တရုတ်နှင့်အန္ဒိယ မြန်မာပြည်ကို ဘာကြောင့်လိုအပ်နေတာလဲ
ကျွန်တော့်အနေနဲ့ အခုလုပ်တဲ့ ရေဝေတောတောင်ပွဲမှာပြောတာ ပညာရှင်မဟုတ်ပါဘူး။ ကျွန်တော် စာတော့ရေးတယ်၊ စာရေးသူဆိုတော့ လမ်းပေါ်က လူပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာရှိလဲ ဆိုတော့ ခံစားမှုတွေ ရှိတယ်။ နောက်ပြီး ကျွန်တော်တို့မှာ တွေးခေါ်မှုတွေရှိတယ်။ အဲဒီနှစ်ခုအပြင် နောက်တစ်ခုကတော့ သမိုင်းတွေးခေါ်ခြင်းပေါ့။ ကျွန်တော်တို့ အတိတ်က ဘာလဲ။ ပစ္စုပ္ပန်က ဘာလဲပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်တို့ပြောမယ့် အရာတွေဟာ ဆက်စပ်နေတယ်။
ကျွန်တော်တို့ မြန်မာပြည်က အန္ဒိယနဲ့ တရုတ်ပြည်ကြားမှာ ရှိနေတယ်။ တရုတ်၊ အန္ဒိယ တို့ထက် စာရင် နိုင်ငံအနေနဲ့ သေးသေးလေး။ အဲဒီနိုင်ငံတွေ နှစ်ခုကြားက ရေမြေ တောတောင် သဘာဝ ပတ်ဝန်းကျင်ကောင်း ရှိနေသလို သယံဇာတကလည်း ကြွယ်ဝတယ်။ အဲဒီရေမြေ တောတောင်ဟာ ဒါတို့ပြေ၊ ဒါတို့မြေ သာပြောနေတယ်။ ကျွန်တော် တို့ တစ်ကယ်ရော ပိုင်သလား။ ကျွန်တော်ဘာသာ နောက်နေတာ ရှိတယ်။ တောစောင့်နတ်၊ တောင်စောင့်နတ်တို့နဲ့ သမာဒေ၀ နတ်ကောင်းနတ်မြတ်တို့ ပိုင်တာလားပေါ့၊ ဒါမှမဟုတ်လည်းကြီးတွေက ပိုင်တာလား။ ဒါမှ မဟုတ်လည်း ပြည့်ရှင်မင်းက ပိုင်တာလားပေါ့။ ကျွန်တော်တို့ကရော ဘာပိုင်သလဲပေါ့၊ ကျွန်တော်တို့က လမ်းပေါ်ကလူတွေလေ။
တရုတ်ပြည် ယူနန်တက္ကသိုလ်က ပါမောက္ခတစ်ယောက်ဆီက စာအုပ်လေးတစ်အုပ် ကျွန်တော်ရတယ်။ သူရေးတဲ့ 'The Policy Of China, India To Watch Burma'စာအုပ် တစ်အုပ် (၂၀၁၀) ပြည့်နှစ်ကထွက်တယ်။ အဲဒီ စာအုပ်ထဲမှာ သူတို့ တရုတ်ပြည်နဲ့ အန္ဒိယအနေနဲ့ မြန်မာပြည်လေးကို လိုအပ်ပါတယ် တဲ့။ တရုတ်ပြည် မြန်မာနိုင်ငံကို လိုအပ်တဲ့ အကြောင်းအချက်က တရုတ်ပြည်က အန္ဒိယပြည်ကို ထွက်ပေါက်ရမှာ မို့လို့တဲ့။ မြန်မာပြည်ကနေပြီး အန္ဒိယကို ထွက်ပေါက်ရရင် Special Dimension တစ်ခု တိုးလာတယ်တဲ့။ အပြည်ပြည်ဆိုင်ရာ Dimension တစ်ခု တိုးလာတယ်တဲ့။ ဒါကြောင့် မြန်မာပြည်မှာ အန္ဒိယကို သွားတဲ့ ကုန်းလမ်းလည်း ရှိမှာပဲ၊ ရေလမ်းလည်း ရှိမှာပဲတဲ့။ ဒါကြောင့် မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေပါ ရအောင်လုပ်မှာပဲတဲ့။ အဲဒါဆို ပြီးပြည့်စုံပြီပေါ့။ အဲဒါ အင်မတန် အရေးကြီးတယ်။ အဲဒါ ကျွန်တော်တို့ အပေါ်ထားတဲ့ သူ့သဘောထား ပထမတစ်ချက်ပေါ့။
နောက်တစ်ချက်က သူတို့ရဲ့ စွမ်းအင် လိုအပ်ချက်အတွက် မြန်မာပြည်ဟာ အရေးကြီးပါတယ်တဲ့။ (၂၀၀၈) ခုနှစ်မှာ တရုတ်ပြည်ရဲ့ စွမ်းအင် (၅၀) ရာခိုင်နှုန်းကို နိုင်ငံခြား ကနေတင်ပို့ရပါတယ်တဲ့။ (၂၀၂၀) ပြည့်နှစ်မှာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်က (၆၀) ရာခိုင်နှုန်း တင်သွင်းရလိမ့်မယ်တဲ့။ အဲဒီ တင်သွင်းရတဲ့ ပမာဏရဲ့ (၈၀) ရာခိုင်နှုန်းက မလကာရေလက်ကြားကို ဖြတ်ရမှာ။ ဒီမလကာ ရေလက်ကြားကို ဖြတ်ရင် တရုတ်ပြည်နဲ့ မတည့်တဲ့အင်အားစုက လွှမ်းမိုးထားရင် သူတို့ ဒုက္ခရောက်မှာတဲ့။ မြန်မာပြည်ကို ဖြတ်ပြီး ရေနံသယ်ရာ လမ်းကြောင်း ဖန်တီး နိုင်ခဲ့ရင် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင်တွေကို ဈေးချိုချိုနဲ့ ရလာမှာတဲ့။ အဲဒီတော့ မြန်မာပြည်ဟာ သူတို့ အတွက်တော့ အရေးကြီးတယ်တဲ့။
နောက်တစ်ခုက မြန်မာပြည်မှာရှိတဲ့ သဘာဝဓာတ်ငွေ့က (၂၅) ဘီလီယံ ကုဗပေ ရှိသတဲ့။ သူတို့ တရုတ်ပြည်ရဲ့ result ကလည်း အဲဒီလောက်ဘဲ ရှိတော့ မြန်မာပြည်က အင်မတန် ချမ်းသာတယ်တဲ့။ နှစ်ခုရှိပါတယ်။ တစ်ခုကသူတို့ရဲ့ အန္ဒိယကို သွားဖို့ထွက်ပေါက်၊ နောက်တစ်ခုက သူတို့ရဲ့ စွမ်းအင် လုံခြုံမှုအတွက်၊ နောက် တတိယ အချက် ရှိသေးတယ် တတိယ အချက်က စီးပွားရေးတဲ့။ ငါတို့ တိုင်းပြည်လေးက သေးပေမယ့် စိုက်ပျိုးလို့လည်းရတယ်၊ ကျောက်မျက်တွေလည်းရှိတယ်၊ သဘာဝ သတ္တုတွင်းထွက်တွေရှိတယ်၊ သစ်ပင်တွေ ရှိတယ်ပေါ့။ အဲစာအုပ်လေးထဲမှာ ရေးထားတယ်။ ရေအားလျှပ်စစ်လည်း ရှိတယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နယ်စပ်က ကီလိုမီတာ (၂၁၀၀) လားမသိဘူး ရှိတယ်။ တရုတ်ပြည်ချည်းကိုပြောရင် ကျွန်တော်တို့ တရားမျှတချင်မှ မျှတမယ်။ အန္ဒိယပြည်ကလည်း ကျွန်တော်တို့ကို လိုအပ်တာပဲတဲ့။ မဏိပူရတို့ အန္ဒိယပြည်ကို ရောက်ဖို့က ကုလားတန်မြစ်ဘက်စုံ စွမ်းအင်စီမံကိန်း လုပ်တာ၊ စီးပွားရေးလမ်းကြောင်း ပွင့်ဖို့လုပ်တာ။ ကျွန်တော်တို့က အဲလို နေရင်းက ကုန်းလမ်းတံတားကြီး ဖြစ်နေတယ်။
ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်တာတွေဟာ ကျွန်တော်တို့ နိုင်ငံလေးကို လိုအပ်နေကြတယ်ပေါ့။ နောက်တစ်ခုလည်းရှိသေးတယ်။ ကျွန်တော်တို့မှာ မေခနဲ့မလိခ ဆိုတာရှိတယ်။ မလိခ ကတော့ မြန်မာပြည်က လာတာ။ မေခက ဟိုဘက် တရုတ်ပြည်က လာတာ။ အဲဒီတော့ မေခနဲ့ မလိခ နှစ်ခုကြားက ဆက်နေတဲ့နေရာက မလိအင်မိုင်ဇွပ် ဒေသမှာ သစ်တောတွေ ကုန်သွားပြီ။ အဲဒီအပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း တွေလုပ်တယ်။ တစ်နှစ်တုန်းက (၂၀၀၉) ခုနှစ်အောက်တိုဘာလ ဖြစ်မယ်။ အင်တာနက် သတင်းတစ်ပုဒ် ရှိတယ်၊ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မြန်မာပြည်ကနေပြီးတော့ တရုတ်ပြည် အနောက်တောင်ပိုင်းမှာရှိတဲ့ မဟာဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အား (၃) ထရီလီယံ (၀ပ်) တင်သွင်းလိုက်တိုင်း သူတို့ဆီမှာ ကျောက်မီးသွေး သုံးစွဲမှု ပမာဏတော်တော်များများ လျော့သွားပါ တယ် တဲ့။ ကာဗွန် ထုတ်လွှတ်မှု လည်းလျော့သွားပါတယ်တဲ့။ သူတို့ကတော့ ကောင်းနေတာပေါ့လေ။ အဲဒီစာအုပ်ထဲမှာ ပါပါတယ်။
နောက်ပြီး သူတို့က မြစ်ညှာဘက်မှာ ဆည်မဆောက်ဘူးတဲ့။ ဘာလို့လည်းဆိုတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့တဲ့။ biodiversity ဘာညာတွေကြောင့် မဆောက်ပါဘူးတဲ့။ အဲဒီတော့ ကျွန်တော်တို့က တော်တော်လေးတော့ သတိထားဖို့ ကောင်းနေပြီ။ ကျွန်တော်တို့ စကားပြောသလိုဘဲ လမ်းပေါ်ကလူဆိုတော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ကြီး ပျောက်သွားမှာကိုတော့ ကျွန်တော်တို့က ကြောက်တယ်၊ ဧရာဝတီမြစ်ဆိုတာ ကျွန်တော်တို့ကို စိတ်ရွှင်စေတဲ့ မြစ်ကြီးဘဲ။ အဲဒီ မြစ်ကြီး နောက်ရှိမလားပေါ့။ ကျွန်တော်ငယ်ငယ်တုန်းက မြစ်ကြီးနား ရောက်တာပေါ့။
ကျွန်တော်ဆရာဝန်ပေါက်စဘ၀က အဲဒီ ဧရာဝတီမြစ်ဘေးမှာ ညနေစောင်း ဆိုရင်လေ ကျေးတွေပျံတယ်၊ ညနေစောင်းနော်။ မနက်ခင်းဆို ကောင်းကင်ကြီး တစ်ခုလုံး သက်ရှိ သက်တန့်တွေနဲ့ အဲဒီအရပ်ကို အင်မိုင်ဇွပ် လို့ခေါ်တဲ့ ရေ၀င်တဲ့အပေါက်လို့ခေါ်တယ်။ အဲဒီ အပေါက်က ရေမ၀င်ရင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲပေါ့။ ကျွန်တော်တော့မသိဘူး၊ မစဉ်းစားတတ်ဘူး။ ကျွန်တော်သိပ်နားမလည်ဘူး။ ကျွန်တော်စဉ်စားတာက ဘာလို့လဲပေါ့။ နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံတော်သီချင်းဆိုကြတယ်။ ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေလို့ အခုတော့ ကျွန်တော်တို့ ပိုင်သေးလား။ ကျွန်တော်တို့ ပိုင်ထားရတဲ့ သယံဇာတတွေကို အရင်တုန်းကလည်း ဒီသယံဇာတတွေကြောင့်ပေါ့လေ။ ကျွန်ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ဘယ်လိုခေါ်လဲ ဆိုတော့ Rape Of Burma တဲ့။ ဗမာပြည်သယံဇာတကို အနိုင်ကျင့်ခြင်းပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတယ်။
အခုဟာက သယံဇာတ လိုချင်လို့ ကိစ္စမရှိဘူး။ အဲဒီ သယံဇာတလိုချင်တဲ့ နောက်ပိုင်းမှာ သဘာဝပတ်ဝန်း ကျင်ကို ဖျက်ဆီးတာတွေ ပါလာတယ်။ ကျွန်တော် တစ်ခါ ပြောဖူးတယ် Ecological Rape Of Burma သယံဇာတတင်မဟုတ်တော့ဘူး။ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ပါ အနိုင်ကျင့်ခံနေရတာပေါ့။ အဲဒီလိုမျိုး ယူတာ မကောင်းဘူးပေါ့။ ကျွန်တော်တို့ဆီကို လာတာ သယံဇာတကို ယူတာ ကိစ္စမရှိဘူး။ Ethically ဖြစ်ရင်ကောင်းတာပေါ့။ ကျွန်တော်တို့ဆီက လူတွေကလည်း နားလည်ပြီးတော့ ဒါတွေ လာယူတဲ့ သူတွေကလည်း ကျွန်တော်တို့ အတွက်ပါ ထည့်စဉ်းစားဖို့ လိုတာပေါ့။ ကျွန်တော်တို့ စဉ်းစားတာက ကျွန်တော်တို့ လုပ်တဲ့အထဲမှာ သူတို့ ပါပါလာရင် ကောင်းတာပေါ့။ ပါအောင် ကျွန်တော်တို့ ဘယ်လို ခေါ်မလဲ။ ကျွန်တော်တို့ အားလုံးက ဒီမြေက လူတွေပဲလေ။
ကိုတာ

0 comments:
Post a Comment