လူငယ် လူကြီးနှင့် ခေါင်းဆောင်မှု
မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အီဂျစ်လူထုတော်လှန်ရေးမှာ မူဘာရက်အောက်ကလွတ်မြောက်ပြီး အီဂျစ်သမိုင်း ရဲ့စာမျက်နှာသစ် ဖွင့်ဖို့ ပြင်ဆင်ကြတဲ့အခါလူငယ်တွေက သူတို့ယုံကြည်တဲ့လူကြီးတွေလက်ထဲ လုံးဝလွှဲအပ် ပေးကြတာ တွေ့ရတယ်ဗျ။ ငါတို့က စွန့်လွှတ်စွန့်စား တော်လှန်ခဲ့ကြတာ၊ တိုင...်းပြည်ကြီးကို ငါတို့ပဲ အုပ်ချုပ်သွား ရမှာပေါ့ဆိုတဲ့ စိတ်ဆန္ဒမျိုးမထားကြဘူးတဲ့ဗျ။
သည်အကြောင်းတွေဖတ်မိတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကို သတိရလိုက်တယ်ဗျာ။ ရဲဘော်သုံး ကျိပ်အဖြစ်နဲ့ သခင်အောင်ဆန်းတို့ မြန်မာပြည်ထဲပြန်ဝင်လာပြီး ဂျပန်ပေးတဲ့ လွတ်လပ်ရေးကာလ (၁၉၄၂-၄၅) မှာရော ၊ အင်္ဂလိပ်တွေပြန်ဝင်လာပြီး ဖဆပလအဖွဲ့ကြီးကို အာဏာအပ်တဲ့ကာလ(၂၉၄၆-၄၇) မှာရော ထိုစဉ်က အသက် ၃၀ တ၀ိုက်ပဲရှိသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့လုပ်ဖော်ကိုင်ဖက်များ ဟာ အသက် ၄၀ကျော်လူကြီး တွေဖြစ်တဲ့ ဘကြီးဘဘေ၊သခင်မြ၊ ဒေါက်တာဘမော်၊ဒေါက်တာသိန်းမောင် ၊ ဦးဘ၀င်း၊သခင်နု၊ ဒီးဒုတ်ဦးဘချို စတဲ့ ပုဂ္ဂိုလ်တွေကို ရှေ့တန်းတင်ခဲ့ကြတယ်။ ဖက်ဆစ်ဂျပန်တွေကိုရော ပရိယာယ်များတဲ့ နယ်ချဲ့တွေကိုပါ ရင်ဆိုင်ရတဲ့ အချိန်မှာ လူကြီးများရဲ့ ထိန်းထိန်းသိမ်းသိမ်း ကြပ်မတ်မှုနဲ့ ရည်မှန်းချက်မပျောက်ခဲ့ကြဘူး။
သို့ပေမယ့် ၁၉၄၇ ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရ ပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးရဲ့ အာဏာရအဖွဲ့မှာရော အာဏာမဲ့အဖွဲ့တွေမှာပါ အဓိကဦးဆောင်ခဲ့သူတွေဟာ အသက်အရွယ်အရရော အတွေ့အကြုံမှာပါ နုနယ်သူ တွေဖြစ်နေခဲ့တာ သတိထားမိပါတယ်။ တချို့ကမြန်မာပြည်လွတ်လပ်ရေးရပြီး လပိုင်းအတွင်း ပြည်တွင်းစစ်ဖြစ်ခဲ့တာဟာ ၀ါဒစွဲတွေကြောင့်လို့ သုံးသပ်ကြတယ်။ ကျွန်တော်ကတော့ ၀ါဒစွဲကြောင့် သဘောကွဲကြတယ်ပဲထား။ အသက်အရွယ်နဲ့ အတွေ့အကြုံအလျောက် ရင့်ကျက်မှုရှိခဲ့ကြရင် လက်နက်ကိုင်တိုက်ခိုက်ကြတဲ့အထိ ခါးခါးသီးသီးမဖြစ်အောင် ထိန်းသိမ်းနိုင်ကြမှာပေါ့လို့ စဉ်းစားမိတယ်။ သူတို့အသက်တွေ ပြန်တွက်ကြည့်တယ်။ သူတို့တွေထဲမှာ အသက်အကြီးဆုံးလို့ပြောနိုင်တဲ့ ၀န်ကြီးချုပ်ဦးနုတောင် ၁၉၄၈မှာ အသက် ၄၁ပဲရှိသေးတာ။ ဦးကျော်ငြိမ်းက ၃၄ နှစ်၊ ဦးသိန်းဖေမြင့်က ၃၄ နှစ်၊ ဦးဗဆွေက သူုတို့ထက်တစ်နှစ်၊ နှစ်နှစ်ပဲ ကြီးတယ်။ ဗိုလ်ချုပ်အောင်ဆန်း က ၁၉၄၇ မှာ လုပ်ကြံခံရတော့ အသက် ၃၃ နှစ်ထဲ ၀င်ကာစပဲရှိသေးတယ်။ သခင်သန်းထွန်း အပါအ၀င် ကျန်တဲ့ခေတ်ပြိုင်ခေါင်းဆောင်တွေ အားလုံးလိုလို အသက်၄၀ အောက်တွေများတယ်။ ဗိုလ်ချုပ်နေ၀င်းက ၁၉၁၁ ဖွားဆိုတော့ လွတ်လပ်ရေးရချိန်မှာ ၃၇နှစ်ပဲရှိသေးတယ်။ တပ်မတော်ကြီးကို ဦးဆောင်နေရပြီ။ သည်နေရာမှာ အသက်အရွယ်ထက် နိုင်ငံရေးရင့်ကျက်မှုနဲ့ သဘောထားကြီးမှုဟာ အဓိကကျတယ် ဆိုတာကို ကျွန်တော်လက်ခံပါတယ်။ အသက်ငယ်တာ ကြီးတာထက် ရင့်ကျက်မှုအတိုင်းအတာက ပိုအရေးကြီး တယ်ဆိုတာကတော့ အမှန်ပါ။ ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရရင် လွတ်လပ်ရေးရပြီးနှစ်လခွဲလောက်မှာ ကွန်မြူနှစ်ပါတီ တောခိုသွားတဲ့အဖြစ်မျိုး မဖြစ်နိုင်ဘူးလို့ တွက်ဆလို့ ရတယ်။ ဗိုလ်ချုပ်ဟာ ငယ်ရွယ်ပေမယ့် ရင့်ကျက်သူဖြစ်လို့ သဘောကွဲလွဲသွားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြန်လည်ညီညွတ်အောင် ကြိုးစားနိုင်ခဲ့မှာပဲလို့ ကျွန်တော်တော့ ယုံကြည်ပါတယ်ဗျာ။
ကျွန်တော်ရေးတဲ့ ဆောင်းပါးအတော်များများမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးဦးဆောင်မှုအကြောင်း ကိုစံနမူနာအဖြစ် ရေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးမှာ ပါရမီရှင်လို့ဆိုလောက်အောင် ထူးချွန်တယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ကိုးစား ထောက်ခံကြ တယ်။ သူလိုလူမျိုးက တစ်ခေတ်မှာ တစ်ယောက်ပေါ်ခဲဘိခြင်း။ ဗိုလ်ချုပ်အောင်ဆန်းကို လူငယ်တွေအားကျစေ ချင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တော်အောင် သူဘယ်လိုကြိုးစားခဲ့သလဲ၊ လေ့လာစေချင်တယ်။ သူကြိုးစားခဲ့တာကို အားကျပြီး လိုက်ကြိုးစားကြရင် မြန်မာနိုင်ငံအတွက် အားထားလောက်တဲ့ ခေါင်းဆောင် ကောင်းမျိုးဆက် ပေါ်ထွက်လာမှာပေါ့။ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးခေါင်းဆောင်ကောင်း မျိုးဆက်ပေါ်ထွက်လာအောင် ရေခံမြေခံ တွေဖန်တီးပေးဖို့ အရေးတကြီးလိုနေပါပြီ။ အိမ်နီးချင်း တရုတ်ပြည်ကြီးမှာတောင် မျိုးဆက်သစ်ခေါင်းဆောင် တွေကို အထူးနေရာပေးနေတာ သတိထားမိတယ်။ စင်္ကာပူဝါရင့်ခေါင်းဆောင်ကြီး လီကွမ်းယူက လူငယ်နိုင်ငံရေးသမားတွေ ပျိုးထောင်ပေးရာမှာ ဂျပန် နိုင်ငံနမူနာကို မယူဘဲ တရုတ်နိုင်ငံကို နမူနာယူမယ်လို့ ပြောခဲ့တာမှတ်သားမိတယ်။ တရုတ်နိုင်ငံမှာ ပိုမိုနုပျိုတဲ့ မျိုးဆက်သစ် နိုင်ငံရေးသမားတွေနဲ့ ယန္တရားလည်ပတ်တဲ့ စနစ်ကျင့်သုံးနေတာ အောင်မြင်မှုများ ရရှိနေတယ်။ ပြည်နယ် မြို့နယ်အဆင့် နိုင်ငံရေးတာဝန် ယူနေသူတွေဟာ အသက်၄၀ ၀န်းကျင်သာရှိသေးပြီး အများစုဟာ ပါရဂူဘွဲ့ရတွေ ဖြစ်တယ်။ တရုတ်နိင်ငံဖွံ့ဖြိုးတိုးတက်နြေ ခင်းမှာ ဒီအချက်ဟာအဓိကကျနေတယ်လို့ လီကွမ်းယူ က ပြောတယ်လို့ ဆိုတယ်ဗျ။ သူက အသက် ၈၆နှစ်ရှိပြီ သူတို့လိုသက်ကြီးနိုင်ငံရေး ၀ါရင့်သူတွေဟာ ကိုယ်တိုင် နိုင်ငံရေးမလုပ်ဘဲ နိုင်ငံရေးလမ်းကြောင်း တည်ငြိမ်မှန်ကန်ရေးကို အထောက်အကူပြုသူများသာ ဖြစ်သင့်တယ် လို့ ပြောသွားတယ်ဗျ။ လက်ရှိ တရုတ်ခေါင်းဆောင် ဟူကျင်းတောင်၊ ၀မ်ကျားပေါင် တို့ဟာ စတုတ္ထမျိုးဆက် ခေါင်းဆောင်စု တဲ့။ ပထမမျိုးဆက်က မော်စီတုံး၊ ချူအင်လိုင်း၊ ဒုတိယမျိုးဆက်က တိန့်ရှောင်ဖိန်၊ တတိယမျိုးဆက်က ကျန်ဇီမင်းတဲ့။ တရုတ်ကွန်မြူနစ်ပါတီကို နှစ် ၆၀ လောက် အဘိုးကြီးတွေကပဲ ဦးဆောင်နေခဲ့ရာက နောက်ပိုင်းမှာ မျိုးဆက်သစ်တွေလက်ထဲ လက်လွှဲသွားပုံကို လီကွမ်းယူက စောင့်ကြည့်နေခဲ့ပုံရတယ်။ သူ့ရဲ့ စင်ကာပူနိုင်ငံမှာလည်း လီကွမ်းယူက အသက် ၄၀ ၀န်းကျင် ပညာတတ်နိုင်ငံရေး မျိုးဆက်သစ် များပျိုးထောင်ရေး စီမံရေးဆွဲဖို့ စင်ကာပူဝါရင့် နိုင်ငံရေးသမားများနဲ့ လက်ရှိ အစိုးရကို ဖိအားပေးတိုက်တွန်းခဲ့တဲ့အကြောင်း ကျွန်တော်ရေးခဲ့ဖူးပါတယ်။ ထူခြားတာက အာဏာရပါတီမှာသာမက အတိုက်အခံပါတီများမှာပါ အရည်အချင်း ပြည့်မီတဲ့ နိုင်ငံရေးသမားတွေ တိုးပွားလာစေရမယ်လို့ လီကွမ်းယူက ပြောခဲ့တာဖြစ်တယ်။ အင်မတန် အမြော်အမြင် ကြီးတယ်လို့ ပြောချင်တယ်ဗျာ။ အချုပ်အားဖြင့်ကတော့ လူငယ်ပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် နိုင်ငံရေးကို စိတ်ဝင်စားလာကြဖို့လိုတယ်။ ကိုယ်တိုင်နိုင်ငံရေးဝင်မလုပ်ရင်တောင် နိုင်ငံလုပ်သူတွေကို လူမှန်နေရာမှန်ဖြစ်အောင် မိမိရဲ့ ဆန္ဒသဘောထား ကို ထုတ်ဖော်ဖို့လိုတယ်။ ပြည်သူတွေနိုင်ငံရေးရာကို စိတ်ဝင်စားကြဖို့ဆိုတာကလည်း စိတ်ဝင်စားကြပါ စိတ်ဝင် စားကြပါလို့ တစာစာထိုင်ပြောနေရုံနဲ့ မပြီးဘူးဗျ။ သူတို့စိတ်ဝင်စားလာအောင် အဆင့်ဆင့်လေ့ကျင့်ကွင်းတွေရှိ ဖို့လိုတယ်။ ကျောင်းသားဘ၀မှာကို အဖွဲ့အစည်းနဲ့ လုပ်တတ်ကိုင်တတ်တဲ့အကျင့်၊ အများရဲ့ ယုံကြည်ကိုးစားမှု ကို ခံယူနိုင်မှ ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့အ သိတွေကို သွတ်သွင်းပေးရမယ်။ ဆရာ ဆရာမတွေ သဘော ကျအောင်နေတတ်ရင် အတန်းခေါင်းဆောင်ဖြစ်တာပဲဆိုတဲ့ အသိစိတ်မျိုးဝင်မသွားအောင် လေ့ကျင့်ပေးရမယ်။ အများရဲ့ထောက်ခံမှုရမှ ခေါင်းဆောင်ဖြစ်မယ်ဆိုတာကို သဘောပေါက်အောင် လေ့ကျင့်ပေးခြင်းဟာ ဒီမိုကရေ စီနိုင်ငံရေးရဲ့ ကကြီး ခခွေးပဲဗျ။
By: Wai Maw
0 comments:
Post a Comment