Friday, April 25, 2014

“မျိုးချစ်ပြည်သူ့ တပ်နှင့် ခါးပိုက်ဆောင်တပ်”



၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့  ဗမာ့တပ်မတော် တပ်မှူးများ
ညီလာခံတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏မိန့် ခွန်းသည် အရေးကြီး၍ အချက်အခြာ
ကျလှပေသည်။ ကျွန်တော်တို့ အဖို့ မှာ တပ်မတော်ကြီးအတွက် တပါတီ တပုဂ္ဂိုလ်
သံယောဇဉ်ကင်းသော မျိုးချစ်ပြည်သူ့ တပ်မတော်ကြီးအဖြစ် ထာဝစဉ် လိုလားခဲ့ရာ
ဝန်ကြီးချုပ်၏မိန့် ခွန်းသည် မျိုးချစ်တပ်မတော်အဖြစ် လိုလားကြသောပုဂ္ဂိုလ်တိုင်း
ဆန္ဒနှလုံးကို တိုက်ရိုက် နှိုးဆော်ပေးရာ ကျပေမည်။

တာဝန်နားလည်ရိုသေသော
ပြည်သားတယောက်အနေဖြင့် ဓမ္မဓိဌာန်ဖြင့် ကျွန်တော်၏ အာသီသကို တင်ပြ
လိုပါသည်။

ဝန်ကြီးချုပ်၏မိန့် ခွန်းတွင် တပ်မတော်အား တဖွဲ့  တပါတီ တပုဂ္ဂိုလ်
တဦးတယောက်၏ သြဇာခံ ခါးပိုက်ဆောင်စစ်တပ် မဖြစ်စေနှင့်၊ စည်းကမ်းဥပဒေကို
ရိုသေကြ၊ ပြည်သူလူထုကို ချစ်မြတ်နိုးသော ပြည်သူ့ တပ်မတော်ကြီးအဖြစ် ခံယူကြ
ဟူသော သြ၀ါဒစကားသည် တပ်မတော်ကြီးအတွက် အချိန်အခါ အခြေအနေနှင့်
ကိုက်ညီဟပ်မိလှရုံသာမက ထာဝစဉ်လမ်းညွှန်တိုင် (Sign Post)သဖွယ်
သဘောထား၍ ဆောင်ရွက်သွားအပ်ပေသည်။ တပ်မတော်သားတိုင်း ထိုမိန့် ခွန်း၏
အဆီအနှစ်ကို နားလည်လေးစားကြရန် လိုအပ်ပေသည်။ တိုင်းပြည်ကလည်း
နားလည်သတိရှိဖို့  လိုအပ်ပေသည်။

ဤထူးခြားသောမိန့် ခွန်းကို ယခုလိုအချိန်အခါတွင် အကြောင်းမဲ့ပေးမည် မဟုတ်ပေ။
အကြောင်းစုံကို မြင်တွေ့ နေရသော နိုင်ငံခေါင်းဆောင်တယောက်အနေဖြင့်
အချိန်အခါ အခြေအနေအရ ပြောသင့်ပြောထိုက်၍သာ ပြောခြင်းဖြစ်ပေလိမ့်မည်။

တဖွဲ့  တပါတီ တပုဂ္ဂိုလ်၏လက်ကိုင်တုတ်၊ ခါးပိုက်ဆောင်စစ်တပ်သဘောမှာ
ပြည်သူလူထုအကျိုးအတွက် ကာကွယ်မည် မဟုတ်။ ကိုယ်စားပြုရာ အဖွဲ့  ပါတီနှင့်
ပုဂ္ဂိုလ်အကျိုးကို ကာကွယ်ပေလိမ့်မည်။ ကိုယ်စားပြုရာ ပါတီ ပုဂ္ဂိုလ်သည်
ပြည်သူလူထုကို ဆန့် ကျင်ပေလိမ့်မည်။ မည်သို့ သော အကြောင်းကြောင်းကြောင့်
ဖြစ်စေ တိုင်းပြည်၏ ကြီးမားသော လက်နက်ကိုင်အင်အားစုဖြစ်သည့် ပြည်သူပိုင်
တပ်မတော်ကြီးသည် တဖွဲ့  တပါတီ တပုဂ္ဂိုလ်၏ ခါးပိုက်ဆောင်တပ်အဖြစ်
ရုပ်လုံးပေါ်လာခဲ့သော် ဤတိုင်းပြည်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး လူတိုင်း၏
လည်ဂုတ်ပေါ် ဓားဝဲခြင်းခံရဖို့ သာ ရှိပေမည်။

တဖွဲ့  တပါတီ တပုဂ္ဂိုလ်၏ လက်ကိုင်တုတ် ခါးပိုက်ဆောင်စစ်တပ်သဘောမှာ
ပြည်သူလူထု၏အကျိုးအတွက် ကာကွယ်မည် မဟုတ်။ ကိုယ်စားပြုရာ အဖွဲ့ ပါတီနှင့်
ပုဂ္ဂိုလ်အကျိုးကိုသာ ကာကွယ်ပေးလိမ့်မည်။ ကိုယ်စားပြုရာ ပါတီ ပုဂ္ဂိုလ်သည်
ပြည်သူလူထုအကျိုးကို ဆန့် ကျင်လျှင် ထိုတပ်မတော်သည်လည်း ပြည်သူလူထုကို
ဆန့် ကျင်ပေလိမ့်မည်။ နောက်ဆုံးတွင် တဖွဲ့  တပါတီ ပုဂ္ဂိုလ်တဦးအကျိုးအတွက်
ဘာမဆိုလုပ်ကြရလိမ့်မည်။ ဤနည်းဖြင့် တစတစ စစ်ဝါဒလွှမ်းသော ဖက်ဆစ်နိုင်ငံ
အဖြစ်သို့  ကျရောက်နိုင်လေသည်။

အနီးကပ်ဆုံး မြင်ခဲ့ရသော သာဓကတခုမှာ ဂျပန်ပြည်တွင် စစ်ဘက်က
တံခိုးအာဏာ တစတစ ကြီးမားလာပြီး နိုင်ငံရေးအာဏာကိုပါ စစ်ဝါဒလွှမ်းမိုး
လာကြ၍ ဖက်ဆစ်နိုင်ငံအဖြစ် ရောက်ခဲ့သဖြင့် ဂျပန်ပြည်အတွက်၎င်း၊ အာရှတိုက်
တတိုက်လုံးအတွက်၎င်း မည်ကဲ့သို့  အတိဒုက္ခ ရောက်ခဲ့ရသည်ကို မြင်တွေ့ ရ
လေသည်။ ထို့ ကြောင့် ဤအရေးကို သတိပေး ဟန့် တားသော ၀န်ကြီးချုပ်
မိန့် ခွန်းသည် လူတိုင်း လေးစားဂရုပြုရန် အရေးကြီးပေသည်။

တပ်မတော်ကို ပြန်ကြည့်လျှင် လက်ရှိတပ်မတော်ကြီး ပေါ်ပေါက်လာသော
သက်တမ်းသည် (၁၆)နှစ် ရှိပေပြီ။ ထို (၁၆)နှစ် သက်တမ်းကာလအတွင်း
တပ်မတော်၏ ဘ၀ဖြစ်စဉ်ကို ဆန်းစစ်ကြည့်စေလိုသည်။

လက်ရှိတပ်မတော်ကြီးသည် ဘေးဘိုးအစဉ်အဆက်က စတင်ပြီး ကျွန်တော်တို့ 
အမွေရခဲ့သော တပ်မတော်ကြီး မဟုတ်ခဲ့ပေ။ တဖွဲ့ တပါတီ၊ တဦးတယောက်က
တည်ထောင်ဖွဲ့ စည်းခဲ့သော ခါးပိုက်ဆောင်စစ်တပ်လည်း မဟုတ်ခဲ့ပေ။
ကျွန်တော်တို့ ပြည်ထောင်စုကြီးသည် ဗြိတိသျှလက်အောက် အနှစ် ၁၀၀ ကျော်
ကျွန်ဘ၀ရောက်နေရာမှ ရုန်းထွက်လွတ်မြောက်ရန် လွန်ခဲ့သော (၁၆)နှစ်ကျော်က
ပြည်သူလူထုတရပ်လုံး လက်နက်စွဲကိုင် တော်လှန်ကြသော ဗမာ့လွတ်လပ်ရေး
တပ်မတော်ကြီးမှ အဆင့်ဆင့်ပေါက်ဖွားပြီး ယခုလက်ရှိ တပ်မတော်ကြီးအဖြစ်ကို
ရောက်ခဲ့ရပေသည်။

တပ်မတော်ကြီးသည် သူ၏ (၁၆)နှစ်သက်တမ်းတွင် ဗမာ့လွတ်လပ်ရေးအတွက်၎င်း၊
လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေးကို ထိန်းသိမ်းရေးအတွက်၎င်း
ရာဇ၀င်ပြောင်သော များစွာသော တိုက်ပွဲကြီးများကို ကျော်ဖြတ်ခဲ့ရပေသည်။

ဤတိုက်ပွဲကြီးများတွင် သူ၏သက်တမ်းနှင့် မလိုက်၊ အရွယ်ပမာဏ အရည်အချင်း၊
အတွေ့ အကြုံတို့ နှင့် မမျှလောက်အောင် ခက်ခဲလှသော တိုက်ပွဲများကိုလည်း
ကျော်ဖြတ်အောင်ပွဲဆင်ခဲ့ပေသည်။

တပ်မတော်ကြီး ကျော်ဖြတ်ခဲ့ရသော စစ်တလင်းများတွင် ပြည်သူလူထုထဲမှ
များစွာသော မျိုးချစ်ပုဂ္ဂိုလ်များ၊ လူငယ်လူရွယ်များ ကျဆုံးခဲ့ရပေသည်။
တပ်မတော်၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် ကျဆုံးခဲ့ရပေသည်။

သို့ ဖြင့် တပ်မတော်ကြီးသည် သူ၏သက်တမ်းအတွင်း ဗမာ့လွတ်လပ်ရေးအတွက်
ရာဇ၀င်ကပေးသော စစ်ရေးတာဝန်ကြီးများကို များစွာသော အသက်၊ သွေး၊ ချွေး
တို့ ဖြင့် လဲ၍ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပေသည်။

ထို့ ကြောင့် နောက်ကြောင်းပြန်ကြည့်သော် ဤတပ်မတော်သည် အဘယ်ကဲ့သို့ 
ပေါ်ပေါက်လာသနည်း။ တဖွဲ့  တပါတီ တပုဂ္ဂိုလ်အကျိုးအတွက် တဖွဲ့  တပါတီက
တည်ထောင်ဖွဲ့ စည်းခဲ့သော တပ်မတော်ကြီး မဟုတ်ခဲ့ပေ။ တပ်မတော်ကြီးသည်
ပြည်သူတို့ ၏ လွတ်လပ်ရေးအတွက် ပြည်သူတို့ ထံမှ ပေါ်ထွက်လာခဲ့သော
ပြည်သူတို့ ၏ တပ်မတော်သာဖြစ်သည်။ မျိုးချစ်ပြည်သူတို့  အဘယ်ကြောင့်
မိမိတို့ ၏ ကိုယ်ကျိုးစွန့် ၍၊ အသက် သွေးချွေးတို့ ကို စွန့် ၍ လက်နက်ကိုင်၍
တိုက်ပွဲဝင်ခဲ့ပါသနည်း။ ရာဇ၀င်သမိုင်းနှင့်ချီ၍ ပင်ကိုယ်စိတ်ဓာတ်ခံဖြစ်သော
မိမိတို့ ၏ လွတ်လပ်ရေးကို ချစ်မြတ်နိုးသည့် မျိုးချစ်စိတ်ဓာတ်ခံဖြစ်ပေသည်။
တပါတီ ပုဂ္ဂိုလ် တဦးတယောက် အကျိုးအတွက် အသက်စည်းစိမ်ကို
စွန့် လွှတ်ခဲ့ကြခြင်း မဟုတ်ပေ။

တဖန် အဘယ်ကြောင့်သက်တမ်းနုလှသော တပ်မတော်သည် အင်အား ပမာဏ
မမျှသော ရန်သူတို့ အပေါ် အောင်ပွဲဆင်နိုင်ခဲ့ပါသနည်း။ ယခုအထိ မမောမပန်း
ဆက်တိုက် တိုက်ပွဲဝင်နိုင်ခဲ့ပါသနည်း။ အကြောင်းမှာ လူထုတွင် ခွန်အားအကြီးဆုံး
ဖြစ်သော မျိုးချစ်စိတ်ဓာတ်ကြောင့်သာ ဖြစ်ပေသည်။ တဖွဲ့  တပါတီ တပုဂ္ဂိုလ်ကို
ချစ်မြတ်နိုးသော သံယောဇဉ်စိတ်ဓာတ်ကြောင့် မဟုတ်ပါပေ။

သို့ ဖြင့် တပ်မတော်ကြီး ပေါ်ပေါက်လာခြင်း၊ အောင်ပွဲများခံယူခြင်း၊ အောင်ပွဲ
အတွက် ကိုယ်ကျိုးစွန့် လွှတ်ခဲ့ကြခြင်း စသည်တို့ သည် တဖွဲ့  တပါတီ
တပုဂ္ဂိုလ်ကို ချစ်မြတ်နိုး၍ မဟုတ်ပေ။ မိမိတို့ လွတ်လပ်ရေးကို မြတ်နိုးသော
မျိုးချစ်စိတ်ဓာတ်ကြောင့်သာ ဖြစ်ပေသည်။

လူတို့ တွင် မျိုးချစ်စိတ်သည် တန်ခိုးစွမ်းအား ကြီးမားလှပေသည်။ ကမ္ဘာ့ သမိုင်း
တလျောက်တွင် ကြီးနိုင်ငယ်ညှင်းခဲ့သော စစ်ပွဲများဖြင့် ပြွမ်းတီးလျက်ရှိရာ လူတိုင်း
မည်မျှပင်သေးလင့်ကစား မိမိလူမျိုး မပျောက်အောင် ထိန်းသိမ်းလာနိုင်ခဲ့သော
စွမ်းအားမှာ မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။

ဤကဲ့သို့ သော သဘာဝလည်းကျ၊ အစဉ်အလာလည်းဖြစ်သော၊ အောင်ပွဲတို့ ၏
အရင်းခံလည်းဖြစ်သော မျိုးချစ်စိတ်ကို ကျော်လွှားပြီး တနည်းအားဖြင့် တိုင်းပြည်
လူထုကို ချစ်မြတ်နိုးသော စိတ်ဓာတ်ကို ဘေးဖယ်ပြီး တဖွဲ့  တပါတီ ပုဂ္ဂိုလ်
တဦးတယောက်၏ လက်ကိုင်တုတ် ခါးပိုက်ဆောင်စစ်တပ်အဖြစ် ဖန်တီး
ရုပ်လုံးဖော်ပြမည်ဆိုလျှင် တပ်မတော်ကြီး၏ ရာဇ၀င်ပြောင်ခဲ့သော အစဉ်အလာ
ကိုလည်း ပယ်ဖျက်ရာကျလေသည်။

တိုင်းကျိုးပြည်ဆောင်၊ တိုင်းချစ်ပြည်ချစ် တပ်မတော်ကြီးအဖြစ်မှ လျှောကျနိမ့်ဆင်း
ရပေမည်။

မျိုးချစ်စိတ်ဓာတ် ခေါင်းပါးပြီး ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားကိုသာ ရှေ့ ရှုမည့်
တပ်မတော်အဖြစ်သို့  ကျရောက်သွားရပေမည်။

ဤတပ်မျိုးသည် စည်းကမ်းစနစ်ကို၎င်း၊ တရားဥပဒေကို၎င်း၊ အများဆန္ဒဒီမိုကရေစီ
ကို၎င်း၊ ပြည်သူလူထုကို၎င်း ရိုသေလေးစားကြမည် မဟုတ်။ မိမိတို့ ကိုယ်စားပြုရာ
တဖွဲ့  တပါတီ တပုဂ္ဂိုလ်၏ အမိန့် သြဇာကိုသာ နာခံလေးစားကြလိမ့်မည်။

ဤသို့ သော တပ်မျိုးသည် တစတစ စွမ်းရည်သတ္တိ လျော့ကျပြီး ယခင်ကကဲ့သို့ 
အောင်ပွဲများကို ပေးနိုင်တော့မည် မဟုတ်ပေ။ အရေးကြုံလျှင် တိုင်းပြည်အား၎င်း၊
ထို့ အပြင် ၄င်းတို့ ကိုယ်စားပြုရာ တဖွဲ့  တပါတီ တဦးတယောက်ကို၎င်း၊
၎င်းတို့ ကိုယ်တိုင်ပင်၎င်း ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ နောက်ဆုံးတွင်
မည်သူ့ ကိုမှ ကာကွယ်ပေးနိုင်မည် မဟုတ်ဘဲ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်
အဖြစ်၊ တိုင်းပြည်ရန်သူအဖြစ်သို့  ကျရောက်သွားနိုင်ပေသည်။

အထက်ပါတို့ ကို ထောက်ထားပြီး ဤလွတ်လပ်ရေးကို အကြောင်းပြု၍
ပေါ်ပေါက်လာရသော တပ်မတော်၏ သမိုင်းစဉ်လာနှင့် မူရင်း ရည်မှန်းချက်များကို
ထောက်ထား၍၄င်း၊ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် ခဲ့ရသော အာဇာနည်
ပြည်သူတို့ ကို ထောက်ထား၍၄င်း၊ ယခုအထိ တပ်မတော်က အောင်ပွဲများ
ထူလာနိုင်ခဲ့သော တန်ခိုးစွမ်းအားကြီးသည့် မျိုးချစ်စိတ်၏ ကျေးဇူးအာနိသင်ကို
နားလည်ကြခြင်းဖြင့်၎င်း၊ ခါးပိုက်ဆောင်စစ်တပ် ရုပ်လုံးပေါ်ခဲ့သော် ဖြစ်ပျက်
လာနိုင်မည့် တိုင်းပြည်နှင့် တပ်မတော်အပေါ် ကျရောက်လာနိုင်သော
ဘေးအန္တရာယ်တို့ ကို ထောက်ထား၍၄င်း၊ လက်ရှိ တပ်မတော်ကြီးသည်
တပါတီ တပုဂ္ဂိုလ်၏ သြဇာခံ ခါးပိုက်ဆောင်စစ်တပ်အဖြစ် ရုပ်လုံးပေါ်ထွက်
မလာစေအောင် ကာကွယ်ရန်အတွက်၎င်း၊ အစဉ်အလာဖြစ်သော တိုင်းချစ်ပြည်ချစ်
မျိုးချစ်စိတ်ဓာတ်ကို အစဉ်အမြဲ ထိန်းသိမ်းရန်၎င်း မည်မျှအရေးကြီးသည်ကို
သိမြင်နိုင်ကြပေသည်။

ဤတာဝန်မှာ တပ်မတော်တွင်သာမက လူတိုင်းတွင် အနည်းအများ
တာဝန်ရှိပေသည်။

ထိပ်ဆုံး တာဝန်ခံအစိုးရတွင်၎င်း၊ တပ်မတော် စစ်ခေါင်းဆောင်များတွင်၎င်း
တပ်မတော်တွင်းရှိ အဆင့်အတန်းအမျိုးမျိုးရှိကြသည့် ရဲဘော်တိုင်းတွင်၎င်း၊
တိုင်းသူပြည်သားများတွင်၎င်း တာဝန်ရှိကြပေသည်။

ထို့ ကြောင့် ၀န်ကြီးချုပ်၏ တဖွဲ့  တပါတီ တပုဂ္ဂိုလ်၏ သြဇာခံ ခါးပိုက်ဆောင်တပ်
မဖြစ်စေနှင့်၊ ပြည်သူ့ တပ်မတော်အဖြစ် ခိုင်မြဲအောင်လုပ် ဟူသော ယခုနှစ်
တပ်မှူးညီလာခံမိန့် ခွန်းသည် တပ်မတော်တွင်သာမက တိုင်းပြည်အတွက်ပါ
အရေးကြီးသောမိန့် ခွန်း ဖြစ်ပေသည်။

ကျွန်ုပ်တို့ သည် အန္တရာယ်ကြီးလှသော ခါးပိုက်ဆောင်စစ်တပ် မဖြစ်ရအောင်
ကာကွယ်ရန်၎င်း၊ မျိုးချစ်ပြည်သူ့ တပ်မတော်ကြီးအဖြစ် ထိန်းသိမ်းရန်၎င်း
အရေးကြီးသော တာဝန်ဖြစ်ကြောင်း လူတိုင်း သိရှိသတိပြုကြရန် အထူးသဖြင့်
တပ်မတော်ကြီးက ပိုမိုဂရုပြုကြစေရန် ပြည်သူပြည်သားတယောက်အနေဖြင်
ထပ်မံနှိုးဆော် သတိပေး ရေးသားတင်ပြရသည်။

ဤနေရာတွင် ရေးသားလိုသော အကြောင်းတချက်မှာ ကျွန်တော် ဗြိတိန်သို့ 
ရောက်စဉ်က ပုဂ္ဂိုလ်တဦးက ပြောဖူးပါသည်။ ဗြိတိသျှတပ်မတော်ကြီး တိုးတက်
ပြောင်းလဲလာခြင်းမှာ သူတို့ ၏ စစ်ဗိုလ်ချုပ်ကြီးများနှင့် အစိုးရခေါင်းဆောင်ကြီး
များက ပြုပြင်ဖန်တီးခြင်းကြောင့်သာ မဟုတ်။ ဗြိတိန်ပြည်သူပြည်သားများနှင့်
ဲဗြိတိသျှပါလီမန်တို့ ၏ လွတ်လပ်စွာ ဝေဖန်ပဲ့ပြင်ပေးမှုကြောင့်လည်း ဖြစ်သည်ဟု
ဆို၏။

ဝေဖန်တိကပြုခြင်း၊ အကြံပေးခြင်းတို့ သည် ပြုပြင်တိုးတက်ရေးတို့ အတွက်
လက်နက်အင်အားပင်ဖြစ်လေသည်။

ကျွန်တော်တို့ တိုင်းပြည်တွင် ကိုလိုနီခေတ်၏ အငွေ့ အသက် အရှိန်အစော်
ကျန်ရစ်ခဲ့မှုကြောင့် ဖြစ်ဟန်တူသည်။ စစ်တပ်ဆိုလျှင် ဘေးဖယ် လျစ်လျူရှုချင်
ကြသည်။ အစိုးရခေါင်းဆောင်များပင်လျှင် စစ်တပ်ကို ခပ်ခွာခွာ ဆက်ဆံခဲ့သည်။
ထင်ရှားသည်မှာ အထက်ပါ ၀န်ကြီးချုပ်မိန့် ခွန်း တနေရာတွင် “အစိုးရအနေဖြင့်
တပ်မတော်ကြီးအတွက် လိုသောငွေ ရှာပေးပြီး ကောင်းအောင် လုပ်ကြကွာဟု
ပြောရုံမှတပါး ဘာမျှ မတတ်နိုင်” ဟု ဖော်ပြထားသည်။

ဗြိတိန်တွင် ထိုသို့ မဟုတ်ပေ။ သူတို့ သည် တပ်မတော်ကို ချီးကျူးစရာရှိလျှင်
ချီးကျူး၍ ဝေဖန်စရာရှိလျှင် ဝေဖန်ကြသည်။ ဤသို့  ဝေဖန်ခြင်း၊ အကြံပေးခြင်း
တို့ ကို တပ်မတော်အနေဖြင့်လည်း မိမိတို့  ကောင်းရာကောင်းကျိုးအတွက်
နာယူသင့်သည်တို့ ကို နာယူကြစမြဲ ဖြစ်လေသည်။

ယခုအခါ ဗမာပြည်တွင် တပ်မတော်အား ပါလီမန်၌၄င်း၊ သတင်းစာများတွင်၎င်း
စတင်ပြီး အတော်ပင် ဝေဖန်ခြင်း၊ အကြံပေးခြင်းများ တစတစ ပြုလာကြပေပြီ။

ဤအခြင်းအရာတို့ သည် ကျွန်တော်တို့ ၏ ကာကွယ်ရေးတပ်မတော်ကြီးအဖို့ 
တိုးတက်ရာ တိုးတက်ကြောင်းအတွက် အင်အားတရပ်အဖြစ် စတင်ဖြစ်ထွန်းလာခြင်း
ဖြစ်၍ ကျေးဇူးတင်ဖွယ်ပင် ဖြစ်လေသည်။

“တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်”

“တပ်မတော်သည် တိုင်းပြည်အတွက်သာ ဖြစ်သည်”

(ဗိုလ်ချုပ်အောင်ဆန်း မိန့် ခွန်းဆောင်ပုဒ်)

ဗိုလ်မှူးချုပ် ကျော်ဇော

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...