PHOTOSYNTHESIS (သို့မဟုတ်) အလင်းဖြင့်အစာချက်ခြင်း - အပိုင်း (၃)
Aye Htun March 28, 2014 at 3:36am
ဒီတော့ အလင်းမှီခိုဓာတ်ပြုမူကို ခြုံပြီး ဓာတုဗေဒ
ညီမျှခြင်း ချလိုက်ရင် အောက်ပါအတိုင်းပါ။

Photosystem 1 နဲ့ Photosystem 2 စနစ် ၂ခုမှာ ယခုလို
အီလက်ထရွန်တွေကို အဆင့်ဆင့်သယ်ပို့ဆောင်တာဟာ အပူ စွမ်းအင်ထုတ်လွှတ်မူ အရှိန်ကိုနှေးစေဖို့ဖြစ်ပါတယ်။
ဒါမှသာ Chloroplast နဲ့ ဆဲလ်ဟာ ဘေးရန်ကြီးတဲ့ အပူချိန် တိုးမြင့်လာမူကို မကြုံတွေ့ရမှာဖြစ်ပါတယ်။
ပြီးတော့ ဒါဟာ အပင်မှာ NADPH နဲ့ ATP တို့ကို ထုတ်လုပ်နိုင်ဖို့ လုံလောက်တဲ့ အချိန်ကိုလဲ ပေးနိုင်ဖို့ဖြစ်ပါတယ်။
နိုဘလ်ဆုရှင် အမေရိကန်ဇီဝဓာတုပညာရှင် Albert Szent-Gyorgyi က ယခုလိုပြောပါတယ်။ “နေရောင်ကနေ အစပြုလိုက်တဲ့ လျှပ်စီးလေးဟာ အသက်ဓာတ်ကို
မောင်းနှင်နေတာပါ” တဲ့။ တစ်နည်းပြောရရင် နေမရှိခင် သက်ရှိဆိုတာ မရှိနိုင်ပါ။

အလင်းမမှီခို ဓာတ်ပြုမူ
အလင်းမမှီခို
ဓာတ်ပြုမူ ဖြစ်ပေါ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတုဗေဒစွမ်းအင်ကို အလင်းမှီခို ဓာတ်ပြုမူမှာတုံးက
ထုတ်လုပ်ခဲ့တဲ့ ATP မောလီကျူးက ထောက်ပံ့ပေးပြီး၊ လိုအပ်တဲ့
ဟိုက်ဒရိုဂျင် အက်တမ်တွေ ကိုတော့ NADPH
မော်လီကျူးတွေက ထောက်ပံ့ပေးပါတယ်။ ဒီ ဓာတ်ပြုမူဟာ သံသရာလည်ဓာတ်ပြုမူဖြစ်ပါတယ်။ ဆိုလိုတာက
ဓာတ်ပြုမူကို စတင်ခဲ့တဲ့ မော်လီကျူးဟာ ဓာတ်ပြုမူအဆုံးမှာ ပြန်လည်ထုတ်လုပ်ခံရပြီး နောက်တစ်ကြိမ်ဓာတ်ပြုမူ
စတင်ပြန်ပါတယ်။ ဒါကို တွေ့ရှိခဲ့တဲ့ အမေရိကန် ဓာတုဗေဒပညာရှင် Melvin Calvin ကိုဂုဏ်ပြုသော အားဖြင့် ဒီသံသရာလည်ဓာတ်ပြုမူကို Calvin Cycle လို့ အမည်ပေးထားပါတယ်။ အလင်းမမှီခို
ဓာတ်ပြုမူဟာ အလင်းမှီခိုဓာတ်ပြုမူတုံးက ထုတ်လွှတ်ခဲ့တဲ့
NADPH ရဲ့ ဟိုက်ဒရိုဂျင် အိုင်းရွန်းတွေနဲ့
အီလက်ထရွန်တွေရယ်၊ ATP ရဲ့ ဖော့စ်ဖရက်တွေရယ်ကို အသုံးပြုပြီး ဂလူးကို့စ်ကို ထုတ်လုပ်တာဖြစ်ပါတယ်။
ဓာတ်ပြုမူ စတင်တဲ့ နေရာကတော့ Thylakoids
တွေကို ဝန်းရံထားတဲ့ စထရောမာ (Stroma) အရည် မှာဖြစ်ပါတယ်။ အရွက်တွေရဲ့ အပေါက်ငယ်လေးတွေထဲကဝင်လာတဲ့
ကာဗွန်ဒိုင်အောက်စိုက် မော်လီကျူးတွေဟာ စထရော်မာဆီကို ရောက်ရှိလာပါတယ်။ ဒီစထရော်မာထဲမှာ
ကာဗွန်ဒိုင်အောက်စိုက် မော်လီကျူးတွေဟာ RuBP
(Ribulose Biphosphate) လို့ခေါ်တဲ့ ကာဗွန်အက်တမ် ၅လုံးပါ သကြားမော်လီကျူးတွေနဲ့
ချိတ်ဆက်လိုက်ပါတယ်။ ဒီဖြစ်စဉ်ကို Carbon
Fixation လို့ ခေါ်ပါတယ်။
အင်ဇိုင်းတစ်ခုရဲ့ အကူအညီနဲ့
ကာဗွန်ဒိုင်အောက်စိုက် မော်လီကျူး၆ခုဟာ
RuBP (Ribulose Biphosphate) မော်လီကျူး၆ခုနဲ့ ချိတ်ဆက်လိုက်ပြီး အင်ဇိုင်းတွေ၊ ATP, NADPH တို့ရဲ့ အကူအညီနဲ့ ဂလူးကို့စ်မော်လီကျူးတစ်ခုကို ထုတ်လုပ်လိုက်ပါတယ်။
ပြီးရင် RuBP မော်လီကျူးတွေကို ပြန်တည်ဆောက်ပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ Chloroplast မှာ ကာဗွန်ဒိုင်အောက်စိုက်၊ ADP နဲ့ NADPH တို့
ရှိနေသရွေ့ လည်ပတ်ဖြစ်ပွါးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

0 comments:
Post a Comment