မှားနောင်တ မရစေလို
လူငယ်တို့ ပီပီ စိတ်မြန် လက်မြန် ဆုံးဖြတ်မိလိုက်တဲ့ အခါမှာ စိတ်ကူးနယ်လွန် သွားတာတွေ တွေ့ ရတတ်ပါတယ်။ ဒီချိန်မျိုးမှာ နောင်တဆိုတဲ့ စကားလုံးဟာ သူ့ တို့ဘ၀ကို အချိန်အတိုင်း အတာ တစ်ခုထိ လွှမ်းမိုး ပစ်လိုက်ပါတော့တယ်။ ဒါ သူတို့ တွေရဲ့တန်ဖိုးရှိတဲ့ အချိန်တစ်ချို့ ကို ၀ါးမြိုခြင်းခံလိုက်ရတာပါပဲ။
နောင်တဆိုတာဟာ ဘ၀မှာ သိပ်ခါးသီးစရာကောင်းတဲ့ ကာလတွေပါ။ လုပ်မိပြီး အချိန်လွန်မှ ဆင်ခြင်မိခြင်း၊ လုပ်သင့်တာကိုမလုပ်မိဘဲ မလုပ်သင့်တာကို လုပ်မိသည့်အတွက် ပူးဆွေးသောကရောက်ခြင်း၊ ဘ၀ရဲ့ ရေတို စီမံကိန်း အောင်မြင်မှုတွေ ကျဆုံးခြင်းတွေဟာ နောင်တ တရားရဲ့ ခါးသီးမှုတွေပါ။
မှားမှန်းသိရဲ့နဲ့  အမှားကို မျက်စိမှိတ် မိုက်လိုက်တဲ့ သူတွေလောက်တော့ လောကတွင် ၀မ်းနည်းစရာကောင်းတာ မရှိတော့ပါ။
ဒါဟာ ပစ္စုပ္ပန်မှာ ဘ၀ဟာခြောက်သွေ့ တတ်ပြီး အနာဂါတ်ကိုလည်း လမ်းပျောက်စေပါတယ်။ ဒီအမှားနောင်တဟာ ယနေ့ လူငယ် အများစု ပျော်ပျော်ကြီး ကျင့်သုံးနေတဲ့ နည်းလမ်း တစ်ချို့  ဖြစ်ပါတယ်။
မိဘတွေက သူတို့ ဘ၀ အတွေ့ အကြုံနဲ့  ဒါတွေ မကောင်းပါဘူးလို့ တားမြစ်ပေမယ့် မကောင်းတာကို စမ်းကြည့်ချင်ကြတယ်။
မီးဆိုတာ ပူတယ်လို့  ပြောလိုက်ပေမယ့် တို့ ထိချင်ကြတယ်။ ကြုံဖူးလို့ သိသူက ဝေမျှပေးလည်း ကိုယ်တိုင် ကြုံဖူးမှ ယုံကြပြန်ပါတယ်။ ဘ၀မှာ ပြန်ပြင်ဆင်ဖို့ ခက်တဲ့ အမှားတွေဟာ အကန့် အသတ်နဲ့ ရှိပေမယ့်၊ ကံဆိုးစွာ မှားသွားတတ်ကြတယ်။
ဘ၀နဲ့ ရင်းရလောက်တဲ့ ကျေနပ်မှုမျိုးကို ဘယ်သာယာမှုကမှ မပေးစွမ်းနိုင်ပါဘူး။ သာယာမှုရဲ့ နောက်ကွယ်က မာနဟာ နှင်းဆီပန်း လှလှလေး တစ်ပွင့်မှာပါတဲ့ အဆိပ်ဆူးတွေနဲ့ တူပါတယ်။ ပန်းက ဆူးရှိမှန်းသိပေမယ့် ပန်းပေါ်သာယာမိချိန်မှာ သတိလက်လွတ်ဖြစ်ပြီး ရိုးတံကို ဆုပ်ကိုင်နမ်းရှိုက်မိလိုက်တဲ့အခါ နောင်တဆိုတာ စတင်ခံစားမိသွားပါတော့တယ်။ သတိနဲ့ ယှဉ်ပြီး
နောင်တကို နေရာမပေးမိဖို့ လိုပါတယ်။
"ကာကွယ်ခြင်းက ကုသခြင်းထက် သာလွန်ပြီး ကောင်း၏ " တဲ့။ မဖြစ်ခင် သုံးသပ်နိုင်ဖို့ လိုပါတယ်။ အနာသိလို့ ဆေးရှိပေမယ့်ရောဂါစွဲသွားမှာတော့ ဆိုးပါတယ်။ ဒါကြောင့် အနာဂါတ်ခေါင်းဆောင် လူငယ်တွေဟာ မှားနောင်တကြောင့် လမ်းပျောက်သွားတာမျိုး မဖြစ်စေချင်ပါဘူးဆိုတာ ပြောပါရစေ။
True Man
(၁၄. ၂. ၂၀၁၄)

0 comments:
Post a Comment