Friday, November 29, 2013

ဗိုလ်ကြီးငမွဲ ပြာပုံထဲက ထွက်ခွာခြင်း

တပ်ထဲမှာ နေတုန်း ပြောခံရတာ။ ပြောတာက တစ်ခြားသူမဟုတ်။ ညီမအရင်းကိုယ်တိုင်။ ပြောလည်း ပြောစရာ။ တစ်လတစ်လ မှိုင်နေရတဲ့အချိန်ကများ သကိုး။ မျက်နှာမကောင်းတော့ဘူးဆို ညီမကသိပြီ။ အစ်ကို ဘိုင်ပြတ်နေပြီမဟုတ်လား။ ယူထားဦးမလား မေးလာရင် မယူချင်သလို၊ ယူချင်သလို လက်က ကမ်းထားပြီးသား။ ရန်ကုန်မြို့ကြီးပြကြီးမှာတော့ တာဝန်ထမ်းရပါတယ်။ မနက်ည လိုင်းကားခတင် ၈၀၀ ကျပ်၊ ဆိုင်ကယ် ကယ်ရီက တစ်ကြောင်း ၅၀၀၊ ညနေစောင်းရင် ကားကြုံလေးမျှော်လို့။ လူကြီးများကလည်း စာနာ နားလယ်ပေးပါတယ်။ အကုန်အကျ သက်သာအောင် တပ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေးတယ်။ လူပျိုတုန်းက ပြသနာမရှိပေမယ့် ဇနီးနဲ့ သမီးမျက်နှာမြင်လာတော့ ညနေစောင်းဆို ရွပိုးထိုးနေပြီ။

တခါတလေ အိမ်နဲ့နီးရာမှာ နေရတာကောင်းပေမယ့် အိမ်နဲ့အဝေးဆုံးနေရာမှာသာ တာဝန်ကျချင်တော့တယ်။ ကိုယ်လည်းမသုံး လစာအိမ်ကို အသားတင်အပ်။ တာဝန်ကျရာနေရာမှာ ရေသောက်အူခေါက်နေလိုက်ချင်တယ်။ ဇနီးက ပြောရှာတယ်။ အဝေးတော့မသွားပါနဲ့ ရှိတာနဲ့ လောက်အောင်စားတာပေါ့တဲ့။ လစာက နည်းလှချည်းလား။ ရှာပါလား။ ဖန်ပါလား။ ဘယ်သူဘယ်ဝါက ဘယ်လို တစ်ခါမှ မြည်တွန်ခြင်းမရှိတာနဲ့ကို အိမ်ထောင်သက်ရှည်သွားတယ် ပြောရမယ်။ လစာတစ်သိန်းခွဲလောက် ထုတ်လာတဲ့နေ့ဆိုရင်ပဲ ဒေါ်လာတစ်သောင်းလောက်ပါလာတဲ့အတိုင်း ယောင်္ကျားလစာတွေထုတ်လာပြီဆိုပြီး ဖွယ်ဖွယ်ရာရာတွေချက်ကျွေးလို့။ တစ်ရက်တော့ အဒေါ်က ဟင်နင်တို့လစာလေးကလဲ လို့လာပြော စိတ်ထဲထောင်းကနဲဖြစ်သွားပြီး ဟုတ်တယ်။ ညံ့လို့ ညံ့လို ဒီလစာပဲရတာ။ နောက် အစိုးရတွေတက်မှ ပြည်သူတွေဆီက အခွန်သေခြာကောက်ပြီး လစာတွေအများကြီးပေးမှာလို့ ပြောလိုက်တယ်။ ဒေါသက လူကို ကလေးစိတ်ဖြစ်စေတယ်။ တစ်ခါက သမီးက အရမ်းဖျား။ လက်ထဲမှာလည်း ဘာမှမရှိ။ ဇနီးကပြောတယ်။ ဘဏ်ထဲလက်ကျန်လေးရှိမှာပါ။ အကောင့်သွားစစ်လိုက်ပါလားဆိုတော့ ဟာ သိပ်ရှိမှာမဟုတ်ပါဘူးကွာ။ လတိုင်း လစာထုတ်နေတာ ဘယ်ကျန်ပါ့မလဲ။ အမှန်က လစာအစွန်းထွက် နှစ်ထောင်သုံထောင်လောက်က ဘဏ်ထဲကျန်တတ်ပေမယ့် နည်းနည်းလေးနဲ့ ထုတ်ရမှာ ရှက်တာနဲ့ မသွားချင်တာ။ ကိုယ့်အကြောင်း သိနေတဲ့ ဇနီးက ကိုယ့်လစာကိုယ်ထုတ်တာ ဘာမှ ရှက်စရာမရှိဘူး။ သမီးလည်း ဖျားနေတာ ဆေးခန်းပို့ရတာပေါ့။ သွားကြည့်လို့မရှိလဲ မတတ်နိုင်ဘူးပေါ့တဲ့။ ဘဏ်ကောင်တာမှာ ဘဏ်လက်ကျန်ထုတ်ချင်လို့ပါဆိုတော့ စာရေးက ဘယ်လအထိ လစာထုတ်ထားသလဲ။ ဒီလအထိ ထုတ်ထားပြီးပြီလို့။ ကိုယ်တန်းစီနေတုန်း ယူနီဖောင်းဝတ်နဲ့ ဗိုလ်မှူးတစ်ယောက်ရောက်လာတယ်။ နောက်လိုက်ရဲဘော်နဲ့ ရဲဘော်လက်ထဲမှာ ဆာလာအိပ်ကပါသေး။ စာရေးကမေးတယ် ဘယ်လနောက်ဆုံးလစာ ထုတ်ခဲ့တာလဲ။ "အရာရှိစဖြစ်ထဲက တစ်လမှာ မထုတ်ရသေးဘူး" ကောင်းရော နေကာမျက်မှန်ကို ချွတ်ရင်း စတိုင်ကျကျ မာန်ပါပါပြောလိုက်တဲ့အသံက နားထဲကို အလုံးလိုက်ဝင်လာတာ။ ဒီကောင်နဲ့ငါက သက်တူရွယ်တူ။ ငါက ငါးနှစ်တက်လို့ ဗိုလ်မှူးဖြစ်တာ နောက်ကျနေတာ မာနစိတ်။ နောက် သူများကို အထင်ကြီးခြင်း၊ ကိုယ့်ကိုကိုယ်အားမလို အားမရဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသဖြစ်ခြင်း စိတ်ထဲမှာ ဆက်တိုက်ဆက်တိုက် မအေဘေးလေး၊ စစ်သဒေါင်းစားလေး စစ်သားဖြစ်ပြီး ဒီလောက်ဆယ်နှစ်ကျော် လစာမထုတ်ရအောင် မင်းက ဘာလုပ်နေလို့လဲ။ လစာစားစရာမလိုအောင် မင်းမိဘက ချမ်းသာနေလို့လား။ ယောက်ခမက ထောက်ပံ့နေလို့လား။ မိန်းမဆီကတောင်းနေတာလား။ တပ်မှပဲ ဂွင်ကောင်းနေလို့လား။ တစ်နေရာရာက မရဘဲ ဘယ်လိုရပ်တည်မလဲ။ ပစ်ပစ်နှစ်နှစ်တွေ ပြောနေတာ စိတ်မှာပါ။ ကိုယ်အဆင်မပြေဖြစ်တဲ့အချိန်မှာ မုဒိတာထက် မရှုစိမ့်တဲ့ မကောင်းစိတ်က ဆက်တိုက်လွှမ်းမိုးသွားလိုက်တာ။ အင်း ငွေမရှိတဲ့အပြင် ငါ့စိတ်တွေပါ အောက်တန်းကျကုန်ပါ့လား။ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဘဏ်လက်ကျန်လေးသောင်းရှိတယ်ဆိုတော့ ပြောသွားတယ်။ ညနေသမီးကို ဆေးခန်းပြ။ မိသားစုလေးပျော်ရွှင်လို့ပေါ့။ သမီးကြီးမွေးဖို့ ဆေးစစ်တည်းက ဇနီးက အသည်းရောင်စီပိုးရှိကြောင်းသိနေရပြီ။ သမီးမွေးပြီး ရှစ်လနီးပါးမှ အိမ်ပြန်ရောက် ခွင့်တွေဘာတွေက ချက်ချင်းမယူချင်သေး။ တာဝန်မဲ့ သင်္ဘောကို ပစ်သွားတယ်မဖြစ်ချင်။ နောက်ရက်အနည်းငယ်ကြာမှ စစ်ဆေးရုံသွား။ တပ်မတော်ဆေးရုံကြီးတွေက ဟီးနေတာမဟုတ်လား။ အသည်းအစားထိုးတာ၊ ကျောက်ကပ်လဲတာ။ အဆင့်မြင့်ဆေးပညာတွေဘာတွေဆိုတော့ ဇနီးသည်ကို ရှင်းပြတယ်။ တပ်မတော်မှာ လစာတစ်ခုတည်းကြည့်လို့မရဘူး။ ဒီလိုဆေးကုသခွင့် ဘာညာ သာတကာ ပေါ်လစီကားတွေထဲကလို နိဒါန်းတွေခြွေလို့။ စစ်ရေယာဉ်မှူးဆီခွင့်တင် အမှတ်(၂) စစ်ဆေးရုံကြီးပြေး။ ပြင်ပလူနာဌာနက အမျိုးသမီးဗိုလ်မှူးက ဒီနေ့ ပါရဂူထိုင်ရက်မဟုတ်လို့ပါ။ ဆေးအရင်စစ်သွားပါ။ ပါရဂူထိုင်တဲ့ရက် ပြန်ချိန်းပါမယ်။ အိုကေ။ စစ်လိုက်တာလဲမျိုးစုံ။ မိန်းမတွေ့လား အပြင်မှာဆို ဒါမျိုးသောင်းဂဏန်ကုန်မယ်။ တပ်မတော်သားတွေဆိုတာ ဒီလိုပဲ တာဝန်ထမ်းဆောင်တဲ့အခါမယ် အမှန်တကယ်လိုအပ်တဲ့အခါ နိုင်ငံတော်က ပြန်စောင့်ရှောက်တယ်။ ဆေးရုံကြီးဆိုတွေ့လား သန့်လို့ပြန့်လို့။ စစ်တပ်ဆိုတော့ စည်းကမ်းလည်းကောင်းတယ်ကွ။ ညစ်ညစ်ပက်ပက်မရှိဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာပေါ့ဗျာ။ ယောကျာင်္းကို အထင်သေးတတ်တဲ့ မိန်းမ မဟုတ်ပေမယ့် ကိုယ်ရည်ကသွေးရသေးတယ်။ နောက်ပါရဂူချိန်းတဲ့ ရက်ကျ အားနာနာနဲ့ ခွင့်ထပ်ယူ။ ဆေးရုံသွား အသည်းဌာနကို ချီတက်။ ပါရဂူဒီမှာမထိုင်ဘူးတဲ့။ တာဝန်ကျက ဖြေတယ်။ အသည်းပါရဂူက အသည်းဆေးရုံမှာပဲ ထိုင်တာလေ။ ပြင်ပလူနာဌာနက ဘာလို့ဒီကို ချိန်းလိုက်တာလဲမသိဘူး။ ဟင် နင်တို့ ဆေးရုံတစ်ရုံတည်းကို အမျိုးမျိုးဖြစ်နေရသလား။ စတွေ့တာပဲ။ အေးအေး ဟုတ်ပေမပေါ့။ ရပါတယ် အသည်းဆေးရုံဆိုတော့ အသည်းဆေးရုံကို လိုက်ကြတာပေါ့။ ကိုယ်ချည်းပဲမဟုတ် ကျန်လာပြတဲ့သူတွေလည်း ပါသေး။ အသည်းဆေးရုံဆိုတော့ သီးခြားဆေးရုံအဖြစ်တောင် လုပ်ထားတာပဲ။ တပ်မတော်မှာ အသည်းဝေဒနာရှင်တွေကို အလေးထားတယ်ကွ။ သီးခြားအထူးကုဆေးရုံဆိုတော့ ပစ္စည်းလည်းပိုစုံမှာပေါ့။ ပြေးကြဦးစို့ မင်္ဂလာဒုံ။ ပါရဂူအခန်းရှေ့ ဆိုတဲ့နေရာမယ် ကျန်အဖွဲ့တွေနဲ့အတူ ထိုင်စောင့်နေချိန်။ ဗိုလ်ကြီးအပွင့်နဲ့ အမျိုးသမီးတစ်ယောက် လူနာရဲဘော်တွေကို ဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မြက်နှုတ်၊ အမှိုက်ကောက် တာဝန်တွေခွဲ။ အမိန့်တွေပေးနဲ့။ အေး တပ်မတော်မှာ သီးခြားဝန်ထမ်းမရှိဘူး မိန်းမရ။ ဒီလိုပဲ နာလံထူလာတဲ့ ရဲဘော်တွေနဲ့ ပေါ့ပါးတဲ့ အဆောင်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတွေ ဆောင်ရွက်တဲ့အခါ ပတ်ဝန်းကျင်လဲ သန့်ရှင်း။ စရိတ်လဲမကုန်၊ အိပ်ယာထဲ လှဲနေတာထက် ကိုယ်လက်ကြံ့ခိုင်ရေးလည်း ဖြစ်စေတယ်ကွ။ တပ်မတော်မှာ အဆင့်ဆင့်ကွပ်ကဲတဲ့ စနစ်က ဆေးရုံတက်နေချိန်မှာတောင်ရှိရတယ်။ ဒါကြောင့် ဘာလုပ်လုပ်ဘာကိုင်ကိုင် စနစ်တကျရှိပြီး တိုက်ပွဲဝင်အသင့်ဖြစ်နေတာပေါ့ကွာလို့ ပေါ်လစီတော်ကီတွေပွားလိုက်သေးတယ်။ ကိုယ်နားထားတာလဲ အဲ့ဒီလိုပဲ။ ခဏနေတော့ ခုနက ဗိုလ်ကြီးမမ ရောက်လာတယ်။ ပါရဂူတွေ့ဖို့စောင့်နေတာလားတဲ့။ ဒေါဖောင်းလာပြီ နင့်ဂျီးတော်က အားအားယားယား လေကောင်းလေသန့်ရှုဖို့ အသည်းဆေးရုံထဲလာထိုင်နေတာလေ။ စိတ်ထဲကပြောတာပါ။ ပါရဂူက ဒီဘက်မလာဘူး အမှတ်(၂)မှာပဲထိုင်တာ။ သေခြာတယ်။ ဒီအမျိုးသမီးက မလိမ်လောက်ဘူး။ အကြီးဆုံးဆိုပြီး ဟိုနေရာလို ဒီနေရာလိုနဲ့ ဂယ်ရှာနေတာဖြစ်မယ်။ ဝေဒနာ မပြရသေးဘူး။ ဒေါသနဲ့ မေတ္တာပို့မိနေပြီ။ အေးပေါ့လေ လူကြီးဆိုတော့ တာဝန်တွေလည်း များတာကိုး။ လာ မိန်းမရေ အမှတ်(၂)ကို ပြန်ပြေးကြစို့။ ပါရဂူအခန်းရှေ့မှာ ဆေးဗိုလ်ကြီးလေး သုံးယောက်လောက် မတ်တပ်ရပ်ပြီး အီးယားဖုန်းကိုယ်စီနဲ့ မြူးဇစ်ပလေးနေတယ်။ စိတ်ထဲ အမြင်က မကြည်ချင်တော့ဘူး။ ဒါပေသိ ထူးချွန်ပြောင်မြောက်တဲ့ လူ့အသက်ကယ် ပညာတတ် သမားဂုဏ်ရှိ ပုဂ္ဂိုလ်တွေမဟုတ်လား။ လေးလေးစားစားပဲ ညီလေးတွေ၊ ဗိုလ်ကြီးတွေခေါ်မနေဘူး ဒေါက်တာ ပါရဂူနဲ့ တွေ့လို့ရမလား ခင်ဗျာ။ ဒီနေ့ ပြင်ပလူနာဌာနက လွှဲလိုက်လို့ပါ။ ဇာတ်ကြောင်းခင်းပြီး ဆေးစစ်ချက်မှတ်တမ်းတွေ ထုတ်ပြ။ ဇာတ်ကနဲ့ ဆွဲယူပြီး အင်း ဒီရောဂါက ပိုက်ဆံအတော်ကုန်မဲ့ ရောဂါဗျ။ အပြင်မှာ သွားပြပါလား ပိုကောင်းတယ်။ ပါရဂူကြီးလည်း SSC မှာထိုင်တယ်လေ။ ဒီ ဆေးစစ်ချက်တွေလား။ လမ်းသုံးဆယ်မှာ ပြန်စစ်လိုက်တာကောင်းတယ်။ ပါရဂူလည်း ပြန်စစ်ခိုင်းလိမ့်မယ်။ ပါရဂူလား ဒီနေ့ ကြည့်မှာမဟုတ်ဘူးဗျ။ မအားဘူး ခဏနေအပြင်သွားတော့မှာ။ ဒီတစ်ခါတော့ စိတ်ထဲက မပြောနိုင်တော့ဘူး။ အေး ဒီမှာ ငါစစ်သားကွ။ ငါ့တာဝန်ငါကျေအောင်လုပ်နေတယ်။ အပြင်မှာကုလို့ရမှန်း မင်းပြောမှလား။ စစ်သားမို့လို့ စစ်ဆေးရုံ အားကိုးလို့လာတာ။ မင်းက တာဝန်ကျလား။ သတင်းပို့ပေးမှာလား။ ငါ့ဖာသာ ငါတွေ့ရမလား။ စိတ်က ထိန်းမရတော့။ ခဏနေ ပါရဂူအခန်းက နေရီရီမောမောနဲ့ အမျိုးသမီး တစ်သိုက်ထွက်လာတယ်။ ဆွေမျိုးတွေလား မိတ်ဆွေလား၊ သရီးကွာတားတွေ၊ စကိုတက်တွေနဲ့။ သူ့အကြောင်းနဲ့ သူရှိပေမပေါ့။ ဒါပေသိ တွေ့ခွင့် မရခဲ့ပါဘူး။ ပြင်ပလူနာဌာနက အမျိုးသမီးဗိုလ်မှူးကို အကျိုးသင့် အကြောင်းသင့် ပြောပြ။ ကျွန်တော် သတင်းပို့ချင်ကြောင်း၊ ယခုလို ဖြစ်ပျက်နေသည့် အခြေအနေသည် တပ်မတော်အတွက် မကောင်းကြောင်း။ စသည်စသည်။ တော်ပါပြီ။ စာရေးရတာလဲ လက်ညောင်းပြီ။ အဆုံးစွန် မလုပ်ချင်သည်က တစ်ကြောင်း၊ ကိုယ့်ဒါး တစ်လက်နဲ့ ဖြည်လို့မရနိုင်တဲ့ အုပ်ချုပ်မှု ယန္တယားကြီး ဖြစ်နေခြင်းက တစ်ကြောင်း၊ စီးပိုးရောဂါသည် ချက်ချင်းမသေလောက်သေးဟု ယူဆသည်က တစ်ကြောင်း၊ စစ်ဆေးရုံများမှာ အရေးကြီးလူနာများ၊ စစ်ဆင်ရေးလူနာများ ဂရုစိုက်ပေးသည်ဟု နားလယ်ပေးသည်က တစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွင် အသက်ပေးတိုက်ပွဲဝင်သည့်သူများ၊ သူတော်ကောင်းများရှိသကဲ့သို့ စုန်းပြူးများလဲ ရှိသိဟု လက်ခံသည်က တစ်ကြောင်း သည်းခံပေးလိုက်ပါသည်။ ငွေမစုနိုင်သည်က တစ်ကြောင်း၊ ဇနီးသည်၏ ရောဂါလက္ခဏာများမှာ မကုရင် မဖြစ်သည့်အခြေအနေသို့ ရောက်လာသည်က တစ်ကြောင်း။ တပ်မတော်မှ မဖြစ်နေထွက်။ အလုပ်လုပ်။ ကိုယ့်ငွေနှင့် ကိုယ် သိန်းတစ်ရာကျော် အကုန်ခံကု။ ဇနီးသည်တော့ ရောဂါပျောက်ကင်း ပျော်ရွှင်စွာ ရင်သွေးငယ်များကို ပညာရေး၊ ကျန်းမာရေးတွေ စောင့်ရှောက်။ ဘယ်တုန်းကမှ နားပူနာစာ မလုပ်ခြင်း၊ အထင်အမြင်သေး စကားမပြောခြင်း၊ မိမိအိပ်ထောင်ဖက် အပေါ် အားပေးစကား ပြောခြင်း ဒါတွေနဲ့တင် တပ်မတော်က ထွက်ပြီး လုပ်ကျွေးရကျိုးနပ်ပြီ။ တပ်မတော်ကြီးကိစ္စ အဝဝတော့ ကိုယ်တွေမသိ။ အဲ့ဒီအမှတ် (၂) စစ်ဆေးရုံကြီးမှာပဲ ဘဘကြီးရဲ့ ဝမ်းမနာ သမီးလေးမီးဖွားချိန်၊ ဟုတ်ကဲ့ အခုပဲ ခွဲခန်းထဲ ဝင်သွားပါပြီ။ ဟုတ်ကဲ့ ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျ။ စိတ်မပူပါနဲ့ ခင်ဗျ။ အခု စခွဲနေပါပြီ။ ထွက်လာပါပြီ။ ပြန်ချုပ်နေပါပြီ။ စသဖြင့် ဒါးတစ်ချက်ချင်း၊ ချုပ်ရိုးတစ်ချက်ချင်း ဂရုစိုက်၊ သတင်းတွေပို့နေကြတယ်။ ဒါ တန်းမတူလို့ဘဲ။ အတိတ်ကံ ပေါ့။ ဝိဘစ္စတော့ မများချင်ပါဘူး။ ဒါပေသိ နှစ် (၂၀) အတွင်း ဒီလို ကိစ္စပေါင်းများစွာကပဲ တပ်မတော်ကြီးကို လူတွေတော်တော်များများ မုန်းဖို့ လုံလောက်နေပြီလေ။ ကိုယ်တွေကတော့ မမုန်းပါဘူး။ ဒေါသတွေ ဖြစ်ခဲ့တယ်။ ကိုယ်ဒေါသ ကိုယ်သိတယ်။ ကိုယ့်လမ်းကြောင်းကိုယ်ရှာတယ်။ ချစ်သူတွေလည်း အများကြီး ကျန်ခဲ့တယ်။ အထက်၊ အောက်၊ ဘေး ဘယ်ညာ၊ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေနဲ့ အများကြီးတွေ့ခဲ့တယ်။ လူယုတ်မာ အောက်တန်းစားတွေနဲ့လည်း တွေ့ခဲ့တယ်။ ကိုယ်လည်း မကောင်းတာတွေရှိခဲ့တယ်။ ကောင်းတာတွေလည်း လုပ်ခဲ့တယ်။ ဒါကိုက လူ့ဘဝ၊ လူ့ပတ်ဝန်ကျင်ပဲလို့ လက်ခံနိုင်ခဲ့ပြီ။ သုံးဆယ့်ရှစ်ဖြာနဲ့တိုက်ရင် ဘဲဥကွဲဖို့ ကြိုးစားနေဆဲ ဗိုလ်ကြီးငမွဲပေါ့ဗျာ။ မှတ်ချက်။ တစ်စုံတစ်ယောက်၊ တပ်ဖွဲ့၊ အဖွဲ့အစည်းအား တိုက်ခိုက်လိုခြင်း မရှိ။ မိမိ၏ open diary သာဖြစ်ကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...