ဧပရယ်ဖူးလ်ကိုတူးဆွခြင်း
ဧပရယ် ၁ ရက်နေ့ကို ရောက်ပါပြီ။ ဧပရယ်ဖူးလ် သို့မဟုတ် ဧပရယ်အရူး နေ့ (APRIL FOOL'S DAY ) လို့ခေါ်ကြတဲ့ ဒီနေ့ကို အရူးများအားလုံးနေ့ (All FOOLS DAY) လို့လည်း ခေါ်ကြသတဲ့။ ဒီနေ့မှာ တကမ္ဘာလုံးက လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ရယ်စရာလုပ်ကြ နောက်ပြောင် လှည့်ဖြား ကျီစယ်ကြပြီး အမှတ်တရနေ့အဖြစ် ကျင်းပလေ့ရှိပါတယ်။
ဧပရယ်ဖူးလ်နေ့ ပေါ်ပေါက်လာပုံကို ရှာဖွေတူးဆွ ကြည့်တဲ့အခါကျတော့ ၁၆ ရာစုမှာ ပြင်သစ်နိုင်ငံက စခဲ့တယ်လို့တွေ့ရပါတယ်။ အဲဒီအချိန်က ဂျူလီယန်ပြက္ခဒိန် (Julian calendar ) လို့ခေါ်တဲ့ ပြက္ခဒိန်တမျိုးကို သုံးစွဲကြပါတယ်။ အဲဒီပြက္ခဒိန်အရ နှစ်သစ်ဆိုတာ ဧပရယ်လလောက်က စတယ်။ ၁၅၆၄ ခုနှစ်ကျတော့ ပြင်သစ်နိုင်ငံရဲ့ဘုရင်ဖြစ်တဲ့ န၀မမြောက် ချားလ်စ်ဘုရင် (King Charles IX) ကနေပြီး ဂရီဂိုရီယန် ပြက္ခဒိန် (Gregorian calendar) ဆိုတာကို ပြောင်းလဲသတ်မှတ်လိုက်တယ်။ ပြက္ခဒိန်အသစ်အရ နှစ်သစ်ဆိုတာ ဇန်န၀ါရီလ ၁ရက်နေ့က က အစပြုပါတော့တယ်။
ကျေးလက်ဒေသမှာ နေတဲ့လူတွေကျတော့ သတင်းကမရောက်လို့ ပြက္ခဒိန် ပြောင်းသွားတယ်ဆိုတာကို လပေါင်းနှစ်ပေါင်းများစွာ ကြာသည်အထိ မသိကြပြန်ပဲ နှစ်သစ်ကူးကို ဧပရယ်လ်မှာ ဆက်လက် ကျင်းပနေကြတယ်တဲ့။ အဲဒီလို လမှားပြီး နှစ်သစ်ကူး ကျင်းပတဲ့လူတွေကို ရယ်မော နောက်ပြောင်ကြတယ်။ ဥပမာဆိုရင် နှစ်သစ်ကူး လက်ဆောင်တွေ အကြောင်ရိုက်ပြီး သွားပေးတာတို့ ပါတီကိုလာဖို့ နောက်ပြီး ဖိတ်တာတို့ပေါ့။ အဲသည်ကစလို့ ဧပရယ်ဖူးလ် အလေ့အထ ဖြစ်လာတယ်။
ဒီကနေ့ ပြင်သစ်နိုင်ငံမှာတော့ ဧပရယ်လ်ဖူးလ် အလုပ်ခံရတဲ့လူကို ဧပရယ်လ်ငါး (Poisson d'Avril )လို့ခေါ်ကြတယ် တဲ့။ ပြင်သစ်ဘာသာနဲ့ Poisson ဆိုတာက ငါးကိုခေါ်တယ်။ Avril ကတော့ ဧပရယ်လပါ။ ဘာလို့ ငါး လို့ခေါ်ရသလဲ ဆိုတော့ ဧပရယ်လဟာ ရာသီခွင်အရ ငါးရုပ်သဏ္ဍာန်ဖြစ်တဲ့ မိန်ရာသီ (Piseces) မှာကျရောက်လို့ ဖြစ်ကောင်းဖြစ်မယ် လို့ဆိုကြတယ်။ အဲဒီ ဧပရယ်ငါး လုပ်ကြတာကို ပြင်သစ်မှာတော့ ကလေးများက လုပ်လေ့ရှိတယ်တဲ့။ များသောအားဖြင့် ငါးရုပ်ပုံကို သူငယ်ချင်းတွေရဲ့ နောက်ကျောမှာ မသိအောင် လိုက်ကပ်ကြတာမျိုးဆိုပဲ။ အဲဒီလို အရူးလုပ်ခံရတဲ့လူကို ဧပရယ်ငါး လို့ အကျယ်ကြီး အော်ဟစ်ပြီး နောက်ပြောင် ကြတယ်တဲ့။ (ပျော်စရာကြီးနော် ဟီး။)
အထက်ကပြောခဲ့တာတွေ သိနိုင်ဖို့ ဒီဝက်ဘ်ဆိုက် တွေကနေ ဖတ်ခဲ့ပါတယ်။
သည်လိုနဲ့ ကိုယ့်အမိနိုင်ငံ မြန်မာပြည်ထဲကိုလည်း ဧပရယ်ဖူးလ် လုပ်တဲ့ အလေ့အထ ဘယ်တုန်းကထဲက စခဲ့ပါလိမ့်လို့ ဆက်လက် တူးဆွမိပြန်ပါတယ်။
အားလုံးသိကြမယ့်အတိုင်းပါပဲ။ ၁၆ ရာစု အချိန်အတော်များများမှာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တာက ဘုရင့်နောင် (၁၅၅၀-၁၅၈၁) ဖြစ်ပါတယ်။ အဲသည်အချိန်မှာ မြန်မာနိုင်ငံကို ပေါ်တူဂီလူမျိုး ဒတ်ခ်ျလူမျိုး ပြင်သစ်လူမျိုးတွေဟာ ရေကြောင်းကတဆင့် ကုန်သွယ်မှုတွေ အစပြုနေပါပြီ။ ကုန်သွယ်စီးဆင်းမှုနဲ့အတူ ယဉ်ကျေးမှု တွေလည်း ကူးလူးယှက်နွယ် လာပါတော့တယ်။ ကုန်သည်တွေနဲ့ ရောနှောကာ ဗဟုသုတ မပြတ်လိုက်စားတဲ့ ဘုရင့်နောင်ဟာ ပြင်သစ်တို့ရဲ့ ခေတ်စားလာတဲ့ ဧပရယ်ဖူးလ် အလေ့အထကို သတိပြုမိပါတယ်။
ဘုရင့်နောင်နဲ့ ပြင်သစ်ကုန်သည်များ တွေ့ဆုံစကားပြောကြပုံကို ဦးဖိုးကျားရဲ့ မြန်မာရာဇ၀င်အကျဉ်း ဒုတိယအကြိမ်ထုတ် စာမျက်နှာ ၈၉ စာကြောင်းရေ ၃၅ မှာ တွေ့နိုင်ပါတယ်။
ဘုရင့်နောင်ဟာ အင်အားကြီးတဲ့ ဘုရင်ဖြစ်သော်လည်း စိတ်နေစိတ်ထား ကောင်းမွန်တယ်။ ဒါကြောင့် ထိုင်းလူမျိုးတွေဆို အတိုက်ခံခဲ့ရပေမယ့်လည်း သူ့ကို အခုထိ လေးစားနေကြတုန်းပါပဲ။ သူဟာ အသက်ကြီးပိုင်း ရောက်တဲ့အခါ မလွှဲမရှောင်သာ တိုက်နေရသော်လည်း စစ်မက်ကို ငြီးငွေ့လာတယ်။ စစ်ရဲ့ အပြစ်တွေကို မြင်လာတယ်။ ဒါကြောင့် စစ်သွေး ခက်ထန်တဲ့ နှောင်းဘုရင်တွေကို ပညာပေးဖို့ အကြီးအကျယ် တခု ကြံစည်ခဲ့တော့တယ်။
နန်းတော်နံရံမှာ သူကွယ်လွန်ခါနီး နှစ်ပိုင်းတခု ဖြစ်တဲ့ အချိန် ခရစ်သက္ကရာဇ်နဲ့ ပြန်တိုက်ကြည့်ရင် ၁၅၇၉ ဧပရယ်လ ၁ ရက်နေ့မှာ မှတ်တမ်းတစ်ခု ရေး ခဲ့တယ်။
အဲဒါကတော့ သူရဲ့ပုံတူ ရုပ်တုကြီး ၁၀ ခု ပြည့်အောင် မြန်မာပြည်က အထင်ကရ မြို့တော် တွေမှာ ထုလုပ်နိုင်တဲ့ မင်းဟာ စင်္ကြာဝတေးမင်းကဲ့သို့ တန်ခိုးကြီးပြီး စစ်သေနင်္ဂဗျူဟာတွေ နိုင်နင်းနိုင်မယ်လို့ကျီစယ်ခဲ့တာ ဖြစ်ပါတယ်။
အဲသည်ကဗျည်းစာကို ကမ္ဘောဇသာဒီ နန်းတော်ကြီး တူးဖော်စဉ်က မတော်တဆ တွေ့သွားခဲ့တယ်။
ဒါနဲ့ပဲ……… ရှေ့ဆက်လာတဲ့ ဇာတ်လမ်းကတော့ ..
……
……
……
……
စာလုံးအစောင်းဖြင့် ရေးထားသော စာပိုဒ်များကို အမှန်အကန်ဟု ထင်မိသူများအတွက် ၀မ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ပုံ
ပန်ဒိုရာ :P

- http://people.howstuffworks.com/question604.htm
- http://www.suite101.com/article.cfm/americans_in_france/107651
- http://en.wikipedia.org/wiki/Hilaria

0 comments:
Post a Comment