Saturday, April 2, 2011

လက်ကျန်အလှူ (သာကြည်ဆွေ)



ဦးမြညွန့် အလှူဟေ့ ဆိုလို့ကတော့ အရပ်ထဲက မီးဖိုချောင်တွေဟာ မီးခိုးတိတ်ပဲ။ တစ်အိမ်လုံးက ပုစုခရု ကလေးပါ မကျန် မွေးထားတဲ့ ခွေး၊ ကြောင် တိရစ္ဆာန် တွေတောင် အဆစ် ပါသေးတယ် ပေါ့လေ။
ဦးမြညွန့် ဆိုတာကလည်း အလှူအတန်းနဲ့ ပတ်သက်လာရင် ပြည့်ပြည့်၀၀ပဲ လုပ်တတ်တာ တစ်ရပ်ကွက်လုံးက သိကြတယ်။ သိဆို ဦးမြညွန့်ကလည်း အလှူ ခဏခဏ လုပ်တတ်တဲ့ ဒါန ပါရမီ ရှိတဲ့ ပုဂ်္ဂိုလ်မျိုးကိုး။ ဒီတော့ ဦးမြညွန့် အလှူဟေ့ ဆိုလို့ကတော့ ချိုင့်ဆေးတဲ့ လူက ဆေး၊ ၀မ်းနုတ်တဲ့လူက နုတ်နဲ့ အလုပ်ကို ရှုပ်နေကြ တာကလား။ ဒီလိုပွဲမျိုးကိုလည်း အများက မျှော်နေကြတာ မဟုတ်လား။ လှူတဲ့လူက ရက်ရက်ရောရော လှူသလို စားတဲ့သူကလည်း ပက်ပက်စက်စက်ကို စားကြတာ၊ တချို့ဆို အပြန် ဆိုက်ကားနဲ့ ပြန်ကြရသတဲ့။ ဒါပေမယ့်လည်း ဦးမြညွန့်တို့က “ဒီအစားလောက်တော့ ကျီစား သလောက်ပေါ့”ဆိုတဲ့ လူစားမျိုးပဲ။ တွံတေးသိန်းတန် သီချင်းနဲ့ဆို ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး လုပ်လိုက် သေးသပေါ့။ လှူတဲ့လူက ဒီလိုလားဟေ့ ဆိုတော့ စားတဲ့လူကလည်း ဒီလောက်တော့ “အဆီ မကြောက်လို့ ကစီပဲ ထောက်ချင် ထောက်ကွာ”ဆိုပြီး ပန်းကန်ထဲ ဟင်းချည်းပဲ ပုံထည့်၊ အစာအိမ်ကို နှဲ့နှဲ့ ပြီးတော့ကို စားပြလိုက်သေး။ လှူတဲ့လူနဲ့ စားတဲ့လူ ဘက်ကလည်း တူသလား မမေးနဲ့။


ဦးမြညွန့် ဆိုတဲ့လူကလည်း လှူပြီဟေ့ ဆိုရင် ဟင်းကို နှစ်မျိုး၊ သုံးမျိုးချက်တာ။ ၀က်သားက တစ်မျိုး၊ ကြက်သားက တစ်မျိုးနဲ့ အချဉ်အစပ်က တွဲလျက် ထည့်ပြီးသား။ ၀က်သားဆိုလည်း အဆီတစ်ထပ်၊ အသားတစ်ထပ်နဲ့ လေးလက် မလောက်ကြီးတွေတုံး၊ တုံးထားတာ ရေများဆေးပြီး အိုးထဲထည့်ရင် ၀က်သားတုံး ကြီး တုန်တုန်၊ တုန်တုန်နဲ့ မြင်ရတဲ့ လူအဖို့တော့ လျှာတသပ်သပ်နဲ့ပဲ။ ငါးသလောက်ပေါင်းများ ချက်ရင်တော့လား အိုးအပေါ်မှာ အဆီက ၀ဲလို့။ တကတဲ အိုးသာ ထမ်းပြေးချင်တော့တယ် ဆိုပါလား။

အိုးကြီး၊ အိုးငယ် အသွယ်သွယ်နဲ့ မီးခိုးတွေ ထောင်းထောင်းထပြီး ချက်နေကြတာ ကလေးတွေဆို စားဖိုဆောင်နား တလည်လည်နဲ့
“ဟဲ့ ဟဲ့” လုပ်ရတာ အမောသား။ အခုလည်း ဦးမြညွန့် သား အလတ်ကောင်ရဲ့ မင်္ဂလာဆောင် ဆိုတော့ အရင် အကြီးကောင်လိုပဲ ထမင်းကျွေးမယ် ဆိုတာ အကုန်သိ ပြီးသား။ ဦးမြညွန့်က တောသူဌေးဖြစ်ပြီး မြို့ကို ရောက်လာတာ ဆိုတော့တော မင်္ဂလာဆောင် တွေလိုပဲ မနက်ပိုင်း ထမင်းကျွေး ဧည့်ခံတာက အကျင့် ပါနေတာကိုး။ တောသူဌေး ဆိုတော့လည်း ဂုဏ်လေး၊ သိက္ခာလေးက ပြချင်တော့ ဘာပဲဖြစ်ဖြစ် အကောင်းတကာ့ အကောင်းဆုံး ဆိုတာတွေပဲ လုပ်ပြချင်တာကိုး။ အရပ်ထဲလည်း ဦးမြ ညွန့် ဘာလုပ်မလဲ ဆိုတာ အကဲ တခတ်ခတ်နဲ့ စိတ်ဝင်တစား ဖြစ်နေကြတာ။ မင်္ဂလာဆောင်ရက် နီးလာလေလေ ဦးမြညွန့်ကို မျက်စိဒေါက် ထောက်ကြည့်ကြလေ ဖြစ်နေတယ်။ မင်္ဂလာဆောင် ဖိတ်စာလည်း ဝေရော အကုန်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြရော။

မင်္ဂလာဆောင် မဏ္ဍပ်ကြီး ထိုးပြီးတယ် ဆိုရင်ပဲ ကလေးတွေက တရုန်းရုန်းနဲ့ ဦးမြညွန့် အိမ်ရှေ့မှာ ၀ရုန်း ဆူနေတာပဲ။ အော်တဲ့ ကလေးက အော်၊ ငိုတဲ့ကလေးက ငို  တ၀ုန်းဝုန်း တရုန်းရုန်းနဲ့ ဖုန်တွေကလည်း အလုံးလိုက်ပဲ။ ညရောက်လို့ မီးတွေလည်း ထွန်းရော ကလေး အုပ်စုက ပိုပြီး တောင့်လာတယ်။ စားဖို ဆောင်မှာ ချက်ကြ ပြုတ်ကြပြီ ဆိုတော့ ကလေးတွေက ရစ်သီရစ်သီနဲ့ လုပ်နေကြတာ။

စားဖိုမှူးတွေ ခမျာမှာလည်း ချွေးတပြိုက်ပြိုက်နဲ့ မွှေလိုက် နှောက်လိုက်ရတာ နားရတယ်ကို မရှိဘူး။ မီးက ပူတာက တစ်မျိုး၊ ကလေးတွေ ဆူတာ တစ်မျိုးနဲ့ ကျောရော၊ နားရော ပူနေကြပေါ့။ ထမင်း အိုးဆိုလည်း အိုးကြီးကြီးနဲ့ ချက်နေရတာ။ ဘယ်နှလုံး မြောက်မှန်းတောင် မသိဘူး။ ဟင်းခုတ်တဲ့ သူကခုတ်၊ ထင်းခုတ်တဲ့ သူက ခုတ်နဲ့ အလုပ် ရှုပ်ပုံများတော့ ပြောတောင် မပြောချင်တော့ပါဘူး ဆိုတာ ဖြစ်နေပြီ။ နေမ၀င်ခင် ကတည်းက အခွံ သင်နေရတဲ့ ကြက်သွန်နီ မမတို့ အုပ်စုမလည်း မျက်စိတွေရဲပတောင်း ခတ်လို့ ကြက်သွန်တွေ မွှန် နေလိုက်တာ ညဥ့်နက်နေတဲ့ အထိကို မပြီးနိုင်သေးဘူး။

မပြီးဆို ဟင်းကသုံးမျိုး ချက်တာ မဟုတ်လား။ ၀က်သားက တစ်မျိုး၊ ကြက်သားက တစ်မျိုးနဲ့ အပြင် ကုလားပဲ ဟင်းကို ဆိတ်ရိုးနဲ့ ရောဦး မတဲ့။ ဒီကြားထဲ အချဉ်သုပ်၊ ငရုတ်သီးကြော်က ထည့်ဦး မဟဲ့ဆိုတော့ စားဖိုဆောင်က စားဖိုမှူးတွေ အကုန်လုံး ပျာယာ ခတ်ကုန်ပေါ့။ စားဖိုမှူး တွေခမျာလည်း ချက်သာ ချက်နေရတာ မကောင်းပါ ဘူးကွာလို့ အပြော မခံရအောင် လက်စွမ်းတွေကလည်း ပြရ ရှာသေးတယ်။ တော်ကြာ ပင်ပင်ပန်းပန်း ချက်ပြုတ်ပြီး မှ ဟင် ဆိုရင်လည်း သေရော မဟုတ်လား။ လုပ်ထားသမျှ အလကားတွေ ဖြစ်ကုန်မှာ။

အချိန်လေးလည်း ကုန်လာရော လေထု သယ်ဆောင် ရာသတင်းနဲ့ ဆိတ်ရိုး ပဲဟင်းက ပီပီပြင်ပြင် ရုပ်လုံး ပေါ်လာတယ်။ ကုလားပဲ ဟင်းနံ့ ကြိုင်ကြိုင်ကို မဆလာက နိုင်နိုင် ပက်ထားတော့ မွှေးချက်က မကျန်ဘူး။ ၀မ်းဟာဟာနဲ့ ထမင်းကလည်း ဆာတာတာ ဖြစ်လာတဲ့ စားဖိုမှူးတွေလည်း ဘာပြောကောင်းမတုံး ထမင်းနွေးနွေးနဲ့ ဟင်းမွှေး မွှေးကို ရောမွှေပြီး တွယ်လိုက်သမှ ချက်ထားတဲ့ ထမင်းအိုး တစ်လုံး စုံးစုံးကို မြုပ်ရော၊ ကဲမှတ်ပြီလား။ အမြည်း လုပ်သလိုလိုနဲ့ အပြီး တုတ်လိုက်ကြတာ ချက်မပေါက်လို့ တော်ရော၊ ဇက်ခေါက်တွေကတော့ လေးသလိုလို ရှိလာကြတယ်။

ဟင်းအိုးတွေလည်း မီးဖိုပေါ် ရောက်တုန်း တုံးလုံးပက် ခေါက်လဲကြပေါ့။ မှေးတဲ့လူက မှေး၊ ပျော်တဲ့လူက ပျော် နဲ့ သူတို့ခမျာ တော်တော်ပင် ပန်းသွား ကြရှာတာကိုး။ စား ဖိုမှူးတွေလည်း မှေးခနဲ အိပ်လိုက်ကြတာ မနက်မိုးကြီး စင်စင်လင်းလို့ ဓာတ်စက် ဆရာတွေ သီချင်း ဖွင့်ကာမှ ပဲ ဟင်းအိုးတွေကို ကပျာကယာနဲ့ ထမွှေကြရတယ်။ ဗိုက်တင်းတင်းနဲ့ ထမင်းဆိပ် တက်လိုက်ကြတာ မိုးကို လင်းရော ဆိုပါတော့။ တော် သေးတာပေါ့လေ။ မင်္ဂလာ ဆောင်က ၉ နာရီ စမှာဆို တော့ အချိန်လေးတော်တော် ကျန်နေသေးလို့။

၉ နာရီထိုးလို့ ဓာတ် စက်ဆရာက အခါတော်ပေး တာက နတ်ရေးငယ် ရွှေစာ လုပ်တယ်ဆိုရင်ပဲ ဧည့် ပရိသတ်တွေက တဖွဲဖွဲ ရောက်လာကြတယ်။ နှစ်ဖက်စလုံးက ဓနအင်အား တောင့်တော့ အသိမိတ်ဆွေ တွေကလည်း ပေါများတာပေါ့။ ၁၀ နာရီ၊ ၁၀ နာရီခွဲ လောက်အထိတော့ ပရိသတ် က အေးအေးဆေးဆေးနဲ့ပဲ ရှိနေသေးတယ်။ ၁၂ နာရီ အထိဆိုတော့ အချိန်က ကျန်နေသေးတာကို။

ဦးမြညွန့်ကတော့ မင်္ဂလာဆောင်အ၀င်ဝမှာ တိုက်ပုံကြီး ခန့်ခန့်ညားညားနဲ့ လာသမျှ ဧည့်သည်ကို ဒိုင်ခံ နှုတ်ဆက်ပေါ့။ ဦးမြညွန့် မိန်းမ ကတော့ အိမ်ပေါ်က လူကြီး တွေကို ဒိုင်ခံဧည့်ခံနဲ့ ဆိုတော့ အောက်ကို ဆင်းဖို့တောင် အချိန်မရဘူး။ တဖြည်းဖြည်းနဲ့ ဧည့်သည်တိုးလာတော့ သားနဲ့ချွေးမလည်း ပြုံးရတာ ပါးစပ်ကို မစေ့အားတော့ဘူး။ ထမင်းပွဲတွေ မြန်မြန်လိုက်၊ ဟင်းပွဲတွေ မြန်မြန်နှိုက်နဲ့ မင်္ဂလာဆောင်ပွဲကြီးဟာ အခု မှပိုပြီး ကြွတက်လာတယ်။ လက်ဖွဲ့ခံ စားပွဲဝိုင်းကြီးက ပါဆယ်ထုပ်တွေ မြင့်တက် လာတာနဲ့ အမျှ စားပွဲထိုးတဲ့ ကလေးတွေလည်း ဟင်းပွဲ၊ ထမင်းပွဲ ချရတာ ခေါက်တုံ့ ခေါက်ပြန်ပဲ။ တဖြည်းဖြည်းနဲ့ ဧည့်သည်တွေက အိမ်ပေါ်ထပ်မှာ ပြည့်လို့ မင်္ဂလာ မဏ္ဍပ်ထဲတောင် ကျပ်သလို ဖြစ်လာပြီ။ ဇွန်းသံ၊ ပန်းကန်သံတွေ တညံညံနဲ့။

“လိုက်ပွဲဟေ့ လိုက်ပွဲ”
ဆိုတာကလည်း ဟိန်း ဟိန်းထနေတာပဲ။ ထမင်းဝိုင်းတွေမှာ လူတွေက ညပ်လို့၊ ဦးမြညွန့်ကိုယ်တိုင်တောင် ကြီးကြပ်နေရတယ်။ စားဖို ဆောင်က စားဖိုမှူးတွေက တော့ လည်တဆန့်ဆန့်နဲ့ ဧည့်သည်အားကို ကြည့်ပြီး ထမင်းအိုးတွေ ထပ်တည်နေရပြီ။ ဦးမြညွန့်မှာလည်း လိုအပ်ချက် မရှိအောင် အပေါ် ပြေးရ၊ အောက်ဆင်းရ၊ စားဖိုဆောင် ၀င်ကြည့်ရနဲ့ နားရတယ်ကို မရှိတော့ဘူး။ ဧည့်သည် များလာတာနဲ့ အမျှ ဦးမြ ညွန့်လည်း တဖြည်းဖြည်း လန့်လာတယ်။ ထမင်း၊ ဟင်း လောက်င ပါ့မလားတောင် စိတ်ပူနေရတဲ့ အခြေအနေ ရောက်လာတယ်။ စားဖိုဆောင် အနောက်ဘက်က ထွက်နေတဲ့ ဟင်းပွဲတွေက လည်း မနည်းဘူး။ အလှူအတန်း လုပ်နေတာ ဆိုတော့လည်း ပြောရခက်သားလား။ စားဖိုဆောင်နောက် တစ်ခေါက်ဝင်မိတော့ ဦးမြညွန့် တော်တော် စိတ်ပျက်သွား တယ်။ ပုစုခရုတွေ တစ်ပုံ တစ်ခေါင်းနဲ့ ပလုတ်ပလောင်းတွေ စားနေလိုက်ကြတာ မတ်တတ်က တစ်မျိုး၊ ငုတ်တုတ်က တစ်မျိုး။

“ဦးလေး ဆိတ်ပဲဟင်း ရေနွေးဖောက်မှ ရတော့မယ်”

“အေး ကြည့်လုပ်ကွာ”

ဦးမြညွန့် စိတ်ညစ်ညစ်နဲ့ ရှေ့ပြန်ထွက်လာတယ်။ သားနဲ့ချွေးမ လှမ်းကြည့်တော့ တိုင်နဲ့ခေါင်းနဲ့တောင် ဆောင့်ချင်သလိုဖြစ်သွား တယ်။ နှစ်ယောက်စလုံး ချွေးသံ တရွှဲရွှဲနဲ့ ထမင်းပွဲ၊ ဟင်းပွဲ လိုက်ချနေရတာ။ မသိရင် သတို့သမီးနဲ့ သတို့သား ဟုတ်၊ ဟုတ်ပါ့မလားတောင် မေးရလိမ့်မယ်။
“ဘဘ ဒီကောင်နှစ် ခေါက် ရှိနေပြီ”

“မဟုတ်ဘူး ဘဘ၊ သား ဒီတစ်ခေါက်ပဲ ရှိသေးတယ်”
အရေးထဲ ကလေးနှစ် ယောက်က ဦးမြညွန့် လာပြီး တိုင်ချက် ဖွင့်နေတယ်။

“ကဲ ကလေးတွေ ဘယ်နှခေါက်ဖြစ်ဖြစ် သွားစားကွာ”
ဦးမြညွန့် စိတ်ပျက် လက်ပျက်နဲ့ ခုံလွတ် တစ်လုံးမှာ ၀င်ထိုင်လိုက်တယ်။ ထိုင် ပြီးကာမှ အောက်မှ ခိုးလိုးခုလု ဖြစ်နေတာ ထကြည့်တော့ ၀က်သားတုံးကြီးဖြစ်နေတယ်။

“ဟာ ဒုက္ခပါပဲ”
ကွက်နေတဲ့ နေရာကို လှည့်ပြီး ပုဆိုးကို ပြင်ဝတ်လိုက်တယ်။ ပြီးတော့ မဏ္ဍပ် ရှေ့က တန်းလျားမှာ ထိုင်ရင်း အထဲကို ပြန်ပြီးကြည့်တယ်။ ပြီးခါနီးမှ ကြည့်မိရင် အကုသိုလ် တက်နေပါဦးမယ် လေဆိုပြီး လမ်းမဘက်ကိုပဲ ကြည့်နေမိတယ်။ ဒီတော့မှ ပိုဆိုးရော၊ ဟင်းထုပ်တွေ ဆွဲပြီး ပြန်နေကြတဲ့ ကလေးတွေ က လမ်းပေါ်မှာဒုနဲ့ဒေးပါ လား။ မတတ်သာတဲ့ အဆုံး ဦးမြညွန့်မှာ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို ပြေးရ တော့တာပဲ။

ဦးမြညွန့်ဟာ ချောင်ကျကျ စားပွဲဝိုင်းမှာ ထိုင်ပြီး လာချပေးတဲ့ လက်ဖက်ရည်တစ် ခွက်ကို တစ်ငုံ ငုံလိုက်တယ်။ ပြီးတော့ အပြင်ဘက်က လမ်းပေါ်မှာ အုပ်စုလိုက်၊ အုပ်စု လိုက် ချီတက်သွားကြတဲ့ မင်္ဂလာဆောင် ဧည့်သည်တွေကို ကြည့်ပြီး လေပူတွေ တဖူးဖူးနဲ့ မှုတ်ထုတ်တယ်။ ခဏကြာတော့ မင်္ဂလာဆောင် မှာ စားပွဲကူ ထိုးပေးနေတဲ့ မောင်တိုးက မောကြီးပန်းကြီးနဲ့ ရောက်လာတယ်။

“ဦးလေး တော်ပါသေး ရဲ့ဗျာ။ ရှာလိုက်ရတာ။ ဟိုမှာ ပြဿနာတွေ တက်ကုန်ပြီ”

“ဟ ဘာတွေဖြစ်ကုန် တာလဲ”

“မြန်မြန်သာ လိုက်ခဲ့ပါ ဦးလေးရာ။ ဟိုမှာ သေပြီ လား၊ ရှင်ပြီလား မသိဘူး”

မောင်တိုးက ပြောရင်းနဲ့ ဒုန်းစိုင်းပြေးတယ်။ ဦးမြ ညွန့်လည်း ကတိုက်ကရိုက်နဲ့ ပုဆိုးစမပြီး မောင်တိုးနောက် အမီလိုက်တယ်။ ဘယ်သူက ဘယ်သူ့ကို ရိုက်လို့ သေရေး ရှင်ရေးတွေ ဖြစ်ကုန်တယ် မသိဘူး။ မင်္ဂလာဆောင် ရှေ့ ရောက်တော့ ရေစည်လှည်း တွန်းတဲ့ မြင့်စိန်က ဆိုက်ကားပေါ်မှာ ပက်လက်ကြီးဖြစ်နေ တယ်။ ရေထမ်းတဲ့ တံပိုးနဲ့ အရိုက်ံရသလား မပြောတတ်ဘူး။ လူတွေ အုံနေတဲ့ ဆိုက်ကားနား ရောက်တော့ စားဖိုမှူးကြီး ဦးသောင်းက ဦးမြညွန့်ကို
“စားပိုး နင့်နေတာ ကိုမြညွန့်၊ ဆေးခန်း အမြန်ပို့မှ ဖြစ်မယ်”

မျက်စိကြီးပြူးပြီး မချိမဆံ့ ဖြစ်နေတဲ့ မြင့်စိန်ကို ဦးမြညွန့်က တွေတွေကြီး ကြည့်နေမိတယ်။ ပြီးတော့ ဆိုက်ကား ဆရာက မြင့်စိန်ကို တင်ပြီး ခပ်သွက်သွက် နင်း ထွက်သွားတော့ ဦးမြညွန့်က လေးလံတဲ့ ခြေလှမ်းတွေနဲ့ မင်္ဂလာဆောင် မဏ္ဍပ်ထဲ ၀င်လာတယ်။ ဆယ့်နှစ်နာရီ ကျော်ကျော် ရှိနေပြီဆိုတော့ မဏ္ဍပ်ထဲလည်း လူက တော်တော်ပါးသွားတယ်။ စားဖိုဆောင်က ချက်တဲ့ပြုတ်တဲ့ လူတွေကလည်း အိုးတွေခွက်တွေ ဆေးနေပြီဆိုတော့ ဒီလူ တွေလည်း မပါးဘဲ နေတော့မလား။ မဏ္ဍပ်ထဲမှာတော့ ကလေးနဲ့ ခွေးရယ် ပွစာကြဲနေတဲ့ ထမင်းပန်းကန်၊ ဟင်းပန်းကန်တွေ၊ အဆီတွေ ကွက်ထနေပြီး ထမင်းလုံးစေ့တွေ ဖွေးနေတဲ့ စားပွဲခင်းတွေ သာပဲ ပုံပျက်ပန်းပျက် ကျန် ရစ်ခဲ့တော့တယ်။

“ကိုမြညွန့် ကျုပ်ဆေး ခန်းကို ခဏ လိုက်သွားကြည့် ဦးမယ်။ ဒီမှာ လိုတာတွေ တော် ကြည့်လုပ်ထားလိုက်ဦး”

ဦးမြညွန့်မိန်းမက ပိုက်ဆံအိတ်ကြီး ချိုင်းကြား ညှပ်ပြီး မြင့်စိန်နောက် လိုက်သွားတော့ သူလည်း စားဖို ဆောင်ထဲ ၀င်ပြီး ထမင်းဟင်း လေးများ ကျန်ကောင်းကျန် ဦးမလားလို့ ၀င်ကြည့်တယ်။ မနက်မိုးလင်းကတည်းက ဗိုက်ထဲကို လက်ဖက်ရည်လေး တစ်ငုံက လွဲရင် ဘာအစာမှ မရောက်တော့ ဆာ သလိုလို ရှိလာတာလေ။ စားဖို မှူးခေါင်းဆောင် ဦးသောင်း မေးလိုက်တော့ သူ့အဖြေက အားရှိစရာ။

“အကုန် ကုန်ပြီ”
တဲ့။ အေးရော။ စိတ် ပျက်လက်ပျက်နဲ့ မဏ္ဍပ်ရှေ့က တန်းလျားမှာ ထိုင်နေမိတယ်။ ကုသိုလ်တစ်ပဲ၊ ငရဲ တစ်ပိဿာဆိုတာ ဒါမျိုး ထင်ပါရဲ့။ ဒါကြောင့်လည်း ဘုရားက ညောင်ပင်ကြီးလောက် လှူပြီး ညောင်စေ့လောက် ရတတ်သလို၊ ညောင်စေ့လောက် လှူပြီး ညောင်ပင်ကြီးလောက် ရတတ်တယ်လို့ ဟောခဲ့တာ ထင်ပါ့။ တောင်တောင်အီအီ တွေးနေတုန်း ရုတ်တရက်ဆိုသလိုပဲ ဦးမြညွန့်ရှေ့ကို အ၀တ်အစား နွမ်းနွမ်းဖတ်ဖတ်နဲ့ အရိုးပေါ် အရေ တင်နေတဲ့ သားအမိနှစ် ယောက် ရောက်လာပြီး
“ဘဘကြီးရယ်၊ ဘဘ ကြီးကို ကျွန်မတို့ သားအမိ ကန်တော့ပါရစေ။ ဘဘကြီး ကျေးဇူးကြောင့် ဒီလိုကောင်းတဲ့ ထမင်းနဲ့ ဟင်းကို စား ဖူးတာ ကျေးဇူးတင်လို့ပါ”

သားအမိနှစ်ယောက်က ဦးမြညွန့်ကို လက်အုပ်ချီ ပြီး ထိုင်ကန်တော့ကြတယ်။ သားအမိနှစ်ယောက် ပြန်ထွက်သွားတော့ ဗိုက်ဆာလို့ ဒေါကန်နေတဲ့ ဦးမြညွန့်က စားဖိုခေါင်းဆောင် ဦးသောင်းကို လေသံမာမာနဲ့
“ဘယ်လို လုပ်တာလဲ ကိုသောင်းရာ၊ ကျုပ်ဗိုက်ဆာလို့ လာမေးတော့ ဘာမှ မရှိဘူး ဆိုပြီး ဟိုသားအမိနှစ် ယောက်တော့ ခင်ဗျား ထည့်ပေးတယ်”

“ကြံကြီးစည်ရာဗျာ၊ ၀ိုင်းက ကျန်နေတဲ့ ထမင်းတွေနဲ့ ငရုတ်သီးကြော်လေး နည်းနည်းကျန်တာ ထည့်ပေး လိုက်တာပါ”

ဦးမြညွန့်က ဘာမှ ပြန် မပြောနိုင်တော့ဘဲ တွေတွေကြီး ရပ်ပြီး မီးဖိုထဲက လက်ကျန် မီးခဲရဲရဲကြီးတွေကို အကြောင်းမဲ့ စိုက်ကြည့် နေမိတယ်။

သာကြည်ဆွေ
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာ ၂၀၁၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...