Saturday, April 23, 2011

သုညငွေကြေး ပေးရအောင်

(ဘာသာပြန်ဆောင်းပါး)
ညီညီ(သံလွင်)

www.thanlwin.comသင်ဟာ အိန္ဒိယနိုင်ငံ ချန်နိုင်း (ယခင်အခေါ် မက်ဒရပ်စ်) မြို့က ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ အဘွားအိုတစ်ယောက် ဖြစ်တယ် ဆိုပါစို့။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကြာ ကာလတစ်ခုလုံး သင်လိုလားတောင့်တနေတဲ့ အရာကတော့ သင်ပိုင်ဆိုင်တဲ့ မြေကွက်ကို သင့်အမည်ပေါက်စေဖို့ပါပဲ။ သင့်မြေးမလေးရဲ့ ကောလိပ် ပညာရေးအတွက် လိုအပ်နေတဲ့ ဘဏ်ချေးငွေကို ချေးယူနိုင်ဖို့အတွက် အဲဒီမြေကွက်ဟာ သင့်အမည်ပေါက်ဖို့ လိုပါတယ်။ ဒီကိစ္စမှာ ပြဿနာရှိနေတာက မြေကွက်အမည်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတဲ့ အစိုးရ၀န်ထမ်းတစ်ဦးက အဲဒီလို လုပ်ပေးရမယ့်အတွက် သင့်ဆီက လာဘ်တောင်းနေတာပါ။  ဆင်းရဲနွမ်းပါးလှတဲ့ အဘွားအိုမှာ လာဘ်တောင်းတဲ့အတိုင်း ပေးဖို့  ငွေကြေး ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ ဒီအဖြစ်အပျက်ကို ကြည့်လိုက်မယ်ဆိုရင် သင့်အတွက် အခမဲ့ ၀န်ဆောင်မှု ရပိုင်ခွင့်ရှိတဲ့ ပြည်သူပိုင်ကဏ္ဍ ၀န်ဆောင်မှုတစ်ခုအတွက် အခကြေးငွေပေးရမယ်ဆိုတာ ဆီလျော်မှု မရှိတဲ့ ကိစ္စ တစ်ခုပါ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရပါ့မလဲလို့ တွေးမိပါလိမ့်မယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံးလုံး ဖြစ်နေခဲ့ရသလို အလိုလို ပြေလည်သွားဖို့ စောင့်နေရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူး မဟုတ်လား။ ပဉ္စမမြောက် အုတ်မြစ်(5th pillar) လို့ အမည်ပေးထားတဲ့ ပြည်တွင်း အန်ဂျီအိုတစ်ခုကနေ မကြာသေးခင်ကပဲ သုညတန်ဖိုးရှိတဲ့ ရူပီးငွေကို ထုတ်ဝေလိုက်တယ်ဆိုတဲ့ သတင်းကို ကြားတော့ သင့်ကို ကူညီမယ့် မဟာမိတ်တော့ ရလိုက်ပါပြီ။    

အိန္ဒိယနိုင်ငံ မှာတော့ အခုလို အခမဲ့ဝန်ဆောင်မှုပေးရမယ့် အများပိုင် အစိုးရလုပ်ငန်းဌာနတွေမှာ ငွေကြေးတောင်းခံပြီး လာဘ်စားမှုတွေ ဖြစ်နေတာဟာ နေရာတိုင်းလိုလို ဖြစ်နေပါပြီ။ အစိုးရအာဏာပိုင်တွေက လာဘ်လာဘတောင်းခံတဲ့အခါ သာမန်အိန္ဒိယပြည်သူတွေဟာ ဒီအကျင့်ပျက်ခြစားမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ပေးနိုင်စေဖို့ သုညတန်ဖိုးရှိတဲ့ ရူပီးငွေတွေကို ပဉ္စမြောက်အုတ်မြစ်အဖွဲ့က ဖြန့်ဝေပေးပါတယ်။ ပဉ္စမမြောက်အုတ်မြစ်အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူ မစ္စတာ Vijay Anand နဲ့ တွေ့ဆုံပြီး အဲဒီလိုမျိုး စတင်ဆောင်ရွက်ဖြစ်ခဲ့တဲ့ အကြောင်းခြင်းရာတွေကို သိရအောင် ကျွန်တော် မေးမြန်းဖြစ်ခဲ့ပါတယ်။    

Anand ရဲ့ ပြောပုံအရတော့ အမေရိကန်နိုင်ငံ မေရီလန်းတက္ကသိုလ်မှာ ရူပဗေဒဘာသာရပ် သင်ကြားနေတဲ့ အိန္ဒိယပြည်ဖွား ပရော်ဖက်ဆာတစ်ယောက်ရဲ့ အိုင်ဒီယာနဲ့ အဲဒီလို လုပ်ဆောင်ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီ ပရော်ဖက်ဆာဟာ အိန္ဒိယတလွှားကို အလည်အပတ် သွားလာခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုတွေ နိုင်ငံတစ်ခုလုံးလိုလို ပျံ့နှံ့နေပြီဆိုတာကို ကိုယ်တွေ့သိရတဲ့အချိန်မှာ ဒီလို အကျင့်ပျက်မှုတွေနဲ့ ပတ်သက်ပြီး တစုံတရာ လုပ်ပေးနိုင်ဖို့ စဉ်းစားခဲ့ပါတယ်။ www.thanlwin.comနောက်တော့ အခုလို သုညတန်ဖိုးရှိတဲ့ ရူပီးငွေတွေကို ထုတ်ဝေပြီး သူ့ဆီကနေ လာဘ်ငွေတောင်းတဲ့ အာဏာပိုင်တိုင်းကို တုံ့ပြန်တဲ့အနေနဲ့ ပြန်ပေးဖို့ အကြံရခဲ့ပါတယ်။ Anand က အဲဒီအိုင်ဒီယာကို ပိုပြီး ထိရောက်စေဖို့ ဒီသုညတန်ဖိုးသာ ရှိတဲ့ ရူပီးငွေတွေကို အမြောက်အမြား ရိုက်နှိပ်ပါတယ်။ လူထုအကြားမှာ အဲဒီရူပီးငွေတွေအကြောင်းကို သိသွားအောင် ကြိုးစားခဲ့သလို လူအများကိုလည်း ဖြန့်ဝေပေးခဲ့ပါတယ်။ အဲဒီငွေကြေးကို ပေးခြင်းအားဖြင့် လာဘ်ငွေတောင်းခံတဲ့ အစိုးရအာဏာပိုင်တွေကို သဘောမကျကြောင်း လူထုက ပြသနိုင်စေဖို့ ရည်ရွယ်ခဲ့ပြီး ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ပဉ္စမမြောက်အုတ်မြစ်အဖွဲ့ဟာ ပထမဆုံးအကြိမ် အဖြစ် အဲဒီ သုညရူပီးငွေ ရွက်ရေ ၂ သောင်းခွဲ ရိုက်နှိပ် ထုတ်ဝေပေးခဲ့ပြီး လိုအပ်ချက်အရ စတင်ထုတ်ဝေချိန်ကနေ အခုအချိန်ထိ ရွက်ရေ ၁ သန်း ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အဲဒီငွေကြေးတွေကို သုံးစွဲခဲ့ပြီး လာဘ်ငွေတောင်းခံမှုကို ဆန့်ကျင်ခဲ့သူတွေရဲ့ ကိုယ်တွေ့ ဇာတ်လမ်းအဖုံဖုံကိုလည်း ကြားသိနေရပါတယ်။

အဲဒီလို ဇာတ်လမ်းတွေထဲက တစ်ခုကတော့ အစောပိုင်းတုန်းက ဖော်ပြခဲ့တဲ့ ဆင်းရဲနွမ်းပါးသူ အဘွားအိုနဲ့ သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခအကြောင်းပါပဲ။ လာဘ်ငွေ အကြိမ်ကြိမ်တောင်းနေတာကို သည်းမခံနိုင်တဲ့အဆုံး သူမ လက်ခံရရှိထားတဲ့ သုညရူပီးငွေကို အဲဒီ အာဏာပိုင်ပုဂ္ဂိုလ်ကို ပေးလိုက်တဲ့အခါ သူဟာ မင်သက်သွားပါတယ်။ နောက်တော့ သူ့ရဲ့ ထိုင်ခုံကနေ မတ်တပ်ရပ်ပြီး အဘွားအိုကို ထိုင်ဖို့ ပြောရင်း လဘက်ရည်တိုက်ပါတယ်။ ပြီးတော့ အဘွားအို တစ်နှစ်ခွဲကြာ ကာလတစ်ခုလုံး အဆင်မပြေဖြစ်နေခဲ့ရတဲ့ မြေကွက်အမည်ပေါက်ဖို့ ကိစ္စကို ဆောင်ရွက်ပေးခဲ့ပါတယ်။ တကယ်လို့များ အဘွားအိုဆီ အဲဒီ သုညရူပီး စောပြီး ရောက်ခဲ့မယ်ဆိုရင် သူမရဲ့ မြေးမလေး ပညာရေးအတွက် ၂ နှစ်လောက် စောင့်နေဖို့ လိုခဲ့မှာ မဟုတ်ပါဘူး။ အခြား အတွေ့ကြုံ တစ်ခုကတော့ Tamil Nadu ဒေသက လာဘ်စားလေ့ ရှိတဲ့ အာဏာပိုင်တစ်ဦးဟာ သုညရူပီးငွေကို မြင်လိုက်ရတဲ့အချိန်မှာ ကြောက်လန့်တကြား ဖြစ်ပြီး ယူထားသမျှသော လာဘ်ငွေတွေကို ပြန်ပေးလိုက်ခြင်းပါပဲ။ အဲဒီငွေတွေဟာ လျှပ်စစ်မီတာသွယ်တန်းဖို့ရာအတွက် ယူထားတဲ့ လာဘ်ငွေတွေ ဖြစ်ပါတယ်။

အိန္ဒိယမှာ ရှိတဲ့ လာဘ်စားမှုတွေကို တိုက်ဖျက်ရေးမှာ သုညရူပီးငွေရဲ့ အောင်မြင်မှု အချက် အတော်များများကို Anand က ရှင်းပြပါတယ်။ ပထမဆုံး အနေနဲ့ လာဘ်ယူခြင်းဟာ အိန္ဒိယမှာ ထောင်ဒဏ်အထိ ကျခံရစေနိုင်တဲ့ ပြစ်မှုတစ်ခုပါ။ သာမန်ပြည်သူတွေဟာ လာဘ်စားလေ့ရှိသူ အာဏာပိုင်တွေကို တော်ရုံ တုံ့ပြန်လေ့ မရှိကြတာမို့ အခုလို လာဘ်စားမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ တုံ့ပြန်နိုင်စွမ်း သတ္တိရလာတဲ့ ပြည်သူတွေကို ကြောက်လန့်လာခဲ့ကြပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေ အနေနဲ့ အလုပ်အကိုင် တည်မြဲစေချင်ကြသလို စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူခံရမှာကိုလည်း ကြောက်ရွံ့လာခဲ့ကြပါတယ်။ ထောင်တန်းကျဖို့ အထိဆိုရင်တော့ ဆိုဖွယ်ရာ ရှိတော့မယ် မထင်ပါဘူး။ အရေးအကြီးဆုံးက အဲဒီလို သုညရူပီးငွေ အောင်မြင်ရခြင်းရဲ့ အဓိကအကြောင်းတစ်ရပ်ဟာ အဲဒီငွေကြေးတွေကို သုံးစွဲချင်စိတ် ရှိကြသူတွေအပေါ်မှာ မူတည်နေပါတယ်လို့ Anand ကတော့ ယုံကြည်နေပါတယ်။www.thanlwin.com ဒီလောက် တွင်တွင်ကျယ်ကျယ် ဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေကို ပြည်သူတွေဟာ ဆန့်ကျင်ဖို့ ကြောက်စိတ် မရှိကြပါဘူး။ သူတို့အနေနဲ့ နောက်ထပ်ဆုံးရှုံးစရာလည်း မရှိနိုင်သလို အဲဒီလို ဆောင်ရွက်မှုကို ကျောထောက်နောက်ခံပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ရှိနေတယ်ဆိုတာ၊ အဲဒီ ဆန့်ကျင်မှု တိုက်ပွဲမှာ သူတို့ဟာ အထီးကျန်နေသူတွေ မဟုတ်ကြဘူးဆိုတာကို သူတို့ သိထားကြပါတယ်။

နောက်ဆုံးအချက်ဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို လုပ်နေတာဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိက ယခင်က လက်ခံထားကြတဲ့ လာဘ်စားမှု အပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲသွားစေတဲ့ အချက်ပါပဲ။ လူ့အဖွဲ့အစည်းအတွင်းမှာ အမြစ်တွယ်နေတဲ့ လာဘ်စားမှုတွေကို ဆန့်ကျင်ပြီး တုံ့ပြန်ပြောဆိုနိုင်ဖို့ရာမှာ သူတို့လိုပဲ တခြားသူတွေလည်း ဒီစနစ်ကြီးအပေါ် စိတ်ပျက်နေသူတွေ သည်းမခံနိုင်ကြသူတွေ ရှိတယ်ဆိုတာကို သိကြဖို့ လိုအပ်ပါတယ်။ မိမိတစ်ယောက်တည်း ဒီလို ကြုံတွေ့ ခံစားနေရတာ မဟုတ်ဘူးဆိုတာ သိသွားတာနဲ့ တပြိုင်နက် ဒီတိုက်ပွဲဟာ ဘယ်တော့မှ နိုင်မှာ မဟုတ်တဲ့ တိုက်ပွဲတစ်ခု မဟုတ်ဘူးဆိုတာကို သူတို့ သိသွားကြတယ်။ အဲဒီမှာ လမ်းကြောင်းတစ်ခု ပွင့်လာတယ်။ ဘယ်လမ်းကြောင်းလဲဆိုတော့ ရိုးရှင်းတဲ့ အိုင်ဒီယာတစ်ခုဖြစ်တဲ့ သုညရူပီးငွေကို လာဘ်ပေးလာဘ်ယူ ပပျောက်ရေး အတွက် ထိရောက်တဲ့ တန်ဆာပလာအနေနဲ့ အသုံးချနိုင်တယ် ဆိုတာပါပဲ။

ညီညီ(သံလွင်)


(အယ်ဒီတာ။ Fumiko Nagano ရေးသားသည့် ဘလော့ပို့စ်တွင် ဖော်ပြထားသော စာမူအား ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။)
http://www.thanlwin.com/new/index.php?option=com_content&task=view&id=1985&Itemid=272 မှ ကူးယူဖေါ်ပြပါသည်။
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...