အစွဲ
by Eingyin Khaine on Wednesday, April 6, 2011 at 7:40am
ဟင်…
ခွပ်ခနဲ အရုပ်ကလေးကျသွားသည်။ ကျမ အမြန်ကြည့်လိုက်တော့ ခေါင်းလေးကျိုးသွားသည်။ စားပွဲပေါ်က စာအုပ်တွေ ရှင်းရင်း ပြုတ်ကျကွဲသွားသော အရုပ်လေးကိုကိုင်ကာ ကျမ ကလေးတယောက်လို ငိုမဲ့မဲ့ဖြစ်နေမိတော့သည်။
"ကဲ ပေးပေး ကော်ရှိလား"..ဟု ကျမဘေးစားပွဲက အိုးပါး(အကို)က အရုပ်လေးကို ဆွဲယူရင်း မေးသည်။ ကျမသူငယ်ချင်း စောယောင်း ကလဲ ကော်ဘူးလေးကိုင်ကာ အမြန်ယူလာပေးသည်။ သူတို့က အဲလိုသာဖြစ်ရင် စွပ်ကနဲကောက်လွှင့်ပစ်တတ်သည်။ အရုပ်ကို နှမျောစွာ ကြည့်ရင်း မျက်နှာ ပျက်နေတဲ့ ကျမကိုကြည့်ကာ ကြိုးစားပြီးပြန်ဆက်ပေးခြင်းပါ။ ဒါပေမယ့် အရုပ်လေးက ခေါင်းကိုဆက်လို့မရတော့။
"လွှင့်ပစ်လိုက်တော့ မရဘူး"… လို့သူကပြောသည်။
စောယောင်းကလဲ" ပြန်ဝယ်လို့ရတာပဲ နှမျောမနေပါနဲ့ "ဟုပြောကာ ယူလွှင့်ပစ်လိုက်သည်။ နှမျောတာထက် အဲလိုကျကွဲ သွားရင် ဘာများဖြစ်အုံးမလဲဆိုတဲ့ စိတ်ထဲမှာ တထင့်ထင့်နဲ့ အဲဒီနေ့က တနေ့လုံး နေရတာမသက်မသာရှိလှသည်။
ကျမက တခါတရံ အစွဲလေးတွေရှိလာသည်။ တခါတရံ ကိုယ့်ဖာသာတောင်မထင်မှတ်ဘဲ အဲလိုတွေ ဘယ်လို စိတ်စွဲသွားမှန်းပင်မသိ။ ဥပမာ မှန်လေးကျကွဲသွားရင်တို့၊ လမ်းမှာ မထင်မှတ်ဘဲ နာရေးယဉ်တွေ့ရင်တို့ အဲဒီလိုဆို ဘာမှသိပ်မတွေးပေမယ့် တခါတလေ စိတ်ထဲမှာ ထင့်ကနဲတမျိုး သူ့အလိုလိုဖြစ်တတ်သည်။ လူမျိုးတိုင်းမှာ အဲလို အစွဲတွေရှိနေတတ်သည်ကိုလည်း ကျမသိရသည်။
ကိုရီးယားလူမျိုးတွေမှာလည်း အစွဲရှိတတ်သည်။ ဥပမာ စာမေးပွဲနေ့မှာ မီရော့ဟင်းသောက်ရင် စာမေးပွဲကျတတ်သည်တို့၊ မှန်ကွဲလျှင် နမိတ်မကောင်းတာတို့ အမျိုးမျိုးရှိကြသည်။ ညဘက်လေချွန်လျှင် သရဲတစေလာတတ်သည်စသည်ဖြင့်ပေါ့လေ။ တရုတ်လူမျိုးတွေက အယူသီးမူတွေ ပိုများသေးသည်။ မကောင်းတာများလည်းရှိကြသလို ကောင်းသည့်အစွဲအလန်း အယုံအကြည်များလည်းရှိသည်။ မနက်ခင်းမှာ တက်စီ(Taxi)အ၀ါရောင်တွေ့လျှင် တနေ့လုံး ကောင်းမွန် သာယာတတ်သည် အဲလိုမျိုးတွေလဲရှိသည်။
သူများတွေ ဘယ်လိုယူဆတတ်သလဲသေခြာ မသိပေမယ့် ကျမကတော့ အမေတွေ အဖွားတွေရဲ့ ဟိုလိုမလုပ်ရဒီလို မလုပ်ရနဲ့ ပြောလို့ တခါတရံ အဲဒီအစွဲတွေကို အကျင့်တွေပါနေတတ်တာလဲဖြစ်နိုင်သည်။ ဥပမာ "ဟဲ့ ဥပုဉ်နေ့ကြီးခေါင်းမလျှော်ရဘူးလေ".. "ဗုဓ္ဒဟူးနေ့ကြီးခေါင်းလျှော်သလား လာဘ်တိတ်တော့မှာပဲ" .. "အိမ်ထဲမှာ လေချွန်ရင် လာဘ်တိတ်တတ်တယ်" စသည်ဖြင့် ကြားနေကြဖြစ်သည်။ ခုနောက်ပိုင်း မဂ္ဂဇင်းတွေကလဲ နခတ်တ္တတို့ ဂမ္ဘီရ မဂ္ဂဇင်းတို့ စသည်ဖြင့်ထွက်လာတော့ လူတွေကအဖတ်များလာသလို ထိုစာအုပ်များထဲတွင် အဲလိုအယူတွေ အကြောင်းမကြာခဏဖော်ပြတတ်ကြသည်။ ကျမလဲ ကိုယ်မသိတဲ့ အကြောင်းတွေဆိုတော့ စိတ်ဝင်တစား တော်တော်များများ ဖတ်ဖြစ်သည်။
******************************
တနေ့တော့ နေမကောင်းရာက ဆရာဝန်ဆီပြရင်း ဆေးစစ်ဖို့ဖြစ်လာခဲ့သည်။ ဆေးစစစ်ကထဲက သူတို့က အန္တရယ်ရှိသည်ဟု ပြောလိုက်သည်။ ဆေးရုံကို ပြန်မသွားခင်ကထဲကတခုခုဆို နမိတ်မကောင်းတာမျိုး အလိုလို ဘာမှ မမြင်ချင်.. ဆေးအဖြေသိရတော့ ခွဲစိတ်ရမယ် မခွဲလျှင် သေနိုင်တယ်လို့ ပွင့်ပွင့်လင်းလင်းပင် သေခြာပြောလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ညကျတော့ ရုပ်မြင်သံကြားကြည့်မိတော့ နာမည်ကြီး မင်းသမီးသေတာ တချိန်လုံးပြနေသည်။ ကျမလဲ နမိတ်မကောင်းဘူးလို့တော့မတွေးပေမယ့် သူ့ အခေါင်းကိုသယ်သွားတာ အသုဘချတာ ငိုတာတွေတွေ့တော့ ရောငိုမိသည်။ ဘာကို ငိုမိမှန်းမသိပါ။ ကိုယ့်အတွက်လား သူ့အတွက်လားဆိုတာတောင်မသိတော့ပါ။ တပါတ်လုံး ဆေးရုံပြန်မသွားခင် အထိနေ့ နေ့တိုင်းလိုလို ရုပ်မြင်သံကြားမှာ ဒါပဲပြနေသည်။ ကျမကလဲ မင်းသမီး မင်းသားတွေ တွေ့ရတော့မကြည့်ပဲမနေနိုင် ဒါပေမယ့် ခါတိုင်းနဲ့ မတူဘဲအလိုလို တယောက်ထဲ ကြောက်နေမိသည်။
အမှန်ပြောရလျှင်ကျမက ဘာမှသိပ်မကြောက်တတ်ပါ။ တယောက်ထဲညဘက် အမှောင်ထဲနေလဲမကြောက်ပါ။ သရဲသစ္ဆေဆိုတာလဲ မကြောက်တတ်ပါ။ အဲ..ကြောက်ချင်တာတော့ကြောက်သည်။ ဆေးရုံတော့ ဘာမှန်းမသိ ငယ်ငယ်ကထဲကကြောက်သည်။ ငယ်ငယ်က ရုပ်ရှင်ထဲမှာ ဆေးရုံအခန်းက ကော်ရစ်ဒါ လမ်းတွေကို ဖြတ်သွားတာကြည့်ရလျှင်လဲ ဘာမှန်းမသိပဲ ကြောက်သလိုဖြစ်တတ်သည်။ လူမမာမေးသွားဖို့ခေါ်လျှင်ပင် မလိုက်ချင် ဆေးရုံကြီးကိုမြင်ရလျှင် ကြောက်သလိုပင်။ အဓိကက ရန်ကုန်ဆေးရုံကြီးကိုပါ ၉တန်းတုန်းက သူငယ်ချင်းကခေါ်လို့ ပထမစစလိုက်သွားတုန်းက ဘာမှန်းမသိဘဲ အလိုလိုကြောက်ရာက အဲလိုဖြစ်သွားခြင်းပါ။ ပိုဆိုးခြင်းက ကျမတို့သူငယ်ချင်းနှစ်ယောက် နေရာမှားကာ ရေခဲတိုက်အဟောင်းဘက်ကိုရောက်သွားခဲ့ကြသည်။
*******************************
ဆေးရုံကြောက်သောကျမက ဆေးရုံတက်ရတော့မယ်ဆိုတော့ အားငယ်မိသည်။ ဒီမှာ မိဘဆွေမျိုးကလဲမရှိဆိုတော့ ပိုဆိုးသည်။ သေနိုင်သည်ဆိုသည့်စကားကလဲ ကြားထားတော့ ခဏခဏငိုနေမိသည်။
******************
ဆေးရုံက ပြန်ဆင်းလာတော့ ကျောင်းကိုပြန်သွားသည်။ အပြန်ဆိုလျှင်တော့ ကျမသူငယ်ချင်းကောင်လေးတွေ ဖြစ်တဲ့ လင်းနဲ့ ယူချန်းက ပိုက်ဆံအိပ်ကအစ လိုက်သယ်ပို့ပေးကြသည်။ အသွားကတော့တခါတလေ နောက်ကျတော့ ကိုယ့်ဖာသာသွားသည်။ ကျမရဲ့ သုတေသနစာဖတ်ခန်းက တတိယထပ်ပေမယ့် နေမကောင်းဖြစ်ကာစမို့ ကွန်ပြူတာနဲ့ စာအုပ်တွေသယ်ရတော့ဒီအတိုင်းမတက်နိုင်တော့ ဓါတ်လှေကားကပဲတက်ဖြစ်သည်။ ကျမတို့ အခန်းက တောင်ဘက်မှာရှိသည်။ အဲဒီဘက်ရောက်ကို အရှေ့ဘက်အဆောင်က အရင်ဖြတ်သွား ရသည်။ တတိယထပ် အရှေ့ဘက်အဆောင်က သူနပြု သုတေသနလုပ်တဲ့အခန်းတွေရှိသည်။ ရုံးခန်းနဲ့ စာသင်ခန်းတွေမရှိတော့ တော်ရုံဆို ကျောင်းသားသိပ်မရှိ တိတ်ဆိတ်နေတတ်သည်။ အဲဒီမှာ အခန်းအပြင်ဘက်မှာ ဆေးရုံကုတင်ကြီးတလုံး တင်ထားတာတွေ့သည်။ သူတို့ ဘာလုပ်ဖို့မှန်းတော့ မသိပါ။ အမြဲရှိနေတာတော့မဟုတ်။
****************************
ဆေးရုံတက်ဖို့ကြောက်တတ်သောကျမက ဆေးရုံခဏခဏတက်ရတော့သည်။ ဆေးရုံတက်ရမည့်ရက်မဟုတ်ပေမယ့် ဆေးရုံက ပြန်လာပြီးမကြာခင် မတည့်တဲ့ဆေးပါလာတော့ တချိန်လုံးအန်ကာမျော့ပြီး ဆေးရုံပြန်ရောက်သွားသည်။
နောက်နေ့ မှဆက်တင်ပါတော့မည်..(9:41 am)

0 comments:
Post a Comment