Tuesday, April 29, 2014

မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ


မလေးရှားမနက်ခင်း က ဒီနေ့မှာတော့ သာသာယာယာ ရှိနေပါသည် ။ မသာယာသည်က ကျွန်မမြင်နေရသော မြင်ကွင်း ။ ကျွန်မရောက်နေသည်က ဘဏတစ်ခုမှာပါ ။ ဒီနေ့ ကြားရက်ဖြစ်နေတာမို့ ဘဏ်မှာ လူရှင်းနေသည် ထင်ပါရဲ့  ။ ကျွန်မဘဏ်ထဲသို့ဝင်လိုက်စဉ် လူတစ်ယောက် ဘဏ်ထဲကနေ ခပ်တွက်တွက်လေးထွက်သွားပါသည် ။ သူကိုကြည့်ရတာ ပျာယီးပျာယာပုံစံမို့ စိတ်ဝင်စားသွားမိသည် ။ ပိုက်ဆံထုတ်ချိန် password မှားနေသည်မို့ ငွေကထုတ်လို့မရပြန်ဘူး ။
အမျိုးသားရှိနေသည့် အလုပ်ထဲကို ဖုန်းခေါ်ရပြန်သည် ။ ဖုန်းပြောနေရင်း ကျွန်မမျက်လုံးတွေက ဘဏ်ရှေ့မှာ ရှိနေသည့် ဆိုင်ကယ်ပေါ်က လူသားနှစ်ဦးဆီသို့ရောက်ရှိသွားမိသည် ။ ခုနဘဏ်ထဲကနေ ပျာယီးပျာယာထွက်သွားသောသူပါပဲ ။ သူနောက်မှာထိုင်နေသည့် ကလေးကို ဘာတွေ ပြောနေသည်မသိ ။ တတွတ်တွတ် မှာနေပုံပါပဲ ။ ဘဏ်ထဲမှာ ကျွန်မတစ်ယောက်ထဲ ရှိနေတာမို့ မကြာခဏ လှမ်းလှမ်းကြည့်နေပါသေးသည် ။ သူတို့ကို ကြည့်နေရင်း စိတ်ထဲတွင် မရှင်းမလင်းကြီး ခံစားလာမိသည် ။ ကျွန်မဖုန်းချပြီးချိန်လောက်မှာပဲ စောနက ကလေး ဘဏ်ထဲသို့ဝင်လာပါသည် ။ ကျွန်မလည်း မသိချင်ယောင်ဆောင်ကာ ငွေထုတ်ဖို့ လုပ်နေရင်း မျက်လုံးထောင့်စွန်းကလေ ထိုကလေးကို ခိုးကြည့်နေမိခဲ့သည် ။
ကလေးက ဘဏ်ထဲကို တန်းတန်းမတ်မတ်ဝင်လာပြီး စက်တွေနားကို ရောက်မလာခဲ့ပါဘူး ။ အ၀င်ပေါက်နားမှာ ရှိနေသော စားပွဲပုံစံ ခုံရှိရာသို့ ဦးတည်သွားနေသည် ။ စားပွဲနားကိုရောက်ပြီဆိုရင်ဘဲ စားပွဲမှာရှိနေသော အရာကို အလျှင်မြန်ယူကာ ချက်ချင်းဆိုသလို ပြန်လည်ထွက်ခွာသွားပါတော့သည် ။ ထိုအခါမှဘဲ စားပွဲပေါ်တွေ ရှိနေသော အိုင်ပတ်တစ်လုံးကို ကျွန်မမြင်မိပါသည် ။ ကျွန်မ စိတ်မသက်သာစွာဖြင့် ခေါင်းကိုခါယမ်းလိုက်မိတယ် ထင်ပါ့ ။ ဒီလုပ်ရပ်မျိုး ကျူးလွန်ဖို့ ဖခင်တစ်ယောက်က သားသမီးဖြစ်သူကို သင်ပေးသင့်ရဲ့လားဆိုသည့် မေးခွန်းတွေလည်း ကျွန်မခေါင်းထဲသို့ တန်းစီဝင်ရောက်လာမိပါသည် ။
ဘဏ်ဆိုသည်မှာ ကင်မရာပေါင်းများစွာတပ်ဆင်ထားတတ်ပါသည် ။ ကလေးယူသွားသည်မှာ တစ်စုံတစ်ယောက် ကျန်နေရစ်ခဲ့သော အိုင်ပတ်တစ်ခုဖြစ်မည် ။ အိုင်ပတ်ဆိုတာ ပျောက်သွားရင် စင်တာကနေ ပြန်လိုက်ရှာဖို့ အလွန်လွယ်ကူသည့်ပစ္စည်းမျိုးပါ ။ ငယ်ရွယ်နုပျိုသည့် ကလေးငယ်တစ်ဦးကို ဒီလိုအချောင်စိတ်ဓာတ်တွေ ပြုစုပျိုးထောင်ပေးခြင်းဟာ ဖခင်တစ်ယောက်ရဲ့ လုပ်ရပ် ဟုတ်ရဲ့လား ။ဒီလိုမိဘမျိုးဆီမှာ လူဖြစ်ခွင့်ရသည့် ကလေးငယ်ရဲ့ အနာဂတ်ကို တွေးတောပူပန်လိုက်မိ၏ ။ ဒီအဖြစ်ပျက်လေးကို မြင်တော့ ကျွန်မနောက်ထပ်တွေ့ကြုံ့ခဲ့ဖူးသည့် ကလေးတစ်ယောက်၏ အဖြစ်ပျက်လေးကို ပြန်ပြောင်း သတိရမိပြန်သည် ။
လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မစင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည် ။ စင်ကာပူကိုရောက်တော့ ဖေဖေမိတ်ဆွေ အိမ်မှာ တည်းဖြစ်ခဲ့သည် ။ ဖေဖေမိတ်ဆွေရဲ့ အိမ်ဆိုပေမယ့် ဒီအိမ်မှာ ကလေးငယ်နှစ်ဦးတည်းသာ နေထိုင်ကြလေသည် ။ little india Singapore မှာနေထိုင်ကြသည့် ကလေးနှစ်ယောက်လုံးဟာ စာလည်းအလွန်တော်ကြသည် ။ အကြီးဆုံးလေးက ၁၃နှစ်သာရှိပါသေးသည် ။ အငယ်လေးကတော့ ၁၀နှစ်ခန့်ဘဲ ရှိသေးသည် ။ သူတို့နှစ်ဦးတည်းနေထိုင်ရာကို ကျွန်မသွားရောက်တည်းခိုခဲ့သည် ။ ကလေးတွေက ချစ်စရာလေးတွေမို့ ကျွန်မနဲ့ အချိန်တိုတွင်းမှာပဲ ခင်မင်သွားခဲ့ကြသည် ။ တစ်နေ့တော့ ကလေးနှစ်ယောက်နဲ့ ကျွန်မ MRTစီးကာ sentosa သို့ ချီတက်ခဲ့သည် ။ MRT ပေါ်ရောက်တယ်ဆိုရင်ဖြင့် သားကြီးက တစ်ယောက်ကျော်မှာထိုင်နေသည့် ကျွန်မကို လက်တို့လာပါသည် ။ ကျွန်မကလည်း ဘာလည်းသားကြီးဆိုသည့် သဘောဖြင့် မျက်စပစ်လိုက်တော့ ပိုက်ဆံအိတ်တစ်ခုကို ထောင်ပြပါသည် ။ ကျွန်မစိတ်ထဲ သားကြီး ဘာလုပ်မလည်းဆိုတာကို သိချင်သည်မို့ အသာကြည့်နေလိုက်သည် ။ ကျွန်မတို့လိုရာကိုရောက်တော့ MRT ပေါ်ကနေဆင်းတယ်ဆိုရင်ဘဲ သားကြီးက လက်မှတ်ရောင်းသော နေရာသို့ ဦးတည်သွားပါသည် ။ ဒီချိန်ထိ သူနောက်ကနေ အသာလိုက်လာခဲ့သည် ။ ဒီမှာဘဲ သူကောက်ရထားသည့် ပိုက်ဆံအိတ်ကို သက်ဆိုင်ရာလူကြီးကို အပ်လိုက်သည် ။ ကျွန်မအရမ်းအံ့သြသွားခဲ့ရသည် ။ ဘာလို့လည်းဆိုတော့ သက်ဆိုင်ရာကိုအပ်ချိန်မှာ လူကြီးက ပိုက်ဆံအိတ်ကိုဖွင့်ကာ စစ်ဆေးသည် ။ ဒီမှာဘဲ အိတ်ထဲပါသော အရာတွေကို ကျွန်မမျက်ဝါးထင်ထင်တွေ့ရှိလိုက်ရပါ၏
။အမေရိကန်ဒေါ်လာအရွက် 50ခန့် နှင့် အတူ စင်ကာပူဒေါ်လာအရွက်တော်တော်များများပါရှိနေသည် ။ သားကြီးက MRTပေါ်မှာထဲက ပိုက်ဆံအိတ်ထဲ ပါတာတွေကို သိရှိနေပြီးသားပါ ။ ပါးစပ်အိတ်ကို အပ်ပြီးချိန်မှာတော့ အနီးနားမှာ ရှိနေကြသည့် လူအများက လက်ခုပ်တွေတပြိုင်တည်းတီးလိုက်သည်မှာ ကြက်သီးထလောက်အောင်ကို ကြည်နူးဂုဏ်ယူစရာကောင်းနေခဲ့သည် ။ 
အိတ်ကိုအပ်ပြီး ထွက်လာတော့ သားကြီးကို ကျွန်မမေးမိသည် ။
*သားဒီလောက်များတဲ့ ငွေတွေကို သားက မလိုချင်ဘူးလား *

*မလိုချင်ပါဘူး အန်တီခိုင်ရာ ။ ဖေဖေက အမြဲပြောတယ် ။ သူတပါးပစ္စည်းကို ဘယ်တော့မှ အချောင်မယူချင်နဲ့တဲ့ ။
အချောင်ရတာကို မက်မောရင် အချောင်သမားစိတ်တဖြေးဖြေးနဲ့ ၀င်လာတတ်တယ်တဲ့ ။နောက်ပြီး နိုင်ငံခြားမှာက နေရာတိုင်း ကင်မရာတွေ ရှိတယ်အန်တီခိုင် ။ ပိုက်ဆံအိတ်ပျောက်သွားတဲ့သူက ဒီလောက်ငွေအများကြီးဆို ပြန်လာရှာမှာပဲလေ။ရှာပြီဆို ကင်မရာတွေကို ပြန်ကြည့်တယ် ။ သားတာ ယူထားမိရင် သားပုံကိုတွေ့ပြီး သားကိုအထင်သေးမှာပေါ့ ။ ဖေဖေပြောသလို သားအချောင်သမားဖြစ်သွားမှာပေါ့ ။ အချောင်သမားဆိုတာကြီး မဖြစ်ချင်ဘူး ။ ဒါကြောင့်ပြန်ပေးလိုက်တာ *

ကျွန်မသဘောကျ ကျေနပ်စွာ သားကြီးခေါင်းကိုဖွဖွလေး အုပ်ခါ လှုပ်ယမ်းလိုက်မိသည် ။သားကြီး ပြုံးနေသည် ။ ထိုအပြုံးသည် အောင်နိုင်သူအပြုံး ၊ ကြည်နူးခြင်းအပြုံး ။ တကယ်တော့ လက်ဦးဆရာ မိ နဲ့ ဖ ဆိုသည့်စကားဟာ သိပ်ကို မှန်ကန်လွန်းလှပါသည် ။ ဒီနေရာမှာ ကလေးနှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင်ဖြင့် ပထမ အိုင်ပတ်ကို ကောက်ရလို့ ယူသွားသည့် ကလေး နှင့် ပိုက်ဆံအိတ် ကောက်ရပေမယ့် ပြန်ပေးသည့်ကလေးတို့၏ ကပတိဖြူစင်ခြင်းသည် တူတူရှိနေမှာပါ ။ အရောင်ဆိုးသူနှင့်တူသော မိဘ ပတ်ဝန်းကျင်တို့ကြောင့် ကလေးတွေရဲ့ အရည်သွေး တွေးခေါ်ဆင်ခြင်နိုင်မှု့တွေ ကွာခြားသွားကြရခြင်းဖြစ်သည် ။ ကလေးတွေ လူမှန်းသိတတ်စအရွယ်ကတည်းက အစပြုလို့ ကောင်းမွန်သော လုပ်ရပ်တွေ ၊ အပြောဆို ၊ အပြုမူတို့ကိုသာ မိဘတွေနှင့် ပတ်ဝန်းကျင်က သင်ကြားပေးသင့်သည် ။ ငါ့သားလေး ၊ ငါ့သမီးလေး ဆဲနေတာ မပီကလာ ပီကလာနဲ့ ချစ်စရာလေးဆိုတဲ့ အယူဆမှား ၊ အတွေးခေါ်မှားတွေ ရှိနေရင် အဝေးကိုမောင်းထုတ်ပစ်လိုက်ကြပါ ။ကလေးအရွယ်ဆိုတာ အိုးလုပ်တဲ့ ရွံ့လေးတွေလိုပါပဲ ။ မိမိလိုရာ ပုံဖော်ဖန်တီးနိုင်သည့် အရွယ်လေးတွေပါ။ ဒီအရွယ်မှာ သိတဲ့အသိဟာ အရိုးစွဲအောင် မှတ်မိနေတတ်ကြပါသည် ။ ငယ်စဉ်ကတည်းက အသိများ ပညာများ ဗဟုသုတများအောင် ဆောင်ကျဉ်းပေးဖို့က မိဘတာဝန်ပါ ။မိမိရင်သွေးငယ်တွေကို ဖန်တီးသူတွေအဖြစ် တည်ရှိပါစေ ။ အဖန်တီးခံလူစားဖြစ်အောင် ပုံသွင်းမှားသူမိဘတွေ မဖြစ်မိစေဖို့ မိဘတိုင်းသတိရှိစေချင်သည် ။မကောင်းတာကို နည်းနိုင်သမျှနည်းပြီး ကောင်းတာတွေကိုများသထက်များများ လုပ်ဆောင်နိုင်အောင် ငယ်ရွယ်စဉ်ကတည်းက သင်ကြား ဆုံးမရမည် ။ လူရယ်လို့ဖြစ်လာပြီဆို အနိမ့်ဆုံးတာဝန်ဖြစ်သည့် ကိုယ့်ဝန်ကိုယ်ထမ်းတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါ။ ဒါမှး ကလေးငယ်တွေရဲ့ ကိုယ်တွင်းသို့ အချောင်သမားစိတ်ဓာတ်တွေ ရောက်မလာနိုင်မှာပါ ။အဓိကအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုစိတ်တွေ အပြည့်ဖြစ်အောင် ၊ အမှား နဲ့ အမှန်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်အောင်  ပြုစုပျိုးထောင်ပေးဖို့ပါပဲ ။ လောကတခွင်ရှိကြကုန်သော မိဘတိုင်း မိမိတို့၏ သားသမီးများအား အလုံးစုံသောအောင်မြင်မှ့ု ၊ သိတတ်လိမ္မာမှု့ ရရှိအောင် ပြုစုပျိုးထောင်နိုင်ကြ သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း…………………။

ခိုင်လေး ( ရွှေတောင် )

ယဉ်ကျေးလိမ္မာဂျာနယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...