Tuesday, April 29, 2014

မာဖီးယားဖူးခက်



၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၃) ရက်
လွန်ခဲ့သော ရက်သတ္တပတ်များက ပူပြင်းခဲ့သော်ငြား၊ဤရက်ပိုင်းအတွင်း ဖူးခက်မှာ မိုးတပြိုက်နှစ်ပြိုက်ရွာသည်။ မုတ်သုန်၏ ရှေ့တော်ပြေးလော၊ ပျံကျမိုး လောမဝေခွဲနိုင်ချေ။ဖူးခက်သည် ပင်လယ်ပြင်ထဲက ကျွန်းငယ်ဖြစ်လေရာ အပူရှိန်ပြင်းသည့်နေ့ရက်များတွင်ပျံကျမိုးရွာလေ့ရှိသည်။ သေချာ သည်ကား မကြာမတင်ရက်ပိုင်းကာလ မေလဆန်းလျှင်ဖြင့် ဖူးခက်သို့ မုတ်သုန်ဝင်တော့မည်။


သင်္ကြန်နေ့ရက်များ၏နောက်ဆက်တွဲပေလော၊မတည်ငြိမ်သောထိုင်းနိုင်ငံရေးအခြေအနေကြောင့်ပေလောမဆိုနိုင်။သည်ရက်ပိုင်းတွေမှာ ကျနော့်ဆိုင်တွင် အရောင်းအဝယ်ပါးလှသည်။ဆိုင်တွင်းမှခြေတဖဝါးမျှခွာရန်ပင်ဝန်လေးတတ်သော၊ ဆိုင်မန်နေဂျာ တူတော်မောင် ရဲအောင်ပင်လျှင် "ဈေးကွက်စနည်းနာချေဦးမည်"ဟုဆိုကာ ဆိုင်ကယ်တစီးဖြင့်ဆိုင်ကို ယာယီစွန့်ခွာသွားလေရာ တစ္တေခြောက်မတတ်၊ ဝယ်သူကင်း မဲ့နေသည့် ဆိုင်တွင်းမှာ ကျနော်တကိုယ်ထီးတည်း ငေါင်းစင်းစင်းကျန်ရစ်ခဲ့လေသည်။

ခြောက်ကပ်ကပ်နှင့် ပျင်းရိဖွယ်ကောင်းလှသည့် အချိန်မျိုးတွင် စကားပြောဖော်ရှိလျှင်ကောင်းလေစွဟူသော ကျနော့်အတွေးမဆုံး မီမှာပင်၊တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ဆိုင်ရှေ့သို့ ကားနက်ကြီးတစီးထိုးရပ်လာပြီး ကားပေါ်မှာ အကြော့သားဆင်းလာသူမှာ ကိုသက်ခိုင်ဖြစ်လေ၏။အမြဲလိုလိုရွှင်လန်းတက်ကြွနေသည့် ကိုသက်ခိုင်ကား ဆိုင်ဝမှပင် အခြေအနေအရပ်ရပ်ကို အကဲခတ်မိဟန်ရှိ သည်။
"ကိုယ့်ဆရာ။ထူးထူးဆန်းဆန်း ဆိုင်မှာထိုင်လို့ပါကလား။အကဲခတ်ရသလောက် ခင်ဗျားနောက်မှာ ကပ်ထားတဲ့ ဝင်လာမစဲ၊တသဲသဲ ဆိုတဲ့ စာတန်းဟာ အာနိသင်ပြယ်နေပြီထင်ပါရဲ့"
"အေးဗျာ။ အရောင်းပါးပုံများ သူရဲခြောက်မှာတောင် ကြောက်ရတယ်။ ဗမာအလုပ်သမားတွေလည်း၊စုထားဆောင်းထားတာလေးတွေ သင်္ကြန်မှာ အပျော်လွန်ပြီး ပြောင်ကုန်ပြီထင်ပါရဲ့။ဒီကြားထဲ ထိုင်းနိုင်ငံရေးကလည်းမတည်ငြိမ်တော့ ထိုင်းနိုင်ငံစီးပွားရေးလည်း ထိခိုက် နေပြီ ထင်ပါရဲ့"
"သေချာတယ်ကိုမင်းဒင်ရ။ ဘန်ကောက်မြို့ကြီးမှာတောင် နိုင်ငံခြားဧည့်သည်တွေ အဝင်ကျဲလာသတဲ့။ပင်နာဇွန်လို ဖူးခက်မြို့ရဲ့အကြီး ဆုံး ဆောက်လုပ်ရေးကုမ္ပဏီမှာတောင် အလုပ်သမားတွေကို လုပ်ခမရှင်းပေးနိုင်တာ နှစ်လကျော်ပြီတဲ့။ ဒီတော့ ခင်ဗျားဆိုင်အရောင်းပါး တာသိပ်မဆန်းလှဘူး။ပိုဆိုးတာက အခုကျနော်လာရာလမ်းမှာလည်း ဖူးခက်လေဆိပ်ဆီသွားတဲ့၊မြို့ဝင်မြို့ထွက် အဓိကလမ်းမကြီးကို မဏ္ဍပ်စင် ထိုးပြီး ပိတ်ဆို့ ထားကြလေရဲ့"

"ဟ၊သတင်းထူးပါလား၊လုပ်ပါဦး။ လမ်းမကြီးကို ပိတ်ဆို့ထားတာ အနီတွေလား။အဝါတွေလား"
"အခုလမ်းပိတ်ဆန္ဒပြနေကြတာက အနီတွေအဝါတွေမဟုတ်ဘူးဗျာ။ရာဇဝတ်မှုတခုအပေါ် ဖူးခက်ရဲတွေကိုင်တွယ်ပုံကို မကျေနပ်လို့ ဆန္ဒ ပြနေကြတာတဲ့။အရပ်သတင်းအရတော့ ဒီအမှုဟာ မာဖီးယားဆန်ဆန်ပြစ်မှု ကျူးလွန်ခဲ့တယ် ဆိုပဲ။ဖူးခက်ပုလိပ်တွေ ဘယ်ကိုင် ရဲပါ့မတုန်း၊ ခေါင်းဆင်နင်းနေပြီ ထင်ပါရဲ့"
"အော် စိတ်ဝင်စားစရာပဲဗျာ။ ဆက်ပါအုံးဗျ"
"ဖြစ်ပုံက လွန်ခဲ့တဲ့နှစ်ရက်လောက်က ဖူးခက်မြို့အဝင်ဆာယက်ဆင်တံတားကြီးနားက အဝေးပြေးလမ်းမကြီးပေါ်မှာ မုဒိန်းမှု တစ်ခု ဖြစ်ခဲ့သတဲ့ဗျာ။ကျူးလွန်တယ်လို့ သံသယရှိရတဲ့ လူငယ်နှစ်ယောက်က အမွှာညီအကိုတဲ့။ဒီလူငယ်နှစ်ယောက်ကို ဆာယက်ဆင်ရဲစခန်း က ဖမ်းမိပေမဲ့ အသက်တွေက (၁၇)နှစ်စီပဲ ရှိကြသေးတာမို့ ဖူးခက်ပုလိပ်တွေက အမှုကိုထိထိရောက်ရောက် မကိုင်တွယ်ကြ ဖူးထင်ပါရဲ့။တချိန်တည်းမှာ ဒီအမွှာညီအကိုနှစ်ယောက်ရဲ့မိဘတွေဟာ ဖူးခက်မာဖီးယားတွေနဲ့ အချိတ်အဆက်ရှိသလိုလို လည်း သတင်းထွက်လာတယ်။ဒါပေသည့် မုဒိန်းအကျင့်ခံရတဲ့ မိန်းကလေးဟာ ကိုယ်ဝန်ငါးလဆောင်ထားရတဲ့ နှစ်ဆယ့်ငါးနှစ်အရွယ် မွတ်ဆလင်အမျိုးသမီးဖြစ်နေလေရဲ့။ဒီမှာတင် ဘာသာရေးပါနွယ်သလိုဖြစ်လာပြီး လမ်းတွေ ပိတ်ဆန္ဒပြကြတဲ့အထိ ဖြစ်ကုန်ကြတာ ပေါ့ဗျာ။

ဖူးခက်ရဲတွေ ရှင်းပုံရှင်းနည်းကလည်း မှတ်သားစရာပါပဲ။ .....ဒီကလေးနှစ်ယောက်ဟာ မုဒိန်းကျင့်ဖို့အစီအစဉ်မရှိပါဘူး၊ ကိုယ်ဝန်ရှိနေတယ် ဆိုတာလည်း သူတို့မသိပါဘူး၊လက်ကိုင်ဖုန်းနဲ့ ဆိုင်ကယ်ကို လုယက်ဖို့ပဲ ကြိုးစားခဲ့တာပါတဲ့။အဲဒါ ကျနော်နား အကြားနဲ့ ပြောတာမဟုတ် ဘူးနော်။ဖူးခက်ဂေဇက်သတင်းစာမှာ သတင်းထောက်တွေရဲ့အမေးကို ဖူးခက်ပုလိပ်အရာရှိ မင်းဖြေထားတာဖတ်ပြီးပြောနေတာ။ဒီပွဲမှာ ထိုင်းရဲ၊ဖူးခက်မာဖီးယားနဲ့ နစ်နာရတဲ့ဘက်က အပြန်အလှန်ရွေ့ကွက်တွေဟာ အတော်တော့ စိတ်ဝင်စားစရာကောင်းတယ်ဆိုရမယ်။ ထိုင်းရဲကျင့်ထုံးအရ ရာဇဝတ်မှုတရားခံတွေကို ဖမ်းမိတဲ့အခါ သူတို့ဘယ်လိုကျူးလွန်ခဲ့တယ် ဆိုတာ ထင်ရှားခိုင်မာတဲ့ အထောက်အထား ရနိုင်အောင် ကျူးလွန်ခဲ့တဲ့ နေရာမှာ ကျူးလွန်ခဲ့တဲ့ လှုပ်ရှားမှုအတိုင်း ပြန်ပြီးသရုပ်ဆောင် ပြရ သတဲ့ဗျ။

အဲဒီလို တရားခံတွေကို လက်တွေ့သရုပ်ပြစေဖို့ခေါ်လာတဲ့အချိန်မှာ နစ်နာရတဲ့ဘက်က ပြန်ပြီးကလဲ့စားချေတဲ့အနေနဲ့ လက်စတုံးစီရင် ဖို့ ဇယားချတယ်။ဒါဟာ သူတို့ပထမဆုံးရွေးချယ်တဲ့နည်းလမ်းဗျ။ဖူးခက်ပုလိပ်နဲ့ မာဖီးယားအုပ်စုကို အကောင်းဆုံးတုန့်ပြန်တဲ့ နည်းလမ်း လို့ ယူဆကြပုံပေါ်တယ်။ဒါပေမဲ့ ဒီသတင်းဟာ တရားခံတွေကို ပြစ်မှုကျူးလွန်တဲ့နေရာဆီ ခေါ်လာမဲ့ဆဲဆဲ နာရီပိုင်းအလိုမှာ ပေါက်ကြား သွားတာမို့ ဖူးခက်ရဲတွေက မူလအစီအစဉ်ကို ဖျက်လိုက်တော့ နစ်နာသူဘက်ကလူအုပ်စုဟာ ဒုတိယနည်းလမ်းအဖြစ် လေဆိပ်ကို သွားတဲ့ လမ်းမကြီးကို လူအင်အားရာချီပြီး ပိတ်ဆို့လိုက်ကြတာပေါ့ဗျာ"
ကိုသက်ခိုင့်ဇာတ်လမ်းကြောင့် ကျနော်သည် ဈေးရောင်းပါးသော အဖြစ်ကို မေ့လျော့နေသည်။ဆိုင်အတွင်းလူရှင်းရုံမက ဆိုင်အပြင် ဘက် လမ်းမပေါ်မှာပါ လူသွားလူလာရှင်းလျက်ရှိ၏။ပတ်ဝန်းကျင်အခြေအနေအရပ်ရပ်သည် ကျနော်တို့စကားဝိုင်းကို ရှေ့ဆက်နိုင်ရန် ကူညီ ပံ့ပိုး လျက်ရှိလေသည်။

"ဒါနဲ့ ခင်ဗျားပြောသလို ဖူးခက်မှာမာဖီးးယားတွေကြီးစိုးတယ်ဆိုတာ တကယ်ပဲလားဗျာ"
"အော်။ထိုင်းလေသံလေးနဲ့ပြောရရင်ဖြင့် လွိုင်ပါဆင့်(တစ်ရာရာခိုင်နှုန်း)သေချာပါသော်ကောဗျာ။ကျနော်အကဲခတ်ရသလောက် ထိုင်းလူ မျိုးအများစုဟာ ဘာသာရေးအပေါ်မှာတော့ သိပ်ပြီး အယူအစွဲမပြင်းထန်ကြဘူး။ယာလာတို့ပါတနီတို့လို မလေးနယ်စပ်နဲ့ထိစပ်နေတဲ့ မြို့တွေမှာတော့ တမျိုးပေါ့။ကျနော်ဆိုလိုတာက ထိုင်းတနိုင်ငံလုံးကို ခြုံငုံပြီးပြောတာ။ထိုင်းလူမျိုးတွေဟာ ငွေကြေးနဲ့ပတ်သက်လာရင် တခြားလူမျိုးထက်ပိုပြီး လောဘရမ္မက်ကြီးတယ်ဆိုရလေမလား။စောစောက ကျနော်ပြောခဲ့တဲ့ မုဒိန်းမှုမှာလည်း ငွေကြေးကြောင့် မာဖီးယား တွေဝင်ပတ်သက်လာတာ ဖြစ်ဖို့များတယ်။တကယ်တော့ဖူးခက်မြို့ကြီးဆိုတာကလည်း နိုင်ငံတစ်ကာဧည့်သည်တွေအတွက် လိုတရမြို့ကြီးပေါ့ဗျာ။ လောင်းကစားဝါသနာပါသလား။မူးယစ်စေတတ်တဲ့ အရာတွေနဲ့ နိဗ္ဗာန်ဘုံကို ဘယ်နှစ်ခေါက်သွားချင်သတုန်း။ ဆေးခြောက်လား၊အိုက်စ်လို့ခေါ်တဲ့ရေခဲလား။မူးယစ်ဆေးဝါးမှန်သမျှ အလုံးအပြားလေးထောင့်တြိဂံ၊ ပုံစံမျိုးစုံချက်ချင်းရစေရမယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် မိန်းမချင်း၊ယောက်ျားချင်း ချစ်ရည်တူနှစ်ကိုယ်မျှချင်ကြသလား။ အဆင်သင့်ပဲဟေ့ဆိုတဲ့ မြို့ကြီးပေါ့ ဗျာ။ဒီလိုမြို့ကြီးမှာ ဒုစရိုက် ဂိုဏ်းတွေရှိနေတာဆိုတာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။

လွန်ခဲ့တဲ့ ခုနစ်နှစ်ဝန်းကျင် ၂၀၀၇ခုနှစ်လောက်တုန်းကပေါ့ဗျာ။ ဗမာအလုပ်သမားတွေကို ဖူးခက်မြို့ထဲအရောက် တရားမဝင်မှောင်ခို သွင်းကြရာကနေ မာဖီးယားအုပ်စုနှစ်ခု ဖူးခက်မြို့လည်ခေါင်မှာတင် အပြန်အလှန်လက်စားချေပွဲကြီးတစ်ခုဖြစ်ခဲ့ဖူးတယ်ဗျ။အမှန်တော့ ထိုင်းမှာလူမှောင်ခိုကူးကြတယ်ဆိုတာ ဗမာအစိုးရထင်နေသလို ဗမာလူပွဲစားတချို့က ကြိုးကိုင်နေတာမဟုတ်ဘူး။အဓိကနေရာကနေ ပါဝင်လှုပ်ရှားနေသူတွေဟာ ထိုင်းစစ်တပ်၊ထိုင်းရဲနဲ့ထိုင်းမာဖီးယားတွေပဲဗျာ။သူတို့အပိုင်စားရာနေမြေအလိုက် ကြီးစိုးပြီး လူမှောင်ခိုလမ်း ကြောင်းကြီးကို ချုပ်ကိုင်ထားကြလေရဲ့။ဗမာလူပွဲစားဆိုတာ တကယ်တော့ အိုးလူးခွက်လူးစားရတဲ့ အဆင့်ပါပဲ။ ကျနော်သိသလောက် ခိုးဝင်လာတဲ့ ဗမာအလုပ်သမားတစ်ယောက်အတွက် ဗမာလူပွဲစားတွေရလှ ထိုင်းဘတ်ငါးရာပေါ့ဗျာ။
လူပွဲစားလုပ်ငန်းဟာ တကယ့်ကို ဝင်ငွေကောင်းတဲ့အလုပ်ဗျ။ကျနော်ကောင်းကောင်းသိတယ်။သိဆို ဖူးခက်မှာ အနေကြာပြီး လူရာဝင် ဆန့်လာတော့ မာဖီးယားတွေ ကျနော့်ကို လူပွဲစားလုပ်ဖို့တင်မက၊မူးယစ်ဆေးဝါးရောင်းဝယ်ဖို့ပါ ကမ်းလှမ်းခဲ့ဖူးသေးတာကိုး။ ခင်ဗျား စဉ်းစားကြည့် ။အခုလို အခြေအနေတရားဝင်ပတ်စပို့တွေထုတ်ပေးနေချိန်မှာတောင် ခိုးဝင်လာမဲ့ဗမာအလုပ်သမားတစ်ယောက် အတွက် ထိုင်းဘတ် လေးထောင့်ငါးရာကျတယ်။တနေ့ကို အသွားအပြန်လုပ်နေတဲ့ဗမာအလုပ်သမားဦးရေ ငါးရာဝန်းကျင်ရှိတာကြောင့် ဖူးခက်တမြို့ထဲမှာတင် ဒီလုပ်ငန်းရဲ့တစ်နေ့ဝင်ငွေဟာ ထိုင်းဘတ် နှစ်သန်းကျော်ရှိတယ်ဗျ။ မက်မောလောက်စရာ၊ ဧရာမဂွင်ကြီးပေါ့။ ထိုင်းလူမျိုးတွေဟာ ထိုင်းဘတ်နှစ်ဆယ်လောက်ဆိုငွေလို့မှတ်ကြတာဗျ။ဒီငွေတွေကို ထိုင်းစစ်တပ်၊ထိုင်းရဲ၊ထိုင်းလူမှောင်ခိုတွေ ဝါးစေ ဝေစားကြလေသတည်းပေါ့။

အဝေမတည့်တဲ့အခါ ထိုင်းသောဗမာသော နားမလည်ဘူး။ တွေ့ရာသင်္ချိုင်းဒါးမဆိုင်းပဲ အပြတ်ရှင်းကြတာပေါ့။ကျနော်ပြောမဲ့ ဖူးခက်မာဖီး ယားအချင်းချင်းအပြတ်ရှင်းတဲ့ပွဲရဲ့ ပထမဆုံးအဓိက ပစ်မှတ်ဖြစ်သွားရသူကတော့ မွန်ဗမာလူငယ်တယောက်ဗျ။ သူ့နာမည်က ချမ်းမွန်တဲ့ ။မော်လမြိုင်ဘက်က ဇာတိပါပဲ။ဖူးခက်ကို ချုပ်ကိုင်ထားတဲ့ လူမှောင်ခိုအဖွဲ့ကြီးရဲ့အဓိကနေရာမှာ လှုပ်ရှားနေတဲ့ထိုင်းလူမျိုးရဲ့နာမည်က သာချိုတဲ့။ဗမာအများစုကတော့ သူ့ကို နှုတ်ခမ်းမွှေးလို့ပဲခေါ်ကြလေရဲ့။ထိုင်းရဲဝန်ထမ်းဟောင်းသာချိုခေါ် နှုတ်ခမ်းမွှေးဟာ ဖူးခက်လူ မှောင်ခိုဂိုဏ်းရဲ့ထိပ်သီး ဆိုပါတော့။နှုတ်ခမ်းမွှေးရဲ့မိန်းမကလည်း မွန်ဗမာပဲတဲ့ဗျ။
အစပိုင်းမှာတော့ ချမ်းမွန်ဟာ နှုတ်ခမ်းမွှေးရဲ့အုပ်စုထဲကပါပဲ။နောက်ပိုင်းမှာ ဖူးခက်လူဝင်မှုကြီးကြပ်ရေးက အရာရှိတစ်ဦးရဲ့ ကျော ထောက်နောက်ခံနဲ့ ချမ်းမွန်ဟာ လူမှောင်ခိုအုပ်စုတခုကို နှုတ်ခမ်းမွှေးနဲ့စင်ပြိုင်ထောင်လိုက်ရောဆိုပါတော့။အမှန်တော့ချမ်းမွန်ဟာ နယ်ရုပ်ပါဗျာ။နောက်ကွယ်ကနေ ချယ်လှယ်ကြိုးကိုင်နေသူတွေဟာ ထိုင်းရဲ၊ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ထိုင်းလူမိုက်တွေပါပဲ။

ချမ်းမွန်ဟာ မွန်ဗမာဖြစ်လေတော့ မွန်ဗမာအလုပ်သမား အများစုနဲ့ထိတွေ့ဆက်ဆံရာမှာ နှုတ်ခမ်းမွှေးတို့အဖွဲ့ထက် ခြေတစ်လှမ်းသာနေ ခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ ချမ်းမွန်ဟာ တနှစ်ကျော်လောက်သာ လူတွင်ကျယ်လုပ်ခွင့်ရခဲ့လေရဲ့။ တခုသောနေ့ နေ့ခင်းကြောင်တောင်ကြီး ချမ်းမွန်ဟာသူ့အိမ်မှာ ထမင်းစားနေတုန်း ထိုင်းလက်မရွံ့သေနတ် သမားနှစ်ယောက်ရဲ့လက်ချက်နဲ့ သေနတ်ဒဏ်ရာလေးချက်ရပြီး နေရာမှာတင်ပွဲကြီးချင်းပြီး ပါလေရောလား။ချမ်းမွန်နေတဲ့အိမ်ဟာ ဖူးခက်မြို့မစံမကောင်းရဲစခန်းနဲ့ ခဲတပစ်သာဝေးတာဗျ။အမယ်။ ချမ်းမွန်လည်ပင်းမှာ ဆွဲထားတဲ့ အန္တရာယ်ကင်းအဆောင်ဟာ သေနတ်ပြီးတယ်လို့ ယုံကြည်ကြတဲ့ ထိုင်းသေနတ်သမားတွေဟာ ချမ်းမွန်ကို မပစ်ခင် လည်ပင်းက ဆွဲကြိုးကို အရင်ဆွဲဖြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် သတင်းတောင်ထွက်လာသေးဗျာ။ချမ်းမွန်ကို ဘယ်သူသတ်သလဲ ဗေဒင်မေးစရာမလိုတော့ပါဘူး။
ချမ်းမွန်ရဲ့အုပ်စုကလည်း လျှော့တွက်လို့မရဘူးဗျ။ချမ်းမွန်အသတ်ခံရပြီးလို့ တပတ်လောက်အကြာမှာ နှုတ်ခမ်းမွှေးရဲ့အုပ်စုထဲက ခပ်စွာစွာ နာမည်ကြီးလူမိုက်တယောက်ကို ပါတောင်ကမ်းခြေမှာလက်တုန့်ပြန် အပြတ်ရှင်းခဲ့ပြန်တယ်။ သေနတ်နဲ့ပဲပေါ့ဗျာ။

ထိုင်းနိုင်ငံမှာသေနတ်ကို တရားဝင် လွယ်လွယ်ကိုင်နိုင်နေကြတာကိုး။ဝင်ငွေသိပ်ကောင်းတဲ့အလုပ်မို့၊ပွဲက ပိုကြမ်းလာတယ် ဆိုရမယ်။
နောက်ဆယ့်ငါးရက်အကြာ နှုတ်ခမ်းမွှေးဟာ မနက်ငါးနာရီလောက်၊ ကထိုးအရပ်မှာရှိတဲ့သူ့နေအိမ်ကနေအထွက် ဦးထုတ်ခပ် ငိုက်ငိုက်ဆောင်းထားတဲ့သေနတ်သမားတဦးရဲ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ပြန်ရောဗျာ။ဖူးခက်လူမှောင်ခိုထိပ်သီး သာချိုခေါ် နှုတ်ခမ်း မွှေး အသတ်ခံရတဲ့သတင်းဟာ ထိုင်းတောင်ပိုင်းတခွင်လုံးကို တောင်မီးလောင်သလို ပြန့်သွားခဲ့တယ်။ထိုင်းသတင်းစာတွေမှာ စာလုံးမည်း ကြီးတွေ၊ဧရာမဓာတ်ပုံကြီးတွေနဲ့ဖော်ပြခဲ့ကြတယ်။ထိုင်းရုပ်မြင်သံကြားသတင်းဌာနတွေကလည်း ဆက်တိုက်လွှင့်ခဲ့ကြတယ်။
အဲဒီကာလတွေတုန်းက လူပွဲစားလုပ်ငန်းမှာ လူတွင်ကျယ်လိုလို၊လူမိုက်လိုလိုလုပ်နေကြတဲ့ ဗမာလူလည်တချို့လည်း ဖူးခက်ကနေ ကြက်ပျောက်ငှက်ပျောက်၊ပျောက်ကုန်ကြလေရဲ့။
ဒီကြားထဲမှာ အောင်မုန်းဆိုတဲ့ လူပွဲစားလိုလို ငွေလွှဲလိုလို လူလည်တကောင်တောင် အဖျားရိုက်တာခံလိုက်ရသေးဗျာ။အောင်မုန်းက ကျနော်တို့လိုအညာဇာတိပါပဲ။ မော်လမြိုင်သူတစ်ယောက်နဲ့ ဖူးခက်မှာ အကြောင်း ပါပြီး လူပွဲစား၊ငွေလွှဲ၊ငွေတိုးပေးအလုပ်တွေကို မိန်းမဘက်က အမျိုးတွေအားကိုးနဲ့ လူစွာလုပ်နေတဲ့မောင်ပေါ့။အောင်မုန်းဟာ ချမ်းမွန်ရဲ့ လက်ခွဲ လူမှောင်ခိုဆိုတာ သိထားတဲ့ ပြိုင်ဘက်အုပ်စုဟာ အောင်မုန်းကို လမ်းပေါ်မှာတင်အနုကြမ်းစီးတယ်။ဆိုင်ကယ်ကို ခပ်ဖြေးဖြေး မောင်းလာတဲ့ အောင်မုန်းကို ထလန်းမီးပွိုင့်နားမှာ ရှေ့နောက်ဆိုင်ကယ် နှစ်စီးနဲ့ ညှပ်ပြီးအတင်းရပ်ခိုင်း၊နောက် သေနတ်ထုတ်ပြပြီး အနီးနားက ရာဘာတောထဲ ခေါ်သွားတယ်။အောင်မုန်းတကိုယ်လုံးမှာ ရှိတဲ့ လက်ဝတ်လက်စားတွေ၊ငွေတွေကို အကုန်သိမ်းတဲ့အပြင် ဘဏ်စာအုပ်ထဲမှာ ရှိသမျှငွေကို ထုတ်နိုင်ဖို့ ပင်ကုဒ်နံပတ်ကိုတောင်းတယ်။ အောင်မုန်းလည်း ကြောက်ကြောက်နဲ့ ပြောပြလိုက်ရတော့ ဘဏ်ထဲရှိသမျှငွေပြောင်ရောဆိုပါတော့။မပြောလို့လည်း မရဘူးလေ။ အောင်မုန်းဘေးမှာသေနတ်ကိုင်ပြီး အဆင်သင့်စောင့်နေတဲ့ထိုင်း မာဖီးယားနဲ့ ဘဏ်တိုင်မှာ ငွေသွားထုတ်နေတဲ့ ထိုင်းလူမိုက်ဟာ ဖုန်းနဲ့အချိတ် အဆက်ရှိနေတာကိုး။ ဘဏ်နံပတ် မှန် မမှန်ချက်ချင်း သိနိုင်တယ်လေ။အောင်မုန်းအသက်မသေတာ ကံကောင်းလို့ ဆိုရ မယ်။အောင်မုန်းလည်း ဖူးခက်ကနေ တစ်နှစ်ကျော် လောက် ပျောက်သွားသေးတယ်။ အန္တရာယ်မကင်းလှဘူးထင်လို့ တနေရာမှာ တိမ်းရှောင်နေခဲ့တာပေါ့။အခုတော့ အောင်မုန်းလည်း ဖူးခက်ကို ပြန်ရောက်ပြီးလုပ်နေကျအလုပ်ကို ဆက်လုပ်နေလေရဲ့။

ဖူးခက်မှာတော့ မာဖီးယားနဲ့သာချိတ်ဆက်နေရင်၊ငွေကြေးနောက်ခံတောင့်ရင် ဗမာအချင်းချင်းသတ်လည်း ဘာပြသနာမှ မရှိပါဘူး။ ဗမာသေတဲ့လူသတ်မှုကို ထိုင်းရဲတွေကလည်း ရေးကြီးခွင်ကျယ်စာရင်းမသွင်းပါဘူး။ကျနော်ထိုင်းရောက်ခါစ ၂၀၀၄ခုနှစ်တုန်းက ဖူးခက် မှာဗမာပစ္စည်းအကြီးအကျယ်ဖြန့်တဲ့ကျနော့်မိတ်ဆွေ ဦးသိန်းအောင်ပြောဖူး တာကတော့ ... ဆရာ။သတိနဲ့ နေပါဆရာ၊ ထိုင်းမှာ ဗမာတစ် ယောက်သေတာ ခွေးတကောင်သေသလောက်မဆန်းဘူး။ ဗမာတစ်ယောက်ကိုသတ်ရတာ ခွေးတစ်ကောင်ကို သတ်ရတာ ထက်ပိုလွယ် တယ်ဆိုပဲဗျ။အခုနေ ကျနော်စဉ်းစားကြည့်တော့ သူပြော တာ မမှားဘူးဗျာ။ ကျနော်နဲ့ညီလို ခင်နေတဲ့ ဗမာအလုပ်သမား ခေါင်းဆောင်နှစ်ယောက်တောင် ဗမာအချင်းချင်း သတ်ပစ်ခဲ့ကြဖူးတဲ့ လက်စလက်နရှိသတဲ့ဗျာ။

ပထမတစ်ယောက်က အောင်ပိုင်တဲ့။ အောင်ပိုင်က ပေါင်းတည်နတ္တလင်းဇာတိ။သူ့အဖေဟာ ကွန်မြူနစ်ရဲဘော်ဆိုပဲ။၁၉၇၀ဝန်းကျင် ပဲခူးရိုးမကွန်မြူနစ်ဖြုတ်ထုတ်သတ်ပွဲမှာ ကိုယ့်တွင်းကိုယ်တူးခိုင်းပြီး အသတ်ခံခဲ့ရသတဲ့။သူ့အဖေအသတ်ခံရတော့ အောင်ပိုင့်အမေဟာ အောင်ပိုင့်ကို ကိုယ်ဝန်ဆောင်ထားတုန်းတဲ့။
ကျနော်နဲ့တွေ့တော့ အောင်ပိုင်ဟာ ဖူးခက်ကို ရောက်နေတာ ဆယ့်ငါးနှစ်လောက်ရှိနေပြီ။ သူဟာသူ့အလုပ်မှာဖိုးကြက်ကန်းလို့ခေါ်တဲ့ အလုပ်သမားခေါင်းအဆင့်ဆိုပါတော့။ တနေ့တော့ သူ ဝယ်သိမ်းထားတဲ့ ထိုင်းရွှေသုံးဘတ်သားဆွဲကြိုးတစ်ကုံးဟာ ပျောက်ချင်းမလှပျောက်သွားတာကြောင့် မသင်္ကာတဲ့ အလုပ်သမားတွေကို ခေါ်စစ်သတဲ့ဗျာ။စစ်နေရင်းနဲ့ အသက်နှစ်ဆယ်ဝန်းကျင်မလည်မဝယ်မော်လမြိုင်သားလေးတစ်ယောက်ဟာ ကဘောက်တိက ဘောက်ချာ ဖြေမိတာကြောင့် အောင်ပိုင်ဒါးချက်နဲ့ နေရာမှာတင် အသက်ပျောက်ခဲ့ရသတဲ့။အဲဒီအလောင်းကို ထလန်ဘက်က ရာဘာတောတခုထဲမှာ ညတွင်းချင်းတွင်း တူးပြီး မြှုပ်လိုက်ကြသတဲ့။ကံဆိုးလိုက်တဲ့ကလေးဗျာ။ တကယ်တော့ အောင်ပိုင့်ဆွဲကြိုးကို သူမခိုးခဲ့ပါဘူး။နောက်ပိုင်းမှာ အောင်ပိုင် ကိုယ်တိုင် တရားခံအစစ်ကိုရှာနိုင်ခဲ့ပါတယ်။အောင်ပိုင့်သူဌေးရဲ့ အဆက်အသွယ်ငွေကြေး အကူအညီနဲ့ အောင်ပိုင်ဘာအမှုမှ မဖြစ်လိုက်ဘူးဆိုပါတော့။ကျနော့်ဇာတ်လမ်းက သိပ်သေချာပါတယ်။ဘာကြောင့်တုန်းဆိုတော့ ဒီအဖြစ်အပျက်ဟာ အောင်ပိုင်ကိုယ်တိုင် ကျနော့် ကိုပြန်ပြောပြတဲ့ဇာတ်လမ်းဖြစ်လို့ပေါ့။အောင်ပိုင်ဟာ ကျနော့်ကို အတော်ကိုခင်ရှာပါတယ်။ခက်နေတာက သူလူမှားသတ်ခဲ့တာကို သူ့မှာ ဘာအပြစ်မှမရှိဘူးလို့ သူထင်နေရှာတယ်ဗျာ။အခုတော့ ကိုယ်တော်ချောက ဘာစိတ်ကူးပေါက်တယ် မဆိုနိုင်ဘူး။ ဒီကေဘီအေငြိမ်းချမ်းရေးအဖွဲ့မှာ တပ်ကြပ် ကြီးအဆင့်နဲ့ မြဝတီဘက်ရောက်နေလေရဲ့။

နောက်တယောက်ကတော့ သိန်းတိုးတဲ့ဗျာ။သူလည်း ဗမာအလုပ်သမားခေါင်းပဲ။သူ့ဇာတိက မွန်ပြည်နယ်ရေးမြို့။ သူလည်း အရက်မူးပြီး စကားများရာကနေ ဗမာအလုပ်သမားတစ်ယောက်ကို ဒေါင်းရုန်းရေကန်ကြီးဘေးနားမှာတင် ရဲဒင်းနဲ့အချက်ပေါင်းများစွာထုပြီး သတ်ခဲ့ဖူး လေသတဲ့။သိန်းတိုးဟာ သူ့ကျောထောက်နောက်ခံ သူဌေးအားကိုးနဲ့ ဘာအမှုမှ မဖြစ်ခဲ့ဘူးဗျာ။ဒါလည်း သိန်းတိုးတို့အဖွဲ့ထဲက လူရင်း တစ်ယောက် ပြန်ပြောတဲ့ဇာတ်လမ်းတပုဒ်ပါပဲ။ကဲ။ဒီအမှုနှစ်မှုလုံးဟာ ကျနော်ဖူးခက်ကို စရောက်တဲ့ ၂၀၀၄ခုနှစ်နဲ့ မရှေးမနှောင်းအချိန် တွေမှာ ဖြစ်ခဲ့တာပေါ့။တခုတော့ သတိပေးထားလိုက်ပါရဲ့။ခင်ဗျားရောက်နေတဲ့ ယိုးဒယားမြေဟာ ဗမာလူမျိုးတွေ အတွက် အချိန်မရွေး ထိခိုက်ကျဆုံးနိုင်တဲ့ ရှေ့တန်းစစ်မြေပြင်တစ်ခုဆိုတာ ခင်ဗျား ဘယ်သောအခါမှ မမေ့ပါလေနဲ့။သတိတမံ၊ဥာဏ်မြေကတုတ် ချွန်းကဲ့သို့ အုပ်တဲ့ဗျ။ အမြဲသတိရှိပါစေကိုမင်းဒင်"

ဖူးခက်မာဖီးယားဇာတ်လမ်းရှည်ကြီး ဤနေရာအရောက်တွင် ကိုသက်ခိုင်သည် ရုတ်တရက် မတ်တတ်ထရပ်ရင်း ကျနော့်ဆိုင်အတွင်း ပိုင်းကို စူးစမ်းသော မျက်လုံးအစုံဖြင့် ဝေ့ဝိုက်အကဲခတ်ကြည့်ရှုပြီးနောက် နှုတ်ဆက်စကားဆိုရင်း သူ့ကားနက်ကြီးရှိရာသို့ ခြေလှမ်း ကျဲကြီးများဖြင့် ရုတ်ခြည်းထွက်ခွာသွားလေရာ သူ့စကားသံတို့သည် သူ့နောက်မှာ ကျန်ရစ်ခဲ့လေ၏။

"ဈေးအရောင်းပါးနေတာ သိပ်ပူပင်မနေလေနဲ့ကိုရင်။ ပါတောင်ကမ်းခြေက ဆိုင်တချို့တောင် ဈေးဦးမပေါက်တဲ့ရက်ရှိပါ့ဗျာ။ ဒီလို ရက်မျိုးတွေ တစ်လမှာ နှစ်ရက်တန်သည်သုံးရက်တန်သည်တော့ ရှိတတ်ပါတယ်။လစဉ် စာရင်းချုပ်လိုက်တော့လည်း ခါတိုင်းလ တွေလိုပ၊ဲ ရောင်းအားပုံမှန် ဖြစ်နေတာ ခင်ဗျားတွေ့ပါလိမ့်မယ်ဗျာ။ကဲ၊ကျနော်ပြန်လိုက်အုံးမယ်။အော်၊ တိုက်တိုက် ဆိုင်ဆိုင်ဗျာ ဟောဟိုမှာ ခင်ဗျား ဆိုင်ထဲကို ဝင်လာနေတဲ့ မွန်မလေးဟာ သွားလေသူချမ်းမွန်ရဲ့ ဇနီးပေါ့ဗျာ။ အခုတော့သူလည်း ဖူးခက်က ထိုင်းပုလိပ် တစ်ယောက်နဲ့ အိမ်ထောင်ကျနေလေရဲ့။အပြစ်ဆိုစရာတော့ မရှိပါဘူး။သူ့ဘဝကိုက ဒီကံကြမ္မာအတိုင်းဖန်လာတယ်လို့သာ အောက်မေ့ ကြစို့ရဲ့"
ကိုသက်ခိုင် စကားကြောင့် ဆိုင်ဝဆီသို့ ကျနော်လှမ်းကြည့်လိုက်ချိန်တွင် ပိန်ပိန်ပါးပါး အသားဖြူဖြူ အရပ်မနိမ့်မမြင့် အသက်သုံးဆယ် ဝန်းကျင် အမျိုးသမီးတစ်ဦးဝင်လာသည်ကို မြင်ရသည်။ ဆိုင်တွင်းမှကိုသက်ခိုင် ပြန်လည်ထွက်ခွာသွားချိန်တွင် ဆိုင်အပြင်မှာ မှောင်ရီ ပျိုးနေလေပြီ။ဆိုင်ပိတ်ချိန်နီးကာမှ ကျနော့်ဆိုင်မှာ ဈေးဝယ်တချို့ဖြင့် စည်ကားနေပြန်လေသည်။
မင်းဒင် 
၃၀ ဧပြီ ၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးဂျာနယ်  မင်းဒင်ရဲ့သက်ခိုင်(၂)  အခန်း(၃၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...