ထောင်ရေးမှာ
နားလည်မှု နဲ့

အပေးအယူ တည့်မှ ဖြစ်မယ်၊ ရည်းစားတုန်းက နားလည်ခဲ့တဲ့ အချစ်နဲ့ အိမ်ထောင်ရေးမှာ တည်ရှိတဲ့
အချစ်နဲ့

တခြားစီပဲလို့ ထင်တာပဲ…”

“ အသော်ပြောတာ ဟုတ်တယ် ”

ဇင်မင်းခင်က ထောက်ခံတယ်………

“ကဲ..ကဲ…ဒီတခါ ဒေါက်တာဇင်မင်းခင်ရဲ့ အလှည့်ပါ ”


“အဇင်.. ရှင်ကတော့ ကျောင်းတုန်းက ပြောဖူးတဲ့ အတိုင်း ရှင် လိုချင်တဲ့ အိမ်ထောင်ရေးတခု
တည်ထောင်နိုင်

တယ်လို့ အမင်း ထင်တယ်..”

“အမယ်လေး.. ဒေါ်ယမင်းတင်အောင်.. ကိုယ် အခုချိန်မှာ စီးပွားရေးလောကထဲကိုတောင် ပြေးဝင်လိုက်ချင်

သေးတယ်၊ ရှင်တို့ကို ကြည့်ရတာ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်တော့ လွပ်လပ်နေတယ်လို့ ထင်တာပဲ၊
ကိုယ့်ဘဝ

အကြောင်းကို ပြောရရင်တော့ "What is the meaning of my life" လို့ မေးရမလို
ဖြစ်နေပြီ၊ အများအမြင်

မှာတော့ ကိုယ့်ဘ၀ဟာ အားကျစရာကောင်းပါတယ်…၊ ယောကျာ်းက ဆရာဝန်၊ ယောက္ခမ နှစ်ယောက်လုံးက

ဆရာဝန်၊ ကိုယ်က ဆရာဝန်၊ ဒီကြားထဲ ကိုယ့်အဖေက ဆရာဝန်၊ တအိမ်လုံး မိသားစုဝင်တွေ ဆရာဝန်

ဖြစ်နေတဲ့အခါ တခြား အကြောင်းအရာ ပြောဖို့ အခွင့်အရေး နည်းပါးလာကြတယ်..”

“ကိုယ်တော့ နေ့တိုင်း liver တွေ၊ lung တွေ၊ Arteries တွေ မြင်နေရတာက တမျိုး၊ အိမ်ရောက်ရင်လည်း

ကြားရတဲ့ စကားက ဒီထဲက မထွက်ဘူး၊ တပတ် တခါလောက် လူစုံတဲ့ ထမင်းစားပွဲမှာလည်း ဒီအကြောင်း

တွေပဲဖြစ်နေတယ်၊ တခါတလေ တူညီတာတွေ များလွန်းတော့ မတူညီတာလေးတွေကို တောင့်တမိတယ်၊

တခါတလေ ထမင်းချက် အဒေါ်ကြီးပြောတဲ့ဈေးထဲက အကြောင်း၊ လမ်းမှာရန်ဖြစ်ကြတဲ့ အကြောင်း၊ သူတို့

ရွာက အကြောင်းတွေကို ကိုယ့်မှာ မက်မောစွာ နားထောင်နေမိတယ်..”

“ဒီဆရာဝန် ဘ၀ကို အမှန်အတိုင်းပြောရရင် ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ၊ မိဘတွေ

ရွေးချယ်ခဲ့တာ ဆိုတော့..၊ ကိုယ် ၀ါသနာပါရာမှာ နှစ်မြှပ်နေခွင့်ရတာဆိုရင်တော့ ငါဒီလောက်တော့
ခံစားရမှာ

မဟုတ်ဘူး၊ တခါတလေ Uterus ရောဂါတွေ ကြည့်ပြီး ကိုယ်က Maiden ဘ၀ကို နှမြောနေမိတယ်၊ ကိုယ်

ပြောတာတွေဟာ ခုချိန်မှာ ရယ်စရာကောင်းနေလိမ့်မယ်၊ ကိုယ့်မှာ body တွေကို မြင်တွေ့နေရတော့

တကယ်တော့ လူဟာ ဘာမှ မဟုတ်ပါလား ဆိုတဲ့ အသိတရားရနေပြီ၊ အလုပ်ပြန်ချိန်တွေကလည်း သူနဲ့

ကိုယ်နဲ့ ဘယ်တော့မှ မတူဘူး၊ သူက မနက်ဆေးခန်းဝင်ရတော့ ကိုယ် မနိုးခင်သွားနှင့်ပြီ၊ ညကလည်း

သူက စောရင်စောတယ်၊ ကိုယ်ကလည်း နောက်ကျတတ်တယ်၊ လင်မယားနှစ်ယောက် အတူတူ ထမင်း

မစားဖြစ်တာ ကြာပြီ ၊ အေးအေးဆေးဆေးလည်း စကားမပြောဖြစ်ဘူး၊ အဓိက ကတော့ ကိုယ်တို့ဟာ

Life တခုထဲမှာ နစ်မြုပ်နေတယ်လို့ထင်တယ်၊ အဲဒီအတွက် ငြီးငွေ့မှု တအားဖြစ်တယ်၊ သူလည်း

အရမ်းပင်ပန်းတယ်၊ `ကိုနေပိုင်`ကို မိဘသဘောတူတယ် ဆိုပေမဲ့ ငါတို့လည်း မေတ္တာရှိတော့ တခြား

ပြဿနာတော့ မရှိပါဘူး ”

“ကိုယ်စဉ်းစားတာ တခုတော့ ရှိတယ်၊ ကိုယ်တို့ Relax ဖြစ်အောင်နေပြီး တယောက်နဲ့ တယောက် အချိန်

ပေးဖို့ လိုအပ်တယ်၊ အဲဒီလိုမှ မလုပ်ရင် ကိုယ်တို့ရဲ့ Body တွေဟာ စက်ရုပ်တွေ မဟုတ်ဘူးလေ၊

သေဆုံးကုန်လိမ့်မယ်၊ ရှင်တို့နဲ့ ခုလို စကားပြောလိုက်ရလို့ ခံသာသေးတယ်၊ ကိုယ်တို့မှာ အဓိက ပြဿနာ

က အချိန်ရှားပါးလွန်းတယ်၊ အိမ်ထောင်တခုကို ကြာရှည်ခိုင်မြဲဖို့ဆိုရင် တယောက်အပေါ် တယောက်

အချိန်ပေးနှိုင်မှုနဲ့လည်း ဆိုင်မယ်လို့ ထင်တယ်၊ မဟုတ်ရင်တော့ ကိုယ်တို့ သွေးတွေက ကြာလေ အေးလေ၊

စိမ်းလေ ဖြစ်သွားလိမ့်မယ်… ဟား ဟား…”

အဇင်က စကားပြောရင်း သဘောကျစွာ ရယ်ပါသည်။

“အဇင် လိုအပ်နေတဲ့ အချိန်တွေကို အတိုးနဲ့ ချေးမယ်”

အသော်က ပြောသည်။

“အဇင် life ကလည်း တမျိုးတော့ စိတ်ဝင်စားစရာ ကောင်းတယ်၊ ခရီးတခုခုကို ရက်ရှည် ထွက်ရင်လည်း

တနည်းအားဖြင့် လန်းဆန်းမှုတော့ ဖြစ်သွားမယ် ထင်တယ်”

“အမယ် ပြောတာကို ကိုယ် စဉ်းစားဖူးတယ်၊ ကလေး မရခင် အပန်းဖြေတော့ ထွက်ဦးမယ်လို့၊ ကဲ…
အမယ့်

အလှည့်၊ ပြော… စာရေးဆရာမ ဆိုတော့ ဇတ်လမ်းအတုတွေတော့ မပြောနဲ့နော်..”


“စိတ်ချ၊ ကျွန်မကလည်း ရှင်တို့ကို ပြောချင်နေတာ ကြာလှပြီ၊ ကိုနေနဲ့ ကျွန်မက အနုပညာသမားချင်း

အိမ်ထောင်ကျကြတာပါပဲ၊ သူက ကွန်ပျူတာ ဒီဇိုင်နာ ဆိုတော့ အမြဲတမ်း ကွန်ပြူတာနဲ့ နပန်းလုံးနေတာပဲ၊

ခုဆိုရင် ကွန်ပျူတာ၊ အင်တာနက်၊ ပုဂံနက်နဲ့ စုံနေတာပဲ၊ တခါတလေ သူ့ကိုကြည့်ရတာ Robot(ရိုဘော့)

စက်ရုပ်တရုပ်လိုပဲ၊ လူကနေ စက်ရုပ်ဖြစ်နေတဲ့ လူသားပဲ၊ ခုခေတ်ကြီးက အရမ်းတိုးတက်တော့ သူ့ဦးနှောက်

တွေက အရမ်းအလုပ်လုပ်နေတယ်၊ တခါတလေ သူ ပြောတဲ့ အကြောင်းအရာတွေကို စိတ်မ၀င်စားသလို၊

ကျွန်မပြောတဲ့ အကြောင်းအရာကိုလည်း သူက စိတ်ဝင်စားတာ မဟုတ်ဘူး…”

“တခါတလေ ကျွန်မ ရင်ဖွင့်လိုတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာ နားထောင်ပေးမယ့် သူ လိုသလို၊

အပြုံးနဲ့ နှစ်သိမ့်ပေးမယ့် သူလည်း လိုအပ်တယ်၊ လိုအပ်ချက်တွေကို အလိုက်တသိ
ဖြည့်ဆည်းပေးနိုင်မယ့်

သူလည်း လိုတာပေါ့၊ အဲဒီလို အရာတွေကို အဆင်သင့်ရှိတတ်တဲ့ မိခင်က မရှိတော့ သူ့ကို
မိခင်နေရာမှာ

အစားထိုးကြည့်ပေမယ့် မရခဲ့ဘူး၊ ပုံသဏ္ဍာန် တူညီပြီး အထဲက အရသာ မတူညီတဲ့ ဘီစကစ်တခုကို

စားရသလိုပဲ”

“ကျွန်မ စာတွေကိုပဲ ဖိရေးနေတဲ့ အချိန်တွေမှာ သူ့ကို မေ့သွားတတ်တယ်၊ သူ့မှ မဟုတ်ပါဘူး၊
အရာရာကို

မေ့သွားတယ်၊ သူကလည်း ကွန်ပျူတာခုံပေါ် ရောက်ရင် အရာအားလုံး မေ့သွားတယ်၊ ကျွန်မတို့ နှစ်ယောက်ရဲ့

ဆက်ဆံရေးက ကြာလေ အေးစက်လေပဲ၊ သူ ကိုယ့်အပေါ် အစာမကျေတာ တခုရှိတယ်၊ ယောကျာ်းက ဒီဇိုင်နာ

ဖြစ်လျက်နဲ့ ကျွန်မ ၀တ္တု မျက်နှာဖုံး(cover)တွေကို
သူ့ကို ဘယ်တော့မှ ဆွဲမခိုင်းဘူး၊ ကျွန်မ သဘောက

ကျွန်မ လုပ်တဲ့ အလုပ်တခုကို နှစ်ယောက်ပေါင်းပြီး လုပ်တယ်လို့ မမြင်စေချင်လို့ပဲ၊ အဲဒါကို
သူက တမျိုး မြင်တယ်၊

ကျွန်မ ကိစ္စတွေကို သူ ၀င်မပါသလို သူ့ ကိစ္စတွေထဲလည်း ကျွန်မ ၀င်မပါဘူး..”

“ နောက်ပြီး ကျွန်မရဲ့ ရိုဘော့ စက်ရုပ်က စကားအရမ်းနည်းပြီး အေးတော့ သူ့ရင်ထဲမှာ
ဘာဖြစ်နေမှန်း

တော်ရုံနဲ့ မသိရဘူး၊ တနေ့တုန်းကတော့ ကွန်ပျူတာကို အမှတ်တမဲ့ ဖွင့်ကြည့်ရင်း သူ့ခံစားချက်တွေ

ရေးထားတာ တွေ့ရတယ်၊ ကျွန်မလည်း တော်တော် အံ့သြသွားတယ်၊ အဲဒီနေ့က စကားများထားတဲ့ နေ့ပေါ့..”

“ကျွန်တော့် မိန်းမ စာရေးဆရာမ `မယ်ဘုန်းခင်` ဟာ ကျွန်တော့်ကို အရမ်းအထင်သေးပါတယ်၊
ကျွန်တော့်ကို

ဥပက္ခောပြုထားပါတယ်၊ ကျွန်တော့် ခံစားချက်တွေ ပြည့်နှက်လာတိုင်း ကွန်ပျူတာနဲ့ပဲ အဖော်လုပ်ခဲ့ရပါတယ်..၊

သူ ကျွန်တော့် အပေါ် ကောင်းပါတယ်၊ ဒါပေမဲ့ မေ့ထားတဲ့ အချိန်တွေ များတယ်၊ ကျွန်တော်
မပြောရက်ပါ၊

သူ စာရေးပျက်မှာ စိုးရိမ်ပါတယ်တဲ့..”

“ အလို… ရှင့်ရဲ့ စက်ရုပ်ကြီးက အလာကြီးပါလား၊ ရယ်ရတယ်”

“ အမယ်..အမှန်တော့ ရှင့်လစ်ဟင်းမှုတွေ များပြီလို့ ထင်တယ်..”

“အမင်းရယ်.. စာရေးတယ်ဆိုတဲ့ အလုပ်က ဈဉ်ဝင်တဲ့ အချိန်မှ ရတာဆိုတော့..”

“ဒါတော့ ဒါပေါ့ဟာ၊ သူ့ ခံစားချက်လေးက ငါတောင် သနားလာပြီ..”

အသော်က အဇင့်ကို ထုရင်းပြောတယ်။

“ ငါတို့ အားလုံးရဲ့ တယောက်ချင်း ပြဿနာက ဘာမှ သိပ်မကြီးကျယ်ဘူးလို့ ထင်တယ်၊
ဘယ်လိုဆိုရင် ပိုပြီး

အဆင်ပြေနိုင်မလဲ၊ စာရေးဆရာမ အမယ့်ကိုပဲ အကြံတောင်းရမှာပဲ ..”

အသော်က ခေါင်းတညိတ်ညိတ်နဲ့ ပြောတယ်။

“ ရှင်တို့ကို တခုပြောမယ်၊ ရိုးတံနဲ့ ပန်းပွင့်ကို ဘယ်လိုမြင်သလဲ၊ အဲဒီ ရိုးတံနဲ့
ပန်းပွင့်ရဲ့ ကြားထဲက

ဆက်သွယ်မှုကို ဘယ်သူမှ မမြင်နိုင်ကြဘူး၊ ပန်းပွင့်ဟာ ခိုင်မာတဲ့ ရိုးတံ မရှိရင် မဖြစ်သလို၊
ပန်းပွင့် မရှိရင်လည်း

ရိုးတံဘ၀ဟာ အဓိပ္ပာယ် ရှိလာနိုင်မှာ မဟုတ်ဘူး၊ မမြင်နိုင်တဲ့ ဆက်သွယ်မှုနဲ့ ရိုးတံနဲ့
ပန်းပွင့်ကို ချည်နှောင်

ထားတယ်၊ တခုနဲ့ တခု ဒွန်တွဲနေတယ်၊ ကျွန်မတို့ရဲ့ ဘ၀ကလည်း အဲဒီသဘောတရားနဲ့ တူတယ်၊

ရိုးတံကို ပစ်ပယ်လို့လည်း မရဘူး”

“ပန်းပွင့်တွေမှာတောင် သူတို့နဲ့ လိုက်ဖက်ညီတဲ့ ရိုးတံတွေ ဖွဲ့စည်းပေးထားတယ်၊ ကျွန်မတို့လည်း ဘ၀မှာ

လိုချင်တဲ့ အရာကို ရွေးချယ်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတယ်၊ ဘယ်သူကမှ
အဲဒီဆုံးဖြတ်

ချက်ကို မမှားချင်ကြဘူး၊ အိမ်ထောင်ကွဲ ဘ၀ ကို ဘယ်သူမှ မရောက်ချင်ကြဘူး၊ ဘာကိုမှလည်း
အဆုံးရှုံး

မခံချင်ကြဘူး၊ အဲဒီ မဆုံးရှုံးချင်တဲ့ အရာကို ကာကွယ်ဖို့ နည်းတနည်းတော့ လိုအပ်တယ်၊ အဲဒါကတော့

ကိုယ်စီရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတွေကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးဖို့ပဲ..”

“အမယ်.. ပြောတာ လက်ခံတယ်၊ အသော်ကတော့ သူ့ကို အိမ်ထောင်ရေးမှာ သစ္စာမြဲမယ့်၊ လူ့ကျင့်ဝတ်နဲ့

ညီတဲ့ သူ ဖြစ်စေချင်တယ်..”

“အဇင်ကတော့ တခါတလေ တရေးနိုးရင် အားလုံးကို စွန့်ပြီး တရားအားထုတ်ချင်မိတယ်၊ တကယ်တမ်း

ကျတော့ ပါရမီဆိုတာ မပါသေးတော့ လူ့လောက စစ်ပွဲထဲမှာ နေနေရဦးမှာပဲ”

“ဒီလူ့လောက စစ်ပွဲထဲမှာ နေသရွေ့ ကိုယ်ရွေးချယ်တဲ့ ဘ၀မှာ နေပျော်စရာ ဘ၀တခု ဖြစ်အောင်၊ ကျေနပ်

နိုင်အောင် နေရမှာပဲ၊ သိပ်မကြီးထွားသေးတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းရမှာပဲ၊ ကျွန်မတို့

ပန်းပွင့်တွေ လှပဖို့ ရိုးတံဟာ ခိုင်ခံ့ဖို့ လိုအပ်တယ် ..”

“ အမင်းကတော့ သူ မလုပ်ချင်တာ ဇွတ်မလုပ်ခိုင်းပါဘူး၊ ပြေလည်အောင် ညှိယူဖို့
စဉ်းစားထားတယ်..”

“ကျွန်မတော့ ၀တ္တုအတွက် plot တခုရပြီ ”

ထိုနေ့က ကျွန်မတို့ အားလုံး စကားဝိုင်းလေး ရုပ်သိမ်းပြီး ချိန်မှာ ထူးခြားစွား ပို၍
လွတ်လပ်ပေါ့ပါးနေပါသည်။

ညရောက်တော့ စာရေးစားပွဲမှာ မထိုင်ဖြစ်တော့ဘဲ ကွန်ပျူတာ အခန်းထဲက ရိုဘော့စက်ရုပ်နား သွားရင်း

ကော်ဖီတခွက် ချပေးတော့ သူ အံ့သြသွားတယ်။ သူ့ ဘေးနား ထိုင်ရင်း သူ့ရဲ့ ဒီဇိုင်းတွေကို ကျွန်မ
ဝေဖန်

ပေးတယ်။ သူက ကျွန်မကို အခြားလုပ်ထားတဲ့ ဒီဇိုင်းတွေထုတ်ပြတယ်၊ သူ့ရဲ့ လှုပ်ရှားမှုနဲ့ စကားသံတွေက

ပိုသွက်လက်လာတယ်။

“ကျွန်မ နောက်ထွက်မယ့် ၀တ္တု မျက်နှာဖုံးပုံကို ဆွဲပေးရမယ်နော် ” လို့ ပြောတော့ သူက
အံ့သြစွာ ခေါင်းစောင်း

ကြည့်ပြီး ရယ်မောရင်း….

“ခုတော့.. ကိုယ့်မိန်းမ.. ကိုယ့်ကို အသုံးလိုအပ်လာပြီပေါ့…၊ အလှဆုံးဖြစ်အောင်
လုပ်ပေးရမှာပေါ့၊ ခေါင်းစဉ်က

ဘာတဲ့လဲ..”

“ ရိုးတံနဲ့ ပန်းပွင့် ”

သူ့နှုတ်ခမ်းက “ ရိုးတံနဲ့ ပန်းပွင့် ” လို့ လိုက်ရေရွတ်လိုက်တယ်။

ကျွန်မကလည်း “ ရိုးတံနဲ့ ပန်းပွင့် ” လို့ ပြောရင်း ခပ်နွေးနွေး ရယ်မောလိုက်ပါတော့တယ်… ။

ချောအိမာန်(မန္တလေး)
ကလျာမဂ္ဂဇင်း
၂၀၀၄၊ စက်တင်ဘာလ၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...