တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ခိုင်မာမှန်ကန်သည့် စီမံခန့်ခွဲမှု

#emg_editorials
၂၀၁၄ ခုနှစ် ဧပြီလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်သစ် စတင်ပြီဖြစ်သည်။ ဧပြီလမှစ၍ အစိုးရ၀န်ထမ်းများ၏ လစာခံစားခွင့် တိုးမြှင့်ပေးမှုကို စတင်မည်ဖြစ်သည်။ အလားတူ လျှပ်စစ်မီတာခ နှုန်းထားများကိုလည်း အစိုးရက ဧပြီ ၁ ရက်မှစကာ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အခြေခံ စားသောက်ကုန်မှစ၍ ကုန်ဈေးနှုန်းများလည်း လိုက်ပါဈေးမြင့်နေပြီဖြစ်သည်။ အဆိုပါ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ ခန့်မှန်းချက်၊ သုံးသပ်ချက်များ ပါဝင်သည့် အစီရင်ခံစာ တစ်စောင်ကိုလည်း ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်မှုတွင် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့ကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း ပါဝင်သည်။ ထို့အပြင် အခြားတစ်ဖက်၌ လျှပ်စစ်မီတာခ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ၀ယ်လိုအား၏ ဖိအားပေးမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ၇ ရာခိုင်နှုန်းခန့် ရှိလာနိုင်သည်ဟု သုံးသပ်ထားသည်။
ထို့ကြောင့် အဆိုပါ ထုတ်ပြန်မှုအရ ကောင်းမွန်မှုများ ပါဝင်သလို သတိပြုစရာများလည်း ပါဝင်နေသည်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်၍ ဖြစ်သည်။ စီပွားရေး ကဏ္ဍအတွက် စနစ်ကျသည့် ရေရှည်အစီအမံများ မဖြစ်မနေ လိုအပ်နေပြီး အခွင့်ထူးခံတို့ကြောင့် ဆင်းရဲချမ်းသာကွာဟမှု ပိုမိုကြီးထွားလာနေခြင်းက အစိုးရသစ် လက်ထက်တွင် ထင်ရှားသည့် သာဓကတစ်ခုဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံကာကွယ်ရေးသည် အရေးကြီးသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ တိုးတက်မှု၊ ဖွံ့ဖြိုးမှုအတွက်မှာမူ စီးပွားရေးစီမံခန့်ခွဲမှု ခိုင်မာခြင်းက အဓိကဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း မရှိပါက မည်သည့်ကဏ္ဍတွင်မဆို အားနည်းချက် လိုအပ်ချက်များဖြင့် ရုန်းကန်ရမည်သာ ဖြစ်သည်။
သဘာဝ သယံဇာတများ၊ အရင်းအမြစ်များ ပေါများသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဒေသတွင်း၌ အဘယ့်ကြောင့် ဆင်းရဲသည့်နိုင်ငံ ဖြစ်နေရသည် ဆိုသည်မှာ ဆန်းစစ်ရုံမျှမက အမှန်တကယ် ပြုပြင်ပြောင်းလဲမှသာ ရမည်ဖြစ်သည်။ လတ်တလော အလျင်အမြန် ဖြေရှင်းစရာ ကိစ္စရပ်များသာမက ရေရှည်အတွက် ခိုင်မာတိကျသည့် စီမံခန့်ခွဲမှုက ပိုမိုလိုအပ်နေပြီ ဖြစ်သည်။ စင်ကာပူကဲ့သို့ သယံဇာတချို့တဲ့သည့် နိုင်ငံသည် သောက်သုံးရေအတွက် အိမ်နီးချင်း မလေးရှားကို မှီခိုနေရသည်။ ရေအတွက် မလေးရှားကို မှီခိုရခြင်းသည် စင်ကာပူအတွက် ကြီးမားသည့် အကျပ်အတည်းတစ်ခု ဖြစ်သည်။ သို့သော် NE Water ရအောင် စီမံခန့်ခွဲနိုင်သောကြောင့် ရေရှည်တွင် ထိုကဲ့သို့မှီခိုရန် မလိုအပ်တော့ပေ။ ထိုအကြောင်းကို စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယုက The Straits Times သတင်းစာ၏ အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် မည်သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ခိုင်မာမှန်ကန်သည့် စီမံခန့်ခွဲမှုဖြင့်သာ ရလဒ်ကောင်းများရရှိရန် ပြောင်းလဲနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသား အပ်ပါသည်။

0 comments:
Post a Comment