Wednesday, April 6, 2011

ကမ္ဘာတစ်လွှား လူ့စွမ်းအား




Monday, 04 April 2011 03:53
AddThis Social Bookmark Button
ကမ္ဘာပျက်တဲ့နေ့ (dooms day) ဆိုတာ တကယ် ရောက်လာတော့မှာလား။ ငလျင်ကြီးတွေ လှုပ်လိုက်၊ ဆူနာမီ ဖြစ်လိုက်၊ အခုနောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုကြီးတွေ မီးလောင်ပေါက်ကွဲလိုက်နဲ့ ဒီအတိုင်း လက်ပိုက်ကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြဘူးလား။


ချောက်ချားစရာတွေ
အခုတလော လာသမျှလူတိုင်းက ဒီမေးခွန်းကိုချည်း မေးကြတယ်။ လစ်ဗျားနဲ့ အရှေ့အလယ်ပိုင်း ကိစ္စတွေကိုတောင် သိပ်စိတ်မ၀င်စားနိုင်ကြဘူး။ ဂျပန်ငလျင်ကြီး ပြီးတာနဲ့ ရှမ်းပြည်နယ်အတွင်းက ငလျင်ကြီးက ဆက်တိုက်ဆိုသလို ၀င်လာတော့ လူတိုင်း စိတ်ထိခိုက်ကြရတယ်။ ဒီကြားထဲ ချောက်ချားစရာ သတင်းတွေကလည်း တစ်မျိုးပြီးတစ်မျိုး ထွက်လာသေးတယ်။ ၁၉၃၀ ခုနှစ်များအတွင်းက လှုပ်ခဲ့တဲ့ပဂိုး (ပဲခူး)ငလျင်ကြီးမျိုး ဒုတိယအကြိမ် လာနိုင်သေးတယ်ဆိုတဲ့ ဟောကိန်းကြောင့် ထိတ်ထိတ်လန့်လန့် ဖြစ်နေချိန်မှာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးကလည်း အချိန်မရွေး အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ကြားရပြန်တယ်။

အသက်စွန့် တားဆီးကာကွယ်
ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကလည်း ထိန်းချုပ်စရာ နည်းလမ်း မရှိတော့ဘူး ထင်ရတယ်။ ဓာတ်ငွေ့ပျံ့နှံ့မှုပမာဏ ကြီးသထက် ကြီးလာတာကို ဒီအတိုင်း ကြည့်နေရတယ်။ ဓာတ်ပေါင်းဖိုက စီးထွက်လာတဲ့ ရေတွေ ပင်လယ်ထဲ မရောက်အောင်တော့ အစွမ်းကုန် ကြိုးစားနေကြတာ တွေ့ရတယ်။ ဂျပန် အလုပ်သမားတချို့က ဓာတ်ရောင်ခြည် အန္တရာယ်ကို ရင်ဆိုင်ပြီး ကြိုးစားနေကြတယ်။ သူတို့အသက်ကို စွန့်ပြီး အစွမ်းကုန် တားဆီးကာကွယ် သွားမယ်လို့ သူတို့အားလုံး သန္နိဋ္ဌာန် အခိုင်အမာ ချထားကြောင်း ကြားသိရတယ်။ ချီးကျူးစရာ ကောင်းလိုက်တာ။ တကယ့် သူရဲကောင်းတွေပါပဲ။ ဦးညွှတ် အလေးပြုလိုက်ပါတယ်။
စိတ်ပျက်တာကြာပြီ
ကမ္ဘာပေါ်မှာ ဆက်ဒမ်ဟူစိန်လို၊ ကဒါဖီလို လူတွေချည်း မဟုတ်ဘဲ အများအတွက် အသက်စွန့် ဆောင်ရွက်တဲ့ ဂျပန် နျူကလီးယား စက်ရုံက အလုပ်သမားတွေလို လူကောင်းသူကောင်းတွေလည်း ရှိကြပါသေးလား ဆိုပြီး အားတက်ရတယ်။ မှန်တဲ့အတိုင်း ၀န်ခံရရင် လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ကမ္ဘာကြီးကိုလည်း နေချင်စရာ မကောင်းတော့တဲ့ ပစ္စန္တရစ်အရပ်ကြီး အဖြစ် ရှုမြင်ထားခဲ့တယ်။ ဆုတ်ကပ်ကြီးထဲ ရောက်နေပြီလို့ မကြာခဏ စိတ်ပျက်လက်ပျက် ရေးခဲ့ဖူးတယ်။ တစ် ခါတလေများဆိုရင် စိတ်ကုန်လွန်းလို့ အားလုံးပျက်သွားလည်း ကောင်းတာပဲ။ အသစ်က ပြန်စနိုင်တာပေါ့လို့တောင် အရွဲ့တိုက် ပြောမိတယ်။

စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ
ကြည့်လေ။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာများ စိတ်ချမ်းသာစရာ ကောင်းတာ၊ မျှော်လင့်ချက်တွေနဲ့ အားတက်ရွှင်မြူးစရာ ကောင်းတာ တွေ့ရမြင်ရကြားရလို့လဲ။ ရုပ်မြင်သံကြား ကြည့်လိုက်တာနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်က စစ်ပွဲသတင်းတွေ၊ ဆူဒန်က လူမျိုးပြုတ်အောင် တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ၊ ကမ္ဘာအနှံ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အသေခံ ဗုံးခွဲတိုက်ခိုက်တာတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေးနဲ့ နွားရူးရောဂါ ဆိုတာတွေချည်းပဲ။ အခု လာပြန်ပြီ ၀က်နားရွက်ပြာ ရောဂါတဲ့။ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ရောဂါ အသစ်အဆန်းတွေက များလိုက်တာ။ ဘယ်မှာလဲ ပျော်စရာကောင်းတာ။ အဲဒါတွေကြောင့် ကမ္ဘာကြီးနဲ့ လူတွေကိုပါ စိတ်ပျက်နေတာ ဖြစ်တယ်။

လောကကိုပြန်လည်တွယ်တာ
ဓာတ်ရောင်ခြည် သင့်ရုံမကလို့ ချက်ချင်းသေသွားလည်း ကိစ္စမရှိဘူး။ လူသားတွေ အန္တရာယ် မကျရောက်စေဖို့အတွက် အစွမ်းကုန် တားဆီးကာကွယ်သွားမယ်ဆိုတဲ့ ဂျပန် အလုပ်သမားတွေအကြောင်း ကြားလိုက်ရတော့ စိတ်ပျက်နေတာတွေ ပျောက်သွားတယ်။ လေးစားကြည်ညိုစရာ လူကောင်းသူကောင်းတွေ ရှိနေသေးတာပဲဆိုပြီး အားတက်လာတယ်။ လူ့ဘောင်လောကကို တွယ်တာစိတ်တွေ ပြန်ဝင်လာတယ်။
လူတွေနဲ့ကမ္ဘာကြီးကို အကောင်းမြင်စိတ်တွေ ပြန်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာကြီးကို မပျက်စေချင်တော့ဘူး။ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ချင်လာတယ်။ ဒီအတိုင်း လက်ပိုက်ကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူးလားလို့ မေးလာတဲ့ လူတွေကိုလည်း ပြန်ပြောစရာ အဖြေ ရှိလာတယ်။
အဆိုးထဲကအကောင်း
ကမ္ဘာကြီး ပျက်မသွားအောင် ကာကွယ်ချင်တဲ့စိတ် အမှန်တကယ်ရှိရင် ကာကွယ်နိုင်ပါတယ်။ လက်ပိုက်ကြည့်ရုံ ကြည့်နေရမယ့် အခြေအနေ မရောက်သေးပါဘူး။ ကျွန်တော်တို့မှာ ကယ်တင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်။ တကယ်ထုတ်သုံးရင် တကယ်ကို ကယ်တင်နိုင်တယ်။ ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီကြီးဟာ အဆိုးထဲကအကောင်းရ (blessing in disguise)ဆိုတဲ့ သဘောဖြစ်တယ်။ ဒါကို သင်ခန်းစာ ထုတ်ယူပြီး ကောင်းကောင်း အသုံးချနိုင်ရင် နျူကလီးယား လက်နက်အားလုံး ဖျက်သိမ်းရေးအထိ ဦးတည် ရောက်ရှိသွားနိုင်တယ်။

မိုးရေထဲဓာတ်ရောင်ခြည်ပါ
ဆူနာမီကြောင့် ဂျပန် နျူကလီးယားဓာတ်ပေါင်းဖို မီးလောင်ပေါက်ကွဲတော့ ဂျပန်လူမျိုးတွေ သာမက၊ ကမ္ဘာတစ်ခုလုံးက လူသားအားလုံး ထိတ်လန့် တုန်လှုပ်သွားကြတယ်။ အာရှနိုင်ငံတွေသာမက ဥရောပနိုင်ငံများကပါ ဂျပန်က စားသောက်ကုန်တွေထဲမှာ ဓာတ်ရောင်ခြည်တွေ ပါဝင်လာမှာကို စိုးရိမ်ပြီး ၀င်မလာအောင် ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်ကြတယ်။ အမေရိကန် ဒေသတချို့မှာ ရွာတဲ့မိုးရေထဲ ဓာတ်ရောင်ခြည် ပါလာတာ တွေ့ရတယ်လို့ ကြေညာတာလည်း ကြားလိုက်ရတယ်။ နိုင်ငံတချို့က ပြည်သူများကတော့ သူတို့နိုင်ငံမှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပိတ်ပစ်ဖို့ ဆန္ဒပြ တောင်းဆိုလာကြတယ်။

ပြည်သူကိုလှုံ့ဆော်စည်းရုံး
ဂျာမနီနိုင်ငံက ဒေသ ရွေးကောက်ပွဲတွေမှာ နျူကလီးယားလက်နက် ဆန့်ကျင်တဲ့ ဂရင်းပါတီက နေရာအများအပြား အနိုင်ရခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ၀န်ကြီးချုပ် အင်ဂျလာမာကဲလ်ရဲ့ အာဏာရပါတီ မျက်နှာပန်း မလှခဲ့ဘူး။ ဒီလို အချိန်မှာ ဒီလို အခြေအနေကို အခွင့်အလမ်းတစ်ခု အဖြစ် မိမိရရ ဆုပ်ကိုင်ဆောင်ရွက်နိုင်ရင် အထက်မှာပြောခဲ့သလို နျူကလီးယား လက်နက်များ လုံးဝ ဖျက်သိမ်းရေး အထိ ဦးတည် ရောက်ရှိသွားနိုင်တယ်။ လုပ်ရမှာက ကမ္ဘာတစ်ခုလုံးရှိ ပြည်သူများကို လှုံ့ဆော်စည်းရုံးရမှာ ဖြစ်တယ်။ ပြည်သူ့စွမ်းအားနဲ့ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ရမယ်။

ဘာတစ်ခုမှ မအောင်မြင်ခဲ့
ကမ္ဘာကြီး ငြိမ်းချမ်းသာယာဖို့၊ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့၊ နျူကလီးယား လက်နက် အပါအ၀င် လူသတ်လက်နက်တွေ အားလုံး ဖျက်သိမ်းဖို့၊ ဆင်းရဲမွဲတေမှု ပပျောက်ဖို့၊ ကြောက်မက်ဖွယ်ရာ ရောဂါဆိုးကြီးတွေ ပျောက်ကွယ်သွားအောင် တိုက်ဖျက်ဖို့ စတဲ့ လုပ်ငန်းမျိုးစုံကို ကမ္ဘာ့ကုလသမဂ္ဂကြီးက ဆောင်ရွက်လာခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီ။ ဘာတစ်ခုမှ အောင်မြင်တယ်လို့ မရှိခဲ့ဘူး။ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ ချမ်းသာနိုင်ငံကြီးတွေ အားလုံးကလည်း တစ်နိုင်ငံချင်း ဆောင်ရွက်ခဲ့ကြသလို ဂျီအိတ်တို့ ဂျီတွမ်တီး ဆိုတဲ့ အဖွဲ့တွေ ဖွဲ့ပြီးလည်း ဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမယ့် ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ချမ်းသာတဲ့ နိုင်ငံတွေပဲ ပိုပိုပြီး ချမ်းသာသွားကြပြီး ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ဒုံရင်း ဒုံရင်းပါပဲ။

ဝါရင်းဘတ်ဖက်ရဲ့ စကား
ဘာကြောင့် ဒီလိုဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံး ဒီအခြေအနေထိ ဘာကြောင့် ရောက်ရသလဲ ဆိုတော့ ချမ်းသာတဲ့ နိုင်ငံကြီးတွေအားလုံးက ကူညီတယ်၊ ကယ်ဆယ်တယ် ဆိုတဲ့ စကားလုံး လှလှလေးတွေ တွင်တွင်သုံးပြီး သူတို့ အကျိုးစီးပွားအတွက်သာ အထူးအလေးထား လုပ်ကိုင်နေကြလို့ ဖြစ်တယ်။ နိုင်ငံလေးတွေမှာ စစ်ပွဲတွေ များများဖြစ်လေ သူတို့ရဲ့လက်နက်တွေ ရောင်းရလေပဲ။ ကပ်ရောဂါဆိုးကြီးတွေ ကျရောက်လေ သူတို့ဆေးကုမ္ပဏီကြီးတွေ ရောင်းရလေ ဖြစ်တယ်။ ဂျပန်ငလျင်ကြီး လှုပ်ပြီး သုံးရက်အကြာမှာ အမေရိကန်သူဌေးကြီး '၀ါရင်းဘတ်ဖက်'(Warren Buffet) တောင်ကိုရီးယားနိုင်ငံကို ရောက်လာပြီး ဂျပန်ငလျင်ကြီးကြောင့် ဂျပန်နိုင်ငံဟာ အကြီးဆုံး ဈေးကွက်ကြီး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်တယ်။ သူများတွေ ဒုက္ခအကြီးအကျယ် ရောက်နေချိန်မှာ ကူညီဖို့၊ ကယ်ဆယ်ဖို့ မပြောနဲ့ ကုန်ပစ္စည်းတွေ ရောင်းရဖို့နဲ့ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားရုံမက မအောင့်နိုင်ဘဲ ထုတ်တောင်ပြောလိုက်သေးတယ်။ ရက်စက်လိုက်တာ။

မီးလောင်အိမ်ဝင်လု
ရက်စက်တာ မဟုတ်ဘူး။ ဒါ စီးပွားရေး သမားများရဲ့ သဘာဝပဲ။ Fishing in the troubled water ဆိုတဲ့ သူတို့ အနောက်နိုင်ငံသားတွေရဲ့ စကား ရှိတယ် မဟုတ်လား။ မြန်မာတွေကတော့ ပွဲလန့်တုန်း ဖျာဝင်ခင်းတယ်။ မီးလောင်နေတဲ့ အိမ်ဝင်လုတယ် စသဖြင့် ပြောလေ့ရှိတယ်။ မီးလန့်တုန်း ဖျာဝင်ခင်းတာထက် ဆိုးတာ ရှိသေးတယ်။ တမင်တကာ မီးလှန့်ပြီး ဖျာဝင်ခင်းတာ ဖြစ်တယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ စစ်ပွဲကြီး၊ စစ်ပွဲငယ်တွေ အဆက်မပြတ် ဖြစ်နေတဲ့ အကြောင်းရင်းဟာ စီးပွားရေးသမားတွေက ပွဲလှန့်ပြီး ဖျာဝင်ခင်းနေကြလို့ ဖြစ်တယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ညီညီညွတ်ညွတ် လက်ချင်းတွဲပြီး ဒီလို လုပ်ရပ်အားလုံးကို တားဆီး ကာကွယ်ရပါလိမ့်မယ်။

ဥစ္စာလိုဥစ္စာရင်ခဲ
ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး လက်တွဲပြီး ညီညီညွတ်ညွတ်နဲ့ 'ကမ္ဘာတစ်လွှား လူ့စွမ်းအား'(People Power World Wide PPWW) ဆိုတဲ့ အဖွဲ့ကြီးမျိုး ပေါ်ပေါက်လာစေချင်တယ်။ ဒီလို လူထုအဖွဲ့အစည်းမျိုးကသာ စစ်ရပ်စဲရေးနဲ့ ကမ္ဘာငြိမ်းချမ်းရေး တို့၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးတို့၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ အမှန်တကယ် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကိုယ်နေတဲ့ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် လုပ်မှပဲ ဖြစ်တော့မှာပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ စကား အရှိသား မဟုတ်လား။

  လူထုစိန်ဝင်း  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...