Friday, April 18, 2014

စာကောင်းတပုဒ်

စာကောင်းတပုဒ်

ကိုသစ်ကိုဟာ ဒီလောက်စာရေးကောင်းလိမ့်မယ်လို့ ကျနော်မတွေးမိခဲ့တာ အမှန်ပါ။ စိတ်လက်ကြည်သာ ရှိတဲ့အခါ ဆုံးခန်းတိုင် ဖတ်ကြည့်ကြစေလိုပါတယ်။

(ပန်းတွေနဲ့ဝေနေတဲ့ထိုင်ခုံလေးဟာ ကိုသစ်ကို အတွက် ကျနော်ရည်စူးပါတယ်)

Status Update
By ကို သစ်ကို
အိပ်မရတာနဲ့ ဖေ့ဘုတ်မှာ ဟိုလှန်သည်လှန် လျှောက်လှန်ရင်း 2011 တုန်းက ရေးထားခဲ့ဖူးတာလေးပါ၊ Note အနေနဲ့ တင်ဖြစ်ခဲ့တာပါ၊ Status အနေနဲ့ ပြန်ဖတ်လို့ရအောင် ဖုတ်ဖက်ခါ လိုက်ပါတယ်။ သာဓုပါတော် ( ကိုယ့်ဟာကို ပြောတာပါနော် )

ခံစားမိတဲ့ဘိသိက်ပြိုင်

ဘိသိက်ပြိုင်တဲ့ ၊ အိပ်မောကျနေသော ကျနော်၏ စာရေးချင်သည့် စိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်ချေပြီ။ ဘိသိက်ပြိုင် ( ဝါ ) Competition of Consecrations ဟု အမည်ပေးထားသော ဇာတ်ကားတစ်ကား ဖြစ်သည်။ ဘိသိက်ပြိုင် ဇာတ်ကား ဖြစ်ပေါ်လာစေရန် စတင်ခဲ့သော ရွာစားစိန်တင်ဟန်၏ မူရင်းဆောင်းပါးကို အခြေခံလျက် မော်လမြိုင် စာပေဟောပြောပွဲ မှ ဆရာချစ်ဦးညို၏ ဟောပြောချက်ကိုသော်လည်းကောင်း၊ ၂၀၁၀ခုနှစ် စကာင်္ပူနိုင်ငံစာပေဟောပြောပွဲမှ ဆရာလယ်တွင်းသားစောချစ်၏ ဟောပြောချက်ကို လည်းကောင်း နားထောင်ဖူးသူတိုင်း ဘိသိက်ပြိုင် ဟူသောဇာတ်လမ်းကို အနည်းအကျဉ်းမျှ နားရည်ဝကြလောက်ပြီ ထင်ပါသည်။ ယခု ကျနော် ရေးသားဖေါ်ပြမည့်အကြောင်းအရာများမှာ အဆိုပါ ဟောပြောချက်များအား နားမထောင်လိုက်ရသူများသို့ ရည်ညွှန်းသလို နားထောင်ပြီးသူများအားလဲ ထပ်မံ၍တဖန် မုဒိတာပွားနိုင်စေရန် ရည်ရွယ်ပါသည်။ ထို့ပြင် ယခုရေးသားချက်မှာ ကျနော့်အတွေး ကျနော့်ခံစားချက်များသာ ဖြစ်သောကြောင့် အားနည်းချွတ်ချော်ချက်များ ရှိခဲ့သော် မူရင်း ဆရာများနှင့် လုံးဝ မသက်ဆိုင်ဘဲ ကျနော့်၏ ညံ့ဖျင်းမှုမျှသာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

ဇာတ်လမ်းအကျဉ်းမှာ စစ်ကိုင်းမြို့၊သောတပန်ရွာမှ ရှင်ပြုနားသအလှုတော်မင်္ဂလာ ကျင်းပမည်ဖြစ်ရာ အဆိုပါ ဘိသိက်ပွဲအတွက် အလှု့ဒါယိကာ အလှု့ဒါယိကာမများက ဆိုင်းဆရာ ရွာစားစိန်တင်ဟန်ကို ငှားရမ်းခဲ့ကြသည်။ ရွာစားဆိုင်းဆရာနှင့် တွဲဖက် ၍ ဘိသိက်မြှောက် မင်္ဂလာကျင်းပရန်အတွက် ဘိသိက်ဆရာ ငှားဖို့ ပြင်ဆင်ကြရာမှ ရတနာပုံရွှေမြို့တော်မှ အရွယ်ကောင်း ပညာတော် ရတနာပုံဆရာလှိုင်ဟူသော မြို့ဘိသိက်ဆရာကိုငှားချင်သည့် အလှု့ဒါယိကာမ နှင့် စစ်ကိုင်းမြို့ အနောက်ဖက် ဆားတောင်ရွာမှ ဆားတောင်သောင်း ဟူသော တောဘိသိက်ဆရာကိုမှ ငှားချင်သည့် အလှု့ဒါယိကာကြီး တို့မှ အစပြု၍ ဇာတ်အိမ်ဖြစ်တည်လာခဲ့သည်။ ဘိသိက်ဆရာ ဟု သတ်မှတ်ခံရသည်မှ စ၍ ဘိသိက်အရာ ပညာရှိများဖြစ်ကြောင်း အထူးပြောရန်ပင် မလိုတော့ပြီ။ သို့သော် အဆိုပါ ဆရာနှစ်ဦးစလုံးမှာ ဘိသိက်ပညာရှိများပင်ဖြစ်ရုံမက သူတော်ကောင်းမြောက်သော ဘိသိက်ပညာရှိများ ဖြစ်ကြောင်း အဆိုပါဇာတ်လမ်းက သက်သေပြထားပေသည်။ ဇာတ်လမ်းမှာ ဖြစ်ရပ်မှန်အပေါ် အခြေခံထားသောကြောင့်လဲ အထူးနှစ်သက်ဖွယ် အတိပင် ဖြစ်သည်။

ဇာတ်လမ်းတစ်ခုလုံးကိုတော့ဖြင့် အကျယ်ဝိတ္တာချဲ့ မပြောလိုတော့ပါ။ အထူးသဖြင့် ကျနော် ဇောင်းပေးဖေါ်ပြချင်မိသော အချက် ( သို့ ) ကျနော့်စိတ်ကို ထိထိခိုက် ဖြစ်အောင် စွဲဆောင်နိုင်သော အကွက်မှာ ဇာတ်သိမ်းပြကွက်ပင်ဖြစ်သည်။ ထိုပြကွက်အပေါ် တိမ်းညွှတ်မိလောက်အောင် ဇာတ်လမ်းတစ်ခုံးလုံးကတော့ တွန်းပို့ပေးခဲ့ပါသည်။ ဇာတ်လမ်းတွင်းမှာတော့ ရတနာပုံဆရာလှိုင်နှင့် ဆားတောင်သောင်းတို့ နှစ်ဦးမှာ သက်ဆိုင်ရာ ဘိသိက်မြှောက် စာ၊ စကားများ ရွတ်ကြ ဟောကြသည်။ ဘိသိက်ဟူသော ဝေါဟာရ ကို ကြားရုံမျှသာ ကြားဖူးပြီး ဘိသိက်မြှောက်ပွဲကို ယခုအသက် ၂၇နှစ်အရွယ်ထိ တခါဖူးမျှ မကြည့်ဖူးသော ကျနော့်အဖို့တော့ အသစ်အဆန်းတစ်ရပ်ပင်ဖြစ်သည်။ ထို့အတူ ဘိသိက်မြှောက်ခြင်း အစဉ်အလာမှာ ကျနော်တို့ မြန်မာတစ်မျိုးသားလုံး၏ အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှု တစ်ရပ်ဖြစ်သည်ကို ပို၍နှလုံးပိုက်မိတော့သည်။ ဇာတ်သိမ်းပြကွက်မှာ ဤသို့ဖြစ်သည်။

မြို့ဘိသိက်ဆရာ ရတနာပုံဆရာလှိုင်က ဟောချက်ပြောချက်များ ထဲတွင် တောဘိသိက် ဆားတောင်သောင်းကြီးအပေါ် ပြစ်တင်ဝေဖန် ချက်များကို အလျဉ်းသင့်သလို ထည့်ထည့် ပြောချသွားသည်။ ဒီလိုနှင့် တောဘိသိက် ဆားတောင်သောင်းကြီး၏ အလှည့်ကျတွင် စဖွင့်ကတည်းက ဆိုသလို ရတနာပုံဆရာလှိုင်အား ချီးကျူးထောပနာ ပြုလိုက်တော့သည်။ ထို့နောက် တလျှောက်လုံး မိမိကိုယ်ကိုယ် နှိမ်ချလျက် တေးထပ်လေးများဆိုလိုက်၊ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြလိုက် ဗုံတောက်လေးများ တစ်ဖန် ဆိုလိုက်၊ ထွေရာလေးပါးလေးများ ညှပ်ပြောလိုက်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပြောချသွားတော့သည်။ ဒီနေရာမှာ မိမိကိုယ်ကိုယ် နှိမ်ချခြင်းသည် လူအထင်ကြီးအောင် လုပ်နည်းတစ်မျိုးဟု ကျနော် ကြားဖူးသည်။ မှန်သင့်သလောက်မှန်ပါသည်။ အချို့မှာ စကားအရာသာ နှိမ်ချတတ်ကြသည်၊ အတွင်းမနောမှာဖြင့် မာနဓါတ် အခုအခံလေးများရှိတတ်သေးသည်။ ထားဦးစို့။ ဒီလိုနှင့် ဆားတောင်သောင်းကြီး အလှည့်ပြီးသောအခါ ဘိသိက်မြှောက်မင်္ဂလာ ကျင်းပချိန်အရောက်တွင် ရတနာပုံဆရာလှိုင်ရင်ထဲမှ လှိုက်လှိုက်လှဲလှဲနှင့်ပင် ဆားတောင်သောင်းကြီးသာ ဘိသိက်သွန်း မင်္ဂလာကို ဆက်လက်ကျင်းပရန် ပြောကြားလာသော်လည်း အတူတကွ ဘိသိက်တင်မြှောက်ကြရန် ဆားတောင်သောင်းဖက်မှ ကမ်းလှမ်းလာခဲ့သည်။ အကျဉ်းဆိုရသော် ဘိသိက်သွန်းမင်္ဂလာကို ဆရာနှစ်ဦး မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကျင်းပလိုက်ကြတော့သည်။ ကျနော့်စိတ်နှလုံးကို ထိထိခိုက် ဖြစ်စေသော ပြကွက်ရောက်လာပါလေပြီ။

ပွဲသိမ်းဖျာလိပ် ပတ်စာခွာကြပြီ။ ဆားတောင်သောင်းကြီးက သူ့ပစ္စည်းပစ္စယများကို သိမ်းဆည်းနေချိန် ရတနာပုံဆရာလှိုင်မှာ ခေါင်းပေါင်းစ ရွှေကိုင်းမျက်မှန် နံ့သာဖြူယပ် များကို အသာချကာ ဆားတောင်သောင်းထံ အရောက်လာကာ မိမိအနေနှင့် ဘိသိက်မင်္ဂလာ စာ၊ စကားများ ဟောပြောနေစဉ် တလျှောက်လုံး ဆားတောင်သောင်းအပေါ် ထိုးနှက်ဝေဖန်ခဲ့ချက်များအတွက် ခွင့်လွှတ်ပေးပါရန်ဝန်ချ တောင်းပန်လာသည်။ ရတနာပုံဆရာလှိုင်နေရာ သရုပ်ဆောင်သော ဇော်ဝင်းနိုင် ( မန်း ) ၏ သရုပ်ဆောင်ချက်များမှာ ထိမိလှသည်။ မျက်ရည်ဝဲမတတ် ဖဝါးဦးတင် တောင်းပန်လာသည်။ ကျနော်ပင် ကြည့်ရင်း ဝမ်းနည်းသွားမိသည်။ ဒီနေရာတွင် ဆားတောင်သောင်းကြီး နေရာမှာ ကျနော်တို့ ရှိနေပါက မည်သို့ ပြုမူကျင့်ကြံကြမည်နည်း။ ကနဦး ဆိုခဲ့သလို ဟောပြောစဉ်က မိမိကိုယ်ကို နှိမ်ချခဲ့သည်။ ထိုနှိမ်ချတတ်မှုက စကားနှင့်မဟုတ် အလုပ်နှင့်ပါ သက်သေပြသွားသော ဆားတောင်သောင်းပင် ဖြစ်သည်။ မိမိအား ပရိသတ် ဗိုလ်ပုံအလယ်တွင် မထိခလုတ် ထိခလုတ် စော်ကားခဲ့သော၊ မိမိထက်လဲ အသက်အရွယ်အားဖြင့် ငယ်ရွယ်သောသူ တစ်ဦးမှ ထိုသို့ ဝန်ချတောင်းပန်လာချိန်တွင် စကားလုံးများဖြင့်သာ နှိမ်ချတတ်သူဖြစ်ပါက မည်သို့ ပြန်လည်ပြုမူမည်ကို စာဖတ်သူများ ခန့်မှန်း၍ ရလောက်မည် ဖြစ်ပါသည်။ သို့သော် ဆားတောင်သောင်းကား ထိုသို့မဟုတ်။ ထိုသို့ ဝန်ချတောင်းပန်သူအပေါ်တွင်လဲ လေးစားသည်။ ရတနာပုံဆရာလှိုင်မှလဲ မိမိ၏ အပြစ်ကိုအသေအချာမြင်ခဲ့သည်။ သို့အတွက် ဝန်ချလာသူကို သူတော်ကောင်းကြီးဟု ချီးမွမ်းကာ တဖန်ပြန်လည်ဂုဏ်တက်စေသလို မိမိအမှားကိုလဲ ပြုပြင်သောအားဖြင့် မိမိစွဲလမ်းမိသော သေရေသေရက်ကိုပါ ရာသက်ပန် မမှီဝဲတော့ပါဟု ဝန်ခံကတိ ပြန်လည်ပေးအပ်လိုက်သေးသည်။ ဆားတောင်သောင်း နေရာတွင် သရုပ်ဆောင်ပြသွားသော ဦးမိုးဒီ၏ သရုပ်ဆောင်ချက်များမှာလဲ သူတော်ကောင်းစရိုက် သက်ဝင်လှပေသည်။

ပရိသတ်ဗိုလ်ပုံအလယ်တွင် အရှက်ခွဲခံခဲ့ရသော်လည်း သည်းခံခွင့်လွှတ်တတ်သော သူတော်ကောင်းစိတ်ထားမှာ ကျနော့်စိတ်ကို အထိခိုက်ဆုံးဖြစ်သည်။ ကျနော်တို့အနေနှင့် ကိစ္စတော်တော်များများတွင် မာနတရားကို ရှေ့တန်းတင်ထား တတ်ကြသည်။ မာနကြီးလွန်းတော့ ဘဝင် တဲ့။ ထို့ကြောင့် မာန်မာန မောက်မာထောင်လွှားတတ်သူမျိုးကို ဘဝင်မြင့်သည် ဟူသော စကားတစ်ရပ်ဖြင့် နာမဝိသေသန ပြုကြပေသေးသည် မဟုတ်လော။ နမူနာအနေနှင့် ကျနော်သည် ကိစ္စအတော်များများကို ဒေါသနှင့် တုံ့ပြန်တတ်သည်။ စိတ်ဆိုးစိတ်တိုလွယ်သည်။ မိမိကိုထိခိုက်လာလျှင် တော်ရုံနှင့် မေ့ဖျောက်၍မရ။ တနုံ့နုံ့နှင့် အတော်ကြာအောင်မကျေမနပ် ဖြစ်နေတတ်သလို တခါတရံ တစ်နေ့တော့ တွေ့ကြသေးတာပေါ့ကွာ ဟုပင် တေးမှတ်ထားတတ်သော အကျင့်ရှိသည်။ ကျနော်ကိုယ်တိုင် ဆားတောင်သောင်းနေရာတွင် ရောက်နေပြီး ဆားတောင်သောင်းကဲ့သို့ ပြုမူခံရပါက ဘယ်လိုနည်းနှင့်မျှ ကျေနပ်နိုင်မည် မဟုတ်၊ ပရိသတ်ဗိုလ်ပုံအလယ်တွင် မိမိကိုယ်ကို နှိမ်ချစေဦးတော့ နှစ်ကိုယ်ကြား ဝန်ချတောင်းပန်လာချိန်တွင် တစုံတခု ပြန်တုံပြန်မိမည် ဟုတွေးမိသည်။ ထိုအချိန် မိမိဖက်မှ တုံ့ပြန်လိုက်လျှင်လဲ ဝန်ချသူအနေနှင့် ကျေကျေနပ်နပ် ခံယူမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ပညာရှိ သူတော်ကောင်းများကား ထိုသို့မတွေး။ ထိုသည်မှာပင် ခွင့်လွှတ်မှုအနုပညာ ဖြစ်တော့သည်။ ကျနော့် နှလုံးသားကို ထိထိခိုက် ဖြစ်လာသော ဇာတ်ကွက်ဖြစ်တော့သည်။ ဇာတ်လမ်းကိုနှစ်သက်မိပြီး ကျနော့အနေနှင့် ရုတ်တရက်ကြီး ဆားတောင်သောင်းလို သူတော်ကောင်းကြီးလဲ ဖြစ်မလာနိုင်ပါ။ သို့သော် ခွင့်လွှတ်တတ်သော ၊ အမှားကို ဝန်ချတောင်းပန်တတ်သော သူတော်ကောင်းများ၏ နှလုံးသားမှာ ကာယကံရှင်များကိုသာ အကျိုးသက်ရောက်သည်သာမက သိရှိကြားမြင်ရသော ပရိသတ်၏ စိတ်နှလုံးကိုပါ ညှို့ယူဖမ်းစားနိုင်ပါလား ဟုမှတ်သားမိပါသည်။

ယနေ့ခေတ်တွင် ကျနော်တို့ အများဆုံးကြားနေကြရသော စကားလုံး နှစ်လုံးမှာ IQ နှင့် EQ ဖြစ်သည်။ လူတစ်ယောက် အောင်မြင်ရန် အတွက် EQ နှင့် IQ အရည်အချင်းနှစ်ရပ်စလုံး မည်မျှ အရေးကြီးကြောင်း ရေးသားထုတ်ဝေသော စာအုပ်များမှာလဲ ကျနော့်စိတ်ထင် မနည်းမနောပင် ဖြစ်လိမ့်မည်။ သို့ရာတွင် ထိုဝေါဟာရ နှစ်ခု ကို ယောင်လို့မျှရေးရေးမကြားဖူးသေးသော ခေတ်ကတည်းက စ၍ပင် ကျနော်တို့ မြန်မာလူမျိုးများ၏ စိတ်နှလုံးတွင် ကိန်းအောင်းနေနှင့်ပြီး ဖြစ်ကြောင်း အဆိုပါဇာတ်ကားက သက်သေပြထားသည်။ ဆားတောင်သောင်းရော ရတနာပုံဆရာလှိုင်ပါ လူ၏ မြင့်မားသော တန်ဖိုးကို ပြသနိုင်ခဲ့ကြသည်။ ပညာသည် အကြောင်းကို သိခြင်းဟု အဓိပ္ပါယ်ဖွင့်ကြသည်။ ထို့အတူ ပညာသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်းဟုလဲ ဆိုကြပြန်သည်။ ကျနော် တို့၏ ရတနာပုံဆရာလှိုင်ရော ဆားတောင်သောင်းကြီးနှစ်ဦးစလုံး ပါ ခေတ်ပညာ ဘွဲ့ဒီဂရီများ ရခဲ့ကြမည်ဟု ကျနော်မထင်။ သို့သော် ပညာရှိတစ်ဦး၏ အဆင့်အတန်း သူတော်ကောင်းတစ်ဦး၏ သိမ်မွေ့နူးညံ့သော နှလုံးသားများကို ဖေါ်ထုတ်နိုင်ခဲ့ကြသည်။ ထိုသို့ ဖေါ်ထုတ်နိုင်သည်မှာ ထွေထွေထူးထူးမဟုတ်ဘဲ ဗုဒ္ဒ၏ အဆုံးအမများကြောင့်ဟု ကျနော် မြင်မိသည်။

ပြိုင်ပွဲထုံးစံ
ရှုံးမခံလည်း
နိုင်ပြန်အရှုံး
ဇာတ်မဆုံးဘူး
အမုန်းသံသရာ လည်ကြပြီ။
အမှန်ကိုမြင်
အမှားပြင်မှ
ကင်းစင်မာန
အတ္တမပါ
သာယာအေးချမ်း ရှိလေပြီ။ ။

ဇာတ်လမ်းအဆုံးတွင် အဆိုပါ ကဗျာလေးကို ဒါရိုက်တာ ညာဏတင်စိုးက ဆရာချစ်ဦးညို၏ အသံနှင့်တကွ ထည့်သွင်း ဖေါ်ပြပေးထားသည်။ ထို့အတူ "ဆားတောင်သောင်းနှင့် ရတနာပုံဆရာလှိုင်တို့၏ ထိုဘိသိက်ပြိုင်ကို ကျနော်သည် ဘယ်သောအခါမျှ မေ့၍ရတော့မည် မဟုတ်ပါတကား" ဟူသည့် စကားပြောကို ရွာစားစိန်တင်ဟန်၏ ပြုံးနေသော အမူအရာနှင့် လှလှပပလေး သိမ်းထားသည်။

အဆိုပါဖြစ်ရပ်မှန်အား ဆောင်းပါးတစ်ပုဒ်ရေး၍ သဘင်မဂဇင်း သို့ စာမူ ပို့ခဲ့သော ဆိုင်းဆရာ ရွာစားစိန်တင်ဟန်၊ အဆိုပါ ဆောင်းပါးအား ဂုဏ်ပြုဆောင်းပါးအဖြစ် ရေးသားဖေါ်ပြခဲ့သော ဆရာလယ်တွင်းသားစောချစ်၊ အဆိုပါ ဆောင်းပါးနှစ်ရပ်စလုံးအား ဝမ်းမြောက်ကြည်နူးစွာဖြင့် ဖေါ်ပြပေးခဲ့သည့် သဘင်မဂဇင်း ထုတ်လုပ်စဉ်က အယ်ဒီတာအဖြစ်တာဝန်ယူခဲ့သော ဆရာချစ်ဦးညို၊ အဆိုပါ ဆောင်းပါးနှင့်ပတ်သက်၍ ဆရာလယ်တွင်းသားစောချစ်၏ ဝေဖန်ချက်ကို ထုတ်လွှင့်ပြသခဲ့သော MRTV-4၊ အဆိုပါ အစီအစဉ်ကို ကြည့်ရှုမိသည်မှ အစပြု၍ ဇာတ်လမ်းအဖြစ် ပေါ်ပေါက်လာအောင် အင်အားစိုက်ထုတ်ခဲ့သော ဆရာတော် အရှင်ဆေကိန္ဒ၊ ရုပ်ရှင်အဖြစ် အသက်သွင်းပေးခဲ့သော ဒါရိုက်တာ ညာဏတင်စိုး၊ အဆိုပါဇာတ်ကားအား Memory Stick ထဲသို့ ကိုယ်တိုင်ကိုယ်ကျပင် ကူးပေးလိုက်သော ကိုလင်းအောင်ပြည့် တို့အား ဤနေရာ၊ ဤစာမျက်နှာမှ တဆင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်။ သက်ဆိုင်ရာဆရာများအနေနှင့် ရောက်ရာအရပ်မှ သာဓုခေါ်ကြပါကုန်။

သက်ဆိုင်ရာ နယ်ပယ်နှင့်ပတ်သက်၍ အချို့ဝေါဟာရများကို ကျနော့အနေနှင့်မှန်ကန်စွာ မဖေါ်ပြနိုင်လျှင် စာဖတ်သူများအနေနှင့် သည်းခံခွင့်လွှတ်ပေးကြပါခင်ဗျာ။

ပို့သသောမေတ္တာ သက်ဆိုင်သူထံသွားပါစေ

ကိုသစ်ကို(https://www.facebook.com/kothitko/posts/10203382918391014?fref=nf)

ကိုသစ်ကိုဟာ ဒီလောက်စာရေးကောင်းလိမ့်မယ်လို့ ကျနော်မတွေးမိခဲ့တာ အမှန်ပါ။ စိတ်လက်ကြည်သာ ရှိတဲ့အခါ ဆုံးခန်းတိုင် ဖတ်ကြည့်ကြစေလိုပါတယ်။ (ပန်းတွေနဲ့ဝေနေတဲ့ ထိုင်ခုံလေးဟာ ကိုသစ်ကို အတွက် ကျနော်ရည်စူးပါတယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...