Wednesday, November 13, 2013

“ တော်လှန်ရေးရဲဘော်ကြီး၏ မပြီးဆုံးသေးသော တိုက်ပွဲ ”

Myint Aung and New MyanmarFoundation shared New Myanmar Foundation's photo.


နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို ရဲရဲဝံ့ဝံ့တော်လှန်တိုက်ပွဲဝင်ခဲ့သည့် တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးရဲဘော်ဟောင်း သခင်တစ်ဦး တံတားပေါ်တွင် တောင်းရမ်း စားသောက်နေရသည့်သတင်းက လူအများ၏စိတ်ကို ရိုက်ခတ်အံ့အားသင့်စေခဲ့သည်။


သည်အဖြစ်အပျက်က အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည်။

အသက်(၉၁)နှစ်အရွယ် အဘိုးအို သခင်လှကြိုင်တစ်ယောက် ပဲခူးတံတားပေါ်တွင် တစ်နှစ်ခွဲခန့် တောင်းရမ်းစားသောက်ခဲ့ရပါသည်။ သူ့အတွက် လောကဓံ၏ရိုက်ခတ်မှုကို အခံရဆုံးသော နေ့ရက်များ ဖြစ်ခဲ့ပါလိမ့်မည်။

ယခုတော့ ပဲခူးမြို့ခံတစ်ဦးက သူ့ကိုဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်သို့ တင်ဆက်ခဲ့ရာမှ အစပြု၍ လူအများသိရှိသွားခဲ့ပြီး လူမသိသူမသိ နွမ်းပါးဆင်းရဲနေရှာသည့် တော်လှန်ရေးတပ်သားဟောင်းကြီး လူမြင်ကွင်းသို့ ပေါ်ထွက်လာပါပြီ။

“စားစရာမှမရှိတာ”ဟု တောင်းရမ်းစားသောက်သည့်ဘ၀မှ လွတ်မြောက်လာသည့် နှစ်ရက်မြောက်နေ့တွင် သူတောင်းရမ်းခဲ့ရသည့် အကြောင်းရင်းကို သခင်လှကြိုင်က ခပ်တိုတိုပင် ပြောပါသည်။

နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက သခင်လှကြိုင်တစ်ယောက် အသစ်စက်စက် စတစ်ကော်လာအဖြူရောင်လေးနှင့် အပြာရောင်ပုဆိုးသစ်ကို ခါးပတ်ဖြင့် ၀တ်ဆင်လျက် ၀ါးခင်းကြမ်းပြင်တွင် ထိုင်နေသည်။ ဘေးတွင် ရေသန့်ဘူးတစ်ကတ်ကို ချထားပြီး လာရောက်သည့်ဧည့်သည်များကို ကမ်းပေးလျက်ရှိသည်။

ပဲခူးမြို့ အိုးလေးစုရပ်ကွက်၊ ဗွက်ပေါက်နေသည့် ရွှေစေတီလမ်းသွယ်လေးအတွင်းရှိ ခြေတံရှည်အိမ်လေးပေါ်တွင် သခင်လှကြိုင် နေထိုင်သည်။ သစ်တိုင်အနည်းငယ်ဖြင့် ဖရိုဖရဲတည်ဆောက်ထားသည့် အိမ်လေးက လေတိုက်လျှင်ပင် လဲပြိုတော့မယောင်။ အိမ်ပေါ်တက်သည့်လှေကားက ခနော်ခနဲ့။ ၀ါးပြားများခင်းထားသည့် ကြမ်းခင်းက တကျိကျိမြည်နေသည်။ ခေါင်ကိုမိုးထားသည့် ထန်းလက်ရွက်များက ပေါက်ပြဲနေပြီး ၀ါးထရံက ဟိုတစ်ကွက်ဒီတစ်ကွက် ပေါက်ပြဲနေ၏။ ဒါက သခင်လှကြိုင်၏ လက်ရှိနေထိုင်မှု အခင်းအကျင်းပင်ဖြစ်သည်။

သခင်လှကြိုင်ကို မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ပြီး ဇာတာအမည်မှာ စစ်ညွန့်ဖြစ်သည်။ နောက်ပိုင်းတွင် လှကြိုင်ဟူသည့် အမည်တွင်ခဲ့သည်။ အဖ ဦးအောင်ဘွင့်၊ အမိ ဒေါ်တိုးတို့မှ မွေးဖွားသည့် သားသမီးငါးဦးအနက် အကြီးဆုံးဖြစ်သည်။

(၁၆)နှစ်သားအရွယ်တွင် တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီး သခင်ဘွဲ့ကို ခံယူခဲ့သည်။ ထို့နောက် ဟင်္သာတမြို့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏ တပ်အတွင်းဝင်ရောက်၍ လက်နက်ကိုင်ခဲ့သည်။ တိုက်ပွဲများစွာတိုက်ခဲ့ပြီး ခြောက်နှစ်ခန့်အကြာတွင် One Line Three Star တပ်ကြပ်ကြီးအဆင့်သုံးရစ်နှင့် လစာ ၅၅ ကျပ် ရရှိခဲ့သည်။

နာမည်ကျော် ရွှေတောင်တိုက်ပွဲတွင် သခင်လှကြိုင်ပါဝင်ခဲ့ပြီး ဂျပန်တပ်များနှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့သည်။ ရွှေတောင်တိုက်ပွဲ၌ နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့သည်ဟု သူကဆိုသည်။

“လက်ပစ်ဗုံးခြောက်လုံးနဲ့ ဂျပန်ဗိုလ် ဗိုလ်မုတ်ဆိတ်က အသေခံပြီးတက်တိုက်တာ ကျသွားတယ်။ သူကျသွားတော့ ဗိုလ်ရန်နိုင် တက်တယ်”ဟု သူက ရွှေတောင်တိုက်ပွဲအတွင်း မှတ်မိသလောက်ပြောပြသည်။

နောက်ပိုင်းတွင် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာ၌ သခင်လှကြိုင်က သာယာဝတီအနောက်ခြမ်းရှိ စံရွေး-ဖိုးခေါင်အရပ်ဒေသမှ တိုက်ပွဲဝင်ခဲ့သည်။ ဖက်ဆစ်စနစ်ကိုဆန့်ကျင်ပြီး ဂျပန်ကို မောင်းထုတ်ခဲ့ကြသည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စစ်တိုက်ခဲ့ကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် သတ္တိပြခဲ့သည်။

“လူက အဲဒီတုန်းက မိုက်တာလည်းမပြောနဲ့။ ဥုံခံပြီး တုတ်ပြီး ဓားပြီးဆေးထိုးတယ်။ ရဲဘော်အချင်းချင်း စမ်းသပ်ကြတာ။ တကယ်ခုတ်ရင်ပြတ်တယ်”ဟု သခင်လှကြိုင်က ဘယ်ဘက်လက်ဖျံရှိ ဓားခုတ်ရာ အမာရွတ်ကြီးကို ထုတ်ပြသည်။ ဓားပြီးသည်ဟူသည့်ဆေးကိုထိုးပြီး တကယ်ပြီး၊ မပြီးကို ဓားကောက်ဖြင့်ခုတ်လျက် စမ်းသပ်ကြခြင်းဟုဆိုသည်။ သို့သော် တကယ်မပြီးဘဲ ဓားခုတ်ရာကြီးသာ သေရာပါခဲ့သည်။

တိုက်ပွဲများအတွင်း သခင်လှကြိုင်က ဘယ်ဘက်ခြေမျက်စိတွင် သေနတ်ဒဏ်ရာတစ်ချက်သာ ရရှိခဲ့သည်။ ဟင်္သာတခရိုင်၊ သဲဖြူကျေးရွာတွင် ကရင်ခရစ်ယာန်လက်နက်ကိုင် ကော်သူလေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ရာမှ သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ဘက်က တပ်ခွဲတစ်ခွဲ လူတစ်ရာကျော်ပဲပါတယ်။ ဟိုဘက်က အင်အားပိုများတယ်။ အဘကို စတင်းဂန်းတစ်လက်ပေးတယ်။ အဘက ကာဘိုင်ပေးပါလို့ပြောပြီး ကာဘိုင်နဲ့တိုက်တယ်။ ကာဘိုင်ကကျည်ပြေးတယ်”ဟု သခင်လှကြိုင်ကပြောပြသည်။

လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် သခင်လှကြိုင်တစ်ယောက် ဗိုလ်ထွန်းလှတပ်ရင်းသို့ လက်နက်ပြန်အပ်၍ အငြိမ်းစားယူခဲ့သည်။ ထို့နောက် မော်လမြိုင်သူ ဒေါ်ဝက်နှင့် လက်ထပ်၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ဟင်္သာတမြို့ပေါ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် ဆေးဆိုးပန်းရိုက်အလုပ် လုပ်ကိုင်အခြေချခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် မေတ္တာညွန့်ရပ်ကွက် မီးလောင်သဖြင့် မြောက်ဥက္ကလာပမြို့နယ်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ပဲခူးမြို့၊ အိုးလေးစုရပ်ကွက်သို့ ပြောင်းရွှေ့၍ ဆေးဆိုးပန်းရိုက်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ရာ အဆင်မပြေဖြစ်ပြီး စီးပွားပျက်ခဲ့သည်။ သမီးအငယ်ဖြစ်သူ (၅၅) နှစ်အရွယ် ဒေါ်သန်းစိန်နှင့်အတူနေထိုင်ရင်း တစ်လမ်းဝင်တစ်လမ်းထွက် ဖိနပ်ချုပ်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။

“ဖိနပ်ချုပ်မလား .. ဖိနပ်ဟောင်းတွေ ပြင်တယ်”ဟု သံစဉ်လေးဖြင့် အော်ခဲ့သည်ဟု သခင်လှကြိုင်ကပြောပြပြီး ထိုသံစဉ်ကို ပြန်ရွတ်ဆိုပြသေးသည်။

“ကိုယ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း တစ်ယောက်မှမရှိကြတော့ဘူး။ စိတ်ပျက်ပြီး ပဲခူးရောက်လာတာ။ စိတ်ပျက်တော့ ဟိုဟာလုပ်ဒီဟာလုပ်ဖြစ်သွားတာ”ဟု သူ့ဘ၀၏ အခက်ခဲဆုံးနေ့ရက်များကို ပြန်ပြောင်းပြောပြသည်။

သခင်လှကြိုင်က ဇာတ်သဘင်ဝါသနာကြီးသူဖြစ်သည်။ ထို့ကြောင့် ဗေဒါညွန့်ကပွဲသဘင်သို့ ၀င်ရောက်၍ လူရွှင်တော်အဖြစ် လုပ်ကိုင်ခဲ့သေးသည်။ ဇာတ်မင်းသား နန်းညွန့်စိန်၊ ရွှေဘိုလွင်တို့နှင့်တွဲဖက်၍ မြန်မာပြည်အနှံ့ ဖျော်ဖြေခဲ့သည်။ မင်းသားရွှေဘိုလွင်က သူနှင့် ညီအစ်ကိုနှစ်ဝမ်းကွဲတော်စပ်သဖြင့် ဇာတ်ထဲလိုက်ခဲ့ရာ လူရွှင်တော်အလုပ်ရခဲ့သည်။

သမီးဖြစ်သူ ဒေါ်သန်းစိန်မှာ သွေးတိုးရောဂါဖြင့် ကျန်းမာရေးမကောင်းဘဲ ဆေးလိပ်လိပ်ခြင်း၊ ကျပန်းလုပ်ခြင်းတို့ဖြင့် ရပ်တည်ခဲ့ကြပြီး အသက်(၂၀)အရွယ် မြေးဖြစ်သူမှာ ပန်းရန်အလုပ်ကို ၀င်ရောက်လုပ်ကိုင်ရသည်။ အလုပ်က ရတစ်နေ့၊ မရတစ်နေ့ဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲလာသည်။ စားစရာမရှိသည့်နေ့ရက်များ ကြုံတွေ့လာရသည်။

ထိုအခါ သခင်လှကြိုင် အပြင်ထွက်တော့သည်။ မနက်ပိုင်းတွင် ဘေးအိမ်မှ ဆိုက်ကားဆရာကိုခေါ်ကာ ပဲခူးမြို့လယ်မှ လက်ဖက်ရည်ဆိုင်သို့ လိုက်ပို့ခိုင်းသည်။ ဆိုက်ကားဆရာ ပြန်သွားပြီးနောက်တွင် လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် အနီးရှိ ပဲခူးတံတားပေါ်သို့တက်ကာ တစ်နေရာတွင်ထိုင်လျက် အလှူခံခဲ့သည်။ ခြောက်လခန့်ကြာသည်အထိ အိမ်ကမသိ။

“မိုးလင်းရင် ထွက်သွားပြီ။ ခါတိုင်းလို ဖိနပ်သွားချုပ်တယ်လို့ထင်တာ။ ခြောက်လလောက်နေမှ သူများတွေလာပြောမှ သိတယ်။ ကျွန်မ မျက်ရည်ကျတယ်။ ငိုတယ်။ အဖေ သမီးတို့ကို အရှက်ခွဲနေတာလားဆိုပြီး။ အဲဒီမှာ အဖေက မသွားဘဲ အိမ်မှာထိုင်နေရင် ငါ လေဖြတ်မယ်။ ဆက်မလုပ်ရဘူးဆိုရင် ငါတစ်နေရာကို ထွက်သွားမယ်လို့ပြောတယ်။ နောက်တော့ လက်လျှော့လိုက်ရတယ်။ ဒါပေမဲ့ မိဘတစ်ယောက် တောင်းစားနေတာ ဘယ်သားသမီးကကြည့်နေနိုင်မှာလဲ”ဟု သမီးဖြစ်သူ ဒေါ်သန်းစိန်ကဆိုသည်။

သခင်လှကြိုင်ကလည်း သူတောင်းရမ်းစားသောက်ခဲ့ရခြင်းအပေါ် “အိမ်မှာ စားစရာမှမရှိတာ။ ကိုယ်ထွက်လုပ်မှစားရမှာ။ မြေးကလည်း အလုပ်မရှိဘူး။ ပန်းရန်လုပ်တာ ရတစ်ရက်၊ မရတစ်ရက်”ဟုသာ မှတ်ချက်ပေးသည်။

သူ့ကို အမြဲလိုက်ပို့ရသည့် အိမ်အနီးမှ ဆိုက်ကားဆရာ ကိုဇော်ဇော်ဟိန်းက “လက်ဖက်ရည် ထွက်သောက်တယ်ထင်လို့ လိုက်ပို့ပြီးထားခဲ့တာ။ နောက်ကျတော့ သားရေ.. အဘ လမ်းမလျှောက်နိုင်လို့ တံတားပေါ်လိုက်ပို့ပါဆိုတော့မှ အဘ.. ဘာလုပ်မလို့လဲဆိုတော့ သူက အဘအလှူခံတာလို့ ပြန်ပြောတယ်။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ကိုယ်ကလည်း ရရစားစားတွေဆိုတော့ မကူညီနိုင်ဘူး”ဟု ပြန်ပြောပြသည်။

တော်လှန်ရေးရဲဘော်ဟောင်းကြီးသည် ဘ၀နေ၀င်ချိန်နီးလာသည်အထိ ကြုံရာအလုပ်များ လုပ်ကိုင်ခဲ့ပြီး မလုပ်ကိုင်နိုင်တော့သည့်အချိန်မှာပင် တောင်းရမ်းခြင်းဖြင့် သမီးနှင့်မြေးကို လုပ်ကျွေးခဲ့သည်။ ကျန်းမာရေးအနေနှင့် ယခုထိတိုင် ကောင်းမွန်နေဆဲဖြစ်ပြီး ဘယ်ဘက်မျက်လုံးကတော့ မမြင်ရတော့။ သို့သော် စာဖတ်၍ရသေးသည်ဟု သခင်လှကြိုင်ကဆိုသည်။

“ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ အရက်မသောက်ဘူး။ ထန်းရည်တောင် မသောက်ဖူးဘူး”ဟု သူကပြောသည်။

သူ့ထံတွင် တို့ဗမာအစည်းအရုံးကပေးပို့သည့် ဂုဏ်ပြုပွဲဖိတ်ကြားလွှာတစ်စောင်ရှိသည်။ သခင်လေးမောင်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အသိအမှတ်ပြု ပေးပို့ထားခြင်းဖြစ်သည်။ မော်ကွန်းဝင်လျှောက်လွှာတင်ရန် သခင်များက ထောက်ခံထားသည့် လက်ရေးမူစာရွက်တစ်ရွက်လည်းရှိသည်။ သို့သော် သခင်လှကြိုင် မော်ကွန်းဝင်မဖြစ်ခဲ့ပါ။

“တပ်အထောက်အထားတွေအားလုံး မေတ္တာညွန့်မီးလောင်တော့ ပါသွားတယ်။ မော်ကွန်းဝင်လျှောက်မလို့။ သတင်းသွားပို့တော့ ပဲခူးမြို့စစ်မှုထမ်းဟောင်းအဖွဲ့က အဲဒီတုန်းက ဥက္ကဋ္ဌဗိုလ်ကြီးထွန်းမြင့်က လက်မခံဘူး”ဟု သူကပြောပြသည်။ ရလဒ်ကတော့ လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးရဲဘော်ကြီး လမ်းဘေးတွင် တစ်နေ့သုံးထောင်ခန့်ရအောင် တောင်းရမ်းရသည့်ဘ၀သို့ ရောက်သွားခြင်းပဲဖြစ်သည်။

“ပဲခူးသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးစိန်လှိုင်က ကျွန်တော့်ကိုလှမ်းပြောတာ။ ကျွန်တော်သွားမေးပြီး အွန်လိုင်းမှာတင်လိုက်တယ်။ လူတွေစိတ်ဝင်စားလာပြီး အထောက်အထားတွေ ထုတ်ပြတော့ လူသိသွားတယ်”ဟု သခင်လှကြိုင်အကြောင်းကို ဖေ့စ်ဘွတ်ခ်တွင် တင်ဆက်ခဲ့သူ ပဲခူးမြို့ခံ ကိုကြည်လင်းကပြောသည်။

အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် တပ်မတော်အငြိမ်းစားအရာရှိတစ်ဦးဖြစ်သည့် ဦးမောင်မောင်အောင်က အလှူငွေများကောက်ခံခြင်း၊ သတင်းဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့ရာ လူအများသိရှိပြီး သခင်လှကြိုင်အတွက် ကူညီထောက်ပံ့မည့်သူများ ရုတ်ခြည်းပေါ်ထွက်လာခဲ့သည်။ သူ့အကြောင်းကို ကြားသိသူများကလည်း ကြေကွဲဝမ်းနည်းစိတ်ဖြင့် ဆုတောင်းပေးခဲ့ကြသည်။

ထိုအခါ ပဲခူးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ချက်ချင်းပင် သခင်လှကြိုင်ကို လိုက်လံရှာဖွေခဲ့သည်။ တွေ့လျှင်တွေ့ချင်း သခင်လှကြိုင်အတွက် စစ်မှုထမ်းဟောင်း ရဲဘော်နှစ်ဦးကို အနီးကပ်စောင့်ရှောက်ပေးခဲ့သည်။

“နိုဝင်ဘာ ၉ ရက်ကစပြီး မနက်ကနေ ည ၇ နာရီအထိ အဘဘေးမှာ ကူညီတာဝန်ထမ်းဆောင်နေပါတယ်”ဟု ကလျာနီရပ်ကွက် စစ်မှုထမ်းဟောင်း စည်းရုံးရေးမှူး ကိုနေ၀င်းကဆိုသည်။

မွေးရေ/ကျေးလက်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးအုန်းမြင့်ကိုယ်တိုင် ဆက်သွယ်၍ သခင်လှကြိုင်နှင့် ဖုန်းပြောအားပေးခဲ့သည်။ လိုအပ်သည့်ထောက်ပံ့မှုများကိုလည်း ပြုလုပ်ပေးနေပြီဖြစ်သည်။

“သတင်းကြားကြားချင်း စုံစမ်းလိုက်တယ်။ အသက်လည်းကြီးနေပြီ။ စစ်မှုထမ်းဟောင်းလုပ်ခဲ့တာလည်း မှန်တဲ့အတွက် စစ်မှုထမ်းဟောင်းအဖွဲ့က တစ်လကို နှစ်သောင်းကျပ်နဲ့ ပြည်ထောင်စုဝန်ကြီးက တစ်လကို ခြောက်သောင်းကျပ် ပုံမှန်ထောက်ပံ့သွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးမင်းသော်တာကရှင်းပြသည်

ယခုအခါ သခင်လှကြိုင် ဘ၀နေ၀င်ချိန်အထိ နေထိုင်သွားနိုင်ရန်အတွက် မြေကွက်တစ်ကွက်တွင် နေအိမ်တစ်လုံးကို ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်က ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။ စင်ကာပူရောက် မြန်မာများ၊ I Love Myanmar အဖွဲ့၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ပရဟိတအဖွဲ့အစည်းများ၊ တပ်မတော်အငြိမ်းစားအရာရှိများ စသည့်အဖွဲ့အစည်းများက သွားရောက်ထောက်ပံ့လှူဒါန်းနေကြပြီဖြစ်သည်။ သခင်လှကြိုင်အတွက် အိုကံကောင်းသည်ဟု ပြောရမလိုပင်ဖြစ်သည်။ သို့သော် ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသည့် ဘ၀ကတော့ ကြမ်းလှပါသည်။

ရရှိလာသည့်အလှူငွေများကို သခင်လှကြိုင်က စားသောက်ရုံသာမက အလှူအတန်းများလည်း လုပ်သွားမည်ဖြစ်ကြောင်း ပြောပါသည်။ သူနေထိုင်သည့် ခနော်ခနဲ့အိမ်လေးရှိရာ ဗွက်ပေါက်နေသည့် လမ်းလေးကိုလည်း ပြင်ဆင်လိုသည်ဟု သူကရည်မှန်းထားသည်။

သခင်လှကြိုင်အတွက် လှူဒါန်းသည့်ငွေကြေးများကို ဘဏ်တွင် သူ့အမည်ဖြင့် ငွေစာရင်းစာအုပ် ပြုလုပ်သွားမည်ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်ပြုလုပ်ရာတွင် စနစ်တကျဖြစ်စေရန်အတွက် အထက်တန်းရှေ့နေတစ်ဦး၊ ဘဏ်မန်နေဂျာတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးတို့ ပါဝင်သည့်အဖွဲ့က ကြီးကြပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြသည့် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးများကို ထောက်ပံ့သည့် ထောက်ပံ့ငွေကြေးမှာ မော်ကွန်းဝင်ပထမအဆင့်တစ်ဦးလျှင် ခုနစ်ရာ့ငါးဆယ်ကျပ်၊ မော်ကွန်းဝင်ဒုတိယအဆင့်တစ်ဦးလျှင် သုံးရာခုနစ်ဆယ့်ငါးကျပ်နှုန်းဖြစ်သည်။ အဆိုပါ ငွေကြေးပမာဏမှာ ၁၉၉၃ ခုနှစ်မှ ယနေ့အထိဖြစ်သည်။

ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပင်စင်လစာများကို တိုးမြှင့်ပေးအပ်ခဲ့သော်လည်း မော်ကွန်းဝင်များအတွက် ပေးအပ်သည့် ထောက်ပံ့ကြေးမှာ ယခင်အတိုင်းသာ ရှိနေဆဲဖြစ်ပါသည်။ လွတ်လပ်ရေးရရှိစေရန် ရဲရဲဝံ့ဝံ့စွန့်လွှတ်စွန့်စားခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကို မစို့မပို့ငွေကြေးသာ ထောက်ပံ့၍ လျစ်လျူရှုထားရန် မသင့်လျော်ပါ။ သခင်လှကြိုင်လို ရဲဘော်ဟောင်းကြီးများ မည်မျှကျန်သေးသလဲ မသိနိုင်ပါ။

ဓာတ်ပုံ- ဥက္ကာကိုကို

7Day News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...