သဘာဝရည်ရွယ်ချက်ဒဿနနဲ့ ဆင့်ကဲဖြစ်စဉ် ပညာရပ်ဆိုင်ရာ အရေးအသားများ
Kyaw Zwar Lynn February 17, 2014 at 3:00am
နမူနာ ဝါကျတစ်ကြောင်း ရေးပြပါမယ်။
"သစ်တောပြုန်းတီးလာသည့် အခါ ရှေးဦးပရိုင်းမိတ်တို့သည် မြေပြင်တွင် လမ်းလျှောက်ရန် ခြေနှစ်ချောင်းထောက်သည့် ခန္ဓာတည်ဆောက်ပုံ ရရှိလာသည်။"
အမှန်တကယ်ဆိုလိုချင်တာက
"ရှေးဦးပရိုင်းမိတ်တို့သည် ခြေနှစ်ချောင်းထောက် လမ်းလျှောက်ပုံ ဆင့်ကဲပြောင်းလဲ ရရှိလာခဲ့ပြီး သစ်တောပြုန်းတီးလာသည့် ပတ်ဝန်းကျင် အခြေအနေ၌ သဘာဝ၏ ရွေးချယ်မှုဖိအား သက်ရောက်သဖြင့် ပွားများတည်တံ့လာသည်။ ပို၍ ပီပြင်သည့် ခြေနှစ်ချောင်းထောက် လမ်းလျှောက်ပုံ ပေါ်ပေါက်လာခဲ့သည်။"
ကဲ ဒါဆို ဘယ်ဟာက ပိုဖောင်းပွသလဲ။ ဒုတိယဟာပေါ့လေ။ အသိသာကြီးပါပဲ။ ကျွန်တော် စာရေးတိုင်း ဒုတိယ တစ်မျိုးကိုပဲ ရေးမယ်ဆိုရင် စာက နှစ်ဆ ပိုများသွားမယ်။ ဒါကြောင့် ပထမ ရေးသားနည်းမျိုးကို မကြာခဏ သုံးမိတယ်။
ဒီလို ရေးလိုက်တော့ မြေပြင်မှာ လမ်းလျှောက်နိုင်ဖို့ပဲ ပရိုင်းမိတ်တွေက ခြေနှစ်ချောင်း ထောက်တဲ့ ခန္ဓာတည်ဆောက်ပုံတွေ ရအောင် အဆင့်ဆင့် ပြောင်းလဲနိုင်လာ သလို သဘော သက်ရောက်နေတတ်တယ်။ အရာရာမှာ ရည်ရွယ်ချက် ပန်းတိုင် ရှိနေတယ်ဆိုတဲ့ သဘာဝရည်ရွယ်ချက်ဒဿနသဘော (Teleology) အငွေ့အသက်တွေ ပါနေတယ်။
( http://en.wikipedia.org/wiki/Teleology#Biology )
တကယ် ဆိုလိုချင်တာက ပရိုင်းမိတ်တွေက "ငါတို့ လမ်းလျှောက်ရအောင်ကွာ" ဆိုပြီး ဆင့်ကဲ ပြောင်းလဲတာ မဟုတ်ဘူး။ ရှေးဦးပရိုင်းမိတ်တွေရဲ့ ကြိုးစားမှု အားထုတ်မှု မပါဘူး။
(ပရိုင်းမိတ်တွေရဲ့ ပြောင်းလဲမှု)ဟာ (သစ်တောပြုန်တီးလာခြင်းဆိုတဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှု) နဲ့ ထပ်တူတပြိုင်တည်း (simultaneously) ဖြစ်ပေါ်နေတာပါ။ ဒီနှစ်ခုရဲ့ ကိုက်ညီလျော်ညီမှုကြောင့် ခြေနှစ်ချောင်းထောက် ပရိုင်းမိတ်တွေဟာ ပွားများကြတယ် (တနည်း သဘာဝရဲ့ ရွေးချယ်မှု ခံရတယ်) လို့ ဆိုလိုပါတယ်။
ရလဒ်ကတော့ ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်လာရင် အရေးအသား လိုအပ်ချက်ကြောင့် စာဖတ်သူတွေဟာ နားလည်မှုတွေ လွဲကုန်ပါတယ်။ ဒါကြောင့်လည်း ဆင့်ကဲဖြစ်စဉ်ဟာ လူသားဖြစ်ပေါ်လာဖို့ပဲ ဖြစ်လာသလိုလို ယူဆကုန်ကြတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ ပိုအဆင့်မြင့်တဲ့ သက်ရှိတွေဖြစ်လာအောင် တိုးတက်လာတယ် လို့ နားလည်မှုတွေ လွဲကုန်ကြတယ်။ ဘတ်တီးရီးယားက ယူကာရီရုတ်မျိုးနွယ်ကို ပေါ်ပေါက်စေခြင်းမှာ လူသားဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူ့ဟာသူ သဘာဝဖြစ်စဉ်တွေနဲ့ ဖြစ်ပျက်နေခြင်းသက်သက်ပါပဲ။
နောက်တခါ Teleology နဲ့ Adaptation ဝေါဟာရ ကို ဆက်စပ်ရှင်းလင်းချင်ပါတယ်။
သက်ရှိတွေဟာ သူတို့နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်မှာ ဆီလျော်နေတာကို Adaptation လို့ခေါ်ပါတယ်။ ဥပမာ ဝင်ရိုးစွန်းငါးတွေဟာ သွေးခဲမသွားအောင် ကာကွယ်တဲ့ ပရိုတင်းတွေ ရှိနေတာမျိုး၊ ကန္တာရပေါက်ပင်တွေရဲ့ ရေဓာတ်ထိန်းသိမ်းနိုင်မှု စတာတွေပေါ့။
အမှန်တော့ ဘယ်သက်ရှိကမှလည်း Adaptation ရလာဖို့ ကြိုးစားလို့မရပါဘူး။ Adaptation ဟာ Generation တစ်ခု ပြီး တစ်ခု ဖြတ်ကျော်တဲ့ ဖြစ်စဉ်တစ်ခုပါ။ အေးတဲ့ဒေသမှာ ထူတဲ့အဝတ်အစားဝတ်တာကို Adaptation လို့ မခေါ်ပါဘူး။ သက်ရှိတစ်ခုရဲ့ Lifespan အတွင်းမှာ ဆီလျော်အောင် ပြောင်းလဲတာဟာ သူ့ရဲ့ ရှင်သန်နိုင်မှု အတိုင်းအတာ (Survivability) ပဲ ဖြစ်တယ်။
မျိုးဆက်များစွာကို ဖြတ်သန်းပြီး မဆီလျော်တဲ့ သက်ရှိတွေရဲ့ မျိုးပွားနိုင်စွမ်း ကျဆင်းခြင်းနဲ့၊ ဆီလျော်တဲ့ သက်ရှိတွေရဲ့ မျိုးပွားနိုင်စွမ်း တိုးတက်လာတဲ့အခါ၊ ဆီလျော်ပြီးသား သက်ရှိတွေဖက်မှာ မျိုးဗီဇအချိုးအရွေ့ (Genetic Drift) ရလာတယ်။
ဒီ Genetic Drift ကြောင့် ဆီလျော်ပြီးသား သက်ရှိတွေကနေ ပိုဆီလျော်တဲ့ သက်ရှိမျိုးနွယ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။
ဒီလိုနဲ့ မျိုးကွဲထွက်ခြင်း (Speciation) နဲ့ မျိုးဗီဇအချိုးအရွေ့ (Genetic Drift) ဟာ အပြန်အလှန် အဆင့်ဆင့်ပေါ်ပေါက်ပြီးတဲ့အခါ Adaptation လို့ခေါ်နိုင်တဲ့ သက်ရှိတွေရဲ့ ပတ်ဝန်းကျင်နဲ့ ဆီလျော်နေတဲ့ လက္ခဏာရပ်တွေ ရရှိလာတာ ဖြစ်ပါတယ်။
0 comments:
Post a Comment