Friday, April 1, 2011

စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းနဲ့ပတ်သက်၍

ကိုထွန်းအောင်ကျော်

 ကျနော်တို့တတွေ အထူးသဖြင့် အနောက်နိုင်ငံမှာနေရသူတွေဟာ အချိန်ကိုလု နေကြရတယ်။ မအားကြဘူး၊ စားဝတ်နေရေး ရုန်း ကန်နေကြရတယ်။ မအားတဲ့ကြားထဲက တချို့က ကိုယ့်နိုင်ငံအရေးကိုလည်းအချိန်ရရင် ရသလိုဆောင်ရွက်နေကြတာက ဂုဏ်ယူစရာပါ။ ညီညီညွတ်ညွတ်ရှိရင်တော့ အားရစရာပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်၊ အေဘီအက်ဒီအက်ဖ် ဥက္ကဌဟောင်းလည်းဖြစ်တဲ့ ကိုထွန်းအောင်ကျော်တယောက် လည်း အမေရိကန်မှာအနှစ်၂၀ လောက်နေထိုင်နေတဲ့အတောအတွင်း မြန်မာ့အရေး၊ စီဗာဆိုဆိုက်တီအရေးကို တတ်နိုင်သမျှလုပ်ဆောင်နေခြင်းအပေါ် အသိအမှတ်ပြုပါတယ်။
နိုင်ငံခြားတပ်တွေဝင်ဖို့အတွက် အကူအညီတောင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်မြင်တာရှင်းရှင်းလေးပါ။

အဓိက က နယ်စပ်က အေဘီအက်စ် ဒီအက်ဖ် အပါအဝင် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများက နိုင်ငံခြားတပ်ဝင်ရေးကို Initiate လုပ်တယ်၊ စတင်တယ်ဆိုရင် ပိုသဘာဝကျတယ်။ သူတို့ကလက်တွေ့ စစ်တိုက်နေတဲ့သူတွေကိုး။ လက်တွေ့စစ် မတိုက်တဲ့ သူကဝင်လုပ်တာ လုပ်ခွင့်မရှိဘူးလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာကြီးဝင်လုပ်ရာမရောက်ဘူးပေါ့ဗျာ။ ဒါဆို ညီညွတ်မှုပိုရတာပေါ့။ နောက်တခုက နိုင်ငံခြားတပ်ဝင်ဖို့တောင်းတာထက် နယ်စပ်မှာ တိုက်နေသူတွေကို အကူအညီပေး တာကမျိုး က ပိုသင့်လျှော်ကြောင်းပါ။ ဒီသဘောတင်ပြတာပါ။

ကိုထွန်းအောင်ကျော်က နိုင်ငံခြားတပ်ဝင်ကူရေးပေါ်မှာ အစွဲအလန်းကြီးနေပုံရတယ်။ ဒါကြောင့်လည်း ဒီအပေါ်မှာ စဉ်းစား ချက်က နဲနဲလွှဲနေတယ်ထင်ပါတယ်။

If you look at the regime change in Burma in Burmese history you should see all the regime changes were initiated by foreign invasion.
ကိုထွန်းအောင်ကျော်ရေးတဲ့ ဒီအချက်ကို ကျနော်နဲနဲ ပြောလိုပါတယ်။

မြန်မာ့သမိုင်းမှာ regime change အစိုးရအပြောင်းအလဲ အားလုံးဟာ invasion နိုင်ငံခြားစစ်တပ်ရဲ့ကျူးကျော်မှု ပါတာချည်း မဟုတ်ပါဘူးဆိုတာရယ်၊ နိုင်ငံခြားတပ်ဝင်တိုင်းခံရတာချည်းဆိုတာပါ။ သီပေါမင်းကို ဖမ်းဆီးသွားတဲ့နိုင်ငံခြားတပ်တွေဟာ မြန်မာပြည်ကို စေတနာနဲ့ သက်ဦးဆံပိုင်ဘုရင် စနစ်ကနေ ဒီမိုကရေစီစနစ်တည်ဆောက်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ခဲ့ ဘူး။ ရီဂျင်းမ်တော့ချိန်းပါရဲ့ ကိုယ့်မင်းပျောက်ပြီး ကိုလိုနှီအစိုးရမင်းဖြစ်သွားတယ်။ မြန်မာပြည်ကြီးလည်း ကျွန်ပြုခံလိုက်ရတယ်၊ မြန်မာ့သယံဇာတ၊ မြန်မာ့ စီးပွားရေးလည်း သွေးစုပ်ခံလိုက်ရတယ်။ နှစ်အတော်ကြာသွားတယ်။

နောက် ဗိုလ်ချုပ်က ဂျပန်တပ်ကို ပင့်လာတယ်။ တိုင်းပြည်အကျိုးဖြစ် မလားလို့ပေါ့ဗျာ။ လွတ်လပ် ရေးရမလား ဆိုပြီး အား ကိုးခေါ်လာတာဘဲ၊ အစိုးရအပြောင်းအလဲတော့ဖြစ်သွားတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရကနေ ဂျပန်ဖက်ဆစ်အစိုးရဖြစ်လာ တယ်။ ဘသားချောများကလည်း ပြန်မထွက်ဘူး။ မြန်မာပြည်ရဲ့ သယံဇာတနဲ့ မက်လောက်စရာစီးပွားရတနာတွေကိုမြင် တာကိုးဗျ။ ဒါတင်မကဘူး၊ လူထုကိုပါ ဖက်ဆစ်တို့ထုံးစံ အတိုင်းနှိပ်စက်လိုက်သေးတယ်။ ပြည်သူတွေဂျပန်ဖက်ဆစ်ဒဏ်ကို ခံခဲ့ရတယ်ဗျာ။ ဒါ…ကိုထွန်းအောင်ကျော်သိပါတယ်။ သံဃာတော်တွေလည်းသိကြပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ နယ်ချဲ့ အင်္ဂလိပ်တို့လဲ မြန်မာပြည်ကို ပြန်ဝင်လာတယ်။ အင်္ဂလိပ်တွေကဂျပန်ကိုမောင်းထုတ်ပြီး မြန်မာ ပြည် ကိုပြန်ဝင်လာတာ စေတနာနဲ့ မြန်မာတို့အတွက် regime change လုပ်ဖို့ ဒီမိုကရေစီအစိုးရတည်ဆောက်ပေးဖို့မဟုတ် ဘူး။  လွတ်လပ်ရေးပေးခြင်လို့လဲ မဟုတ်ဘူး၊ သူတို့အုပ်ချုပ်ရေးပြန်ချဖို့သာဖြစ်တယ်။ ဒါပေမဲ့ ကိုလိုနီခေတ် နေဝင်ချိန်က ရောက်လာခဲ့တယ်။ ကုလသမဂ ပဋ္ဋိညာဉ်ပါ ကိုယ်ပိုင်ဌာန်းခွင့်မူ အရ ကိုလိုနီလက်အောက်ခံနိုင်ငံတွေကို လွတ်လပ်ရေးပေးကို ပေးရတော့မှာဖြစ်တယ်။ တခုတော့ရှိတာပေါ့ အင်္ဂလိပ်ပြန်လာအုပ်ချုပ်တာကို နိုင်ငံရေးအရ တိုက်ပွဲမဝင်ရင်တော့ အင်္ဂလိပ် ကျွန်ဆက်ဖြစ်နေမှာပါ။ အဲလိုအဖြစ်မခံချင်လို့၊ မြန်မာ့လွတ်လပ်ရေး ခေါင်း ဆောင်များနဲ့ ဗိုလ်ချုပ်တို့က လွတ်လပ်ရေးတောင်းဆို တိုက်ပွဲဝင်ကြတဲ့အခါ ဒီရီဂျင်းချိန်းက ဖြစ်သွားရတယ်။ ဒီ အစိုးရ အပြောင်းအလဲမှာတော့ နိုင်ငံခြားတပ် အင်ဗေးရှင်း မပါခဲ့ဘူး။ (အဲဒီတုန်းက ဗိုလ်ချုပ်က ပြောတယ် ရရင်ရ မရရင်ချ ဆို တာလေ… အင်အားကြီး အင်္ဂလိပ်စစ်တပ်ကို စစ်ရေးအရတိုက်ဖို့က နိုင်ငံခြားအကူအညီ မပါဘဲတော့ လွယ်မှာမဟုတ်ဘူး။ တကယ်လို့များ၊ နိုင်ငံခြားတပ် တခုခုကိုခေါ်ဖို့စဉ်းစားခဲ့ရင် ဂျပန်ခေါ်မိသလိုထပ်မှားလေမလား ဆိုပြီး မြန်မာ့နိုင်ငံရေး ခေါင်းဆောင် တွေအကြားငြင်းခုံကြမှာ အမှန်ဘဲဗျ၊ သံဃာတော်တွေကလည်းကန့်ကွက်မှာဘဲ..ဗျ။ ပူပူနွေးနွေး သင်္ခန်းစာက ရှိထား တယ်မဟုတ်လား။)

အဲ မြန်မာ့သမိုင်းမှာ ရီဂျင်းချိန်းသွားတဲ့နောက်ကာလတခုကတော့ ပါလီမန်ဒီမိုကရေစီခေတ်ကနေ ဗိုလ်ချုပ်နေဝင်းအာဏာ သိမ်းတဲ့အချိန်ကပေါ့။ အစိုးရတော့ပြောင်းသွားတာဘဲ ဘာနိုင်ငံခြားတပ် အင်းဗေးရှင်းမှမပါဘူး။ အဲဒီနောက်ပိုင်း အနှစ် ၃၀ နီးပါးအကြာမှာ ၈၈၈၈ ကာလ မဆလရီဂျင်းချိန်းသွားတာတယ်။ နိုင်ငံခြားတပ် အင်ဗေရှင်းမပါပါဘူး။ အမေရိကန်ရေတပ် ကြီးရောက်နေလို့ လည်းမဟုတ်ဘူး။ အမေရိကန်ရေတပ်ကို ဘယ်သူမှ ဖိတ်ခေါ် မထားဘူး။ အမေရိကန်ကလည်း မင်းတို့ကို ငါတို့ စစ်သင်္ဘော အကူအညီလာပေးနေပြီလို့လည်း မကျေညာခဲ့ဘူး။ ဒါကြောင့် ကောလာဟဠလိုလို တကယ်လိုလို ဖြစ်နေခဲ့ တယ်။ အမေရိကန်တပ်ကြီးကူညီရင် ကောင်းမှာဘဲလို့သံဃာတော်အချို့အပါအဝင် ကြိုဆိုဖို့ စိတ်ကူးရှိသူတွေ ရှိကောင်းမယ်။ ဒါပေမဲ့ အဲဒီအချိန်က ဗကပ အားကောင်းဆဲဖြစ်တယ်။ အမေရိကန်တပ်ဝင်လာရင် တဘက်က တရုပ်ပြည်ကလည်း ဗကပ နဲ့အတူ ဝင်လာမှာကို တွက်ဆပြီး၊ ဘယ်နိုင်ငံခြားတပ်ကိုမှ အဝင်မခံလိုတဲ့ ပြည်သူတွေ သံဃာတော်တွေလည်းရှိပါတယ်။ နိုင်ငံခြားတပ်မပြောနဲ့ ကျနော်တို့ ရှမ်းပြည်မြို့တော် တောင်ကြီး အနီးအနားမှာရှိနေတဲ့ ရလလဖတို့၊ ပီအဲအိုတို့၊ စတဲ့ လက်နက် ကိုင် အဖွဲ့တွေကိုတောင် မြို့ထဲမဝင်လာဖို့ မြို့ခံလူကြီးများက မေတ္တာရပ်ခံထားရပါတယ်။ ရှုပ်ကုန်မှာ၊ လူထုတွေနာမှာစိုးလို့ပါ။
အဲဒီအချိန်က ပြည်သူတွေသိနေတာ People power လူထုအားဘဲ။ လူထုအားနဲ့ ဖြုတ်ချခဲ့လို့သာ အာဏာရှင် ဦးနေဝင်း ပြုတ်သွားရတာပါ။ ရီဂျင်းချိန်းသွားရတာပါ။ အမေရိကန် စစ်သင်္ဘောရောက်နေလို့ အဲဒီအရှိန်နဲ့ ဦးနေဝင်းပြုတ်သွားရတာ လို့ဆိုရင်တော့ ပြည်သူတွေရဲ့ လူထုအင်အား၊ ပြည်သူ့အင်အားကိုအသိအမှတ်မပြုရာကျပါတယ်။

ပြည်တွင်းစစ်တပ်ကဘဲ ဖြစ်ဖြစ်၊ နိုင်ငံခြားစစ်တပ်ကဘဲဖြစ်ဖြစ် တိုက်လို့ခိုက်လို့ လူတွေ သေကျေ၊ အတိဒုက္ခရောက်ကြမှာ ကို ဘယ်ဘုန်းတော်ကြီးတွေကမှ လိုလားကြမှာမဟုတ်ပါဘူး။ တနည်းပြောရမယ်ဆိုရင် နိုင်ငံခြားတပ်က ဝင်ရောက်ကျူးကျော်လို့ ပြည်သူတွေသေကြ ကျေကြမှာပိုလို့တောင် လိုလားကြမှာမဟုတ်ဘူး။ သေချာတာကနိုင်ငံခြားတပ်ဝင်ခဲ့ ရင်အမေရိကန်ပြည် သူတွေ၊ နိုင်ငံခြားကပြည်သူတွေ သေမှာမဟုတ်ဘူး။ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေလည်းသေမှာမဟုတ်ဘူး။ ကိုယ့်ပြည်သူ တွေဘဲနာမှာ။ ဒါကြောင့်ဘုန်းတော်ကြီး တွေက နိုင်ငံခြားတပ်ဝင်မှာကို လိုလားကြမှာမဟုတ်ဘူး။

တရားဓမ္မနဲ့နေတဲ့ ဘုန်းတော်ကြီးတွေကို မဆိုထားနဲ့၊ အစိုးရ အပြောင်းအလဲဖြစ်ဖို့ အလေးအနက်ကြိုးစားနေတဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် နိုင်ငံခြားတပ်ကျူးကျော်လာတာကိုလိုလားသလားလို့မေးကြည့်လိုက်ပါ။ သူမ က အကျိုးအမြတ်ကိုပိုမြင်တတ်ပါတယ်။

နောက်တချက်က
….. The French were very out spoken about the R2P. …..ဆိုတာ..
ဘယ်နိုင်ငံခြားအစိုးရမဆို သူတို့အကျိုးမရှိရင် ဘယ်တော့မှ မလုပ်ပါဘူး။ R2P ဆိုတာက အကြောင်းပြချက်ပါ။ အကျိုးရ အောင်လုပ်နိုင်ဖို့ အကြောင်းပြတာသာဖြစ်တယ်။ ကိုထွန်းအောင်ကျော်သိပါတယ်။

နောက်တခုက လူမျိုးစုတပ်တွေ နဲ့ အေဘီအက်စ် ဒီအက်ဖ် တပ်တွေကို အပစ်ပြောခြင်းမဟုတ်ဘူးဆိုတာ ကျနော့ အရင်စာမှာ အထက်ဆုံးက စာကြောင်းနဲ့  နောက်ဆုံးပါပိုဒ်ကို ကြည့်ရင် သဘောပေါက်ကြမှာပါ။

ခြုံပြောရရင်…
နိုင်ငံခြား ကျူးကျော်မှု (foreign invasion) ဆိုတာကို ကိုထွန်းအောင်ကျော်က အကျိုးရှိတယ်လို့မြင်နေပုံရတယ်။ ဒါမြင်ခွင့်ရှိပါတယ်။ ကိုယ်မြင်နေတာကို သံဃာတော်ကြီးများကလည်း အဲဒီလိုဘဲမြင်ကြတယ်လို့ ဆွဲပြီးပြီးမပြော သင့်ဘူးလို့ တော့ထင်ပါတယ်။ အကျိုးရှိတယ် လို့မြင်တဲ့ဘုန်းတော်ကြီး ရှိကောင်းရှိနိုင်ပါတယ်။ သံဃာတော် ဘုန်းကြီးတွေဟာ ငြိမ်းချမ်းမှုကိုသာ ဖိတ်ခေါ်ကြတာဖြစ်တယ်။ နိုင်ငံခြားစစ်တပ်တွေက လာပြီးကိုယ့်မြေပေါ်မှာ သတ်ဖြတ်ကြမဲ့ကိစ္စ၊ ကိုယ့်ပြည်သူတွေကိုသေကြမဲ့ကိစ္စ ကိုဘယ်သံဃာတော်ကမှ ဖိတ်ခေါ်မယ်လိမ့်မယ်လို့ ကျနော်ကမယုံကြည်ပါ။ သမိုင်းကြောင်းကိုပြန်ကြည့်ရင် မြန်မာပြည်ကို အင်ဗေးရှင်းလုပ်ခဲ့တဲ့ နိုင်ငံခြားတပ်တွေ အကျိုးပြုခဲ့တာမရှိခဲ့ပါဘူး။ အကျိုးသာပြုမယ်ဆိုရင်၊ လွတ်လပ်ရေးယူစရာအကြောင်းမရှိပါ။ ဒီကနေ့အထိ ဗြိတိသျှအစိုးရရဲ့လက်အောက်မှာ ပျော်မွေ့စွာ နေနေကြမှာဘဲဖြစ်တယ်၊ ဗြိတိသျှအစိုးရကလည်း R2P တော့ပေးထားမှာပါ။

ဒီကနေ့ နိုင်ငံခြားတပ်က ဝင်ကျူးကျော်ထားတဲ့ နိုင်ငံကပြည်သူတွေ အဲဒီတပ်တွေကို ထွက်ပါတော့လို့ တောင်းဆိုနေ တာတောင် ဒီတပ်တွေ မထွက်ကြဘူး။ အင်တင်တင်လုပ်နေကြတာ ကိုထွန်းအောင်ကျော် အသိပါဗျာ။

ကျနော် တယောက်အနေနဲ့ ကိုယ့်တိုင်းပြည်ထဲကို နိုင်ငံခြားတပ်ဝင်ရောက်လို့ ပြည်သူတွေအတိဒုက္ခရောက် မှာကို မလိုလားကြောင်းဗျား။

လေးစားလျှက်။
ဝင်းမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...