Saturday, April 26, 2014

ကျွန်မလေးတစ်ယောက်အကြောင်း


★ ★ ★ အခန်း ( ၁ )
ဂလောင် …. ဂလောင် …ဂလွမ် …. ဂလုန် ဂလုန် …..
★ ဟူးးးး ….. ချမ်းလိုက်တာနော် …. ချမ်းလိုက်တာ အခုနေများ ယာဂုပူပူလေးတစ်ခွက် သောက် … အိပ်ယာထဲမှာများစောင်လေးခြုံ ….
အမလေး အမလေး … နောင်ဘဝ အတိတောင် မတွေးရဲတဲ့ဆန္ဒ ကိုငါတွေးနေပါပေါ့လားးး …. အမိုက်မ ညည်းတွေးနေတာတောင်လွန်လှပြီအေ ..။

- မိန်းခလေးတစ်ယောက် …. တဟူးဟူးတိုက်နေတဲ့ ဆောင်းတွင်းနှင်းမုန်တိုင်းကြားမှာ …. တောင်းကြီးတစ်တောင်းကိုရွက်လို့ …. မြစ်ကမ်းပါးဆီသို့ ခပ်သုတ်သုတ် လှမ်းလာနေရင်း တစ်ယောက်ထဲညည်းညူနေသည်။
- သူမ တစ်လှမ်းလျှောက်တိုင်း …. မြည်နေတဲ့ သူမခေါင်းပေါ်မှာရွက်ထားတဲ့ … သူမထက် အဆပေါင်းများစွာ ကြီးတဲ့ တောင်း ကြီးထဲက အိုးခွက်တွေမြည်သံ … ။
ရံခါ ချမ်းလွန်းလို့သူ့ပုဝါပါးစလေးကို အချည်းနှီး နွေးလိုနွေးငြား ကိုယ်လုံးလေးကိုလုံအောင် ဖုံးနေရှာသေးသည်..။
- ဆီးနှင်း ရေခဲတို့ကို သရဖူလိုလုပ်ဆောင်းထားတဲ့ ဟိမ၀န္တာ တောင်ကြီးက … သူ့တန်ခိုး ရှိန်စော် များကို မြောက်ပြန်လေနဲ့အတူ တဟူးဟူး တိုက်ခတ်ပြနေသည်။
- မြစ်ကမ်းပါးရောက်တော့ …. ခေါင်းပေါ်ကတောင်းကြီးကိုချ … အထဲက ပန်းကန် ခွက်ယောက်တွေ ကို … သီချင်းလေးတီးတိုးညည်းရင်း …. စတင်သန့်စင်ပါတော့တယ် …။
- သူမရဲ့အလုပ်က တစ်နေ့လုံး လူးလားခေါက်ပြန် … မြစ်ဆီမှာ စားပြီးသား ပန်းကန် ညစ်တွေလာဆေး ပြန်ပို့တဲ့ အလုပ်ပေါ့…။
★ ကျမ နာမည်က ပုဏ္ဏိကာ … ပုဏ္ဏိကာ ဆိုတာပြည့်စုံခြင်း …. ပြည့်စုံခြင်းဆိုလို့ အရာရာပြည့်စုံသူလို့ထင်ရင်မှားမှာပေါ့ ….
ကျမ ပြည့်စုံတာက … ဘ၀မှာ ဆင်းရဲခြင်း နိမ့်ကျခြင်း ယုတ်နိမ့်ခြင်း တွေအလုံးစုံ အကြွင်းမဲ့ ပြည့်စုံနေတာပေါ့ …
အနာတပိဏ်သူဌေးကြီးအိမ် မှာ ကျွန်ပေါင်း ရာကျော်တွေထဲက … အချင်းချင်း ပေါင်းဖက်လို့ … ကျွန်ချင်းမွေးတဲ့ … သပေါက် လေးတွေ ၉၉ ယောက်ရှိပြီးနေပြီ …
ဒီလိုနဲ့ အမေနဲ့ အဖေလက်ဆက်ပြီး ကျမကိုမွေးတော့ … ကျမက ( ၁၀၀ ) မြောက် သပေါက် မလေးပေါ့ …
ဒီတော့သူတို့ကနာမည်ပေးကြတယ်လေ … ၁၀၀ ပြည့်သွားလို့ ပြည့်ဝခြင်းလို့အဓိပါယ်ရတဲ့ ပုဏ္ဏိကာ တဲ့ … သိပ်ဆိုးတဲ့ ကျွန်ခေါင်းကြီး ….
အမလေး … အမလေး ပြောမိပြန်ပြီ … အမေနဲ့အဖေလိုကျွန်ကြီးတွေတောင် တစ်ချိန်လုံး ဒူးနဲ့မျက်ရေသုတ်နေအောင် ကြောက်ရတဲ့ ကျွန်ခေါင်းကြီး …
ငါလိုသပေါက်က သိတ်ဆိုးတယ်ပြောရင် … အရေခွံနွှာပြစ်လိမ့်မယ်…. တော်ပြီတော်ပြီ… တစ်ခြားဟာတွေးမှ …
★ ဟော့ဒီ ကြေး ခွက်နီ ဆိုတဲ့ သတ္တ၀ါ တွေဟာလေ ပူစရာရှိလဲ အလွန်ကိုပူ …အေးစရာရှိလဲ … သူထက်အေးတာမရှိတော့ဘူး … ဒါကိုများ အဖိုးတန်လုပ်နေကြတယ် … ငါဆို ငှက်ပျောဖက် နဲ့စားမယ်..ဟွန်း
အဟားး …. မြစ်ပြင်မှာ အငွေ့တွေ ထနေပါလား …. အငွေ့ဆိုတာ …အပူကြောင့်သာ ထွက်တတ်တာ မဟုတ်ဖူး … အအေးလွန်လဲ ထွက်တတ်တာပါလား …
နေအုန်း … ဗုဒ္ဓကပြော တယ် အငွေ့ဆိုတာ တေဇောတဲ့ ဟုတ်ပေသားပဲ … ဥဏှတေဇော သီတတေဇော … အပူငွေ့ … အအေးငွေ့ မြတ်ဗုဒ္ဓဟောတာမှန်နေပါပကော ….
အေးလေ အေးတတ်တဲ့သဘောကအေးမှာပဲ ပူတတ်တဲ့သဘောကပူမှာပဲ …. ဒါပေမယ့် ..တူတာတစ်ခုတော့ရှိတယ်… အပူရော အအေးရော ထာဝရမတည်မြဲပါဘူး … ဟဲဟဲ
- သူလေးက အနာတပိဏ်သူဌေးကြီး ဇေတမင်းသား တွေရဲ့ဥယျာဉ်တော်ကို ငွေပြားအပြည့်ခင်း ၀ယ်စဉ် အချိန်က …. ဗုဒ္ဓနဲ့ရဟန်းတော်မြတ်တွေအတွက် ဇေတ၀န် ဆိုတဲ့ ကျောင်းတော် ဆောက်တော့ . .ကျွန်အမှုလုပ် အနေနဲ့ လိုက်ပါသွားရာက … ဗုဒ္ဓကို အဝေးကဖူးခွင့်ရတယ် … တရားတော်တွေ ကို ခိုးပြီးနာရတယ် … ဗုဒ္ဓကို သူဌေးအိမ်မှာ ဆွမ်းပင့်တော့လဲ ဗုဒ္ဓတရားဟောချိန်တွေမှာ … ပုဏ္ဏ ကွယ် က ခိုးနားထောင်နေကျပေါ့ …
★ ဟော …. အဖိုးကြီးတစ်ယောက် … ကုတ်ကုတ် ကုတ်ကုတ်နဲ့ မြစ်ဖက်ဆီကို … လှမ်းလာနေပါလား …. ဘယ်သူပါလိမ့်
- ကောင်မလေး စောင့်ကြည့်နေရင်း အဖိုးကြီးက …ကမ်းခြေကိုရောက်လာပြီး သူ့ခြေထောက် တစ်ဖက်ကိုရေထဲ ချပြီး စမ်းသပ်ကြည့်ပါတယ်..အေးခဲနေတဲ့ရေရဲ့အထိအတွေ့ကြောင့် လန့်ပြီး နောက်ကိုခြေတစ်လှမ်း ဆုတ်သွားပါတယ်….
- လူကြီး သက်ပြင်းကိုတစ်ချက်ချပြီး … အပေါ်ရုံလေးကိုချွတ် ကျောက်တုံးတစ်တုံးပေါ်တင် ..ရေထဲကို တရွေ့ရွေ့ ဆင်းသွား ပါတော့ တယ်…သူ့တစ်ကိုယ်လုံး …. ချမ်းလွန်းလို့ နတ်ဝင်သည်လို တုန်ယင်နေတာပေါ့ ။
★ အဟား … ချည်စလွယ်နဲ့ သောတ္ထိယ ဆရာကြီးပါလားး …
အင်း ဒီဆရာကြီးက … သာဝတ္ထိမှာ အမျိုးအမြင့်မြတ်ဆုံး … ဝေဒကျမ်းတွေကို အတတ်ကျွမ်းဆုံး … ပညာအကြီးဆုံး … အကျင့် သီလ သိက္ခာ သမာဓိအပြည့်စုံဆုံး … ဘုရင်ကအစ လေးစား ရတဲ့ဆရာကြီးပဲ …
ဒီဆရာကြီးက ခုတော့ကြည့်စမ်း … လူမမြင်တဲ့နေရာမှာ ချမ်းလွန်းလို့ ဟန်မဆောင် နိုင်အောင် မေးချင်း ရိုက်နေတဲ့ အသံနဲ့ … မန္တာန်ကို ရွတ်နေတာများ …. ဇတ်ထဲကလူပျက်များ လားအောင့်မေ့ ရတယ် … ဟားဟားဟား
- သွားပါပြီ .. ကျမစိတ်မထိန်းနိုင်ပဲ အော်ရယ် မိသွားပြီ …. ကျမရယ်သံကြားလို့ဆရာကြီးက ကျမကို အလန့်တကြားလှမ်းကြည့်ပါတယ် … ကျမလဲ ဘာလုပ်ရမှန်းမသိတာနဲ့ …
★ ဆရာကြီး …. ဆရာကြီး …. ချမ်းသာမှူအပေါင်းကျရောက်ပါစေ …
★ ★ ဟေ့ …. င ငွ ငွ ..ငါ့ …က က က ဂစ် ..ဂို …. န န န နှ ..နှု…တ တ် …. ဆ ဆ ဆက် … ေ. ..ေ ….န တ ….တ ..တ ာ…. ဘ ဘယ်… သူ…တ တ ဒ…ဒုန်းးး
★ ကျမ ပုဏ္ဏိကာ ပါဆရာကြီး …. အနာတပိဏ်သူဌေးကြီးအိမ်က …. သပေါက်မလေးပါ …. ( ကျမလဲသူ့ကို အချမ်းပြေစေချင်တာနဲ့ ) ….
ခိခိ …သိပ်ချမ်းနေသလားဆရာကြီး … ကျမတောင်မချမ်းပဲနဲ့ … ဆရာကြီးက ခလေးလေး ကျနေတာပဲ … အဟီး
★ ★ ဘာ … ကျွန်ကမွေးတဲ့သပေါက် … မင်း ကမလောက်လေး မလောက်စား … ငါလို နိုင်ငံ့ဥဋောင် အမျိုးမြတ်သူကို … ငယ်ပေါင်းကြီးဖော်များ အောက်မေ့ နေလေရော့သလား ကွယ့် ဟင် ....
ရာရာစစ ..နင်တော့လား …နေနှင့်အုန်း …. ပြန်ရောက်မှ ..ကျွန်ထိန်းကို လှမ်းပြောလိုက်မယ် …ကျောကော့ဖို့ သာပြင်ထားပေတော့ ဟေ့
★ ခစ်ခစ် …. စိတ်မဆိုးပါနဲ့ဆရာကြီးရယ်…. ကျမက ဆရာကြီး အချမ်းပြေအောင် ဆေးကုပေး လိုက်တာပါ …
အခုတော့ဆရာကြီးဒေါသတွေထွက်ပြီး … သွေးပူလာတော့ … အချမ်းတွေပေါ့ သွား တယ် မလား …. ကျမကိုပြန်ပြောတာမေးတောင်မရိုက်တော့ဘူး …ဟဲဟဲ ။
အင်း …. လောဘမီး ..ဒေါသမီး …မောဟမီးလို့ဆရာကြီးကလူတစ်ကာကို သတိပေးနေပြီး ဆရာကြီးကိုယ်တိုင် ချမ်းတဲ့အခါကျတော့ …. ဒီမီးတွေကိုအသုံးမချတတ်ဘဲကိုး ..ဟဲဟဲ …ကျမပြောတာမှန်တယ်မှတ်လား …..
★ ★ အမယ် ..အမယ် … ကျွန်သားပေါက် ပါးစပ်က …. မတန်မယာထွက်နေပါပေါ့လား …ရိုသေမှုကင်းလိုက်လေခြင်းကွယ်ရို့ …
★ ဘယ်ကထွက်ထွက် … အမှန်တရားသာ ပင်မ မူလ အဓိကမဟုတ်လား ဆရာကြီးရဲ့ …
★ ★ ဟေ့ ဒီမယ် ..... မင်းလိုဇတ်နိမ့်တစ်ယောက် ပြောတဲ့စကားကို မှန်တယ်များထင်နေသလား သပေါက်မလေးရဲ့ ဟင် …
လောဘ ဒေါသ မောဟဆိုတာ ..အားလုံး မကောင်းမှုကံ တွေချည်းပဲ …. အေး … အခုမင်းလို နိမ့်ကျသူနဲ့ စကားပြောနေရတာတောင် ငါ့မှာအပြစ်တွေများလှပြီ ….
★ ကဲပါလေ… ထားပါတော့ … ကျမတစ်ခုလောက်မေးစမ်း ပါရစေ … ခုလိုခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့အချိန်မှာ ..ဆရာကြီးက ဘာလို့ရေထဲလာစိမ်နေရတာလဲ …
ကျမဆို ကျွန်ခေါင်း ရိုက်မှာပုတ်မှာကြောက်လို့ …မလုပ်ချင်ပဲ လုပ်နေရတယ် … ဆရာကြီး ကရော… ဘယ်သူ့ များကြောက်ရလို့ ခိုက်ခိုက်တုန်အောင် …အဆင်းရဲလာခံနေရတာတုန်း …
★ ★ နင် အလကားသိရက်နဲ့မေးနေတာမဟုတ်ဖူးလား … ငါတို့ဗြဟ္မဏတွေဟာ မကောင်းမှုကံတွေ ကင်းကွာသန့်စင်ရအောင် … မနက်စောစော .. ရေချိုးရေစိမ်ရတယ် …
မကောင်းတဲ့အပြစ်တွေလုပ်ခဲ့သမျှ ..မနက်စောစောရေချိုးသန့်စင်လိုက်ရင် ပပျောက်ကုန်တယ် … အင်း မင်းတို့လိုဇာတ်နိမ့်တွေသိမယ်မထင်ပါဘူး ….
ဒါကကြီးတဲ့သူဖြစ်ဖြစ် ငယ်တဲ့သူဖြစ်ဖြစ် မနက်စောစောရေချိုးဆင်းရတယ် … မိန်းခလေး … မင်းလဲအပြစ်တွေများနေပြီ … အခုပဲ ရေဆင်းချိုးသင့်တယ်
★ ရှိပါစေတော့ဆရာကြီးရယ် … ကျမလိုဇတ်နိမ့်က ညစ်နွမ်းပြီးသားပဲလေ …
ဒါနဲ့ဆရာကြီး … မကောင်းမှုတွေကိုရေနဲ့ဆေးလို့သာအပြစ်ကင်းမယ်ဆိုရင် … ရေထဲမှာနေတဲ့ ငါးတို့ လိပ်တို့ .. မိကျောင်းတို့ဆိုတာ တွေကသူတော်ကောင်းကြီးတွေပေါ့နော် ….
ပြီးတော့သားသတ်သမားတွေ တံငါသည် သူခိုး သူသတ် သမားတွေ ဆိုအပြစ်ဘယ်လောက် လုပ်လုပ်ရေထဲ တ၀ုန်းဝုန်းခုန်ချ လိုက်တာနဲ့ အပြစ်တွေကင်းပြီး နတ်ပြည် သွားရမယ့် နတ်သား လောင်းလျှာတွေဖြစ်ကုန် ကြပြီပေါ့နော် ….
★ ★ ဘာ … ဘယ်လို … မင်းကဘယ် အကြောင်းနဲ့ …ငါ့ကို အာခံဝံ့သတုန်း … မင်းလို သပေါက်မက ငါတို့ဗြဟ္မဏ မျိုးရိုးစဉ်ဆက် … လက်ခံကျင့်သုံးလာတဲ့ … အမြင့်မြတ်ဆုံး အမှုကို ဝေဖန် ၀ံ့တယ် လား ..ဟုတ်လား … မိုက်ရိုင်းလိုက်တဲ့သပေါက်မ …
★ ဒေါသကို ရေထဲမျှောပြီး ကျမပြောတာလေးကို ခေါင်းအေးအေးနဲ့ သေသေချာချာ စဉ်းစားပေးပါရှင် …
တစ်ကယ်လို့ တစ်သွင်သွင်စီးဆင်းနေတဲ့ ရေထဲမှာစိမ်လိုက်တာနဲ့ .. မကောင်းမှုကံတွေမျောပါ သွားမယ်ဆိုရင် …ရှင်တစ်သက်တာလုပ်ခဲ့တဲ့ ကောင်းမှုကံတွေလဲ မျောပါသွားရတော့မှာပဲ … ကျိန်းသေပါတယ်
တစ်ကယ်ဆိုဘာမှမသိတဲ့ရေဟာ … ရှင့်ရဲ့အပြစ်တွေကိုပဲရွေးချယ် ဆေးကျော သွားနိုင်တဲ့ အစွမ်းအာနိသင် ရှိတာမဟုတ်ပါဘူး ရေဟာ ရေပါပဲ ..
ရှင်ကိုယ်တိုင် မင်းခန်းမင်းနားကိုသွားဖို့ အမွှေးနံ့သာတွေဖျန်းပြီး ရေထဲစိမ်ကြည့်စမ်း … ရှင့်အမွှေးနံ့သာတွေကို ရေကဆေးကျောသွားမှာပဲ ...
အခု ကျမဆေးနေတဲ့ အိုးခွက်တွေကို ပဲကြည့်ပါ … သူတို့မှာတွယ်ကပ်နေတဲ့ ..စားကြွင်းသောက် ကြွင်း ချေးညှော်တွေကိုကျမလက်နဲ့ ပွတ်သပ်ဆေးကျောလိုက်တဲ့အခါမှာ ဒီအညစ်အကြေးတွေ သာမက… ကျမလက်မှာလိမ်းထားတဲ့ …. အမွှေး နံ့သာ တွေကိုပါ ယူသွားတာပါ …
ဆရာကြီးကိုယ်မှာလိမ်းထားတဲ့ အမွှေးနံ့သာတွေအားလုံး လဲရောပါသွားမှာပါ … ရေကိုးး
★ ★ အင်း … ဆက်ပြောစမ်းပါအုန်း …
★ ကျမက ဘာမှမသိပါဘူး … ဆရာကြီးက ကိုယ့်အပြစ်အမျိုးမျိုးပျောက်ဖို့ ရေကို အားကိုးနေ လို့ပြော ရတာပါ …
ရေဟာ သတ္တ၀ါတွေမှာရှိတဲ့ မကောင်းမှုကံ ကောင်းမှုကံတွေကို ရွေးချယ်ပြီး မကောင်းမှုကိုပဲ သီးသန့်ဆေးသွားတယ် ဆိုတာ သဘာဝမကျလို့ ပြောမိတာပါ … ဆရာကြီး ကသာ ပညာဥါဏ်ကြီးမားသူပါ ….
ကဲ … ဒီမြစ်ကိုပဲ ရှင်ကြည့် လိုက်စမ်းပါ … မြစ်ဟာ ဒိုက် သယော အညစ်အကြေး တွေကိုသာ သီးသန့် အကြေဘက်ကိုသယ်ယူသွားတာမဟုတ်ပါဘူး … မြစ်ကမ်းပါးက စေတီပုထိုးတွေကိုလဲ … သူကတိုက်စား ဖျက်ဆီး သယ်ယူသွားတာပဲမဟုတ်လား
★ ★ အင်း … မင်းပြောတာ သဘာဝကျတယ် … ငါသဘောပေါက်စပြုလာပြီ ခလေးမ … မင်းသိပ်တော် တယ် …. ရေကြောင့်တော့ အပြစ်တွေအားလုံးကင်းသွားနိုင်တာမဟုတ်ဖူး …
ကိုယ်ပြင်ပက ချေးညှော် အညစ်အကြေး ချွေးတွေသာ သန့်စင်ချင်သန့်စင်သွားမယ် ဟုတ်တယ် မိန်းခလေး…
★ ကဲကြည့် …ကျမပြောပါပကော…ဆရာကြီးကမှတစ်ကယ် ပညာဥါဏ် ကြီးမြတ်သူဆိုတာ …. ဒီတော့ ဆရာကြီးဆက်ပြောကြည့်နော်….
★ ★ ကျုပ် ဆက်ပြောကြည့်မယ်နော် မိန်းခလေး … ကျုပ်မှားရင်ထောက်ပေးပါ…
ဒီတော့ ရုပ်နဲ့ဆက်ဆိုင်တဲ့ အညစ်အကြေးတွေသာ …ရေနဲ့ဆေးကျော လို့စင်ကြယ်သွား နိုင်လိမ့်မယ် .....
နာမ်နဲ့စပ်ဆိုင်တဲ့ အညစ်အကြေးတွေကိုတော့ ..ဘာနဲ့ ဘယ်လို စင်ကြယ်အောင် …. ဆေးကျောရမလဲပေါ့ ....
ကောင်းလေစွ ကောင်းလေစွ ပုဏ္ဏိကာ ဒီကနေ့မနက်စောစော ငါ့သမီးနဲ့တွေ့ရတာ ကျုပ် လမ်းလွဲလိုက်ပြီး မိုက်မှားနေတဲ့ အသိကို လမ်းမှန်ပြလိုက်သလိုပါ ပဲကွယ် …
ကဲ …ချမ်းလှတယ် … ကျုပ်အပေါ်ရုံဝတ်ရုံ နဲ့ ကျုပ် မင်းကို အလေးအမြတ် ပူဇော်ပါတယ် မိန်းခလေးရယ် ….
★ လက်မခံပါရစေနဲ့ရှင် … ကျမပြောတာကိုသာ ရှင်နားလည်သွားတာကိုပဲ ကျမ ကျေးဇူးတင် ၀မ်းသာလှပါပြီ …
ဆရာကြီးဟာ ပညာရှိကြီးမှန်ပါပေတယ် … နိမ့်ကျလွန်းတဲ့ကျမပြောစကား ကိုတောင် ချင့်ချိန် လက်ခံပေးတယ်….
★ ★ မင်းပြောမှ ကျုပ်က ဥါဏ်အလင်းတန်းရတာ ..ကျုပ်ကပညာရှိဖြစ်ပါတော့မလားကွယ် …
★ မြင့်မြတ်သော ဗြဟ္မဏဆရာ …. သေချာစွာနားထောင်ပါ ….. ဗုဒ္ဓရဲ့ တရားတစ်ပုဒ်မှာ နာခဲ့ဖူးပါတယ် …
အကြင်သူသည် … မိမိမိုက်မှားသည်ကို … မိုက်မှားမှန်းသိသောကြောင့် ပညာရှိမည်၏
သို့သော် အကြင်သူသည် မိမိမိုက်မှား၍ နေသည်ကို မိုက်မှားမှန်းမသိ … ဝေဖန်မှုကိုလက်မခံ … အကန်းအတိပြီသောသူကိုသာလျှင် စင်စစ် မိုက်မဲသူဟုဆိုသင့်ပေ၏ တဲ့ရှင် ….
★ ★ ဟားးဟားး …… မင်းကဗုဒ္ဓရဲ့စကားတွေကိုလဲ …. သိသကိုး
အိမ်း … အိမ်း ….. အရတော်လေစွကွယ် … မင်းသာ သာသနာ့ဘောင်ဝင်ရင် … အဘိဥာဏ် ရမှာသေချာတယ်ကွဲ့
ကဲ …မိန်းခလေး နာမ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အညစ်အကြေး … မကောင်းတဲ့ကံတွေကို ဘယ်လိုချေချွတ်ရမလဲ ကျုပ်ကိုပြောပြပါကွယ်….
★ ကျမက သပေါက်မပေမယ့် ..ဘုရားရှင်ရဲ့ ဥပသကာအိမ်မှာ မွေးလာတာ ဆိုတော့ ကြားဖူး နားဝရှိတာပေါ့ …
ပြီးတော့ ကျမက ဘုရားရှင်တရားဟောရင် … မရ အရ ခိုးနားထောင်တတ်တာ....
သာသနာ့ဘောင် ၀င်ချင်တာပေါ့ရှင် …. ကျမမိဘတွေလို ကျွန်ကြီးတွေတောင် …သူတို့ကိုယ်သူတို့မပိုင်တာရှင် … ကျမလိုသပေါက်က … မတွေးသင့်တဲ့အရာပါ
★ နားထောင်ပါလော့ဆရာမြတ် ..... အကုသိုလ်ကံကိုကြောက်သောသူသည် … မကောင်းမှုမှန်သမျှ ကို ထင်ထင်ရှားရှာတွင်ဖြစ်စေ … ဆိတ်ကွယ်ရာတွင်ဖြစ်စေ … မပြုအပ်
အကယ်၍ ပြုငြားအံ့ … မည်သို့ပင် ပုန်းရှောင်ပါသော်လည်း … လွတ်ကင်းသည်မရှိ …လို့ ဗုဒ္ဓကဟောထားပါတယ် …. ဆရာမြတ်…။
★ အိုဆရာအရှင်မြတ် … ဗုဒ္ဓကိုလည်းကောင်း တရားတော်တို့ကိုလည်းကောင်း သံဃာတော်တို့အားလည်းကောင်း ဆည်းကပ် ၍ အကျင့်သီလတို့ကိုဆောက်တည်လျှက် ဒုက္ခ၏ချုပ်ငြိမ်းရာကို မျက်မှောက်ပြုပါလော့ …
မိမိကိုယ်ကို မဂ်ရေစင်ဖြင့် ရေချိုးသန့်စင်လျှက် ရေချိုးပုဏ္ဏားအစစ် အမှန် ပြုပါလော့…။
★ ★ သာဓု သာဓု သာဓု ပါကွယ် … .ယနေ့နံက်ကစလို့ … ကျုပ် စိတ်ချမ်းသာရရှိပါပြီ … ကိုကွယ်ဆည်းကပ်ရာအမှန်ကိုတွေ့ရှိပါပြီ …
လမ်းပြပေးတဲ့ သူတော်ကောင်းမလေး မင်းရဲ့ဖြူစင်မြင့်မြတ်တဲ့ လမ်းပြမှု ဟာ မင်းအတွက် တစ်ချိန်မှာ အထောက်အပံ့ကောင်း ဖြစ်ပါလိမ့်မယ် …
မိန်းခလေး မင်းအပေါ်တွင်လည်း ချမ်းသာမှုအပေါင်းကျရောက်စေ…
★ ★ ★ အခန်း ( ၂ )
- သောတ္ထိယ ပုဏ္ဏားကြီးဟာ … ကျွန်မလေး ပုဏ္ဏိကာရဲ့ တရားစကားကိုနာအပြီးသံဝေဂရကာ… ဗုဒ္ဓထံဆည်းကပ် ရဟန်းပြုခဲ့ပြီး ကမ္မဌါန်းတရား အားထုတ်ကာ ရဟန္တာ အဖြစ်ကိုရောက်ရှိ ခဲ့ပါတယ်…။
- ခုတစ်ယော သာဝတ္ထိ တစ်တိုင်းပြည်လုံးအုတ်အုတ်ကြွက်ကြွက် ဖြစ်စေသည့် … သတင်း တစ်ခု နေရာတိုင်း ..လူစုလူဝေးရှိရာတိုင်း … လူတိုင်းပစပ်ဖျားတိုင်း … ရည်ပန်းစားနေတာပေါ့ ။
အဲ့တာကတော့ …. သပေါက်မလေး ပုဏ္ဏိကာ သည် သာဝတ္ထိ ရဲ့ အမျိုးအမြင့်ဆုံး မင်းဆရာမြတ် သောတ္ထိယ အား တရားဟော၍ သံဝေဂရ သာသနာ့ဘောင် ၀င်သဖြင့် … ရဟန္တာ ဖြစ်စေသည် တဲ့ …
တစ်နေ့ အနာတပိဏ်သူဌေးကြီးဇေတ၀န်ကျောင်းတော်သို့ အသွား ဒီသတင်းကိုကြာလာရတော့ … လမ်းတစ်ဝက်ကနေလှည့်ပြန်လာခဲ့တယ် ။
ပုဏ္ဏိကာကိုခေါ်မေး၍ … ဖြစ်ကြောင်းကုန်စင် သိရသောအခါ မျိုးရိုးစဉ်ဆက် ကျွန်အဖြစ်မှ လွတ်ငြိမ်းစေရုံမျှမက … သူမကို သမီးအရင်း အဖြစ် ကောက်ယူမွေးစားချီးမြှောက် ခဲ့ပါတယ် ….
ဘုရားရှင်နှင့်တရာဓမ္မကိုမြတ်နိုးသကဲ့သို့ … ပုဏ္ဏိကာလေးကိုလဲ အလွန်မြတ်နိုးခဲ့ပါတယ်တဲ့…
★ ★ ★ ချစ်သမီး ပုဏ္ဏိကာ ငါဖခင်မှာ ဇေတ၀န်ကျောင်းတော် ကိုငွေကုန်ကြေးကျခံ ခါ ဆောက်လုပ် လှူဒါန်းပြီးကျောင်းဒါယကာ ဖြစ်ရုံရှိသေး …
ငါ့သမီးမှာတော့ သာသနာတော်မှာ ရဟန္တာ တစ်ပါးတိုးအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ သာသနာ့ ဒါယိကာမလေးဖြစ်နေပြီကော ..
ယနေ့မှစ၍ ငါ့သမီးလိုရာကိုပြီးပြည့်စုံတဲ့ ပုဏ္ဏိကာ အစစ်ဖြစ်စေ … ချစ်သမီးလိုရာ ကိုတောင်း ပါလော့ ....
★ ဖခင် …ကျမအား သာသနာတော်တွင် ရဟန္တာ တစ်ပါးတိုးစေ၍ မြတ်နိုးတယ်ဆိုရင် …
ဖခင်ကြောင့် လည်းပဲ သာသနာတော်မှာ နောက်ထပ် …. ရဟန္တာမတစ်ပါး ထပ်တိုးမယ့် အခွင့်အရေးကို မြတ်နိုးစွာ ပေးတော်မူပါ ဖခင် ….
★ ★ ★ အိမ်း …အိမ်း …တစ်ဖန်ထပ်၍ ပိုမိုမြတ်နိုးရပါ၏ ချစ်သမီး ပုဏ္ဏိကာ … သာဓု သာဓု သာဓု … ချစ်သမီးလိုရာအားလုံး ပြည့်၍ … စစ်မှန် တဲ့ ပုဏ္ဏိကာဖြစ်စေ ။
( ပုဏ္ဏိကာထေရီ အပဒါန် )
ချမ်းမြေ့ကြပါစေရှင် ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...