Friday, April 22, 2011

ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကိစ္စများအပေါ် ကျွန်တော်၏ အမြင်များ (၁)

by Aung Thu Hein on Friday, April 22, 2011 at 10:34pm
 
ကျွန်တော်သည် ငယ်စဉ်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကိစ္စရပ်များကို လူငယ်တစ်ယောက်၏ အမြင်နှင့် စဉ်းစားကြည့်ခဲ့သည်။ ယခုလက်ရှိ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စာများစွာ ဖတ်ပြီးသည်အထိ ထိုကဲ့သို့ စဉ်းစားနေဆဲ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ ထေရဝါဒဗုဒ္ဓဘာသာဝင်ဟု အကြွင်းမဲ့ ခံယူ ထားသော်လည်း ရတနာသုံးပါးကို ၁၀၀% အပြည့် နှစ်နှစ်ကာကာ မယုံကြည်သေးပဲ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဆင့်မှ မတက်သေးခြင်း ဖြစ်ပါလိမ့်မည် (ထိုအဆင့်မှတက်ရန် ယခုအခါ အပြင်းအထန် ကြိုးစားနေပါသည်)။

ဤစာကို ရေးရန် စိတ်ကူးပေါ်လာခြင်းမှာ ယခုနောက်ပိုင်း ဗုဒ္ဓဘာသာပေါ် ထိခိုက်စော်ကားမှုများ ပို၍ များလာသည်ဟု ကျွန်တော်မြင်သောကြောင့် ထိုသို့သော ကိစ္စများကို တုန့်ပြန်နိုင်သည့် အထောက်အကူ ဖြစ်ရန်နှင့် စစ်မှန်သော ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် မိမိတတ်နိုင်သည့်ဖက်မှ ပါဝင်ရန် ဖြစ်ပါသည်။


ဤစာတွင် ကျွန်တော်စဉ်းစားခဲ့သော အချက်များ၊ ကျွန်တော်၏ ယူဆချက်များ၊ ကျွန်တော်ဘဝင်မကျသော လူအများယုံကြည်နေသည့် အချက်များကို ရေးသားထားပါသည်။ အချို့အချက်များမှာ ကျမ်းဂန်များမှ လာသည့် တိကျသောအချက်များ ဖြစ်သော်လည်း အချို့မှာမူ ကျွန်တော်၏ ယူဆချက်သက်သက်သာ ဖြစ်ကြောင်း ကြိုတင်ပြောကြားလိုပါသည်။ အကယ်၍ အချက်တစ်ခုမှာ ကျွန်တော်၏ ယူဆချက် ဖြစ်ပါက ကျွန်တော်၏ ယူဆချက်သာဖြစ်ကြောင်း ပြောသွားပါမည်။ ကျွန်တော့်ယူဆချက်များကို လက်ခံခြင်း၊ မခံခြင်းမှာ ဖတ်ရှုသူ၏ သဘောသာဖြစ်ပါသည်။ (ကျွန်တော် ပြောထားသောအချက်များနှင့် ကျမ်းဂန်များမှ လာသောအချက်များ ကွဲလွဲမှု ရှိပါက ကျေးဇူးပြု၍ ကျွန်တော့်အား ထောက်ပြကြပါ)

မှတ်ချက် - အောက်တွင်ရေးသားထားသော ဗုဒ္ဓဘာသာဆိုသည်မှ ထေရဝါဒ ဗုဒ္ဓဘာသာကိုသာ ပြောခြင်း ဖြစ်ပါသည်။ မဟာယန ဗုဒ္ဓဘာသာကို မဆိုလိုပါ။

(၁) မြတ်စွာဘုရားရှင်ပေါ် ဗုဒ္ဓဘာသာဝင်အများစု၏ အမြင် 

ဗုဒ္ဓဘာသာဝင်အများစုသည် မြတ်စွာဘုရားရှင်ကို မိမိတို့၏ အခက်အခဲများကို ပြေလည်အောင် ဖြေရှင်း ပေးနိုင်သူ၊ မိမိ ကောင်းရာမွန်ရာဘဝရောက်အောင် ကူညီပေးနိုင်သူ၊ ဆုတောင်းပါက ပြည့်အောင် လုပ်ပေးနိုင်သူဟု ထင်နေကြသည်။ ထိုအချက်သည် တက်တက်စင်အောင် လွဲမှားနေသည့်အချက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ယူဆ၍ ကိုးကွယ်ခြင်းသည် အခြားဘာသာဝင်များက သူတို့၏ ဘုရားကို ကိုးကွယ်နေပုံနှင့် တူနေပြီး မြတ်စွာဘုရားရှင်ကို ဖန်ဆင်းရှင်၊ တန်ခိုးရှင်အဖြစ် ယူဆနေသော ကြောင့် ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင်က သူသည် ဖန်ဆင်းရှင်၊ တန်ခိုးရှင်မဟုတ်ကြောင်း လမ်းညွှန်ပြသပေးသူသာ ဖြစ်ကြောင်း အတိအလင်း ပြောခဲ့ပြီးဖြစ်သည်။ ဤအချက်သည် ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးမှုနှင့် ဆုတောင်းမှုတို့အပေါ်တွင် သက်ရောက်မှုရှိသည်။

ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးမှုသည် မြတ်စွာဘုရားရှင်အား သံသရာမှ လွတ်မြောက်ရာဖြစ်သော လမ်းမှန်ကို ညွှန်ပြပေးနိုင်သည့် အလွန့်အလွန်ကျေးဇူးကြီးမားသော (ထိုကျေးဇူးသည် လောကတွင် အကြီးဆုံးဖြစ်သည်) ဆရာတစ်ဆူအဖြစ် သဘောထားရှိခိုးမှုမျိုး ဖြစ်သင့်သည်။ မိမိ၏ဆန္ဒကို ဖြည့်ဆည်း ပေးနိုင်သည့်၊ မိမိကို ကယ်တင်နိုင်သည့် တန်ခိုးရှင်အဖြစ် ရှိခိုးခြင်းမဖြစ်သင့်ပေ။ မြတ်စွာဘုရားရှင်က သူသည် လမ်းပြရုံကလွဲ၍ ဘာကိုမှ ကယ်တင်ခြင်း၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပဲ လူတိုင်းမိမိကိုယ်မိမိသာ အားကိုးကြရန် ပြောခဲ့သည်ကို မမေ့သင့်ပေ။
ဆုတောင်းရာတွင်လည်း ကျွန်တော်တို့ကြားနေကြဖြစ်သော “အရှင်ဘုရား၊ တပည့်တော်၏ သားကို စာမေးပွဲအောင် စေရန် ကြည့်ရှုစောင်မပေးတော်မူပါ” ဟူသည့် ဆုတောင်းမျိုးကိုလည်း သတိပြုရမည် ဖြစ်သည်။ ထိုကဲ့သို့ ဆုတောင်းမျိုးသည် မြတ်စွာဘုရားရှင်အား တစ်ခုခုလုပ်ပေးရန် ဆုတောင်းနေခြင်းမျိုး ဖြစ်သဖြင့် အခြားဘာသာဝင်များ ၏ ဆုတောင်းမျိုးဖြစ်နေခြင်းကြောင့် ရှောင်ကြည်ရပါမည်။ ထိုကဲ့သို့ ဆုတောင်းရမည့်အစား မိမိသား စာမေးပွဲ ဖြေရာတွင် စိတ်ကြည်လင်မှုရစေရန် မေတ္တာပို့ခြင်း၊ မိမိပြုခဲ့ဖူးသော ကောင်းမှုတစ်ခုခုကို တိုင်တည်သစ္စာပြု၍ စာမေးပွဲဖြေနိုင်ပါစေကြောင်း ဆုတောင်းခြင်းတို့သာ ပြုလုပ်သင့်သည်။ ဗုဒ္ဓဘာသာဝင်များအနေနှင့် မြတ်စွာဘုရားရှင် အား တစ်ခုခုလုပ်ပေးရန် ဆုတောင်းနေခြင်းမျိုးကို အထူးသတိပြု၍ ရှောင်ကြည်ရန်လိုအပ်သည်။

ဤနေရာတွင် ဗုဒ္ဓဘာသာဝင်များ၏ မေတ္တာပို့ခြင်းနှင့် အခြားဘာသာဝင်များ၏ ဆုတောင်းခြင်းအပေါ် ကျွန်တော်၏ အမြင်ကို တင်ပြလိုပါသည်။ ကျွန်တော်၏အမြင်မှာ ဗုဒ္ဓဘာသာဝင်များ မေတ္တာပို့ခြင်းသည် ကိုယ့်တွင်ရှိသည့် ကုသိုလ်ကောင်းမှုအစုစုကို အခြားသူများအား မျှဝေပေးခြင်းဖြစ်ပြီး အခြားဘာသာဝင်များ ဆုတောင်းခြင်းမှာ ထာဝရဘုရားရှင်ကို တစ်ခုခုလုပ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။ မိမိရှိသည့်အရာကို မျှဝေပေးခြင်းနှင့် အခြားသူကို တစ်ခုခုလုပ်ပေးရန် တောင်းဆိုခြင်း ဘယ်အရာက ပို၍ကောင်းသည်ကို ဖတ်ရှုသူများကိုယ်တိုင်သာ စဉ်းစားကြည့်ကြပါ။

(၂) လူ၏ မူလအစ

ဗုဒ္ဓဘာသာမှလွဲ၍ အခြားဘာသာကြီးအားလုံးတွင် လူကို ဘုရားရှင်မှ ဖန်ဆင်းသည်ဟု လက်ခံ ထားကြသည်။ ထို့ကြောင့် ချားလ်ဒါဝင်၏ Evolution Theory ပေါ်လာသောအခါ လူသည် မျောက်က ဆင်းသက်သည်ဆိုသည့် အဆိုကို လက်မခံနိုင်ကြပေ။ ထိုအချက်ကို ဗုဒ္ဓဘာသာအမြင်နှင့် ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။

အချို့က ဗုဒ္ဓဘာသာအရ လူသည် ဗြဟ္မာကြီးလေးဦးမှ ဖြစ်လာသည်ဟု ပြောကြသည်။ အမှန်မှာ ထိုအယူအဆသည် ဟိန္ဒူဘာသာ၏ အယူအဆသာဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူဘယ်ကဖြစ်လာသည် ဆိုသည့်အချက်ကို ပြောထားခြင်းမရှိပေ။ မြတ်စွာဘုရားရှင်က ထိုအချက်နှင့် ပတ်သက်၍ ထိုကိစ္စကို သိခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးမှ ရလိမ့်မည် မဟုတ်ဟုသာ ပြော၍ ဖြေကြားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ကျွန်တော့်အနေနှင့် လူဘယ်ကပင်ဖြစ်ဖြစ် (မျောက်မှဆင်းသက်သည်ဖြစ်စေ၊ တစ်ဦးဦးမှ ဖန်တီးထားသည် ဖြစ်စေ၊ အလိုလို ပေါ်လာသည်ဖြစ်စေ) ဗုဒ္ဓဘာသာအမြင်အရကြည့်လျင် ပြဿနာရှိသည်ဟု မထင်ပါ။

(၃) ဗုဒ္ဓဘာသာပေါ် မည်ကဲ့သို့ ယုံကြည်ရမည်နည်း

တခြားဘာသာများသည် သူတို့၏ဘာသာအပေါ် ယုံကြည်ခိုင်းရာတွင် သေချာစွာစဉ်းစားဆင်ခြင် သုံးသပ်ပြီးမှ ယုံကြည်ပါဟု မပြောကြပေ။ မိမိတို့ဘာသာကို အရင်ယုံကြည်လိုက်ပါ၊ ကောင်းကျိုးချမ်းသာ များ ရလိမ့်မည်ဟုသာ ပြောလေ့ရှိသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အများစုမှာလည်း ထိုကဲ့သို့ ဖြစ်မှန်းမသိ ဖြစ်နေသည်ကို ဝမ်းနည်းစွာ တွေ့နေရသည်။ အဘယ်ကြောင့်ဆိုသော် မိမိဘာသာအကြောင်း အကောင်းအဆိုးပင်မသိပဲ ထိုဘာသာကို ကိုးကွယ်သဖြင့် ကောင်းကျိုးချမ်းသာ ရလိမ့်မည်ဟု ထင်နေသောကြောင့်ဖြစ်သည်။ ဤနေရာတွင် မြတ်စွာဘုရားက အယူဝါဒတစ်ခုကို မည်ကဲ့သို့ ဆန်းစစ်ရမည်ဆိုသည့်အချက်ကို အင်္ဂုတ္ထိုရ် ပါဠိတော် (မြန်မာပြန်)၊ စတုတ္ထနိပါတ်၊ ဘဒ္ဒိယသုတ် တွင် အောက်ပါအတိုင်း ဟောကြားထားသည်။

“ဘဒ္ဒိယ၊ သင်တို့ဟာ သူတပါးပြောသံကြားခါမျှကို ဟုတ်ပြီ၊ မှန်ပြီလို့ အတည်မယူကြနှင့်။ အစဉ်အဆက် ပြောရိုးထုံးစံ ရှိတဲ့စကားတွေကိုလည်း ဟုတ်ပြီ၊ မှန်ပြီလို့ အတည်မယူကြနှင့်။ ရှေးကလည်း ဒီပုံဒီနည်း ဖြစ်ဖူးတာပဲဆိုတဲ့ စကားမျိုးကိုလည်း ဟုတ်ပြီ၊ မှန်ပြီလို့ အတည်မယူကြနှင့်။ ပိဋကတ်စာပေနှင့် ညီညွတ်တယ် ဆိုပြီးတော့လည်း ဟုတ်တယ် မှန်တယ်လို့ အတည်မယူကြနှင့်။ ကြံဆတွေးတောပြီး ယူတာမျိုးကိုလည်း ဟုတ်ပြီ၊ မှန်ပြီလို့ အတည်မယူကြနှင့်။ အခြင်းအရာကို ကြံစည်တွေးတောပြီး တော့လည်း ဟုတ်တာပဲ မှန်တာပဲလို့ အတည်မယူကြနှင့်။ ငါတို့ လက်ခံထားတဲ့ အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုပြီးတော့လည်း ဟုတ်တယ် မှန်တယ်လို့ အတည်မယူကြနှင့်။ ဒါကတော့ မှတ်ယူဖို့ကောင်းတဲ့ တရားပဲ ဆိုပြီးတော့လည်း ဟုတ်ပြီ၊ မှန်ပြီလို့ မယူဆကြနှင့်။ ငါတို့ လေးစားထိုက်တဲ့ ဆရာရဟန်းတို့ ပြောဆိုတဲ့ စကားပဲ ဆိုပြီးတော့လည်း ဟုတ်တယ် မှန်တယ်လို့ မယူဆကြနှင့်။ ဘယ်တရား ဘယ်စကားပဲ ဖြစ်ဖြစ် ဒီတရားဟာ အကုသိုလ်တရားဖြစ်တယ်၊ ဒီတရားကတော့ အပြစ်ရှိတဲ့တရားဖြစ်တယ်၊ ဤတရားဟာ ပညာရှိတို့ ကဲ့ရဲ့အပ်တဲ့ တရားဖြစ်တယ်၊ ဒီတရားကို လိုက်နာကျင့်သုံးရင်ဖြင့် အကျိုးမဲ့၊ အစီးပွားမဲ့ခြင်းကိုသာ ရရှိလိမ့်မည်ဟု သင်တို့ကိုယ်တိုင် တိတိကျကျ သိတဲ့အခါ အဲဒီတရားကို စွန့်ပယ်သင့်တယ်။”

ဤကဲ့သို့သော သဘောတရားကို “ကာလာမသုတ်” တွင်လည်း ဟောကြားထားသည်။ ထို့ကြောင့် ကျွန်တော့်အနေနှင့် ဖြစ်စေလိုသည်မှာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှုသည် အသိဥာဏ်နှင့် ယှဉ်သော၊ တရားတော်များကို မိမိကိုယ်တိုင် လိုက်နာကျင့်သုံး၍ ဖြစ်လာသော သဒ္ဓါနှင့်ယှဉ်သော ယုံကြည်ကိုးကွယ်ဆည်းကပ်မှုပင်ဖြစ်သည်။ ဘာမှန်းသေချာမသိဘဲ ရမ်းသန်းယုံကြည်မှုမျိုးမဟုတ်ပေ။

မှတ်ချက် - ဗုဒ္ဓဘာသာကို အမှန်တကယ် သေချာစွာလေ့လာလိုသူများအနေနှင့် အခြားဘာသာများ ကိုလည်း အနည်းငယ် လေ့လာရန်လိုမည်ဟု ကျွန်တော်ထင်ပါသည်။ မိမိဘာသာတစ်ခုတည်းကိုသာ သိပြီး မိမိဘာသာအကောင်းဆုံးဟု ဆိုနေခြင်းမှာ အထက်က မျက်စိမှိတ် ယုံကြည်မှုမျိုးသာ ဖြစ်ပေလိမ့်မည်။ နှိုင်းယှဉ်ကြည့်မှသာ ပိုကောင်းသည့်အချက်များကို မိမိကိုယ်တိုင်တွေ့လာပြီး အခြားသူများ၏ ပြောစကားများကို နားယောင်တော့မည်မဟုတ်ချေ။ သို့မဟုတ်ပါက မိမိအခြေမခိုင်သဖြင့် အခြားဘာသာဝင်များ ကြားထဲရောက်သွားပါက ထိုဘာသာသို့ ကူးပြောင်းသွားနိုင်သည့် အခွင့်အလမ်း အများကြီးရှိသည် (နိုင်ငံခြားရောက်သွားသူအချို့ အခြားဘာသာဝင်အဖြစ် ကူးပြောင်းသွားသည်မှာ အခြေမခိုင်သောကြောင့် ဖြစ်သည်)။ အနည်းဆုံးတော့ Cultural Shock ကဲ့သို့ Religious Shock ရနိုင်သည့် အခြေအနေ နည်းသွားမည် (ထို Shock တကယ်ရှိသည်ကို ကျွန်တော်ကိုယ်တိုင် အလူးအလဲ ကြုံဖူးပါသည်) ဖြစ်ပြီး အခြားဘာသာဝင်များနှင့် စကားယှဉ် ပြောဆိုရပါက အလွန်အသုံးဝင်ပါလိမ့်မည်။

(၄) ဂြိုလ်သား ရှိမရှိ

ဂြိုလ်သား (သို့) ဤကမ္ဘာမှ မဟုတ်သော အခြားကမ္ဘာသားများ ရှိကောင်းရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက စတင်ပြောကြားစဉ်က အခြားဘာသာများ၏ ဟောကြားမှုများအရ လက်မခံခဲ့ကြပေ။ အဘယ်ကြောင့် ဆိုသော် အခြားဘာသာများတွင် လူကို အမြင့်ဆုံးသက်ရှိအနေနှင့် ထာဝရဘုရားက ဖန်ဆင်းထားသည်ဟု ယုံကြည် သောကြောင့် လူထက်အသိဥာဏ်မြင့်သည့် သက်ရှိများရှိသည် ဆိုသည့်အချက်ကို လက်မခံနိုင်ခြင်းဖြစ်သည်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်နေသည်ဆိုသည်ကိုပင် ရှေးယခင်က လက်မခံခဲ့ကြသည်ကို မမေ့သင့်ပေ။ ထိုအချက်ကို ဗုဒ္ဓဘာသာအမြင်နှင့် ကြည့်ပါက အောက်ပါ အတိုင်းတွေ့ရသည်။

မြတ်စွာဘုရားရှင်က လောကတွင် (၃၁) ဘုံရှိသည်။ စကြာဝဠာအနန္တ၊ ကမ္ဘာအနန္တ၊ သတ္တဝါအနန္တ ရှိသည်ဟု ဟောကြားခဲ့သည်။ (၃၁) ဘုံတွင် လူ့ဘုံထက် သာသည့်ဘုံ (၂၆) ဘုံရှိသည် (သာသည်ဆိုသည်မှာ တန်ခိုးရှိခြင်း၊ ဆင်းရဲမှုကင်းခြင်း စသည်တို့ကို ဆိုလိုသည်၊ သို့ရာတွင် တရားကျင့်ကြံရန် လူ့ဘုံကသာ အကောင်းဆုံးဖြစ်သည်)။ ထို့ကြောင့် ကျွန်တော့်အမြင်တွင် ဗုဒ္ဓဘာသာအနေနှင့် ကြည့်ပါက လူထက် အသိဥာဏ်မြင့်သည့် သက်ရှိများရှိသည် ဆိုခြင်းမှာ ထူးဆန်းသည်ဟု မထင်ပါ။ စကြာဝဠာအနန္တ၊ ကမ္ဘာအနန္တတွင် သက်ရှိများ ဖြစ်တည်နိုင်သည် ဆိုခြင်းမှာလည်း ယုတ္တိရှိပါသည်။

ကျွန်တော့်အနေနှင့် နောင်စိတ်ကူးရသည့်အခါများတွင် အမှတ် (၂) ကို ဆက်လက်ရေးပါမည်။ ကျွန်တော့်တွင် အခြားပြောစရာကိစ္စများ အများအပြားကျန်ရှိနေပါသေးသည်။ ယခု စာနှင့် ပတ်သက်၍ ဝေဖန်အကြံပြုချက်များကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

အောင်သူဟိန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...