Monday, April 21, 2014

မင်းဒင်ရဲ့သက်ခိုင်(၂) အခန်းဆက်ဝတ္ထုရှည် အခန်း(၃၁)


ကျွန်သံသရာလည်နေကြရသူများ။
"စေတီပုထိုးဂူအမျိုးမျိုး၊တို့ဘိုးဘွားတည်ထားပါတယ်၊ရှေးအခါကကွယ်၊ရွှေအိုရွှေမှေး၊ရွှေကိုယ်လေး၊ရွှေသူဌေးတို့လှူခဲ့ပါတယ်၊ဝင်းဝါလို့ထယ်၊၊ဘယ်ဧည့်သည်ငေးမဆုံးတွေးမဆုံးဖွယ်၊ကုန်းကမူလေးထက်ဝယ်၊ထုံးဖြူလေးမပြယ့်တပြယ်၊တန်ဆောင်ပြဿဒ်ကျောင်းဇရပ်တွေနဲ့ ကောင်းမြတ်မနသီ၊ရွှင်ကြည်မနော၊ရေကြည်လျှံမြကန်အလှဝယ်၊ညနေညို၊နှမမေပျိုရေချိုခပ်တယ်၊အိုးစည်ဗုံမောင်းခြိမ့်ခြိမ့်ညောင်းလို့ရယ်။ဘယ်သူတွေဖျက် မပျက်ခဲ့ပါ၊ ကမ္ဘေ၊ကမ္ဘာဝယ် အလှူရေစက် လက်နဲ့မကွာ စေတနာကြွယ် သဒ္ဓါမချို့လေတယ် ၊မြန်မာတို့မြေနယ်၊ ပသာဒတွေမယွင်းမစောင်း၊သဘာဝအခြေ အတင်းမပြောင်း အသင်းအပေါင်းကြည့်လေကွယ်၊ကြည့်လေကွယ်၊
သိစေမယ်။ ဟန်မတင်း၊ မာန်မပြင်း၊ ဖန်ဆင်းသည့်ပရိယာယ် မရှိတယ် လာလော့ဧည့်သည်ရှုလော့ဧည့်သည် ကမ္ဘာထုတွင်း ပမာပြုရင်း မြန်မာရှုခင်း မြန်မာ စိတ်ရင်းအစဉ်းသိရမယ်"
"ကိုမင်းဒင်ရယ်၊တော်ပါတော့ဗျာ။နားထောင်လို့တော့ ကောင်းပါရဲ့။ ကျနော်တို့ရောက်နေတဲ့နေရာ၊ဖြစ်နေတဲ့အခြေအနေတွေနဲ့ ဖီလာကန့် လန့်တိုက်နေလွန်းလို့ပါ"
"ခင်ဗျားဗျာ။ သီချင်းဆိုတယ်ဆိုတာ လူ့အခွင့်အရေးဗျ"
ကိုသက်ခိုင်မောင်းနေသော ကားပေါ်မှာ သူ့ဘေးက ထိုင်လိုက်ရင်း မွေးရပ်မြေအလွမ်းဖြေသီချင်းတပုဒ်ကို ကျနော်ခပ်တိုးတိုးညည်းဆို နေခြင်းအား ကိုသက်ခိုင် ရုတ်တရက်ဟန့်လိုက်သဖြင့် ကျနော့်သီချင်းမှာ ဆုံးခန်းမတိုင်လိုက်တော့ချေ။လူရင်းမို့ စိတ်ဆိုးရန် အကြောင်း မရှိသော်ငြား အနည်းငယ် အောင့်သည်းအောက်သက်ဖြစ်ရသည့်အတွက် ကျနော်သူ့ကို ခွန်းတုန့်ပြန်အငေါ်တူးလိုက်ခြင်းဖြစ်သည်။
"အေးပါဗျာ။လွန်တာရှိရင်၊ဝန္ဒာမိပါ။ ကျနော်တောင်းပန်ပါတယ်။ သို့ပေသည့် ကျနော်တို့ရောက်နေတဲ့နေရာဟာ ဗမာတွေအတွက် လူ့အရေး မပြောနဲ့။ ခွေးအခွင့်အရေးလောက်တောင် မရှိတာမို့ ခင်ဗျားဆက်ဆိုမဲ့ ရေကြည်လျှံမြကန်အလှဝယ်၊ညနေညို နှမမေပျို ရေချိုခပ်တယ်၊ အိုးစည်ဗုံမောင်းခြိမ့်ခြိမ့်ညောင်းလို့ ရယ်ဆိုတဲ့ စာသားကို ကျနော်ဆက်မကြားချင်တော့လို့ပါ"
"အော်၊ဒါဆို သီချင်းရေးတဲ့ စန္ဒယားဦးလှထွဋ်ဟာ အလွဲတွေများ ရေးထားခဲ့လို့လားဗျာ"
"ဒီသီချင်းမှာ တေးရေးဆရာရော မူရင်းအဆိုရှင် ကိုဝင်းဦးကော ဘာမှပြောစရာမရှိလောက်အောင် ပြီးပြည့်စုံနေတာမှန်ပါတယ်။ ခက်နေတာက ဒီသီချင်းဟာလက်ရှိတိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့တော့ တော်တော့်ကို အံချော်နေပြီလို့ပြောရမယ်ဗျ။ ဘာတဲ့၊ ပသာဒတွေမယွင်းမစောင်း၊သဘာဝအခြေ အတင်း မပြောင်းတဲ့ ဟုတ်လား။ပြောင်းလိုက်တဲ့ သဘာဝရေမြေတွေ တောင်တွေတောင် တွင်းဖြစ်ကုန်တဲ့အထိ။နောက်ရှိသေးတယ်။ အိုးစည်ဗုံ မောင်းခြိမ့်ခြိမ့် ညောင်းဖို့နေနေသာသာ၊ လယ်သိမ်းမြေသိမ်းနဲ့ ဒုက္ခတွေပင်လယ် ဝေနေတာ မမြင်ချင့်အဆုံး "
"အော်။ ကိုသက်ခိုင်ရယ် သီချင်းကို သီချင်းလိုသာ နားထောင်ကြ၊ဆိုကြညည်းကြတာ ဓမ္မတာပါဗျာ"
"အေးပေါ့ဗျ။ အဲဒီဓမ္မတာသဘောထဲမှာ ပျော်ပျော်ကြီးနစ်နေခဲ့ကြလို့ ကျုပ်တို့ဗမာတွေ ယိုးဒယားမှာလာပြီး ကျွန်သံသရာလည်နေကြတာ ပေါ့"
"အော် အော်။ဟုတ်ပြီ။ဟန်ကျလိုက်လေ။ စောစောက စကားပြတ်သွားတာမတဲ့ ကျွန်သံသရာဆိုတာ သေချာဆက်ရှင်းပါ အုံးဗျာ"
"ရှင်းပါ့မယ်ဗျာ ခဏစောင့်ပါအုံ။း ချက်ဖို့ပြုတ်ဖို့ ဟင်းစားလေး သွားဝယ်လိုက်ကြရအောင်။ပြီးမှ ကျွန်ဇာတ်ခင်းကြတာပေါ့"
ကိုသက်ခိုင်သည် ကားကို ဝထစ်အရပ်မှသည် စဖန်ဟင်းကမ်းခြေသို့ ဦးတည်မောင်းနှင်နေ၏။ညနေစောင်းအချိန်လမ်းမတွေပေါ်မှာ ကားတွေပြည့်ညပ်နေသောကြောင့် အရှိန်နှင့်မောင်း၍မရချေ။အချို့နေရာများတွင် တဘီးချင်းလှိမ့်နေရသည်မို့ စကားပြောချိန်ရသည်။
"ကိုသက်ခိုင် ဒီမြို့က ကားသစ်တွေတော်တော်ပေါတဲ့မြို့ဗျာ။ ကားအဟောင်းတွေမူးလို့တောင် ရှူစရာမရှိ။ မြင်ချင်လို့တောင် မမြင်ရတဲ့ မြို့ပဲဗျ။ဒီကြားထဲ ဆိုင်ကယ်တွေပေါချက်ကတော့ အိမ်ပေါက်စေ့အလကား လျှောက်ဝေထားရော့သလားအောက်မေ့ရတယ်"
"အေးလေ။ ဒီနိုင်ငံမှာ ကားတို့ဆိုင်ကယ်တို့ဝယ်စီးတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ကားအသစ်စီးချင်သလား ကား ဟောင်း စီးချင်သလား။ကားဟောင်းစီးချင်ရင် ဗမာငွေ ဆယ်သိန်းလောက်လက်ငင်းချေ၊ဗမာငွသုံးသိန်းဝန်းကျင် လစဉ်အရစ်ကျသွင်းနိုင် ရုံနဲ့ စီးနိုင်ပါ့ဗျာ။ ကားအသစ်စီးချင်ရင် ကားဟောင်းကို ပြန်ရောင်းလို့ရတဲ့ငွေနဲ့ ကားအသစ်အတွက် ပထမဆုံးအရစ်လက်ငင်း ငွေချေ လိုက်ရုံပဲ။ပရိုမိုးရှင်းအနေနဲ့ ဒစ်စကောင့်ချချိန်များဆို ဗမာငွေ ဆယ့်ငါးသိန်း၊ထိုင်းဘတ်ငါးသောင်းလောက်နဲ့တောင် စီးနိုင်ပါ့ဗျာ။ ဆိုင်ကယ်စီးချင်သပဆိုရင် ဗမာငွေသုံးသိန်းလောက်သာ လက်ငင်းချေလိုက်။ နောက်ဆုံးပေါ်မော်ဒယ် ဆိုင်ကယ်အသစ်စက်စက် ကိုလစဉ်အရစ်ကျငွေချေစံနစ်နဲ့ရနိုင်ပါ့ဗျာ။ဗမာပြည်မှာလိုအတိုးနှုန်းလည်းမကြီးဘူး။ရှုပ်ထွေးတဲ့ဘဏ်စံနစ်တွေလည်းမရှိဘူးဗျာ။ကျနော်လို ငပါမွှားတောင် တိုယိုတာကုမ္ပဏီကနေယုံကြည်စိတ်ချရတဲ့ဖောက်သည်စာရင်းသွင်းပြီး နောက်ထပ်ကားဝယ်ချင်သပဆိုရင် ဘတ်သန်းချီ တန်တဲ့နောက်ဆုံးပေါ်ကား ငါးစီးကို ဘာအာမခံချက်မှမပါပဲ၊ကျနော့်လက်မှတ်တချက်ထိုးရုံနဲ့တကြိမ်တည်း ရောင်းပေးနိုင် ပါတယ် လို့တောင် ကမ်းလှမ်းခံရဖူးသဗျ"
"ကျနော်တို့နိုင်ငံနဲ့များ ကွာချက်ကိုသက်ခိုင်ရာ"
"ကွာမှာပေါ့ဗျာ။ ကန်တော့ပါရဲ့။အနှစ်ငါးဆယ်ကျော် သောက်တလွဲစံနစ်ကြီးနဲ့ ပျော်ပျော်ကြီးစခန်းသွားခဲ့တာကိုး။ ခင်ဗျားမှတ်ထား ပေတော့။ လူတစ်ဦးချင်း၊ လူအဖွဲ့အစည်းနဲ့ နိုင်ငံအသီးသီးမှာ အောင်မြင်မှုရဲ့ အခရာအကျဆုံးအချက်ကို တခွန်းတည်းနဲ့ပြောပါဆိုရင် စံနစ် လို့ ပြောလို့ရတယ်ဗျာ"
"ခင်ဗျားဥစ္စာ လူမှာပါ စံနစ်လိုသတဲ့လား။ဘယ်လိုပါလိမ့်"
"ဒီလူ့နှယ်၊ရှင်းနေတာကို ရှုပ်အောင်ထပ်မေးနေပြန်ပါပြီ။လူမှာ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားကို ရရှိခံစားနိုင်ဖို့ နေထိုင်ပြုမူစားသောက်တာတွေဟာ နည်းစံနစ်မကျပဲ ဘယ်မှာလာ ဖြစ်နိုင်ပါ့မတုန်း။အဖွဲ့အစည်းတစ်ခုအောင်မြင်ရာအောင်မြင်ကြောင်း တိုးတက်ကြီးပွားကြောင်းဟာလည်း နည်းစံနစ်မှန်မှသာ ဖြစ်နိုင်တာမျိုးပဲ။နိုင်ငံတခုအတွက်ဆို စံနစ်က ပိုတောင် အရေးကြီးသေးဗျာ။ မြန်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ်စံနစ်တို့၊စည်းကမ်းပြည့်ဝသောဒီမိုကရေစီတို့ ဆိုတဲ့ စကားလုံးတွေတွင်တွင်သုံးပြီး တဖက်က ကိုယ်ကျိုးတွေ ကိုယ်စီရှာလိုက်ကြတာ ဗမာပြည်ကြီးရေစုန်မျောခဲ့ပါပေါ့လား။ဒီတော့ ခေတ်ပြောင်းနေပါပြီလို့ ခင်ဗျားက ဆိုအုံးမယ်။ ခေတ်ပြောင်းဖို့အဓိကအချက်ကလည်း စံနစ်မှန်တစ်ခုကို ပြောင်းနိုင်ပါမှ။ အဲဒီစံနစ်မှန်နဲ့သွားဖို့အဓိက အချက်ကလည်း အုပ်စိုးသူအလို ကျ စိတ်ထင်တိုင်း ရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒေမျိုးနဲ့ ဘယ်မှာလာ အလုပ်ဖြစ်ပါ့မတုန်း။တကယ်တော့ ကျနော်ဟာ နိုင်ငံအရေး ကိစ္စတွေမှာ သဘောထားတင်းမာလှသူမဟုတ်ပါဘူး။
ကိုယ်ကိုယ်၌ကလည်း ဘာကောင်မှမဟုတ်တာမို့ တင်းမာစရာအကြောင်းလည်း မရှိပါဘူး။နဝတ အာဏာသိမ်းခါစမှာ စစ်ဗိုလ်ချုပ်တွေ လနဲ့ချီပြီး အိမ်တောင်ပြန်မအိပ်နိုင်ကြတာ၊အရေးပေါ်အစည်းအဝေးတွေ ဆက် တိုက်လုပ်နေခဲ့ကြတာကို ကျနော်ကိုယ်တိုင်မျက်မြင်ဖြစ်ခဲ့တာမို့ ..အော်၊ ဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့သိသလောက် မှတ်သလောက် နည်းလမ်းတွေနဲ့ ယိုယွင်းနေတဲ့တိုင်းပြည်ကို အဖတ်ဆယ်နေကြတာပဲ လို့တောင် တွေးတောလက်ခံခဲ့တဲ့သူပါ။ဒါပေမဲ့ ရွှေကိုယ်တော် တွေလုပ်နည်းလုပ်ဟန်နဲ့ခံယူချက်မှန်မမှန် အနှစ်သုံးဆယ်နီးပါးအကြာမှာ စာရင်းပြန်ချုပ်ကြည့်လိုက်တော့ စစ်ဗိုလ်ချုပ်မှန်သမျှ ဆယ်သက်စားမကုန်အောင် ချမ်းသာပြီး လူထုကတော့ တဲကုပ်ထဲက မထွက်နိုင်ရုံမက လယ်တွေယာတွေပါ အသိမ်းခံရတဲ့အထိ ဖြစ်ကုန်လေရဲ့ဗျာ။အဆိုးတကာ့အဆိုးဆုံးကတော့ မြစ်ဆုံစီမံကိန်းလို၊ကျောက်ဖြူကူမင်းရေနံပိုက်လိုင်းစီမံကိန်းတွေကို ကြည့်ဗျာ။ အာဏာမြဲရင် ဘာမဆိုအကုန်လုပ်၊မဲမဲမြင်ရာလက်ညှိုးထိုးရောင်းပြီး ဆင်ခြင်တုံးတရားမဲ့၊ကိုယ်ကျိုးရှာခဲ့တဲ့အခိုင်မာဆုံးသက်သေပါပဲ"
ထိုနေ့က ကိုသက်ခိုင်ကို ကျနော်အကဲခတ်ရသည်မှာ ဗမာပြည်ကြီး၏ ပစ္စက္ခဖြစ်ရပ်များအပေါ် ပြင်းထန်သောခံစားချက်များ ဖြစ်ပေါ် နေဟန်ရှိသည်။ သူ့ စကားတို့သည်တောင်စဉ်ရေမရဖြစ်နေသည်ဟုကျနော်ထင်သည်။ကျနော်ငြိမ်သက်စွာ နားစွင့်နေသည်ကို သတိပြုမိ သော ကိုသက်ခိုင်သည် သူ့စကားကို တွင်တွင်ကြီးရှေ့ဆက်နေပြန်၏။
"အခုလက်ရှိအခြေအနေကိုကြည့်ဗျာ။ စစ်ဗိုလ်တချို့လွှတ်တော်ထဲရောက်နေတာ၊ယူနီဖောင်းချွတ်ပြီး လွှတ်တော်အမတ်တွေ၊ဝန်ကြီးတွေ ဖြစ်နေတာကို အချိန်အတိုင်းအတာ တခုအထိ လက်ခံရမယ်ဆိုတာ ကျနော်နားလည်ပါတယ်။ဒါပေမဲ့ဗျာ။ လူထုအသိအမြင်မရှိသေးလို့ စစ်ဗိုလ်တွေအနေနဲ့ ပညာပေးသွန်သင်ဆုံးမနိုင်အောင် လွှတ်တော်ထဲရောက်နေကြရတယ်ဆိုတာမျိုး၊လွှတ်တော်ထဲက စစ်ဗိုလ်အမတ် တွေက ပြောသတဲ့ဗျာ။ပြည်ထောင်စု ဝန်ကြီး အဆင့်ရှိတဲ့သူ ကလည်း စစ်ဗိုလ်တွေရွှေထီးဆောင်းခဲ့တဲ့ခေတ်က အကျင့်အတိုင်း တွေ့တဲ့လူ ပါးရိုက်မယ်လုပ်တုန်း။အဆိုးဆုံးက ရန်ကုန်တိုင်း ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးကနေ တိုင်းပြည်ချွတ်ချုံကျရတာဟာ အစိုးရက လူထုကို အလိုလိုက်လွန်းခဲ့လို့ ဆိုတာမျိုး တွေဖတ်ရကြားရ ဖန်များတော့၊ ချက်ချင်းသာ လဲသေချင်စိတ်ပေါက်တော့ တာပဲဗျာ။ လိုရင်းအချက် ပြောရရင် ရှေ့ဆက်မဲ့ခရီးမှာ ဒီလိုလူမျိုးတွေနဲ့ တော့ အလုပ်မဖြစ်နိုင်ဘူး။ဘာကြောင့်လဲ။သူတို့ဟာ စံနစ်မှားကြီးရဲ့ အတွေးအခေါ် အမှားတွေကို ဆက်ပြီးဆုပ်ကိုင်ထားဆဲဖြစ်တယ်။ စံနစ် မှန်တခုရဲ့လမ်းကြောင်းမှန်အတိုင်း လိုက်ပြီးလျှောက်နိုင်တဲ့သူတွေ မဟုတ် ဘူး။ဗမာပြည် ကြီးပွားတိုးတက်လာစေမဲ့ စံနစ်ကောင်းတခုကို အကောင်အထည်ဖော်နိုင်မဲ့သူတွေမဟုတ်ဘူး။ စစ်ဗိုလ်ချုပ်အားလုံးကို မရည်ညွန်း ပေမဲ့ သေချာတဲ့အချက်ကတော့ ဗမာပြည်အခြေအနေမှန်ကိုသိပြီး ဗမာပြည်ကြီးလူရာဝင်ပြန်ဝင် စေချင်တဲ့ ယူနီဖောင်းချွတ် အရေအတွက် ဟာ အင်မတန်နည်းလွန်းလှတယ်"
ကိုသက်ခိုင်၏စကားစ ဤနေရာသို့အရောက်တွင် ကိုသက်ခိုင်သည်ကျနော်တကြိမ်မျှ မရောက်ဖူးသော စဖန်ဟင်းကမ်းခြေနှင့် ချောင်းတစ်ခုခြားနေသည့် လမ်းသွယ်တခုအတွင်းသို့ ကားကို ချိုးကွေ့ဝင်လိုက်သည်။ကိုသက်ခိုင် ဤနေရာနှင့်ရင်းနှီးကျွမ်းဝင်နေ ဟန်ရှိသော်ငြား ကျနော့်အတွက်မူနေရာအသစ်၊မြင်ကွင်းအသစ်ဖြစ်နေ၏။လမ်းငယ်နှင့်ကပ်လျက်ရှိသောချောင်းငယ်ထဲတွင် ငါးဖမ်းလှေ များဆိုက်ကပ်ထားပြီး အခြားတဖက်တွင်မူ ရင်စို့ခန့်မြင့်သော ကွန်ကရစ်ခုံများဖြင့်စံနစ်တကျတည်ဆောက်ထားသည့် ဈေးဆိုင်တန်းရှည် တစ်ခုကို တွေ့ရသည်။အအေးခန်းများကို ဖြတ်ကျော်ခြင်းမပြုရသေးသည့် လတ်ဆတ်သောငါးပုဇွန်နှင့်ပင်လယ်စာများ ရောင်းရာ ငါးစိမ်းတန်းပေတကား။ ကိုသက်ခိုင်သည် ကားပေါ်မှ ရုတ်တရက်ဆင်းကာ ထိုင်းစကားကို ထိုင်းလူမျိုးတစ်ဦး၏လေသံနှင့် ကျွမ်းကျင် စွာပြောဆိုလျက် ဈေးမေး ဈေးဆစ်ရင်း ပုဇွန်ထုတ်ကြီးတချို့၊ခတ်လတ်လတ်အရွယ်ငါးနှစ်ကောင်တို့ကို ဝယ်ကာ ကားပေါ်ပြန်တက် လာသည်။ထို့နောက်တွင်မှ ကားကို နောက်ကြောင်းပြန်လှည့်၍ ဆိုခဲ့သောချောင်းငယ်ကိုဖြတ်ကျော်ကာ ပင်လယ်ကဗွီးပင်တို့ဖြင့် သာယာရှုဖွယ်မောဖွယ်ဖြစ်နေ သည့် စဖန်ဟင်းကမ်းခြေသို့ရောက်လေ၏။ကိုသက်ခိုင်သည် ပင်လယ်ကမ်းစပ်တွင် အစီအရီချထားသော ကျောက်တုံးကြီးတစ်ခု ပေါ်တွင်ထိုင်ကာ ပင်လယ်ပြင်ဘက်သို့ ငေးမျှော်ကြည့်ရှုနေ၏။ကမ်းခြေမှ တဖာလုံခန့်အကွာအဝေးရှိ ပင်လယ်ပြင်တွင် လှေပျက်ကြီး တစ်စင်းနစ်မြှုပ်နေလေရာ ရေပြင်ကျယ်ကြီးတွင် အဆုံးသတ်သွားသောမိုးကုပ်စက်ဝိုင်းနှင့် တွဲဖက်လိုက်လျှင် လက်ရာမြောက်ပန်းချီ ကားတချပ်နှင့်တူဘိတော့သည်။မကြာမီမိနစ်ပိုင်းကပင် ကရားရေလွှတ်စကားတွင်တွင်ဆို နေခဲ့သော ကိုသက်ခိုင် သည်အတန်ကြာနှုတ်ဆိတ်နေ ပြန်လေရာ ကျနော့်မှာ စကားမရှိစကားရှာလျက် နှစ်ယောက်အကြားရှိ တိတ်ဆိတ်ခြင်းကို ဖြိုခွဲနိုင်ရန် အားထုတ်မိပြန်၏။
"ကိုသက်ခိုင် ဒီငါးနဲ့ပုဇွန်တွေ ဒီလိုနေရာမျိုးမှာ ရောင်းနေတာ ဘယ်လိုလုပ်ခင်ဗျားရှာတွေ့သလဲဗျာ။ကျနော်လည်း နောင်ဆို ဒီမှာ လာဝယ် ရမယ်။ စူပါမားကတ်တွေက အအေးခန်းတွေထဲမှာအချိန်အကြာကြီး သိုလှောင်ထားပြီးရောင်းနေကြတဲ့ အသားတွေ၊ရယ်ဒီမိတ် အထုတ်တွေကို ကျနော် စိတ်ကုန်လှပြီဗျာ။ကြာလေမသတီလေပဲ"
"ဒီနေရာသိတာ ဘာမှ မဆန်းပါဘူးဗျာ။ မျက်စိဖွင့်နားဖွင့်လေ့လာစူးစမ်းတဲ့အကျင့်ရှိရင် ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ဖူးခက်က နိုင်ငံခြားဧ ည့် လမ်းညွှန်လိုက်ပြသမျှ နောက်ကနေ လျှောက်လိုက်နေရုံနဲ့တော့ ဘယ်သိနိုင်ပါ့မတုန်း။စောစောက စကားနဲ့ ပြန်ဆက်ရရင် ဗမာစစ်ခေါင်း ဆောင်တွေ နိုင်ငံတကာကို သွားလေ့လာရာမှာ ကော်ဇောနီပေါ်ဖြတ်လျှောက်ပြီး သူတို့ လိုက်ပြသမျှ ပါးစပ် အဟောင်း သားနဲ့ တအံ့ တသြဖြစ်၊တည်ခင်းတဲ့ညစာစားပြီးပြန်လာတာမျိုးနဲ့တော့ ဗမာပြည်နာလန်ပြန်ထူဖို့မလွယ်ပါဘူး"
"ကိုသက်ခိုင် ခင်ဗျား ဒီနေ့ နေလို့ကောင်းရဲ့လား။ ခင်ဗျား စကားတွေက တောရောက်တောင်ရောက်ဖြစ်နေသလိုပဲ။ ကျနော်ညည်းခဲ့တဲ့ သီချင်း၊ကားနဲ့ဆိုင်ကယ်၊ နိုင်ငံတခုရဲ့စံနစ် ၊လူတိုင်းမသိတဲ့ငါးစိမ်းတန်း ကျနော့်စိတ်ထဲတော့ အဆက်အစပ်မရှိ သလိုဖြစ်နေတယ်"
"ကျနော်နေကောင်းပါတယ်ကိုမင်းဒင်။ အဆက်အစပ်လည်းမမဲ့ပါဘူး။ ဒါတွေကိုနိဒါန်းဆင်နေရတာဟာ ခင်ဗျားသိချင်တဲ့ ဗမာတွေ ကျွန်သံသရာလည်နေရတာကို အလွယ်ဆုံးအတိုဆုံး အရိုးရှင်းဆုံး ခင်ဗျားနားလည်သဘောပေါက်အောင် အစပျိုးနေခဲ့တာပါ"
"အော် ဟုတ်ပြီ လုပ်ပါအုံးဗျ။ဘယ်လိုများ သံသရာလည်ကြသတုန်း"
ကျနော့်အမေးအဆုံး စဖန်ဟင်းကမ်းခြေတနေရာရှိ တခုသောကျောက်တုံးကြီးပေါ်တွင်ထိုင်ရင်း ကိုသက်ခိုင်တယောက် စိတ်ရှည် လက်ရှည်ဖြင့်ဖွင့်ဆိုရှင်းပြခဲ့လေသော ဗမာ့ကျွန်သံသရာဇာတ်လမ်းမှာ အောက်ပါအတိုင်းဖြစ်လေ၏။
"ကျနော်ပြောခဲ့သမျှ ပြန်ပြီးဆက်စပ်ရရင် ငါးပုဇွန်လတ်လတ်ဆတ်ဆတ်တောင် ဘယ်နေရာမှာ ရှာဝယ်ရမှန်းမသိတဲ့လူတွေ အုပ်ချုပ်နေတဲ့တိုင်းပြည်ဗျ။ဟိုးတခေတ်တခါက အာရှတိုက်မှာ ကြွယ်ဝချမ်းသာပြီး အိုးစည်ဗုံမောင်းသံညံနေတဲ့ခေတ်ဟာ သီချင်းထဲမှာသာ ရှိပါတော့တယ်။ဗမာပြည်သူအများစုဟာ လက်ကိုင်ဖုံး၊ဆိုင်ကယ်၊မော်တော်ကား၊နေစရာအဆောက်အဦတွေ ပြည့်စုံဖို့ နေနေသာသာ၊ စားဖို့ဝတ်ဖို့ အလျဉ်မီအောင် နေ့ရောညပါ ယောင်မီးထွန်းရှာနေကြရတယ်။ဒါဟာ ဗမာပြည်မှာ စစ်ဝါဒစံနစ်ဆိုးကြီး ထွန်းကားခဲ့လို့ပေါ့။ စံနစ်မှား နေခဲ့လို့ပေါ့။ ဟော ၊ခေတ် ပြောင်းစံနစ်ပြောင်းတော့မယ်လည်းဆိုရော မတော်မတရားတဲ့ နည်းမျိုးစုံ နဲ့ရရှိ ခံစားနေကြတဲ့ အခြေအနေကို လက်မလွတ်ချင်တာကြောင့် ခေတ်ဟောင်းကို ပြန်သွားချင်တဲ့ ရွှေအိုရွှေမှေး ရွှေကိုယ်လေး၊ရွှေသူဌေး စစ်ဗိုလ်ချုပ်တွေကလည်းဒုနဲ့ဒေး။အတိုက်အခံခေါင်းဆောင်အများစုကလည်း လူထုအသိအမြင်တိုးလာအောင် ဦးတည်ချက်ကောင်း တစ်ခုရှိရာကို တည့်တည့်မတ်မတ်လမ်းမညွန်နိုင်ကြပြန်ဘူး။အပြန်အလှန်အပုပ်ချ၊အပြောင်းအလဲကြားမှာရနေတဲ့ မည်ကာမတ္တ အခွင့် အရေးလေးကို အဟုတ်ထင်ဇိမ်ယစ်ပြီးအချိန်ကုန် နေကြပြန်ရော။
ဗမာပြည်ကြီးမှာ အခုလက်ရှိအချိန်အထိ အစိုးရကသခင်၊လူထုက ကျွန် ဖြစ်နေဆဲပါပဲ။ပြည်တွင်းမှာကျွန်သံသရာလည်တာတော့ ခင်ဗျား လည်းဗမာလူမျိုးတစ်ယောက်မို့ ကျနော်အကျယ်မရှင်းတော့ပါဘူး။ဗမာတပြည်လုံးတရုတ်လက်ထဲ ထိုးမအပ်ခဲ့ရတာကံကောင်း တယ်မှတ်ဗျာ။ယိုးဒယားလိုနေရာမျိုးမှာ ကျွန်သံသရာလည်တာကိုတော့ ခင်ဗျား သိစေချင်တယ်။ တကယ်တော့ ကျနော့်တို့လူမျိုးရဲ့ အမျိုးဂုဏ်ဇာတိဂုဏ်ဆိုတာ ဟိုးအဝေးကြီးမှာ ကျန်ရစ်ခဲ့ပါပြီ။ငါဟာ ဗမာပါလို့ ရင်ကော့ပြီးမပြောနိုင်ကြတော့ပါဘူး။ ဘယ်နိုင်ငံရောက် ရောက် ဗမာပါလို့ ဆိုလိုက်တာနဲ့ အထင်အမြင်သေးတဲ့မျက်နှာပေးတွေနဲ့ ၊သူတောင်းစား ကယ်ပါ တွေကိုကြည့်သလို နှစ်ပြားမတန် အောင် အကြည့်ခံရတာ ပြည်ပရောက်ဗမာတွေ အသိဆုံးပါဗျာ။အထူးသဖြင့် ထိုင်းနဲ့မလေးရှားပေါ့။
တကယ့်အားကောင်းမောင်းသန်အရွယ်ကောင်း၊ဗမာပြည်ကြီးကို စည်ပင်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်တဲ့ လူငယ်လူရွယ်တွေသန်းချီပြီး ထိုင်းနဲ့မလေးရှားမှာရောက်နေကြလေရဲ့။သွားလဲသွားနေကြတုန်း။ဗမာပညာတတ်လူငယ်တချို့က စင်္ကာပူဘက်ခြေဦးလှည့်ကြသလို၊ ဟောင်ကောင် လိုနိုင်ငံမျိုးဆို အိမ်ဖော်အလုပ်အတွက် ဘွဲ့ရဗမာအမျိုးသမီးတွေတောင် စေလွှတ်ကြသတဲ့။ဗမာဆိုရင် အိမ်ဖော်နဲ့ကူလီ ချည်းပဲလို့ မြင်ကုန်ကြပြီဗျာ။ဗမာပြည်မှာကျန်ရစ်ခဲ့တဲ့ အရွယ်မရောက်သေးတဲ့ခလေးတွေ ၊အိုကြီးအိုမတွေ၊အာဏာရူးတွေနဲ့ ဘယ်လိုလုပ် ပြန်လည်ထူထောင်ကြ မတုန်း။ကျနော်စကားဟာ အစွန်းရောက်တယ်လို့ခင်ဗျားမထင်ပါလေနဲ့။တိတိကျကျပြောရရင် မော်လမြိုင်နားက ကျောက်တန်းရွာရဲ့ လူဦးရေ ခုနစ်ဆယ်ရာခိုင်နှုံးဟာ ဖူးခက်မှာရောက်နေကြလေရဲ့။အဲဒီရွာရဲ့ကောင်စီဥက္ကဋ္ဌဟောင်းတောင် ဖူးခက်မှာ အလုပ်လာလုပ်ဖူးတာ မို့ ကျနော်စပ်စုပြီးမေးမိရာက သိတာပါပဲ။
လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်တုန်းက တောကြီးမျက်မည်းသာသာရှိတဲ့ ဖူးခက်လိုမြို့မျိုးကို မွန်ပြည်နယ်လမိုင်းရွာသားတချို့ ရေကြည်ရာမြက်နုရာရှာရင်း၊စပြီးရောက်လာကြတယ်။အဲဒီအချိန်ဟာ ယိုးဒယားနိုင်ငံကြီး ဖွံ့ဖြိုးစည်ပင်ဖို့ အစပြုနေချိန်၊ဖူးခက်မြို့ကို ကမ္ဘာလှည့်ခရီးသည်တွေစပြီးဝင်လာတဲ့အချိန်မို့ ဖူးခက်ကို ရောက်လာခဲ့တဲ့ မွန်ဗမာတွေ အထိုက်အလျောက်စားဝတ်နေရး ဖူလုံကြ တယ်ဆိုပါတော့။အလုပ်သမားလိုအပ်ချက် မြင့်လာတဲ့အခါ မွန်ဗမာတွေဟာ ဖူးခက်မြို့ဆီကနေ နီးစပ်ရာဆွေမျိုးသားချင်းတွေကို လှမ်းပြီးသံချောင်းခေါက်လိုက်ကြတာ မဟာဗမာတွေအစုလိုက်အပြုံလိုက် ထပ်ပြီးရောက်လာကုန်ကြရော။ တကယ်တော့ ဗမာပြည်က နေ ဖူးခက်ကို အရောက်လာရတဲ့ခရီးဟာ ထင်သလောက် မလွယ်လှပါဘူး။အိမ်ပေါင်ယာပေါင်ပြီး ငွေကုန်ရတဲ့အပြင် ထိုင်းစစ်တပ်၊ ထိုင်းရဲ၊ထိုင်းလူပွဲစားတွေရဲ့ ဖိနှိပ်ညှင်းပန်းမှုမျိုးစုံကို ခံစားဖြတ် ကျော်ပြီးမှ ရောက်လာကြတာပါ။ ဖူးခက်ရောက်ဗမာအများစုဟာထိုင်း လူမျိုးတွေမလုပ်ချင်တဲ့ အိမ်ဖော်၊ ကူလီ နဲ့ပန်းရံတို့လို အလုပ်မျိုးတွေကိုလုပ်ကြရတာပါ။
လူငယ်လူရွယ်ဘဝနဲ့ရောက်လာကြပြီး အနေကြာလာတော့ လူ့သဘာဝ နီးစပ်ရာ မွန်ဗမာထားဝယ် ဖူးခက်မှာဘဲအချင်းချင်းအိမ်ထောင် ရက်သားကျကြ၊သားတွေသမီးတွေ ပွားစီးကြပေါ့ဗျာ။ ဒီတော့ ဒီကလေး ငယ်တွေ လေးငါးနှစ် သားအရွယ်ရောက်တဲ့အခါ ဗမာပြည် ဘက်ကို ဘဝရှေ့ရေး၊ပညာရေးအတွက် အဖိုးအဖွားတွေဆီပြန်တော့ ပို့ကြပါရဲ့။ဒါပေမဲ့ ကလေး ငယ်တိုင်းလိုလိုဟာ ထိုင်းမှာ အထိုက်အ လျောက်အနေအစားချောင်ခဲ့တဲ့ အခြေအနေ၊မိဘနဲ့အတူနေရတဲ့ဘဝကို ခုံမင်ကြတာကြောင့် အများစုဟာ ကျောင်းပညာရေးမှာ စိတ်မ ဝင်စားကြတော့ဘူး။ဒီကြားထဲ ကျောင်းပိတ်ရက်တွေမှာ မိဘတွေက အလည် အပတ်သဘော မျိုးခေါ်ကြပြန်တာကြောင့် ကလေးတိုင်း လိုလိုရဲ့စိတ်ထဲမှာ ငါကြီးလာရင် ဖူးခက်ကိုသွားပြီး အလုပ်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ကိုယ်စီဖြစ်ကုန်ကြရောပေါ့။ အဲဒီကလေးတွေဟာ ဆယ်သုံးလေးနှစ်အရွယ်ခြောက်တန်းခုနစ်တန်းရောက်လာတာနဲ့ စာသင်ကျောင်းကို ကျောခိုင်းပြီး ဖူးခက်မှာရှိတဲ့မိဘတွေ ရဲ့ကျွန်အမွေ ကို ပျော်ပျော်ကြီးဆက်ခံဖို့ ရောက်လာကြရောပေါ့။သူတို့မိဘတွေကလည်း အသက်ငါး ဆယ်ကျော် စိတ်ထင် သလောက်မလုပ်နိုင် မကိုင် နိုင်တဲ့အခြေအနေမို့ သူတို့ဗမာပြည်ကိုပြန်ချိန်မှာ ကျွန်အမွေကို သားသမီးတွေ လက်ထဲ ထည့်ခဲ့ကြတာပါပဲ။
ဒီကလေးတွေ နောက်ဆယ်နှစ် လောက်အနေကြာ၊အရွယ်ရောက်ပြန်တော့ စောစောက ဇာတ်လမ်းအတိုင်း တသွေမတိမ်း ကျွန်ဇာတ်ရှည်ကြီးကို ဆက်ခင်းပြီး ကျွန်သံသရာလည်ကုန်ကြတာပေါ့ဗျာ။ကျနော်လေ့လာမိသလောက်ဖူးခက်မှာ မွန်ဗမာထားဝယ် အလုပ်သမားဦးရေ သုံးသိန်းဝန်းကျင်ရှိသတဲ့ဗျာ။ဒီလူတွေဘယ်တော့များမှ ကျွန်သံသရာကနေလွတ်ကြပါ့မတုန်းဆိုတာ တွေးမိတိုင်းရင်လေးလှတယ်။ နေတောင်ဝင်တော့မယ် ကိုမင်းဒင်၊ ပြန်ကြစို့ရဲ့။ယိုးဒယားမြေမှာ ဗမာပြည်ဗမာလူမျိုးတွေ အတွက် နာကျည်း ကြေကွဲ စရာတွေ အများကြီးရှိ ပါသေးတယ်။အလျဉ်းသင့်တဲ့အခါ ရင်နာစရာဇာတ်လမ်းတွေကို ရင်နာနာ နဲ့ရှေ့ဆက်ကြ သေးတာပေါ့ဗျာ "
ပင်လယ်ရေလှိုင်းတို့သည် ကမ်းခြေကို တဖျတ်ဖျတ်ရိုက်ခတ်လျက်ရှိနေ၏။နေမင်းကြီးသည် အနောက်ဂေါယာကျွန်းဆီသို့မေးတင်နေရာ မှ ပင်လယ်ပြင်ထဲသို့ ငုတ်လျှိုးရန်ဟန်ပြင်နေချေပြီ။ကိုသက်ခိုင်၏ ရင်ထဲမှဝေဒနာသည် ကျနော့်ထံသို့ ကူးစက်လာဟန်ရှိသည်။ စကားဟ ဟပြောချင်စိတ်မရှိတော့ချေ။ကိုသက်ခိုင်သည် သူထိုင်နေရာ ကျောက်တုံးကြီးပေါ်မှ ခပ်လေးလေးထလိုက်ရင်း ကားရှိရာသို့ ခေါင်းငိုက် စိုက်ဖြင့် ထွက်ခွာသွားချိန်တွင် သူ့နောက်မလှမ်းကမ်းမှ ကျနော်သည်လည်းမဟာပထဝီမြေကြီးကို ကသိုဏ်းရှုလျက် ထပ်ချပ်မကွာ လိုက်ပါလာခဲ့မိ၏။ ဤအချိန်သည် ဗမာပြည်တွင် ညီအကိုမသိတသိ နွားရိုင်းသွင်းချိန်ဖြစ်ပေလိမ့်မည်။
(ဓာတ်ပုံ။ ။လင်းအောင်ဖြိုး)

၂၃ ဧပြီ၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးဂျာနယ်။ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...