Tuesday, April 29, 2014

မြို့ ကျောင်းသားလေးကျနော်ပါ

April 28, 2014 at 4:57am

လူ့ဘ၀ဆိုတာဘာမှန်းမသိသောလောကကြီးထဲ ယောင်လည်လည်နေထိုင်ရလေခြင်းလို့ပဲ စိတ်ထဲအမြဲခံစားနေရတော့တာပါပဲ။ အသက်တွေကြီးလာတာ၊ ဟိုရောက်ဒီရောက်၊ ဟိုလူတွေနဲ့တွေ့ရ ဒီလူတွေနဲ့တွေ့ရ၊ လူမျိုးစုံနဲ့တွေ့၊ နေရာမျိုးစုံရောက် အနာဂါတ်ဆိုတာ တဖြေးဖြေးတိုတိုလာနေခဲ့ပြီ ဆိုတာလည်း သတိပြုမိ။
လက်ရှိအခြေအနေလေးကိုလည်း စိတ်တည်တည်ငြိမ်ငြိမ်လေးနဲ့ဖြတ်သန်းဘို့ မနဲကြိုးစားနေရင်း၊ အတိတ်တွေကြာညောင်းလာတာကိုလည်း ပြန်စဉ်းစားမိတာက  အချိန်တွေ ပိုများလာတယ်လို့ ထင်မိတာပါပဲ။
ဒီလိုနဲ့ပြန်စဉ်းစားလိုက်တော့၊ ကိုယ့်နိုင်ငံကိုယ့်ရပ်ဌါနေက ထွက်ခွါလာတာအခုဆို ၉နှစ်ကျော်၊ ၁၀တွင်းကိုချင်းနင်းဝင်ရောက်လို့လာခဲ့ပါပြီကော၊ လူ့သဘာဝအတိုင်းပါပဲ၊ အတိတ်က ပုံရိပ်တွေအများကြီးရှိကြပေမဲ့၊ ဟိုးငယ်စဉ်ဘ၀က ပျော်ရွှင်ခဲ့တဲ့ကာလတွေကိုပြန်တမ်းတမိတာတော့ ဓမ္မတာလို့ပြောရမှာပါ၊ အဲဒါကြောင့်လည်း ပြည်တွင်းက အပေါင်းသင်းဟောင်းတွေနဲ့တွေ့ရဘို့ ဖဘဆိုတဲ့လူမှုကွန်ယက်မှာ စာရိုက်ရှာကြည့်တဲ့အခါရှာလိုက်၊ တွေ့တဲ့မိတ်ဆွေတွေဆီက တခြားသူငယ်ချင်း မိတ်ဆွေတွေရဲ့ဖုန်းနံပါတ်တွေတောင်းတဲ့အခါတောင်းလိုက်၊ ဖုန်းနံပါတ်ရတဲ့သူငယ်ချင်းတွေကို ပိုက်ဆံအကုန်ခံပြီးဖုန်းဆက်တဲ့အခါဆက်လိုက်နဲ့ သတိယခြင်းများစွာကို ဖြေသိမ့်လို့နေခဲ့ရတာပါပဲ။ အဲလိုနဲ့ဟိုးအထက်တန်းကျောင်းသားဘ၀တုံးကကျောင်းအတူတက်ခဲ့၊ဘောလုံးအတူကစားခဲ့၊ ကျောင်းအတူပြေးခဲ့တဲ့သူငယ်ချင်းရဲ့ ဖုန်းနံပါတ်လေးရတာနဲ့ ဖုန်းဆက်ဖြစ်ပါတယ်။ သူနဲ့လည်းစကားမပြောဖြစ်အဆက်သွယ်မရဖြစ်တာကြာပြီဖြစ်လို့ ဖုန်းထဲစကားပြောဖြစ်တဲ့အခါမှာတော့ သူလည်းအတော်ဝမ်းသာ အားရဖြစ်နေတာသိရလို့ အရမ်းကိုဝမ်းသာရပါတယ်။ ဒီလိုနဲ့ ဟိုတုံးကအတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေထဲမှာ အခုတော့ဘယ်သူတွေနိုင်ငံခြားရောက်နေကြတယ်၊ ဘယ်သူတွေဘာဖြစ်နေကြတယ်၊ ဘယ်သူတွေတော့ဆုံးကုန်ကြပြီစသည်ဖြင့် သတိယသမျှ သူငယ်ချင်းမိတ်ဟောင်းဆွေဟောင်းတွေအကြောင်းပြောဖြစ်ကြပါတယ်။ အဲထဲမှာ အထူးပြောဖြစ်ကြတာက၊ ကျောင်းတုံးကကျနော်တို့ကိုသင်ကြားပေးတဲ့ဆရာ၊ဆရာမတွေရဲ့အကြောင်းနဲ့သူတို့တွေအခုဘယ်လောက်များများအသက်ရှင်လျက်ရှိနေကြသေးလည်း၊ ဆိုတာတွေ မေးဖြစ်ပြောဖြစ်ပါတယ်၊ အခုအဝေးကိုရောက်နေတဲ့အချိန်မှာမှ ထွေထွေထူးထူးတွေ့ချင် ကန်တော့ချင်နေတဲ့စိတ်ကလည်း ထိန်းမရအောင်ဖြစ်နေပါတယ်။
အဲလိုနဲ့ ဟိုးငယ်စဉ်၊ ရွာကျောင်းကနေ ၄တန်းအောင်ပြီး၊ အ.ထ.က(၁) တောင်ငူ။ကို၁၉၆၅-၆၆ လောက်ကစတင်ရောက်ရှိခဲ့တဲ့ မြို့ကျောင်းသားလေးကျနော့်ရဲ့ အတိတ်က အ.ထ.က(၁) မှာနေခဲ့တဲ့အချိန်တွေကို ပြန်လည်သတိယလို့နေပါတော့တယ်။
ကျနော်က တောင်ငူမြို့ရဲ့မြောက်ဘက်၊စစ်တောင်းမြစ်ရဲ့အနောက်ဘက်ကမ်းဘားရွာလေးတရွာဖြစ်တဲ့ အလယ်ကျွန်းဆိုတဲ့ရွာမူလတန်းကျောင်းလေးကနေ၊ ၄တန်းအောင်ပြီးတဲ့ အခါမှာ အထက(၁)ဆိုတဲ့မြို့ကျောင်းကြီးကိုပြောင်းရွှေ့ပညာသင်ကြားခဲ့ရတာပါ၊ အဲဒီအချိန်တုံးက တောင်ငူမြို့မှာ အထကကျောင်းပေါင်း ၆ကျောင်းရှိပါတယ်။ အထက(၁)ရဲ့ သမိုင်းကိုအတိကျတော့မသိပါဘူး။ ဟိုးယခင်စစ်ဆေးရုံကို၊ စာသင်ကျောင်းအဖြစ်ပြောင်းလဲပြီး အထက(၁)၊အထက်တန်းကျောင်းပြုလုပ်ထားတယ်လို့တော့သိရပါတယ်၊ အထက(၂)ဆိုတာတော့၊ ဟိုးအင်္ဂလိပ်ခေတ်ထဲက အမျိုးသားကျောင်း။ ၁၉၂၀ တက္ကသိုလ်သပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ကျောင်းသားသပိတ်ခေါင်းဆောင် ဆရာကြီးဦးဖိုးကွန်း စတင်တည်ထောင်ခဲ့တဲ့ကျောင်းလို့ဆိုပါတယ်။ ကျန်တဲ့အထကကျောင်း၎ ကျောင်းကတော့၊ အင်္ဂလိပ်ခေတ်ကမစ်ရှင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းပြီး အစိုးရကျောင်းများအဖြစ် ပြောင်းလဲထားတဲ့ကျောင်းတွေဖြစ်ပါတယ်။ အဲဒါကြောင့်လို့ထင်ပါတယ်၊ နောက်ပိုင်းမှာလည်း အဲဒီကျောင်း၎ကျောင်းမှာတော့ မြန်မာကျောင်းသားတွေက နဲပြီး၊ ကရင်ကျောင်းသားများကအများစုတွေဖြစ်ပါတယ်၊ မြန်မာကျောင်းသားအများစုကတော့ အထက(၁)နဲ့(၂)တို့ပဲဖြစ်ကြပါတယ်။
တောင်ငူမြို့ရဲ့ အထက်တန်းကျောင်းဘောလုံးပြိုင်ပွဲတွေမှာတော့၊ နောက်ဆုံးဖိုင်နယ်၊ဗိုလ်လုပွဲကိုတက်လာတာဆိုလို့၊ အထက(၁)နဲ့အထက(၂)တို့ပဲနှစ်စဉ်လိုလိုဖြစ်ပါတယ်၊ ဘောလုံးပွဲကလည်းအလွန်ကောင်းသလို၊ ကြည့်ရှု့အားပေးသူမြို့ပရိတ်သပ်ကလည်းအလွန်များပြားလှပါတယ်၊ ကျောင်းသားပရိတ်သပ်ကလည်း နှစ်ဘက်လုံးမှာကျောင်းလုံးကျွတ်ချည်းလို့ပြောလို့ရပါတယ်။ အဲဒီမှာရန်ပွဲတွေလည်းကျောင်းသားအချင်းချင်းကြားမှာ ဖြစ်လေ့ဖြစ်ထရှိကြပါသေးတယ်။
နောက်တခုက အထက(၁)ဆိုတာ၊ တောင်ငူမြို့မှာတော့ အတော့်ကိုထူးခြားမှုရှိတဲ့ကျောင်းပါ၊ ကျောင်းသားအများစုကလည်း စာတော်တယ်ဆိုတာနာမည်ကြီးတဲ့ကျောင်းပါပဲ၊ ကျောင်းရဲ့ထူးခြားမှုကိုသတိထားမိတာက၊ ကျောင်းသားတွေကိုလွတ်လွတ်လပ်လပ်၊နေထိုင်သွားလာဝတ်စားစေခြင်းပဲဖြစ်ပါတယ်။ ကျနော်တို့အထက(၁)ကိုစရောက်တဲ့အချိန်တွေမတိုင်မှီထဲက၊ တခြားမြို့တွေတော့ဘယ်လိုစည်းကမ်းမျိုးတွေရှိတယ်မသိရပေမဲ့၊ တောင်ငူက ကျောင်းတွေအားလုံး၊ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းတွေဟာ အင်္ကျီအဖြူ ကိုတော့အားလုံးအတူတူဝတ်ကြရပေမဲ့၊ ပုဆိုး၊ထမီကို အရောင်တွေခွဲထားတာပါပဲ၊အထက(၁)က၊ဆရာ၊ဆရာမတွေဝတ်ကြတဲ့ပုဆိုး၊ထမီဆိုတာ၊မန်ကျဉ်းစေ့ကွက်အဖြူ နဲ့အနက်ဖြစ်ပြီး၊ ကျောင်းသားတွေဝတ်ကြရတာက အစိမ်းရောင်ဖြစ်ပါတယ်။ အထက(၂)ဆို ကျောင်းသားတွေဝတ်ကြတဲ့ပုဆိုးထမီက ခရမ်းရောင်၊ အထက(၆)ဆို၊ အညိုပုပ်ရောင် အဲလိုတွေပါ၊ တခြားကျောင်းတွေတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး၊ ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့ ကျောင်းတွေအားလုံးကို အဖြူ နဲ့အစိမ်းပဲဝတ်ကြရပါတော့တယ်။ အဲဒီအချိန်မှာ တခြားကျောင်းတွေက အလွန်စည်းကမ်းကြပ်မတ်ပေမဲ့၊ အထက(၁)ကတော့ စည်းကမ်းကြပ်မတ်မှုသိပ်မရှိပါဘူး၊ မိမိအဆင်ပြေသလိုဝတ်စားခွင့်ရှိပါတယ်၊ နောက်တခုက ဆံပင်ပုံစံလည်းအတူတူပါပဲ၊ အလွန်ပုံဆိုးပန်းဆိုး(ဟိုခေတ်ကဆံပင်ရှည်ရှည်ထားရင် လမ်းသူရဲ)မဖြစ်ဘို့ပဲပြောပါတယ်။ တော်ရုံတန်ရုံကျောင်းပြေးလို့လည်း သိပ်အရေးကြီးခွင်ကျယ်ပြောဆိုနေတာမျိုး၊ မိဘခနခနပြန်ခေါ်ခိုင်းတာမျိုး အိမ်ကိုအကြောင်းကြားစာပို့တိုင်ကြားတာမျိုးတွေလည်းသိပ်မလုပ်ပါဘူး။ အဓိကတော့ ကျောင်းသားတွေ စာလိုက်နိုင်ဘို့အထူးအာရုံစိုက်ပါတယ်။ အဲဒီခေတ်ကကျူ ရှင်ဆိုတာလည်း တခုမှမရှိကြပါဘူး၊ ကျောင်းကဆရာ၊ဆရာမတွေသင်ကြားပို့ချတာနဲ့ပဲလုံလောက်ပါတယ်။ အထက(၁)ဟာ၊ သင်္ချာမှာကော၊သိပ္ပံဘာသာရပ်မှာပါ သင်ကြားမှုလည်းကောင်းသလို ကျောင်းသားတွေလည်းအလွန်တော်ကြာတယ်လို့ပြောလို့ရပါတယ်။ကျနော် ၅ တန်းကို ရောက်တဲ့အချိန်မှာ၊ အတန်းပိုင်ဆရာဦးစံသိန်း(ဆရာအချင်းချင်းကြားမှာနဲ့ကျောင်းသားအချင်းချင်းကြားမှာ၊ဆရာ့နောက်ကွယ်ကနာမည်က နှာစံသိန်း) ၊ အဲတုံးကဘယ်ဘာသာကိုသင်တယ်တော့မမှတ်မိတော့ပါဘူး။ သူ့အတန်းမှာကျောင်းသားဖြစ်ရတာတော့ အလွန်ပျော်စရာကောင်းခဲ့တာပါပဲ၊ သူကသူ့ကိုကျောင်းသားတွေကြောက်အောင်လည်းမနေပါဘူး၊ ရိုက်တာနှက်တာဆဲတာဆိုတာလည်းမလုပ်၊ငေါက်တာငန်းတာလဲမလုပ်၊ ရီစရာအတော်များများပြောဆိုပြီးစာသင်တတ်လို့၊ ကျောင်းသားတွေကအတော်လေးချစ်ခင်ကြတာပါ၊ ဆရာဦးတင်အုန်းကသမိုင်းသင်ပါတယ်၊ အပြောကောင်းလို့သူသင်မဲ့အချိန်ကိုပဲအမြဲမျှော်နေတတ်ပါတယ်။ ဆရာဦးထွန်းကြည်ဆိုတာတော့ ၀၀တုတ်တုတ်နဲ့မျက်နှာတည်တည်နဲ့သင်္ချာဘာသာကိုသင်ပါတယ်၊ သူကလည်းရိုက်တာနှက်တာတော့မလုပ်ပါဘူး၊ အသင်အပြလည်းကောင်းပါတယ်၊ မျက်နှာတည်တည်မို့လို့ သူ့ကိုတော့နဲနဲကြောက်စိတ်ရှိကြတာပါတယ်၊ ဆရာမဒေါ်ခင်စန်းရီကတော့ ပိန်ပိန်သေးသေးလေးပါ၊ သူကအင်္ဂလိပ်စာသင်ပါတယ်၊ နောက်ပိုင်းကြားတာက သူအင်္ဂလန်ကိုရောက်သွားတယ်ပြောကြပါတယ်။ ၅ တန်းရောက်စနှစ်ဆိုတော့၊ မြို့ပေါ်မှာလူရည်သိပ်မလည်သေးပါဘူး၊ ဟိုဟိုဒီဒီလည်းသိပ်မလည်တတ်သေးပါဘူး၊ ၆တန်းလောက်ရောက်လာတော့ လူရည်နဲနဲလည်လာပါပြီ၊ အဲဒီမှာ အမှတ်တရဖြစ်စရာတွေပျော်စရာတွေစပြီးတွေ့လာပါပြီ၊ ကျောင်းလည်းနဲနဲပြေးတတ်လာပါပြီ၊ အမှတ်ရစရာတွေပျော်စရာတွေကတော့၊ တခြားကျောင်းတွေနဲ့လုံးဝကို မတူဘူးလို့ပြောလို့လည်းရပါတယ်၊ အထက(၁)မှာ၊အာစရိယပူဇော်ပွဲကိုသီတင်းကျွတ်ကျောင်းဆယ်ရက်မပိတ်မှီလေးမှာလုပ်တယ်လို့ထင်ပါတယ်၊ အဲဒီမှာကျောင်းသားတွေက ဘာတွေလုပ်ကြလည်းဆိုရင်၊ စကားရည်လုပွဲ၊ ကျဘမ်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲတွေကျင်းပကြတာ၊ အလွန်စည်ကားသိုက်မြိုက်ပြီး အလွန်ကိုပျော်စရာကောင်းပါတယ်။ ဆရာ၊ဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေလည်း တ၀ါးဝါးတဟားဟားနဲ့ တကယ့်ကိုပျော်စရာကြိးပါပဲ။ အဲဒီအစီစဉ်မှာ ကျောင်းသာားတွေကလည်း ပြောတတ်ဆိုတတ် လိုက်ကြတာ၊ အံ့သြစရာတောင်ကောင်းပါတယ်။ သူ့ကဏနဲ့သူပြောရင်းဆိုရင်း သရုပ်ပါဆောင်သွားကြတာ၊ တချို့ဆိုရင်၊ကိုယ်ပြောမဲ့ဟောမဲ့ကဗျာ၊စာအတွက် သရုပ်ဖေါ်ပုံစံမျိုးဝတ်စားပြီး စင်ပေါ်တက်ဟောပြောသွားကြတာ တကယ့်ကိုလက်ဖျားခါရပါတယ်။အဲဒါမျိုး ကိုတခြားကျောင်းတွေမှာမတွေ့ရပါဘူး။ နောက်ပိုင်းနောက်ပိုင်းတွေမှာ တော့အဲလိုမျိုးအစီစဉ်တွေရှိမရှိမသိရတော့ပါဘူး။ နောက်တခုက တန်ဆောင်တိုင်ပွဲ၊ တောင်ငူမြို့ဆိုတာ၊ ရန်ကုန်နဲ့မန္တလေးကြားမှာ နှစ်ကျိတ်ရှစ်ဆူပွဲအစည်ကားဆုံးနဲ့ လွတ်လပ်ရေးပွဲအစီကာားဆုံးမြို့ပါ၊ နောက်ပိုင်းနှစ်တွေကျမှ ပျဉ်းမနားမြို့နှစ်ကျိတ်ရှစ်ဆူပွဲလည်း တောင်ငူနည်းတူ စီကားလာတယ်လို့ထင်ပါတယ်။ အဲဒီမှာအထက(၁)က၊ နှစ်ကျိတ်ရှစ်ဆူဘုရားအနဲဆုံး ၅ဆူလောက်ယူပါတယ်၊ ဟိုတုံးကရန်ကုန်တီးဝိုင်းတွေလည်းမငှါးကြသေးပါဘူး၊ ကိုယ့်မြို့မှာရပ်ကွက်တွေအလိုက်၊ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ပဲကကြတီးကြ၊နဲ့ဘုရားပွဲလှည့်ကျင်းပကြတာပါ၊  အထက(၁)အနေနဲ့၊ ကျောင်းမှာကိုယ်ပိုင်တီးဝိုင်းရှိပါတယ်၊ တီးဝိုင်းကိုခေါင်းဆောင်ဦးဆောင်တာက ဆရာကြီဦးစံရှိန်ဖြစ်ပါတယ်။ သူကကျောင်းမှာပန်းချီဆရာလည်းဖြစ်ပါတယ်။ တီးဝိုင်းနာမည်က ဂီတမာလာ တီးဝိုင်းလို့ခေါ်ပါတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့အချိန်ကစပြီး၊ တန်ဆောင်တိုင်နှစ်ကျိတ်ရှစ်ဆူဘုရားပွဲအတွက်၊ ဆရာကြီးက ဦးဆောင်ပြီးအလုပ်ရှုပ်နေကြတော့တာပါပဲ၊ နှစ်ကျိတ်ရှစ်ဆူဘုရား ၅ ဆူပင့်တယ်၊ ဘုရား၂ဆူကို ကားကြီး၂စီးနဲ့တင်လှည့်မယ်၊ ကားတစီးချင်းကိုလည်းအလှအပတွေဆင်မြန်းလို့ ဘုရားကိုလည်းသပ်ပါယ်အောင်ပြင်ဆင်မွန်းမံလို့၊ ကားပေါ်မှာလည်း တီးဝိုင်းနဲ့ အကတွေနဲ့၊ အကတွေမှာ တပင်တိုင်မင်းသမီးအကပါသလို၊ ယိမ်းအကတွေလည်းပါပါတယ်။ ကားတစီးမှာ မိန်းကလေးယိမ်း၊ နောက်ကားတစီးမှာယောင်္ကျားလေးယိမ်း၊ဥပမာယောင်္ကျားလေးယိမ်းဆိုရင်၊ လည်ပင်းမှာအာလူးသီးအရွယ်တူတွေကိုသီပြီး၊ပုတီးလိုလုပ်ဆွဲထားပါတယ်၊အဲဒါကလူပျိုကြီးယိမ်းဆိုပြီးကကြတာပါ၊ မိန်းကလေးယိမ်းဆိုလည်းအဲလိုပါပဲ၊ အဲဒါတွေကိုကျောာင်းသားတွေပဲ ကကြရတာပါ၊ အဲဒါကိုဆရာကြီးဦးစံရှိန်ကပဲအကဆရာ၊ဆရာမတွေဘေးကခေါ်ပြီးသင်ခိုင်းကခိုင်းရတယ်လို့ထင်ပါတယ်။ ဆရာကြိးပဲအားလုံး စီစဉ်ပါတယ်။ တခြားဘုရား၃ဆူကိုတော့ ကျောင်းသားတွေကပခုံးထမ်းပြီး လမ်းပေါ်မှာလမ်းလျှောက်ပင့်ဆောင်သွားရပါတယ်၊ အဲဒီအတွက်လည်း မြေ၀ိုင်းအက၊ ဥိးရွှေရိုးအက၊ ဓါးသိုင်းအကတွေနဲ့အိုးစည်ဒိုးပတ်ဝိုင်းနဲ့ ကျောင်းသားအများကနောက်ကနေစီတန်းလမ်းလျှောက်ပြီးလှည့်လည်ရပါတယ်။ အဲဒီအစဉ်အလာကနှစ်စဉ်နှစ်တိုင်းပါပဲ။
နောက်တခုရှိတာက၊ အထက(၁)ဆိုတာ တောင်ငူမိုင်ဒါကွင်းနဲ့သိပ်မဝေးပါဘူး၊ ဒီဇင်ဘာကျောင်းပိတ်ပြီးကျောင်းပြန်ဖွင့်ချိန်မှာတော့ လွတ်လပ်ရေးပွဲတော်ကျင်းပတဲ့အချိန်ဖြစ်နေပါပြီ၊ လွတ်လပ်ရေးပွဲတော်ကိုမိုင်ဒါကွင်းမှာကျင်းပတာဖြစ်လို့ ကျောင်းသားအများစုကတော့ မိုင်ဒါကွင်းထဲမှာများပါတယ်၊ လွတ်လပ်ရေးပွဲတော်မှာဆိုရင်၊ နံနက်ပိုင်းမှာပြေးခုန်ပစ်အားကစားပွဲတွေကျင်းပပါတယ်၊ ညနေပိုင်းဆိုရင်မြန်မာ့လက်ဝှေ့ပွဲ၊ ညပိုင်းဆိုရင်ဘောက်ဆင်ပွဲတွေ၊ တခြားကြည့်ချင်ပွဲတွေ၊ ရုပ်ရှင် ၊ဆပ်ကပ်၊ ဇာတ်ပွဲကြီးတွေနဲ့အလွန်စည်းကားပါတယ်။ တခြားဗဟုသုတရစရာပြပွဲတွေလည်းရှိပါတယ်၊ ပန်းချီပြပွဲလိုမျိုးတွေပါ။ တခြားတခြားမြို့တွေကနေပစ္စည်းမျိုးစုံလာရောင်းကြတဲ့ဈေးသည်တွေနဲ့ဈေးဆိုင်တန်းကြီးတွေလည်းအတော်ကိုများပြားပါတယ်။ ကျနော်တို့မြို့မှာမရှိတဲ့ သနပ်ခါးတုံးလိုမျိုး သင်ဖြူးဖျာလိုမျိုးတွေလည်းလာရောက်ရောင်းချကြပါတယ်။ အဲဒီတော ကျနော်တို့ကျောင်းသားအများစုကတော့ နံနက်ပိုင်းမှာပြေးခုန်ပစ်ပွဲကြည့်တယ်၊ ညနေပိုင်းမှာ မြန်မာ့လက်ဝှေ့ပွဲကြည့်ပါတယ်၊ အထူးသဖြင့်တော့ မနက်ပိုင်းမှာကျောင်းတက်လိုက်ပါသေးတယ်၊ နေ့ခင်းထမင်းစားချိန်ကျောင်းဆင်းပြီး ကျောင်းပြန်တက်ချိန်မှာတော့ ကျောင်းတက်သူသိပ်မရှိကြတော့ပါဘူး၊ ဘာ့ကြောင့်လည်းဆို ကျောင်းကနေတောင်ဘက်ကိုထွက်လိုက်တာနဲ့ မြန်မာ့လက်ဝှေ့ရုံက လက်ဝှေ့တီဝိုင်းမြန်မာ့ဆိုင်းသံဗုံသံတွေက ကျနော်တို့ကျောင်းသားတွေကို အတင်းလက်ယပ်ခေါ်နေသလိုမျိုး သံကုန်ဟစ်ခေါ်နေသလိုမျိုးပါပဲ။ အဲဒီဆိုင်းသံကြားရင်ပဲ လမ်းလျှောက်သွားမနေတော့ပါဘူး၊ ခြေကုန်သုတ် အပြေးလေးနဲ့လစ်ကြတော့တာပါပဲ။ အဲဒီအချိန်မှာ ကျောင်းကဆရာဆရာမတွေကလည်း နားလည်ကြပါတယ်၊ ကျနော်တို့ကျောင်းသားတွေကိုဆူတာ၊ငေါက်တာ၊မိဘဆီပြန်တိုင်တာမျိုး လုံးဝမလုပ်ကြပါဘူး။ ကျနော်တို့ဆရာ၊ဆရာမတွေအရမ်းကိုချစ်စရာကောင်းကြတာပါ။ ဆရာ၊ဆရာမတွေအားလုံးကိုအထူးပဲသတိယပါတယ်၊ကျေးဇူးလည်းအထူးပဲတင်ပါတယ်၊ ပြန်ရောက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေသေးတဲ့ဆရာ၊ဆရာမများအားလုံးကို ရှာဖွေပြီးကန်တော့ဘို့ဆုံးဖြတ်ထားပါတယ်။စာလည်းနဲနဲရှည်သွားလို့ရပ်လိုက်ပါဦးမည်။နောက်ပိုင်းအမှတ်တရရှိတာတွေ၊သတိယလာတဲ့အခါ ဆက်ရေးပါဦးမည်။



ဆရာ၊ဆရာမများအားလုံးကိုကျေးဇူးတင်ပါသည်။

မြတ်စိုး
ခေတ္တ၊(နော်ဝေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...