ဒီမိုကရေစီ ခရီးလမ်းနှင့် ခရီးသည် သုံးဦး
by Kyaw Thu Aung on Sunday, April 24, 2011 at 1:50am
ဂျပန်သို့ အလည် အပတ် ခရီးရောက်စဉ်က စီးခဲ့ရသော ဂျပန် မြေအောက် ရထားတို့ အကြောင်း စဉ်းစား နေစဉ်တွင် တိုက်တိုက် ဆိုင်ဆိုင် ပင် မိတ်ဆွေ တစ်ဦးက သူ၏ လေယာဉ် ခရီးစဉ်မှ အဖြစ် အပျက်ကို စကား စလာခဲ့သည်။
လေယာဉ်စီးခရီးသည် (၁)
အထက်အညာ မန္တလေးလေဆိပ်မှ ရန်ကုန်သို့ပြန်ရန် ခရီးသည် များ စောင့်ဆိုင်းဆောင်တွင် သူ လေယာဉ် စောင့်ဆိုင်း နေချိန် ဖြစ်သည်။ အနီးရှိ ခန့်ခန့်ထည်ထည် ဝ၀ဖြိုးဖြိုး အသားဖြူစပ်စပ် လူချမ်းသာ အသွင် အမျိုးသမီးကြီးထံသို့ သူစီးမည့် လေယာဉ်မှထင်သည် လေယာဉ် ဝန်ထမ်းများ ချဉ်းကပ်လာကြသည်။ "အန်တီခင်ဗျား၊ အန်တီ့ဝက်သား ပေါင်းတွေက ဘယ်လိုမှလုပ်မရဘဲ အနံ့တွေထွက်နေလို့ပါခင်ဗျာ့။"
သူတို့ အမူအရာမှာလည်း အားတုံ့အားနာဟန် ရိုရိုကျိုးကျိုးဟန်။ အမျိုးသမီးကြီး တင်လိုက်သည့် ဝက်သား ပေါင်း အထုပ်များမှာ သေသေ ချာချာ သပ်သပ်ရပ်ရပ် ထုပ်ပိုးမထားသောကြောင့်ထင့် အနံ့တွေထွက် နေပုံရသည်။ ထိုအနံ့များ အခြား ခရီးသည်များ၏ အထုပ်များသို့ ကူးသွား မည်စိုးသောကြောင့် ထိုဝန်ထမ်းများက လာရောက်ပြောပြနေခြင်းဖြစ် သည်။ အထုပ်ကို လေယာဉ်ပေါ်မှချစေလိုသည် သို့မဟုတ် တစ်နည်း နည်းဖြင့် ရှင်းလင်းပေးစေလိုသည်။
သို့သော် မိမိ၏ ခရီးသည်ကို လေးစားသောအားဖြင့် မည်သို့မည်ပုံပြုပါဟုကား မပြော။ တကယ့် ဝန်ထမ်းကောင်း များပါ တကား။ အခြားလေယာဉ်စီးခရီးသည်များ ထိခိုက်နစ်နာမည်ကို စိုးသလို သူတို့ရင်ဆိုင် နေရသည့် ခရီးသည်ကို လည်း စိတ်စ နောင့်စနင်း မဖြစ်စေချင်။ အန်တီကြီးက သေသေချာချာနားထောင်နေပုံရသည်။ ထိုဝန်ထမ်း များ စကားဆုံး သည်နှင့် "မင်းတို့ သေသေချာချာ ထုပ်လိုက်ပါ။ ဖြစ် အောင်ထုပ် လိုက်ပါ။ ဖြစ်ပါတယ်။ ဒါတွေက ရန်ကုန်မှာ လည်း မရဘူး။ ဒါကြောင့် သယ်သွားရတာ။" အန်တီကြီးလေသံက ပြတ်သားသလို မာကျောသည်။ ဝန်ထမ်းတို့၏ အမူအရာက တစ်ခုခု ထပ်ပြောလိုဟန်။ သို့သော် အန်တီကြီးက သူ့စကားကိုသာ ဆုံးအောင် ဆက်ပြော သည်။ "ပြီးရင် ငါ့ကိုလာပြော"။ ထိုစကားအပြီးတွင်မူ ဝန်ထမ်းတို့ ထွက်သွား ကြတော့သည်။
လေယာဉ်စီးခရီးသည် (၂)
ရန်ကုန်မြို့ရှိ နာမည်ကျော် ပင်လယ်စာ စားသောက်ဆိုင်ကြီးတစ်ခု တွင် ဖြစ်သည်။ ကျွန်တော်တို့ဝိုင်းတွင် နိုင်ငံတကာတက္ကသိုလ်များတွင် လှည့်လည်ပို့ချနေသည့် မြန်မာပါမောက္ခတစ်ဦး ပါရှိသည်။ သူက စားပြီးသည်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့ တန်း ဆင်းတော့မည်။ ကျွန်တော်တို့မှာထားသည့်အထဲတွင် ထိုဆိုင်၏ နာမည် ကျော် ကဏန်းပျော့များလည်းပါသည်။ စကားတပြောပြောနှင့် ထို ကဏန်းတို့ကို ဝိုင်းတွင်းရှိ လူကုန် နှိုက်ကြသည်။ ကဏန်းစားရာတွင် လက်နှင့် ကိုင်တွယ်စားခြင်းသည် အကောင်းဆုံးဖြစ်ရာ အားလုံးလက် များတွင် ကဏန်းအနှစ်များလူးလျက်။ ကျွန်တော်တို့၏ ပါမောက္ခကမူ အခြားဟင်းများကိုသာ ပယ်ပယ်နယ်နယ် တွယ်နေသော်လည်း ကဏန်း ကိုမူ လက်ဖျားနှင့်ပင်မတို့။ ဘာလို့လဲ မကြိုက်လို့လား ကျွန်တော် မေးကြည့်သည်။ အချို့က ဗိုက်ပြဿနာတက်မှာကြောက်သောကြောင့် ကဏန်းကို မြင်သာမြင်သော်လည်း မကြင်ရဲမဟုတ်လား။ ပါမောက္ခ က ပြန်ဖြေသည်။ "စားတော့စားချင်တယ်ဗျာ။ ‘ဒါပေမဲ့ လက်နံမှာစိုး လို့" ။ ကျွန်တော် သူ့အဖြေကိုစဉ်းစားနေချိန်ဝယ် သူက စကားဆက် သည်။ "ကိုယ့်ကိုယ်ကိုယ် အားနာလို့မဟုတ်ဘူး။ လေယာဉ်ပေါ်ရောက် ရင် ဘေးကလူနံမှာ အားနာလို့"။
ရထားစီးခရီးသည်
ရောက်လေရာနိုင်ငံတွင် ရထားစီးကြည့်လိုသော ကျွန်တော့်ထုံးစံ အတိုင်း ဂျပန်ရောက်စဉ်ကလည်း မြေအောက်ရထားစီးကြည့်သည်။ ဂျပန်မြေအောက်ရထားသည် အခြားနိုင်ငံများမှရထားနှင့်မတူဘဲ တိတ်ဆိတ်လှသည်။ လူမရှိလို့လား မဟုတ်။ ဖုန်းပြောသံမကြားရ။ ဒီလောက် ဖုန်းပေါသည့်နိုင်ငံ၊ လူချမ်းသာနိုင်ငံမှာ ဘာလို့ ရထားပေါ် တိတ်ဆိတ်နေရသလဲ။ ရထားပေါ် ဖုန်းမယူလာတာတော့မဟုတ်။ ဖုန်း က သူတို့၏ ဖွားဖက်တော်၊ သွားလေရာသို့ပါသည့်ပစ္စည်းဖြစ်နေပြီ။ သေသေချာချာကြည့်မိတော့ Message များပို့နေသည်ကိုတော့ မြင်ရ သည်။ ပါးစပ်ကတော့ မပြောကြ။ ဟိုသည် မျက်စိကစားရင်း ရထား ဘေးနံရံများတွင် ရေးထားသည်ကို ဖတ်ကြည့်မိတော့ အခြားသူများကို စာနာပါ။ တတ်နိုင်လျှင် ဖုန်းမသုံးပါနှင့်ဟု အဓိပ္ပာယ်ရသော စာသား များကိုတွေ့ရသည်။ စာသားအပြည့်အစုံတော့ မမှတ်မိတော့။ Please be considerate of others ကိုတော့ မှတ်မိသေးသည်။
ခရီးသည်သုံးယောက်နှင့် ကျွန်တော်
ပထမခရီးသည်အကြောင်း ကျွန်တော် ပြန်တွေးမိသည်။ ထို အန်တီကြီးသည် မန္တလေးမှ ထူးခြားသော ဝက်သားပေါင်းများကို ဆွေမျိုးမိတ်သင်္ဂဟများကို ဝေမျှကျွေးမွေးရန် သန္နိဋ္ဌာန်ချထားပုံရ သည်။ လေယာဉ်လိုင်းတွင် အခြားအထုပ်အပိုးများ အနံ့စွဲမည်စိုးသော ကြောင့် နံသောအထုပ်များကို မတင်ရဆိုသည့်စည်းမျဉ်းကို လိုက်နာရန် ပြင်ဆင်လာသည့် ဝန်ထမ်းများကိုပင် သူ၏သန္နိဋ္ဌာန်က နှုတ်ဆွံ့စေခဲ့ သည်။ နောက်ဆုံးတော့ ဝက်သားပေါင်းတို့ အန်တီကြီးနှင့်အတူတူ တစ်ပါတည်း လေယာဉ်စီးကာ ရန်ကုန်သို့ လိုက်ပါခဲ့သည်။ အခြား ခရီးသည်တို့၏ အထုပ်အပိုးများရော။ ကျွန်တော်မသိပါ။ အန်တီကြီး လည်း သိချင်မည်မဟုတ်ပါ။ သူ့အတွက် ဝက်သားပေါင်းသည်ပထမ၊ ဝက်သားပေါင်းသည် ဒုတိယ၊ ဝက်သားပေါင်းသည် တတိယမဟုတ် ပါလား။
ဒုတိယခရီးသည်လည်း မြန်မာနိုင်ငံမှပင်ဖြစ်သည်။
သူသည် မြန်မာပြည် ရောက်တုန်း ရောက်ခိုက် မြန်မာဟန်ဖြင့် ချက်ထားသည့် ကဏန်းပျော့ဟင်းကို စားလိုသော်လည်း သူနှင့် ဘန်ကောက်ခရီးသို့ ဘေးချင်းကပ်လျက်သွားမည့် ခရီးသည်ကို ငှဲ့ကာ ရှောင်ရှားခဲ့သည်။ ထိုခရီးသည် မည်သူမှန်း သူမသိ၊ မြင်လည်းမမြင်ဘူး၊ မြန်မာနိုင်ငံသား ပင် ဟုတ်ချင်မှဟုတ်မည်။ နောင်တစ်သက်လုံး ပြန်တွေ့ချင်မှလည်း သူနှင့်တွေ့မည်။ တစ်နည်းပြောရလျှင် ကဏန်းပျော့ဟင်းကို သူရှောင်ခဲ့ ခြင်းမှာ သူ့ဘဝကို ကောင်းကျိုးဆိုးကျိုး မသက်ရောက်စေနိုင်သည့် အမည်မသိသူတစ်ယောက်ကြောင့်ဖြစ်သည်။ ကျွန်တော် စဉ်းစားမိ သည်။ ဝက်သားပေါင်းကို မရှောင်နိုင်သည့် ပထမခရီးသည်လည်း မြန်မာနိုင်ငံမှပင်ဖြစ်သည်။ သို့သော် ကဏန်းပျော့ရှောင်သူနှင့် ဘာကွာ ပါသနည်း။ ကဏန်းသမားက ပါမောက္ခဖြစ်သောကြောင့် ပညာပိုတတ် ၍လား။ သူက နိုင်ငံခြားရောက်သည်မှာလည်း ၁၅ နှစ်ကျော်ပြီဟု သိရသည်။ အနေကြာသောကြောင့် ဓာတ်ကူးသွားခြင်းများလား။
တတိယခရီးသည်ကို ကိုယ်စားပြုသည့် ဂျပန်ရထားများ အကြောင်း တွေးမိပြန်တော့ ကျွန်တော်တို့နိုင်ငံရှိ ဟောပြောပွဲများ တွင်ပင် ဆူညံသည့် ဖုန်းသံတို့အကြောင်း စိတ်ရောက်သွားပြန်သည်။ ထိုဖုန်းသံကြောင့် ဟောပြောသူရော ပရိသတ်ပါ အရှိန်ပျက်၊ အာရုံပြား ရသည်။ စာသင်ချိန်တို့တွင်လည်း ဖုန်းသံတို့ကား မလျှော့၊ တစ်ချက် တစ်ချက် ထမြည်တတ်ပြန်သည်။ ကြည့်ရသည်မှာ မြန်မာတို့သည် ဖုန်းသံကြားမှ ဖုန်းလာမှန်း သိပုံရသည်။ ဖုန်းလာလျှင် တုန်ခါသံကို အာရုံခံနိုင်ပုံမရ။ လမ်းဘေးချရပ်နိုင်လျက်သားနှင့် လမ်းမလယ်ခေါင် တက်ရပ်ထားသော ကားတို့ကြောင့် ပိတ်ဆို့နေသော ယာဉ်ကြောတို့ အကြောင်း၊ ညသန်းခေါင်ထိ အသံချဲ့စက်ဖြင့် ဖွင့်ထားသော သီချင်းသံ ဆူဆူညံတို့အကြောင်း၊ ဆေးလိပ်မီးခိုးတို့မွှန်ထူသော စားသောက်ဆိုင် များအကြောင်းလည်း ခေါင်းထဲ ရောက်လာပြန်သည်။ ကြားနာဖူးထားသည့်၊ ကျမ်းကြီး ကျမ်းငယ်တို့တွင် ပြဆိုထား သည့် ဒီမိုကရေစီအဓိပ္ပာယ်ကို စဉ်းစားမိပြန်သည်။
ဒီမိုကရေစီ ဆိုသည်မှာ မိမိရထိုက်သော အခွင့်အရေးကို မိမိလွတ်လွတ်လပ်လပ် ခံစားနိုင်ရေးပင်ဖြစ်သည်။ သို့သော် မိမိအခွင့်အရေးကို ခံစားခြင်းကြောင့် အခြားသူများ၏အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်းမရှိစေရတဲ့။ စာဖတ်သူမိတ်ဆွေ။ သင်မည်သို့သော ခရီးသည် ဖြစ်လိုပါ သလဲ။
မင်းညိုစံ

0 comments:
Post a Comment