Thursday, April 17, 2014

လူ ၄၅၉ ဦး လိုက်ပါသော တောင်ကိုရီးယား ကူးတို့သင်္ဘော နစ်မြုပ်ရာ လေးဦးသေဆုံးပြီး ၃၀၀ နီးပါးပျောက်ဆုံးနေ


လူ ၄၅၉ ဦး လိုက်ပါခဲ့သော တောင်ကိုရီးယားကူးတို့သင်္ဘော တစ်စင်းသည် ဧပြီ ၁၆ ရက်က နစ်မြုပ်ခဲ့ပြီးနောက် လေးဦး သေဆုံးခဲ့ပြီး ၃၀၀ နီးပါး ပျောက်ဆုံးနေကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သင်္ဘောတွင် လိုက်ပါလာသူ အများစုမှာ အပန်းဖြေခရီး ထွက်လာသည့် အထက်တန်းကျောင်းသားများ ဖြစ်ကြကြောင်း သိရသည်။

တောင်ကိုရီးယား၏ တောင်ဘက်ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့သော သင်္ဘောမှ ခရီးသည် ၁၆၄ ဦးကို ကယ်ဆယ်ရရှိပြီးဖြစ်ကြောင်းနှင့် လူပေါင်း ၂၉၁ ဦး ပျောက်ဆုံးနေကြောင်း အစောပိုင်းက ပြောကြားခဲ့သော်လည်း ၁၆၄ ဦးသာ ကယ်တင်ထားနိုင်ခဲ့ကြောင်း အဏ္ဏ၀ါရေးရာဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သော ဓာတ်ပုံများအရ သင်္ဘောသည် ၄၅ ဒီဂရီ စောင်းလျက် နစ်မြုပ်လျက်ရှိပြီး ယင်းအထက်တွင် ရဟတ်ယာဉ်များ ပျံဝဲလျက်ရှိ သည်ကို တွေ့မြင်ရသည်။
အဆိုပါ ကူးတို့သင်္ဘောသည် တောင်ပိုင်းရှိ အပန်းဖြေရာကျွန်းဖြစ်သော ဂျေဂျူးကျွန်းသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဘေးဒုက္ခတွေ့နေကြောင်း အချက်ပြမှုများ ပေးပို့ခဲ့သည်။
တန်ချိန် ၆၈၂၅ ရှိ အဆိုပါ ကူးတို့သင်္ဘောသည် ဧပြီ ၁၅ ရက် ညနေပိုင်းတွင် အနောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော အင်ချွန်မှ ထွက်ခွာလာပြီး ဘီယန်ပွန်းကျွန်းမှ ၁၃ မိုင်အကွာတွင် နစ်မြုပ်နေခြင်းဖြစ်သည်။
မော်တော်ကား အစီး ၁၅၀ ကိုလည်း တင်ဆောင်ထားသည့် ကူးတို့သင်္ဘောသည် ခရီးသည်နှင့် သင်္ဘောအမှုထမ်း စုစုပေါင်း ၄၅၉ ဦး တင်ဆောင်လာပြီး ၃၂၅ ဦးမှာ ဂျေဂျူးကျွန်းသို့ ခရီးထွက်လာသည့် အထက်တန်း ကျောင်းသားများ ဖြစ်ကြသည်။ ဂျေဂျူးကျွန်းသည် တောင်ကိုရီးယား၏ ဟာဝိုင်အီဟု ကျော်ကြားပြီး တောင်ကိုရီးယားရှိ ကမ္ဘာလှည့်ခရီးသည်များ အနှစ်ခြိုက်ဆုံး နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယား ဒုတိယ၀န်ကြီးက ကယ်ဆယ်ရေးလုပ်ငန်းတွင် ရေတပ်သင်္ဘော ၃၄ စင်း၊ ရဟတ်ယာဉ် ၁၈ စင်းအပြင် အရပ်ဘက် သင်္ဘောများလည်း ပါဝင်သည်ဟု ဆိုသည်။ ကယ်ဆယ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ရေတပ်ကလည်း ကုန်းရေနှစ်သွယ်သုံး တိုက်ခိုက်ရေးသင်္ဘောတစ်စင်း စေလွှတ်ခဲ့သည်။ လူအသေအပျောက် တစ်ယောက်မျှ မရှိအောင် ဆောင်ရွက်ကြရန် တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးက အမိန့်ပေးထားသည်။
(ဧပြီ ၁၆ ရက်က နစ်မြုပ်နေသည့် တောင်ကိုရီးယား ကူးတို့သင်္ဘောထက်၌ ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို တွေ့မြင်ရစဉ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...