Monday, April 28, 2014

"အံဝင်ဂွင်ကျမဖြစ်တော့တဲ့ ဟောင်းနွမ်းအက်ဥပဒေများနဲ့ ဥပဒေထက်အရေးပါ အရာ ရောက်နေတဲ့ နည်းဥပဒေများ"


ဒီနေ့ ပြောချင်တာမှ လျှာကို ယားနေတဲ့ အကြောင်းအရာလေး တစ်ခုပြောပြမယ်...။
ဥပဒေကိစ္စပါ...။

လူတော်တော်များများက ပြောလေ့ရှိကြတယ်...(အဲ့ဒီလူတွေထဲမှာ ပညာရှင်ဆိုသူများ
လည်း ပါကြပါတယ်။)မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းတွေထဲမှာ ဥပဒေပြုရေး
ကိစ္စတွေက ထိပ်ဆုံးက ပါတယ်လို့...။

အဲ့ဒီအဆိုကို ကျွန်တော်မငြင်းပါဘူး...။ ဒါပေမယ့် တော်တော်များများ သတိမထားမိတဲ့
ကိစ္စတစ်ခုရှိနေပါသေးတယ်...။



မြန်မာနိုင်ငံမှာ ဥပဒေကိစ္စနဲ့ပတ်သက်ရင် အမှန်တကယ်အရေးတကြီးလိုအပ်နေတဲ့
အရာက ဟောင်းနွမ်းဥပဒေများ ဖျက်သိမ်းရေးနဲ့ နည်းဥပဒေများ အလျင်အမြန်အတည်
ပြုနိုင်ရေးတို့ပါပဲ...။

နည်းဥပဒေတွေဘာကြောင့် အရေးကြီးတယ်ဆိုတာ အရင်ပြောပြချင်ပါတယ်...။

ပညာရှင်တော်တော်များများက ဘယ်ကဏ္ဍတွေအတွက် ဥပဒေတွေထုတ်လုပ်ဖို့ လို
အပ်နေပါပြီဆိုပြီး လွှတ်တော်ကို တွန်းအားပေးလေ့ရှိကြပါတယ်...။

ဟုတ်ပြီ...။ ဒါဆို ကျွန်တော် တစ်ခုမေးချင်ပါတယ်...။ ခင်ဗျားတို့ ပြုစေချင်တဲ့ ဥပဒေတွေ
ထွက်လာပြီ ဆိုရင်ရော ခင်ဗျားတို့အတွက် တစ်ကယ်အလုပ်ဖြစ်ပါရဲ့လား...။

အလုပ်ဖြစ်မယ်လို့ ကျွန်တော်တော့ မထင်မိပါ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့တောင့်
တနေတဲ့ ဥပဒေတွေဟာ နည်းဥပဒေတွေမရှိရင် အသက်မ၀င်နိုင်လို့ပါပဲ...။

ဥပမာတစ်ခု ပေးရရင်၊ ဓါတ်ခဲမရှိတဲ့ စက်ရုပ်တွေလိုပဲ အဲ့ဒီဥပဒေတွေ ဘာမှ အလုပ်မလုပ်
နိုင်ပါဘူး...။

ဒါနဲ့ပတ်သက်ပြီး ထင်သာမြင်သာတဲ့ သက်သေသာဓကတွေ ရှိပါတယ်...။
-ဆက်သွယ်ရေးဥပဒေ
-မီဒီယာဥပဒေ
-ပုံနှိပ်ထုတ်ဝေရေးဥပဒေ
-အသင်းအဖွဲ့ဆိုင်ရာဥပဒေ(NGO Law)
-အနိမ့်ဆုံး လုပ်ခ၊လစာဥပဒေ
-အခွန်ဥပဒေများ
စသည်အားဖြင့် လွှတ်တော်က အသစ်ပြုလိုက်တဲ့(အခွန်ဥပဒေကတော့ အသစ်ထွက်လာ
တာ မကြာသေးဘူးမို့ ထားလိုက်ပါတော့) ဥပဒေတော်တော်များများကြည့်လိုက်မယ်ဆိုရင်
နည်းဥပဒေမရှိသေးတာကို တွေ့နိုင်ပါတယ်...။

ဒီနိုင်ငံမှာ ဥပဒေနဲ့ပတ်သက်ရင် လုပ်ထုံးလုပ်နည်းက ဥပဒေများဟာ နည်းဥပဒေရှိမှသာ
အလုပ် လုပ်နိုင်မှာ ဖြစ်တဲ့အတွက် လွှတ်တော်က ပြုလိုက်တဲ့ ဥပဒေများဟာ စာရွက်ပေါ်
မှာသာ ခန့်ခန့်ကြီး ထိုင်နေရုံမှအပ ဘာမှ အသုံးပြုလို့ မရနိုင်ပါဘူး...။

သာမန်အရပ်သားများနားလည်နိုင်အောင် ပြောရမယ်ဆိုရင် ဥပဒေများကို လွှတ်တော်က
ပြုပေးပြီး၊ နည်းဥပဒေများကိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ရေးဆွဲရပါတယ်...။

ဥပမာအားဖြင့်-ဆက်သွယ်ရေးဥပဒေကို ဆက်သွယ်ရေးဝန်ကြီးဌာနကသာ ရေးဆွဲရတာ
ဖြစ်ပါတယ်...။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ကျွန်တော့်ကို ပြောဖူးပါတယ်...။ အနိမ့်ဆုံး
လုပ်ခ၊ လစာသတ်မှတ်ချက်ဥပဒေကို လွှတ်တော်က ပြုပေးပြီးပေမယ့်၊ ယင်းဥပဒေနဲ့
သက်ဆိုင်တဲ့ ၀န်ကြီးဌာနက နည်းဥပဒေရေးဆွဲ မပြီးသေးတဲ့အတွက် အနိမ့်ဆုံးလစာ
တွေ သတ်မှတ်လို့ မရနိုင်သေးပါဘူးတဲ့...။

ကျွန်တော်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့တိုင်း ဒီကိစ္စကို အာပေါက်မတတ်
ပြောခဲ့ပါတယ်...။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို နည်းဥပဒေအမြန်ဆုံးရေးဆွဲပေးဖို့
ဖိအားပေးသင့်တယ်လို့ ကျွန်တော်အမြဲသတိပေးဖူးပါတယ်...

လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းဥပဒေများကို ကျွန်တော်အထိုက်အလျောက်
နားလည်ထားပါတယ်...။ ဒါပေမယ့် ကြာတော့ ကျွန်တော်စိတ်မရှည်နိုင်တော့သလို ဖြစ်
လာရပါတယ်...။

ကျွန်တော်ဘ၀င်မကျတာ တစ်ခုရှိပါသေးတယ်...။ ဘာလဲဆိုတော့ ဥပဒေတွေထွက်
ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဥပဒေအသုံးပြုရန် တိုက်ရိုက်သက်ဆိုင်သူတွေဟာ
လွှတ်တော်ကို အသေအလဲ ဖိအားပေးတတ်ကြပေမယ့်...၊လွှတ်တော်က ထွက်လာတဲ့
ဥပဒေတွေကို သက်ဆိုင်ရာအစိုးရ၀န်ကြီးဌာတွေက နည်းဥပဒေများဆက်လက်ရေးဆွဲ
ဖို့ရာ အရေးမှာတော့ ဘာကြောင့် တိတ်ဆိတ်ငြိမ်သက်နေကြရတာလဲ ဆိုတာပါပဲ...။

ကျွန်တော်ဝန်ကြီးဌာနတစ်ခုကို လုပ်ငန်းလိုင်စင်လျှောက်ရန်အလို့ငှါ သွားခဲ့ပါတယ်...။
အဲ့ဒီမှာ အဲ့ဒီဝန်ကြီးဌာနက လိုင်စင်များလျှောက်ထားခွင့်ကို ယာယီရပ်ဆိုင်းထားတဲ့
အကြောင်း ပြောပါတယ်...။

ဘာကြောင့်ရပ်ထားသလဲဆိုတော့ ဥပဒေအသစ်ထွက်ထားတာဖြစ်တဲ့အတွက် သူတို့
ဝန်ကြီးဌာနက နည်းဥပဒေရေးဆွဲနေလို့ပါတဲ့...။

ကျွန်တော်အမှတ်မမှားဘူးဆိုရင် အဲ့ဒီဥပဒေထွက်ခဲ့တာ လေးလနီးပါးရှိပြီ ထင်ပါတယ်။
သက်ဆိုင်ရာဝန်ကြီးဌာနများဟာ နည်းဥပဒေကို ဥပဒေထွက်ပြီး ရက်ပေါင်း(၉၀)အတွင်း
အပြီးရေးဆွဲရမယ်လို့ ပြဌားထားပါလျက်နဲ့ ဘာကြောင့် အခုထိ မပြီးသေးတာလည်းဆို
တာ စဉ်းစားစရာပါ...။

ဒီဥပဒေလိုပဲ ဥပဒေတော်တော်များများဟာ ရက်ပေါင်းရာနဲ့ချီပြီး ကြာညောင်းခဲ့ပြီဖြစ်ပေ
မယ့် ခုထိနည်းဥပဒေထွက်မလာနိုင်သေးပါဘူး...။

ဒါဟာ ပြဿနာရှိပါတယ်။ စွန့်ဦးတည်ထွင်လုပ်ငန်းများလုပ်ချင်တဲ့ လူတွေအတွက်တော့
အိုင်ဒီယာပုပ်သိုးသွားစေနိုင်တဲ့ ပြဿနာလို့ ကျွန်တော်မြင်ပါတယ်...။

ဒါကြောင့် အစိုးရဌာနများအနေနဲ့ နည်းဥပဒေများကို ရေးဆွဲထုတ်ပြန်ဖို့ရာအတွက် ဆင်
ခြေတွေနဲ့ ကြားကန်နေမယ့်အစား အမြန်ဆုံးရေးဆွဲပေးစေလိုပါတယ်...။

နောက်တစ်ခုကတော့ ဟောင်းနွမ်းအက်ဥပဒေများနဲ့ ပတ်သက်တာဖြစ်ပါတယ်...။

ယနေ့လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဥပဒေများဟာ ကိုလိုနီခေတ်လက်ကျန်
တွေ ဖြစ်တယ်ဆိုတာ လူတိုင်းလိုလို သိထားကြပါတယ်...။

ကျွန်တော်ကိုယ်တိုင်ပဲ ဟောင်းနွမ်းဥပဒေတချို့ကို ဖျက်သိမ်းနိုင်ဖို့၊ ဒါမှမဟုတ် ပြန်
လည် မွမ်းမံပြင်ဆင်နိုင်ဖို့ရာအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကို တိုက်တွန်း
ခဲ့ဖူးပါတယ်...။

ဘာကြောင့်လဲဆိုတော့ အဲ့ဒီဥပဒေများဟာ ပြဌာန်းစဉ်ကာလနဲ့ အံဝင်ဂွင်ကျရှိခဲ့ပေမယ့်၊
လက်ရှိခေတ်အခြေအနေနဲ့ကတော့ ဘယ်လိုမှ ဆီလျော်အပ်စပ်မှု မရှိတော့ပါဘူး...။

ထင်ရှားတဲ့ဥပဒေတစ်ခုပေးပါမယ်...။ နာမည်ကျော်မင်းသမီးတစ်ဦးက သတင်းထောက်
မလေးတစ်ယောက်ကို ပါးရိုက်တဲ့အမှုမှာဆိုရင် ပါးရိုက်သူက ပါးရိုက်ခံရသူကို ဒဏ်ငွေ-
တစ်ထောင်လောက်နဲ့တင် ပွဲသိမ်းသွားခဲ့တာကို အားလုံးပဲသိကြမှာ ဖြစ်တယ်...။

ဒါဟာ တရားသူကြီးဘက်လိုက်လို့မဟုတ်ပဲ ကိုလိုနီခေတ်လက်ကျန်ဥပဒေများရဲ့ ခေတ်
နဲ့ အံဝင်ဂွင်ကျမဖြစ်မှုလို့ ကျွန်တော်တို့နားလည်လို့ ရနိုင်ပါတယ်...။

သိပ်မကြာသေးခင်ကမှ ကျွန်တော့်ကို လူတစ်ယောက်က မိုက်မိုက်ရိုင်းရိုင်းစော်ကားပြီး
အသရေဖျက်ခဲ့ပါတယ်...။ ကျွန်တော် အဲ့ဒီလူကို တရားစွဲဖို့အတွက် ဥပဒေများနဲ့ လုပ်
ထုံး လုပ်နည်းများကို လေ့လာကြည့်တဲ့အခါမှာတော့ အသေဖျက်မှုပုဒ်မ (၅၀၀)ဟာ အမြင့်
ဆုံး အလုပ်မဲ့ထောင်ဒဏ်(၂)နှစ်၊ ငွေဒဏ်၊ ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်ပေါင်းဆိုပြီးတွေ့ရပါ
တယ်...။

စိတ်ပျက်ဖွယ်ကောင်းတာက တစ်ကယ်တန်းသက်သေခိုင်ခိုင်လုံလုံနဲ့ ရှေ့နေကလည်း
ကောင်းမယ်၊ ပြစ်မှုလည်း တော်တော်ကြီးထင်ရှားတယ်ဆိုကာမှ အမြင့်ဆုံးထောင်ဒဏ်
ကျစေနိုင်မှုဟာ (၁)လနဲ့ (၃)လအတွင်း မပိုနိုင်ပါဘူး...။ ဒဏ်ငွေဆိုရင်လည်း (၅၀၀)
ကျပ်မျှနဲ့သာ ပြီးသွားမှာ ဖြစ်လို့ပါပဲ...။ ဒါကြောင့် ကျွန်တော် သူ့ကို တရားမစွဲပဲ လျစ်
လျူရှုလိုက်ရပါတော့တယ်...။

ဒီတော့ ကျွန်တော်တို့ စဉ်းစားရပါတော့မယ်...။ လက်ရှိဥပဒေတွေဟာ နစ်နာသူများကို
ဘယ်လောက်အတိုင်းအတာအထိ ပြန်လည်ကုစားပေးနိုင်မလဲ ဆိုတာကိုပါ...။

ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များနဲ့ တရားစီရင်ရေးဌာနက တရားသူကြီးများဟာ
ဒီကိစ္စနဲ့ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားသုံးသပ်ပေးဖို့ လိုအပ်ပါတယ်...။

ဒါ့အပြင် ကျွန်တော်တို့ ပြည်သူတွေထဲက လော်ဘီလုပ်နေတဲ့ အင်အားစုများကလည်း
ကျွန်တော်တင်ပြသွားတဲ့ အထက်ပါ ကိစ္စရပ်နှစ်ခုကို နည်းနည်းလေးပဲဖြစ်ဖြစ် ခေါင်းထဲ
ထည့်ပေးနိုင်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကျေနပ်ဝမ်းမြောက်မဆုံး ဖြစ်မှာ သေချာပါ
တယ်ဗျာ...။

-လင်းသက်-
(၂၈-၄-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...