ကွဲပြားခြင်းတွေထဲက ဆင်တူသော တထပ်ထဲကျမှု
by Lu Cifer on Thursday, April 21, 2011 at 9:06am
ကျမရဲ့ ခရီးသွားဖော်သူငယ်ချင်း ဆာရာယေဗိုက ကဗျာဆရာမ နဲ့ ဂျာနယ်လစ် အဒစ်ဆာ (Adisa Basic) က ကျမကို မေးတယ်။ “အမေရိကားမှာ ဘယ်လိုအရာတွေက မင်းရဲ့မိခင်မြေကို လွမ်းအောင် အလုပ်နိုင်ဆုံးလဲ” တဲ့။ ကျမက ချက်ခြင်းပဲ တုံ့ပြန်မိပါတယ်။ “မြင်သမျှအရာ အားလုံးပါပဲ” လို့။
တကယ်ပါ။ အမေရိကားဟာ နေ့စဉ်ကိစ္စတွေမှာ လူတွေကို အင်မတန် လွယ်ကူသက်သာစွာ ဖြတ်သန်းနေထိုင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ကျမရဲ့မိခင်မြေမှာ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီး ပင်ပန်းကြီးစွာ လုပ်ရတဲ့အလုပ်တွေကို ခလုပ်လေးတချက်နှိပ်ရုံနဲ့ ပြီးမြောက်စေပါတယ်။ အဲဒီလို ရုပ်ဝတ္တုပစ္စည်းအရ တိုးတက်မှုတွေနဲ့ လွယ်ကူစေတာကို မြင်ရတိုင်း ပင်ပန်းတကြီး ရှင်သန်ကြရတဲ့ ကျမတို့ ပြည်သူတွေကို သတိရမိပါတယ်။ တဦးကိုတဦး လေးစားတန်ဖိုးထားတဲ့ ဒီကလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မှုတွေကို မြင်ပြန်တော့လည်း ပင်ပန်းဆင်းရဲတဲ့ ရပ်တည်ရှင်သန်ရမှုကြောင့် တဦးကိုတဦး မုဒိတာမထားနိုင်ကြတော့ရှာတဲ့ ကျမတို့ပြည်သူတွေအကြောင်းက ခေါင်းထဲ ရောက်လာမိပြန်တာပါပဲ။ ဒူးလောက် ပေါင်လောက်မြင့်တဲ့ နှင်းထုတွေကြားမှာဖြတ်သန်းရင်း ခြေလက်တွေက ခံစားမှုကင်းမဲ့တော့မတတ် အေးခဲထုံကျင်နေချိန်မျိုးမှာတော့ အသားတွေလောင် မတတ်ပူပြင်းတဲ့ မိခင်မြေဆီ အတွေးရောက်ရပြန်ပါရော။ များသောအားဖြင့် ကျမရဲ့ မိခင်မြေအလွမ်းတွေဟာ ကျမ ကြီးပြင်းခဲ့ရာနိုင်ငံနဲ့ မတူတာတွေအပေါ် အခြေခံတတ်ပါတယ်။
နယူးအော်လန်းကတော့ဖြင့် ကျမကို လွမ်းနေကျနဲ့ကွဲပြားစွာ လွမ်းစေပါတယ်။ စိမ်းစိုတဲ့ သစ်ပင်တွေ အုံ့ဆိုင်းနေတာ၊ နဖူးနဲ့လည်ပင်းက စီးကျလာတဲ့ချွေးတွေကိုသုတ်ရင်း လမ်းသွားရတာက မြန်မာပြည်အတိုင်းပါပဲ။ နယူးအော်လန်းမှာမြင်ရတဲ့ ပန်းပင်နွယ်ဝင် အပင်တော်တော်များများကလည်း မြန်မာပြည်မှာမြင်ရတဲ့ အပင်တွေပါ။ ဖွေးဖွေးလှုပ်အောင်ပွင့်တဲ့ ဇွန်ပန်းရုံတွေကို နေရာအနှံ့ တွေ့ရပါတယ်။ အပူတွေ တရှိန်ရှိန်ဟပ်နေတဲ့မြေမှာ လမ်းလျှောက်ရင်း ပန်းနံ့တွေမွှေးနေတဲ့ လေအေးအေး တိုက်လာတဲ့အခါ ခံစားရတဲ့အရသာက မြန်မာပြည်မှာ ခံစားခဲ့ရတာနဲ့ တထပ်ထဲပါပဲ။ ဘိုကတော် မျက်ခုံးပင်တွေ၊ နွယ်သာကီပင်တွေ၊ ကတ္တီပါသီးပင်တွေ၊ ရွက်လှဂမုန်းပင်တွေကို မြင်နေရတာကလည်း မြန်မာပြည်မှာ နေရသလိုပါပဲ။
အဲဒါတွေအပြင် နယူးအော်လန်းဟာ မြန်မာပြည်နဲ့ ဘယ်လောက်တူလိုက်သလဲဆိုတော့ ၂၀၀၅ ခုနှစ်၊ သြဂုတ်လမှာ တနာရီမိုင် ၁၅၀ နှုန်းရှိတဲ့ ကက်ထရီနာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရတာပါပဲ။ ကက်ထရီ နာမုန်တိုင်းကြောင့် လူပေါင်း ၂,၀၀၀ ဝန်းကျင် သေဆုံးပြီး လူပေါင်း ၇ သိန်းလောက် အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ မုန်တိုင်းအတွက် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံဖိုး ရှိခဲ့ပါသတဲ့။
ကျမတို့ Writers-in-Motiom အဖွဲ့ဟာ ၂၀၁၁ ဧပြီလ ၈ ရက်နေ့မှာ နယူးအော်လန်း၊ Loyola တက္ကသိုလ်က ပါမောက္ခလည်းဖြစ် စာရေးဆရာတယောက်လည်းဖြစ်တဲ့ John Biguenet နဲ့ တွေ့ရပါတယ်။ ဂျွန်က ကက်ထရီနာ မုန်တိုင်းတိုက်ခဲ့စဉ်က သူတို့ရင်ဆိုင်ခံစားခဲ့ရတာတွေကို အကျယ်တဝင့် ပြောပြပါတယ်။ ဘုရှ်အစိုးရရဲ့ နောက်ကျပြီး မလုံလောက်တဲ့ အကူအညီအကြောင်း အမေရိကန် တနိုင်ငံလုံး ပြောမဆုံး ဖြစ်ခဲ့ရပါတယ်။ လူတွေဟာ ဆေးဝါးမရှိဘဲ နေခဲ့ကြရတယ်။ မာကျူရီဓာတ်တွေက ရေပိုက်လိုင်းတွေထဲ ပျံ့နှံ့ဝင်ရောက်ကုန်လို့ လူတွေမှာ သောက်ရေအခက်အခဲ တွေ့ခဲ့ရတယ်။ ကျောင်းတွေ ၆ ပါတ်ကနေ ၇ ပါတ်အထိ ပိတ်တယ်။ ကလေး ၂,၅၀၀ ဟာ ကျောင်းတက်ဖို့ လမ်းတွေပေါ်မှာ စောင့်နေခဲ့ရတယ် လို့ သူက စိတ်လှုပ်ရှားစွာ ပြောခဲ့တယ်။
အဲဒီနေ့ နေ့လည်ပိုင်းမှာပဲ ကျမတို့ဟာ ကက်ထရီနာမုန်တိုင်း အဓိက အတိုက်ခံလိုက်ရတဲ့နေရာကို Disaster Bus Tour နဲ့ ထွက်ခွာခဲ့ပါတယ်။ ကျမတို့ကားပေါ်မှာ ဂိုက်အဖြစ်လိုက်ပါလာတဲ့ အမျိုးသမီးကြီးက ကားလမ်းဘေး တဖက်တချက်က အိမ်တွေကိုညွှန်ပြပြီး တချို့အိမ်တွေဟာ ခုထိ ပြန်မဆောက်နိုင်သေးတဲ့အကြောင်း ထပ်ကာထပ်ကာ ပြောပါတယ်။ ၂၀၀၅ မှာ မုန်တိုင်းဒဏ် ခံစားခဲ့ရသူတွေရဲ့ နယ်မြေတွေဟာ ကျမအတွက်တော့ ဘယ်လိုဖော်ပြရမှန်းမသိတဲ့ ခံစားမှုကို ပေးနေပါတယ်။ အိမ်တွေက စံနစ်ကျသပ်ရပ်နေတယ်။ ပြောရရင် ကျမတို့ တိုင်းပြည်မှာ အတော်ချမ်းသာတဲ့သူတွေမှ နေနိုင်တဲ့အိမ်မျိုးတွေပါ။ တချို့မိသားစုတွေက အပူဒဏ်ကြောင့်ထင်ပါရဲ့ အိမ်ရှေ့က အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ကုလားထိုင်လေးတွေချပြီး ဝိုင်းဖွဲ့ထိုင်နေကြတယ်။ ကလေးတွေက အိမ်ရှေ့လူသွားလမ်းမှာ စက်ဘီးစီးလို့။ Tour ကားတစီးလာတိုင်း အိမ်ရှေ့မှာ ထိုင်နေတဲ့သူတွေက လက်ပြနှုတ်ဆက်ကြတယ်။ ကားပေါ်က ဂိုက်အမျိုးသမီးကြီး “ဟောဟိုအိမ်ရှေ့က အဖြူရောင်တီရှပ်နဲ့ လက်ပြနေတဲ့သူရဲ့ အဖေနဲ့ သူ့ရဲ့မြေးမလေးက ကက်ထရီနာကြောင့် ဟောဒီအိမ်မှာပဲ သေသွားခဲ့တာပေါ့” ဆိုတာမျိုး ပြောပြတယ်။
အိမ်လှလှလေးပေါင်း သုံးလေးဆယ်လောက်ခြားရင် တခါတွေ့ရတတ်တဲ့ အမိုးလန်နေတာမျိုး၊ နံရံတွေပြိုကျနေတဲ့ အိမ်မျိုးတလုံးလောက်တွေ့ရင် “ကြည့်ပါဦး ဒီအိမ်ဆိုခုထိပြန် မဆောက်နိုင်သေးဘူး” လို့ပြောတယ်။ ကားပေါ်ကလူတွေက စုတ်သပ်လို့။
ကျမကတော့ ကက်ထရီနာ မွှေနှောက်ခဲ့တဲ့နေရာမှာ ရွေ့လျားနေတဲ့ကားပေါ်ထိုင်ပြီး လူက တုတ်တုတ် မလှုပ်ငြိမ်သက်နေသလောက် စိတ်ထဲမှာ အတွေးတွေ ဗြောင်းဆန်နေပါတယ်။ ကျမ ဝိဉာဉ်ဟာ မြန်မာပြည်က နာဂစ်ဆိုင်ကလုန်း တိုက်ခံရလို့ သောက်စရာရေတောင် မရှိခဲ့ကြရှာတဲ့ ဒုက္ခသည်တွေရဲ့ မြေကို ရောက်နေပါတယ်။ မုန်တိုင်းဖြစ်ပြီး တပါတ်ကျော်မှာ ဒေးဒရဲမြို့နယ်ထဲကို ဒုက္ခသည်တွေကိုကူညီဖို့ သွားတော့ လူပေါင်း တသိန်းသုံးသောင်းလောက် မုန်တိုင်းကြောင့် သေဆုံးခဲ့ရတာမို့ မြစ်ထဲမှာ လူသေအလောင်းတွေက မျောနေဆဲ။ အပုပ်နံ့တွေက ဟောင်းဟောင်းထနေလို့။ ကျမတို့ ကယ်ဆယ်ရေးအဖွဲ့ ဦးတည်သွားနေတဲ့ ရွာကလေးထဲကိုဝင်ရမယ့် ချောင်းကျဉ်းလေးရဲ့အဝမှာ လူသေအလောင်းတခုက မှောက်လျှက် ကားဟားကြီး ပိတ်ဆို့နေတယ်။ ကျမရဲ့ ကယ်ဆယ်ရေးအဖွဲ့ထဲက သူငယ်ချင်းတွေက ဝါးလုံးရှည်ရှည်နဲ့ထိုးပြီး အလောင်းကိုဖယ်ထုတ် လမ်းရှင်းတော့ အလောင်းရဲ့ အသားတွေက ပဲ့ကျကုန်တယ်။
ကျမတို့ စားစရာ၊ ဆေးဝါးတွေနဲ့ ကူညီဖို့ရောက်လာတာမြင်တော့ ရွာခံဒုက္ခသည်တွေက ငိုရင်း ထိုင်ကန်တော့ကြတယ်။ မုန်တိုင်းတိုက်ပြီး ၈ ရက်အတွင်းမှာ ကျမတို့က ပထမဆုံးရောက်လာတဲ့ ကူညီကယ်ဆယ်သူတွေပါတဲ့။ ရွာက ရေငံဝင်တဲ့ရွာ။ ရွာရဲ့ရေချိုသောက်ရေတွင်းထဲကို ရေငံ အပါအဝင် လေနဲ့လှိုင်းနဲ့အတူ လူသေကောင်တွေဝင်လာတော့ တရွာလုံး သောက်စရာရေတောင် မရှိကြရှာဘူး။ ၈ ရက်လုံးလုံး စားစရာမပြောနဲ့ သောက်ရေတောင်မရှိပဲ သူတို့ဘယ်လိုနေခဲ့ကြသလဲ ကျမ မစဉ်းစားချင်ဘူး။
ဂျွန်နဲ့တွေ့ခဲ့တဲ့စကားဝိုင်းမှာ ဂျွန်က ပြောတယ်။ “မုန်တိုင်းက အင်္ဂါနေ့မှာ တိုက်တယ်။ အကူအညီတွေကို ကြာသပတေးနေ့မှ စရတယ်” တဲ့။ မုန်တိုင်းတိုက်စဉ်က သူ့အိမ်ထဲရေတွေဝင်လို့ ပျက်စီးသွားတဲ့စာအုပ် ၃,၀၀၀ ဝန်းကျင်နဲ့ တခြားမုန်တိုင်းတိုက်ပြီးစ အခြေအနေတွေကို ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာ ဆလိုက်ရှိုးနဲ့ ပြတယ်။ ဂျွန်ဟာ မုန်တိုင်းကာလနဲ့ မုန်တိုင်းလွန်ကာလအခြေအနေကို စိတ်ခံစားမှုအပြည့်နဲ့ ပြောပြနေတယ်။ သူ့ဘဝမှာ အဲဒီကာလလောက် စိတ်ညစ်ခဲ့ရတာ မရှိခဲ့ပါဘူး တဲ့။ သူ့ရဲ့ ကက်ထရီနာအကြောင်းပြောပြဖို့ စိတ်ထက်သန်နေတဲ့ မျက်လုံးတွေနေရာမှာ ကျမ မြင်ခဲ့ရတဲ့ မျှော်လင့် တိုးလျိုးရိပ်တွေပါပေမယ့် ဖျော့တော့တဲ့ မျက်လုံးတစုံကို အစားထိုးကြည့်နေမိတယ်။
အဲဒီနေ့က မှတ်မှတ်ရရ မေလ ၁၅ ရက်နေ့။ ဆိုက်ကလုံးတိုက်ပြီး ၁၂ ရက်မြောက်နေ့။ ထုံးစံအတိုင်း ကျမတို့အဖွဲ့ရဲ့ ၃ ရက်တကြိမ် ခရီးစဉ်တွေထဲကတခုအဖြစ် ဒေးဒရဲမြို့နယ်ထဲက နောက်ထပ် ရွာတရွာကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့ သွားတဲ့ခရီးစဉ်တွေထဲကတခုပေါ့။ ကျမတို့အဖွဲ့ဝင်တွေက ဆန်အိတ်၊ အာလူးအိတ်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကို ကားထဲကနေ မော်တော်ပေါ်သယ်ချနေကြချိန်မှာ ဖျော့တော့တဲ့ မျက်လုံးတွေနဲ့ ဖွာယာကျဲတဲ့ဆံပင်တွေနဲ့ အဲဒီ အမျိုးသမီးလေး ကျမနားကို မဝံ့မရဲရောက်လာတာ။ “အစ်မတို့ ဘယ်သွားကြမလို့လဲ” လို့ မေးတယ်။ ကျမတို့သွားမယ့် ရွာနာမည်ပြောလိုက်တော့ “ဒီပစ္စည်းတွေက ဒုက္ခသည်တွေကို ကူညီဖို့လားတဲ့” ကျမက “ဟုတ်တယ်” လို့ဆိုတော့ “အစ်မတို့က ဘယ်ဌာနကလဲ” တဲ့။ “ဘယ်ဌာနကမှ မဟုတ်ဘူး၊ အစ်မတို့က ပြည်တွင်းပြည်ပက သူငယ်ချင်းတွေဆီမှာ အလှူခံပြီး ဒုက္ခသည်တွေဆီ ကိုယ်တိုင်သွား၊ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒုက္ခသည်တွေလက်ထဲအရောက် ကိုယ်တိုင်ထည့်ပေးကြတာ” ဆိုတော့ အမျိုးသမီး လေးမျက်လုံးမှာ အံ့သြရိပ်တွေက မဖုံးနိုင်မဖိနိုင် စွန်းထင်းလာတယ်။ ခဏလောက်ကြာမှ သူက ခပ်ရွံ့ရွံ့ပြောတယ်။ “ကျမတို့ရွာကိုလည်း လာလှူပါလား အစ်မရယ်” တဲ့။ “ညီမတို့ ဘယ်ကအလှူမှ မရသေးဘူးလား” ဆိုတော့ အားမရှိတဲ့အသံနဲ့ “တခါတော့ ရပါတယ်” တဲ့။ “ဘာတွေရလဲ” လို့ ကျမက စိတ်ထက်သန်စွာမေးမိတော့ အမျိုးသမီးလေးပြန်ပြောတဲ့ စကားကြောင့် ကျမပါးစပ်ကို လက်နဲ့ပိတ်ပြီး ဘာသံမှမထွက်အောင် ကြိုးစားလိုက်ရတယ်။
“ပြီးခဲ့တဲ့ ၂ ရက်က ဟယ်လီကော်ပတာပေါ်ကနေ ရေသန့်ဗူးတွေ ကျဲချတယ်။ ကျမတို့မှာ လုလိုက်ရတာ အမောကိုဆို့ရော အစ်မရယ်။ ရေလေးတပုလင်းရတော့ မောလွန်းလို့ မော့သောက်လိုက်တာ တခါတည်းနဲ့ ကုန်တာပဲ။ ဟယ်လီကော်ပတာ ပြန်သွားတော့ ကျမတို့ရတဲ့ ရေဗူးတွေကို ရေကြည့်ကြတယ်လေ။ ကျမတို့တရွာလုံးအတွက် စုစုပေါင်း ရေသန့်ဗူး ၂၃ ဗူး ပစ်ချပေးသွားကြတယ်လေ” တဲ့။
ကျမ အတွေ့အကြုံတွေကို ဂျွန် အပါအဝင်ကျမရဲ့ ခရီးအတူထွက်ဖက် မိတ်ဆွေ စာရေးဆရာတွေ ကို မပြောဖြစ်ခဲ့ပါဘူး။ အမေရိကန်ဟာ ကမ္ဘာအရပ်ရပ်ကလူတွေ လာခွင့်ရဖို့၊ ပညာသင်နိုင်ဖို့ ကြိုးစားနေတဲ့ ချမ်းသာတိုးတက်တဲ့ နိုင်ငံတခုပါ။ ကျမတို့မြန်မာပြည်ကတော့ အလွန်ကြွယ်ဝတဲ့ သဘာဝသယံဇာတတွေ ရှိနေပေမယ့် ပြည်သူတွေ ငတ်မတတ် ဆင်းရဲတဲ့နေရာ။ ပညာရေး၊ ကျန်းမာရေး အပါအဝင် အဖက်ဖက်က ဖွံ့ဖြိုးမှု အနှေးကွေးဆုံး တိုင်းပြည်။ လူ့အသက်တွေနဲ့ရင်းရတဲ့ ဆင်တူအခြေအနေတခုမှာ အစစအရာရာ ကွဲပြားခြားနားတဲ့ တိုင်းပြည်နှစ်ခုက ခေါင်းဆောင်တွေရဲ့ တုံ့ပြန်ပုံက ဘာကြောင့် တထပ်တည်းနီးပါး ကျနေတာလဲ။ အဲဒီ ထပ်တူနီးပါးကျမှုတွေရဲ့ နောက်ကွယ်ကိုကြည့်နိုင်ခဲ့ရင်တော့ အာဏာနဲ့ လည်ပတ်စေသော တုံ့ပြန်မှုတွေရဲ့ အရှိန်အဟုန်နဲ့ပတ်သက်တဲ့ အဖြေတခုတွေ့နိုင်မယ် ထင်ပါရဲ့။
သဘာဝဘေးဒဏ်ခံရတာ၊ လူတွေ သေကြေဒုက္ခရောက်ရတာ ဘယ်လိုနည်းနဲ့ကြည့်ကြည့် မကောင်းပါဘူး။ ဒုက္ခရောက်ကြတာချင်းအတူတူ ငါတို့ပြည်သူတွေခံရတာက ပိုဆိုးပါတယ်၊ သူတို့ခံရတာက တော်ပါသေးတယ်ဆိုတာမျိုး တွေးမိစေတာက ပိုလို့မကောင်းပါဘူး။ မကောင်းမှန်းသိပေမယ့် ကျမ အဲဒီအတိုင်း တကယ်ပဲတွေးခဲ့မိပါတယ်။
ခက်မာ
ဧပြီ ၁၁ ရက်၊ ၂၀၁၁
ဘာမင်ဟမ်မ်
http://moemaka.com/index.php?option=com_content&task=view&id=8713&Itemid=1
0 comments:
Post a Comment