Wednesday, April 30, 2014

''ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး (၃)''


ပြီးခဲ့တဲ့အပတ်မှာ ခင်ဗျားပြောတဲ့ လူကြီးတစ်ယောက် မိန်းမကို ရွှေပုတီးကြီး လက်ဆောင်ပေး၊ အဲဒီလူကြီး ဧည့်ခန်းထဲကို ဒူးနှစ်ချောင်း ထောက်ဝင်တာ ဘယ်ခရိုနီလဲဆိုတာ ပရိသတ်က အရမ်း သိချင်နေကြတယ်လို့ မေးမိတော့ ခရိုနီကြီးက ရယ်ပြီး နာမည်တော့ မပြောပါရစေနဲ့။ ခင်ဗျားရေးရင်း အဲဒါ ဘယ်သူဆိုတာ စာဖတ်ပရိသတ်က သိလာပါလိမ့်မယ်။ ကျွန်တော်က နာမည်တပ်ပြောရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဖြစ်မှာစိုးလို့ပါ။ တော်ကြာ ဟိုဂျာနယ် တစ်စောင်လို ခင်ဗျားဂျာနယ်လည်း တစ်ဆဲထဲ ဆဲနေတဲ့ဂျာနယ် ဖြစ်သွားမှာ စိုးလို့ပါတဲ့။

ခရိုနီကြီးက ဆက်လက် ပြောပြရာမှာ“ခုနခင်ဗျားမေးတဲ့ ခရိုနီက ဘာစည်းကမ်း၊ ဘာကျင့်ဝတ်မှ ရှိတာ မဟုတ်ဘူး။ သူကပထမ ထောက်လှမ်းရေးက ဗိုလ်ချုပ်ခင်ညွန့်ဆီကို ၀င်တာ။ အဲဒီလို ၀င်ရင်း သူဘာတွေ့လာသလဲဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်ထက် အာဏာရှိတဲ့ သူတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေ ရှိပါလားဆိုတာ သိသွားတယ်။ ဒီတော့ ဆရာကျောင်းက တစ်ဆင့် ဒုတိယ အာဏာအရှိဆုံး လူကို အ၀င်အထွက် လုပ်နိုင်အောင် ကြိုးစားတော့တာပဲ။ အဲဒီအချိန်မှာ ဆရာကျောင်းကလည်း လူကြီးတွေ အနားက ခွာချင်နေချိန်ဆိုတော့ သူ့အစား ဥစ္စာစောင့် သိုက်စောင့်လည်း ပေးလိုက်တာပဲ။ အဲဒီအချိန်မှာ အခုအစွယ်တွေ ထွက်ပြီးရှိသမျှ အလုပ်တွေ အကုန်ရထားတဲ့ ခရိုနီက မအူမလည်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အပတ်က ပြောသလိုပဲ။ လူကြီးတစ်ယောက်ကို ပေါင်းလိုက်ရင် ဘယ်လောက်ပြန်ရမလဲ ဆိုတာ အမြဲတွက်တယ်။ ဗိုလ်ချုပ် ခင်ညွန့်အရင် ကုန်သွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ထွန်းကြည်နဲ့ စီးပွား ဖြစ်လာပေမဲ့ ဗိုလ်ချုပ်ထွန်းကြည် နားသွားတဲ့ အချိန်မှာ လှည့်စောင်းတောင် ကြည့်တော့တာ မဟုတ်ဘဲ အဲဒီအချိန်က အာဏာ အရှိဆုံးလို့ သူထင်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ပြေးကပ်ခဲ့တာ။

နောက်မှ ကုန်သွယ်ရေး မူဝါဒ ကောင်စီကို ဗိုလ်ချုပ်ကြီး မောင်အေး ကိုင်ထားပါလား၊ အဆုံးအဖြတ်တွေ အားလုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီက လာတာပါလားဆိုတာ သိတဲ့အချိန်မှာ အဲဒီထိပ်ဆုံး နှစ်ယောက်ကို ပြေးကပ်တော့တာပဲ။ ဒီတော့ သူ့အတွက် ငွေများများ ရပြီး တည်ဆဲဥပဒေတွေ အရ ခွင့်မပြုတပြု လုပ်ငန်းတွေကို ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ ခွင့်ပြုပေးခဲ့တယ်။ အစိုးရက ကားတင်သွင်းခွင့် ပိတ်ထားချိန်မှာ ကားတင်သွင်းခွင့် သူရခဲ့တယ်။ လမ်းတွေကို BOT နဲ့ လုပ်ပိုင်ခွင့် ရခဲ့တယ်။ အဲဒါတင်မကဘူး ဦးသန်းရွှေ သမီးတွေ အရှိန်အ၀ါနဲ့ ရုပ်သံလုပ်ငန်း လုပ်ပိုင်ခွင့်ကို ဥပဒေမရှိဘဲ ခွင့်ပြုပေးခဲ့တယ်။ နိုင်ငံတော်က ဘယ်လောက် သဘောကောင်းသလဲ ဆိုရင် အရင်းအနှီးများလို့ အခွန်ကို သုံးနှစ် မဆောင်ပါနဲ့တို့၊ ၀င်ငွေရဲ့ ရာခိုင်နှုန်း နည်းနည်းလေးပဲ နိုင်ငံတော်ကို သွင်းပါတို့အထိ သဘော ကောင်းခဲ့တယ်။ အဲဒီတော့ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ ဘယ်လောက်တောင် အပွကြီး ပွသွားမလဲ ခင်ဗျား စဉ်းစားကြည့်ပေါ့။

ဒီခရိုနီကြောင့် အရင်ခေတ်က လူကြီးမိန်းမတွေကြားမှာ စိတ်ဝမ်းတွေ ကွဲရာက ဖြုတ်ထုတ် ထောင်ချတွေ ဖြစ်ကုန်ခဲ့ရတယ်။ သူကတော့ မမှုပါဘူး။ ဦးသန်းရွှေ မိန်းမကို ဦးမောင်အေး မိန်းမနဲ့ ဦးခင်ညွန့်မိန်းမ အကြောင်း အတင်းတွေ သွားတုတ်။ ဦးမောင်အေးမိန်းမကို ဦးခင်ညွန့်မိန်းမ အတင်းနဲ့ သူ့ကို လုပ်ပိုင်ခွင့် မပေးတဲ့ လူကြီးတွေ အတင်းသွားတုတ်နဲ့ အတော်ဆိုးတဲ့သူ ဖြစ်တယ်။ ဒါကိုလည်း လူကြီးတွေက ကြိုက်နေကြတာပဲ။ သူ့ခေါင်းထဲမှာ နောက်ဘယ်သူ နေရာရမလဲဆိုတာ တွေးပြီး အဲဒီလူကိုပဲ ပြေးကပ်တာက သူ့အကျင့်ပဲ။ ဝေးဝေးမကြည့်နဲ့ အနာဂတ်မှာ ၈၈ ခေါင်းဆောင် ကိုကိုကြီးက သမ္မတ ဖြစ်နိုင်တယ် ကြားတာနဲ့ မင်္ဂလာဆောင်ကို သူ့ဟိုတယ်မှာ ပေးလုပ်လိုက်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLDက အမတ် အများစုရမယ် ကြားတာနဲ့ NLDပွဲတွေကို စပွန်ဆာတွေ ပေးရ၊ ရုပ်သံကနေ ထုတ်လွှင့် ပြတာတွေ လုပ်နေတာပဲ။ အဲဒီလူက အခုဆိုရင် အရင်လူကြီးတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင် မထင်တော့ဘူး။ ဒီလို မျက်နှာပြောင်ပြောင်နဲ့ ဘယ်သူသေသေ ငါမာရင်ပြီးရော ဆိုတဲ့ ခရိုနီလည်း မြန်မာပြည်မှာ ရှိခဲ့တယ်။ ရှိဆဲဖြစ်တယ်။ အခုလည်း မီဒီယာ အားကောင်းလာချိန်မှာ အရမ်း လူရာဝင်ချင်တဲ့ အရမ်း ချမ်းသာချင်တဲ့ မီဒီယာ သမားကို အိတ်ထဲထည့်ပြီး မီဒီယာ လောကကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာ မဟုတ်လား။ လူတိုင်းသိပေမဲ့ သူ့ကို ဘယ်သူတားဆီးနိုင်လဲ။ လက်ရှိအစိုးရ အဖွဲ့ထဲ လူကြီးတွေကလည်း သူ့ပေးစာ ကမ်းစာနဲ့ မကင်းတော့ အားလုံး နှာစေးနေကြတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနဆိုရင် သူ့ဘက်ကချည်း ရှေ့နေလိုက်ပေး နေရတယ်။ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာဆိုရင် အဲဒီလူကို ခွင့်ပြုတုန်းက ဥပဒေ မရှိလိုပါဆိုပြီး ပြောတယ်။ ဒါဆို အခုဥပဒေ အသစ် ထွက်ရင်ရော မေးပြန်တော့ အရင်ကတည်းက ခွင့်ပြုထားတာမို့လို့ အဲဒီအတိုင်းပဲ ဆက်ခွင့်ပြုပါမယ်တဲ့။ ဒါဆိုရင် တစ်နိုင်ငံလုံးက ဥပဒေအသစ်နဲ့ သွားနေချိန်မှာ သူတစ်ယောက်ထဲကို အရင်သူလုပ်လို့ ရဖို့အတွက် ထုတ်ပြန်ပေးထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ အတိုင်း ဆက်လက် လုပ်ဆောင်ခွင့် ပြုနေဦးမယ်လို့ သဘောတွေ သက်ရောက်နေတယ်။

ဒါပေမဲ့ အဲဒီခရိုနီက သူ့အတွက် အကျိုးမရှိရင်တော့ အိတ်ထဲက တစ်ပြားမှ ထွက်တဲ့သူ မဟုတ်ဘူး။ တခြားခရိုနီတွေက မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားအောင် အိတ်ထဲက ငွေတွေ စိုက်ထုတ်ပြီး ဘောလုံးအသင်းတွေ ထောင်ပေမဲ့ သူကမသိချင်ယောင် ဆောင်နေတယ်။ မြန်မာမီဒီယာ လောကမှာ နာမည်ကြီး လှပါတယ်ဆိုတဲ့၊ သြဇာကြီး လှပါတယ်ဆိုတဲ့ မီဒီယာကြီးတစ်ခုက သူ့အကြောင်း ရေးနေတာပဲ။ သူကယပ်ခတ် မပျက်ရုံမက ပုံနှိပ်မီဒီယာထဲပါ ငွေခင်းပြီး ၀င်လိုက်သေးတယ်။ ကျန်တဲ့ မီဒီယာတွေ ပြုတ်ပြုတ်ပြုန်းအောင် တစ်စောင်ကို ငါးဆယ်နဲ့ ရောင်းလိုက်တယ်။ ပြောရရင် ဦးနာအောက်နဲ့ ဧရာဝတီ ဖလုတ်တီယာ သင်္ဘော ကုမ္ပဏီတုန်းကလို ငွေထုတ်ချင်း ၀င်ရိုက် လိုက်တာပဲ။ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာတော့ အဲဒီလိုငွေများရင် နိုင်စတမ်း မဖြစ်အောင် Anti-trust Law ဥပဒေနဲ့ အကာအကွယ် ပေးထားတယ်။ အဲဒီဥပဒေရဲ့ အနှစ်ကတော့ ဈေးကွက်ကို လက်ဝါးကြီး မအုပ်ဖို့၊ ပြိုင်ဖက်ကို သတ်ဖို့ မတန်တဆ ဈေးလျှော့ မရောင်းဖို့တွေပေါ့။ ဒီမှာတော့ တာဝန်ရှိသူ အားလုံးက မသိယောင်ဆောင် ပေးနေကြတယ်။ ဒီတစ်ပတ်တော့ ဒီလောက်ပဲဗျာ။ ကျွန်တော်လည်း အလုပ်နည်းနည်း ရှိသေးတယ်။ ခရိုနီတွေ အကြောင်း ပြောပြရရင်တော့ တစ်ထောင့်တစ်ည ပုံပြင်ပဲဗျ။ နောက်တစ်ပတ်ကျမှ မူးယစ်ခရိုနီတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ ဘယ်လို ပတ်သက်ခဲ့သလဲ၊ ဘယ်လို အကာအကွယ်တွေ ပေးခဲ့သလဲဆိုတာ ပြောပြမယ်။

- လက်စောင်းထက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...