Tuesday, November 26, 2013

ကျွန်တော်နဲ့ မြန်မာနိုင်ငံ သုတေသနအသင်း


ကျွန်တော်ဟာ စီးပွားရေးတက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တဲ့ ၁၉၆၆ ခုနှစ်ကစပြီး ယနေ့အထိ သုတေသန လုပ်ငန်းတွေကို စိတ်ဝင်စားခဲ့တယ်။ ထဲထဲဝင်ဝင်လုပ်ခဲ့တယ်။ သုတေသန စာတမ်းတွေဖတ်ခဲ့တယ်၊ ရေးခဲ့တယ်။ သုတေသနလို့ပြောရင် အများက မသိသေးတာတွေ၊ အသစ် အဆန်းတွေကို ရှာဖွေခြင်း သာဖြစ်တယ်လို့ ထင်ကြတယ်။
အမှန်တော့ အသစ်ကိုရှာဖွေသလို ပျောက်ကွယ် တိမ်မြုပ်သွားတဲ့ အကြောင်းအရာတွေကို ပြန်လည်ဖော်ထုတ်မှုဟာလည်း သုတေသနပဲ ဖြစ်တယ်။ ဒါကြောင့် အင်္ဂလိပ်စကားလုံး Research ဖြစ်တယ်။ ဒီမှာ Search ဆိုတာက အသစ်အဆန်းကို ရှာဖွေမှုဖြစ်ပြီး Re ဆိုတာကတော့ ပြန်လည်ထုတ်ဖော်မှု ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ကျွန်တော်ကျင်လည်ခဲ့တဲ့ဘဝကို နှစ်ပိုင်းခွဲခြားလို့ ရပါတယ်။ ၁၉၆၆ ခုနှစ်ကနေ နိုင်ငံခြားပညာသင် မသွားခင်ကာလဖြစ်တဲ့ ၁၉၇၁ခုနှစ်အထိ ငါးနှစ်ကာလနဲ့ နိုင်ငံခြားက ပါရဂူဘွဲ့ရလာပြီး မြန်မာပြည်ပြန်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၇၇ ခုနှစ်မှ ၁၉၉၂ ခုနှစ်မှာ ဝန်ကြီးဌာနကိုပြောင်း ရွှေ့သွားတဲ့အချိန်အထိ ၁၅ နှစ် စုစုပေါင်း အနှစ် (၂ဝ)။ ပထမကာလမှာ ကျွန်တော်က သုတေသနနဲ့ ပတ်သက်လာရင် ဆရာတွေဆီက သင်ယူ ဆည်းပူးနေတဲ့ကာလ၊ သုတေသန ဆွေးနွေးပွဲတွေကို စာတမ်းဖတ်မယ့် ကိုယ့်ဆရာကြီး တွေကို ကူရတဲ့ကာလ၊ ပျော်စရာတော့ သိပ်ကောင်းတာ။ ပညာသည်တွေ ငြင်းကြခုန်ကြ၊ အနိုင်လုကြ။ သူ့ဆရာ၊ ကိုယ့်ဆရာဆိုပြီး သိုင်းဆရာတွေရဲ့ ဂိုဏ်းတွေမှာပါတဲ့ နောက်လိုက် တွေလိုပါပဲ။ ဒုတိယအပိုင်းမှာကျတော့ ကိုယ်ကပါရဂူဘွဲ့ ရထားသူ ဖြစ်နေပြီ။ ဒီအချိန်မှာတော့ ကိုယ်ကိုယ်တိုင် စာတမ်းတွေမျိုးစုံ ဖတ်နေရတဲ့အချိန်၊ ကိုယ့်ရဲ့နောက်မှာလည်း တပည့်တွေ ပေါင်းစုံ နဲ့၊ ဘဝဆိုတာ ဒီလိုပဲထင်ပါရဲ့။ ပထမပိုင်းကာလမှာ ကျွန်တော်က မြန်မာနိုင်ငံသုတေသနအသင်းနဲ့ သိပ်ပြီးမရင်းနှီးခဲ့ဘူး။ ဆရာငယ်တစ်ဦးသာဖြစ်တာမို့ အသင်းရဲ့လှုပ်ရှားမှုမှာ မပါဝင်ခဲ့ဘူး။ သုတေသနလုပ်တဲ့ နည်းတွေကို သင်ယူနေရတုန်းမို့ အသင်းကြီးရဲ့ လှုပ်ရှားမှုတွေမှာ ပရိသတ်တစ်ဦး အနေနဲ့သာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ အသင်းကြီးနဲ့ပတ်သက်ပြီး ယနေ့အထိ သံယောဇဉ်ဖြစ်ခဲ့တဲ့ အကြောင်းက ၁၉၈ဝပြည့်နှစ်က အဖြစ်အပျက်။ ဒီတုန်းက သုတေသနအသင်းရဲ့ အခမ်းအနားကို ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ လုပ်ဖြစ်တာ။ နိုင်ငံ့ခေါင်းဆောင် လာမယ်ဆိုတာကြောင့် အားလုံးက အားကိုးတကြီး နဲ့ မျှော်လင့်နေခဲ့ကြတာ။ ကျွန်တော်က ပါရဂူဘွဲ့ရထားပြီးသူမို့ စာတမ်းဖတ် ဖို့လည်း ပြင်ဆင်ထားတာ။ အခမ်းအနားစပြီး မကြာမီ မမျှော်လင့်တဲ့ အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ မြန်မာနိုင်ငံ သုတေသနအသင်းကြီးကို ၁၉၁ဝ ပြည့်နှစ်က တည်ထောင်ခဲ့တာ။ ၁၉၈ဝ ဆိုတော့ အသင်းကြီး နှစ် ၇ဝ ပြည့်တဲ့နှစ်။ အသင်းကို စပြီးတည်ထောင်ခဲ့တဲ့ အချိန်က ကိုလိုနီခေတ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာအင်္ဂလိပ်စစ်ပွဲဟာ ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ် နဲ့ ၁၈၈၅ ခုနှစ်ဆိုပြီး သုံးကြိမ်ဖြစ်ခဲ့တယ်။ ပထမအကြိမ်အပြီးမှာ အောက်မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်ရောက်ပြီး ဒုတိယ အကြိမ် အပြီးမှာတော့ မြန်မာနိုင်ငံဟာ တစ်ပိုင်းပြတ်ခဲ့ပြီ။ ပြည်မြို့ရဲ့ အောက်ပိုင်းဟာ အင်္ဂလိပ်အုပ်ချုပ်မှုအောက် ရောက်ခဲ့ပါတယ်။ ၁၈၈၅ ခုနှစ်မှာတော့ သီပေါမင်း ပါတော်မူခဲ့ပြီး တစ်နိုင်ငံလုံး ကျွန်ဖြစ်ခဲ့ပါတယ်။ ၁၉၁ဝ ပြည့်နှစ်ဆိုတော့ ကျွန်ဘဝသက်ရောက်ပြီး ၂၅ နှစ်အကြာမှာ အသင်းကြီးကို တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီးတည်ထောင်မှုကို ဦးစီးခဲ့သူက ဆရာကြီး J.S.Furnivall ဆိုသူဖြစ်ပါတယ်။ သူဟာအင်္ဂလိပ်လူမျိုး ။ ဆရာကြီးဟာ ထင်ရှားတဲ့ စီးပွားရေးပညာရှင်တစ်ဦး။ ကိုလိုနီခေတ် စီးပွားရေး အဆောက် အအုံကို စနစ်တကျလေ့လာခဲ့ပြီး စာအုပ်တွေရေးသားခဲ့သူ။ မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံနှစ်ခုရဲ့ ကိုလိုနီအတွေ့အကြုံကို ယှဉ်ပြီး ရေးသား ဖော်ထုတ်ခဲ့တဲ့ ဆရာကြီး။ အင်္ဂလိပ် လူမျိုး ဖြစ်ပေမယ့် မြန်မာကို ချစ်တယ်။ မြန်မာစာ၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ခဲ့သူဖြစ်တယ်။ မြန်မာနိုင်ငံ သုတေသနအသင်းကြီး တည်ထောင်ဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့မိတ်ဆွေထံက အကြံရခဲ့တာ။ ဒီတုန်းက ထိုင်းနိုင်ငံ (ယခင်ကတော့ ယိုးဒယားနိုင်ငံလို့ခေါ်တာ)မှာ Siam Society ဆိုတဲ့အသင်းကြီးဟာ ထိုင်းနိုင်ငံရဲ့ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ် ခဲ့တဲ့အသင်း။ ဒီအသင်းကြီးရဲ့ ပုံစံကိုယူပြီး ဆရာကြီး Furnivall ဟာ မြန်မာနိုင်ငံမှာလည်း အလားတူအသင်းကြီး ရှိသင့်တာကို နားလည်သဘောပေါက်ပြီး အသင်းဖြစ်မြောက်ဖို့ အားပေးအားမြှောက်ခဲ့ ပါတယ်။ ဆရာကြီးရဲ့ ကြိုး ပမ်းမှုတွေကြောင့် မြန်မာနိုင်ငံသုတေသနအသင်းကြီးကို ၁၉၁ဝပြည့်နှစ် မတ်လ ၂၉ ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ ထူးဆန်းတာက ဆရာကြီးက အသင်းဖြစ် မြောက်ရေးအတွက် အားထုတ်ခဲ့ပေမယ့် အသင်းကြီးဖွဲ့စည်းတဲ့ နေရာမှာ အမှုဆောင် တာဝန်တွေကို မယူခဲ့ဘဲ နံဘေးကနေ အားပေးခဲ့သူသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသုတေသန အသင်းကြီးဟာ သုတေသနပညာရပ်ကို ပျံ့နှံ့အောင်ပုံစံအမျိုးမျိုး နဲ့ဆောင်ရွက်ခဲ့ပါတယ်။ သုတေသနဂျာနယ်တစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ ဒီဂျာနယ် Journal of Burma Research Society (JBRS)လို့အမည်ပေးခဲ့ပါတယ်။ ဒီ JBRS ဟာ အလွန်နာမည်ရတဲ့ ဂျာနယ်တစ်စောင်ဖြစ်ပြီး အခုဆိုရင် နိုင်ငံပေါင်းစုံမှာရှိတဲ့ ထင်ရှားတဲ့ စာကြည့်တိုက်တွေမှာ သိမ်းဆည်းထားတာ တွေ့ရပါတယ်။ ဂျာနယ်မှာ မြန်မာနိုင်ငံက သုတေသီတွေ၊ နိုင်ငံခြားက ပညာရှင်တွေဟာ ဘာသာရပ် ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံကနေ စာတမ်းတွေကို ရေးသား ပြု စုခဲ့ပါတယ်။ အသင်းကြီးဟာ သုတေသနစာတမ်း ဖတ်ပွဲများကိုလည်း ဦးဆောင်ပြီး ကျင်းပခဲ့တယ်။ အထူးထုတ် စာတမ်းတွေကိုလည်း ထုတ်ဝေခဲ့ပါတယ်။ အသင်းကြီးဟာ အမှန်တော့ ပညာတတ်တွေ၊ ပညာရှင်တွေကို မွေးထုတ်ပေးနိုင်သလို မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်။ အသင်းကြီးရဲ့ စာတမ်းဖတ်ပွဲတွေကို ကျင်းပတဲ့အခါ အလွန်ပျော်စရာကောင်းလှပါတယ်။ စာတမ်းတွေပြုစုကြ၊ စာတမ်းတွေဖတ်ကြ၊ ငြင်းကြခုန်ကြ၊ ရန်ဖြစ်ကြ၊။ အမှန်တော့ အခုလို ဆောင်ရွက်ခြင်းဟာ နိုင်ငံတစ်နိုင်ငံမှာ အလွန်အရေးကြီးလှတဲ့ Intellectual Capital ဦးနှောက် ဥာဏ်ရည်အရင်းအနှီးကို ပြုစုပျိုးထောင်နေခြင်း ဖြစ်ပါတယ်။ ကျွန်တော့် အယူအဆက နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ Intellectual လို့ခေါ်တဲ့ ပညာရှင်တွေ များများ မွေးထုတ်နိုင်ဖို့ လို အပ်ပါတယ်။ ပညာရှင်ဆိုတာ ဘာလဲ။ သိချင်တဲ့စိတ်၊ သင်ယူခံယူလိုတဲ့စိတ်၊ ကိုယ်ဘာမှမသိသေးပါလား ဆိုပြီး မိမိကိုယ်မိမိ နှိမ့်ချနိုင်တဲ့စိတ်၊ အရာရာနဲ့ ပတ်သက်ပြီး Open-Mind လက်ခံ နိုင်တဲ့စိတ်။ မှန်တာကို ရဲရဲဝံ့ဝံ့ ပြောရဲတဲ့စိတ်။ မတရားတာကို လက်မခံဘဲ တရားတာ ကိုချစ်တဲ့စိတ်။ ကိုယ့်အမှားကို ကိုယ်ဝန်ခံရဲတဲ့သူ။ သူများကို စွပ်စွဲပြစ်တင်တာ မဟုတ်ဘဲ ခွင့်လွှတ်နားလည်နိုင်သူ။ မိမိရဲ့မပြည့်စုံမှုကိုသိရှိပြီး လက်ခံနိုင်တဲ့သူ။ ဒီအရည်အချင်းတွေ နဲ့ပြည့်စုံသူ ဖြစ်ပါတယ်။ အသင်းကြီးမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ သူတွေကို လေ့လာသုံးသပ်ရင် မြန်မာနိုင်ငံရဲ့ တကယ့် ပညာရှင်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ Intellectual Giants ဥာဏ်ရည်ပြည့်ဝတဲ့ တကယ့်ပညာရှင်ကြီးတွေ ဖြစ်ပါတယ်။တစ်ခုတော့ရှိတယ်၊ ပညာရှင်၊ ပညာတတ်တွေဟာ အရာရာကို အလွယ်တကူ လက်မခံတဲ့သူတွေဖြစ်ပြီး လွတ်လွတ်လပ်လပ် တွေးခေါ် စဉ်းစားနေထိုင် ပြောဆိုတတ်သူတွေ ဖြစ်ပါတယ်။ သုတေသီတစ်ဦးပီသရင် မိမိရဲ့အစွဲ၊ မိမိရဲ့အမြင်တစ်ခုတည်းကို အခြေခံတာ မဟုတ်ဘဲ သုတေသန ဆောင်ရွက်မှုကရလာတဲ့ ခိုင်လုံတဲ့အထောက်အထားကို အားကိုးသူ ဖြစ်ပါတယ်။ သက်သေအခိုင်အမာမပြနိုင်ရင် ပြောဆိုခွင့် မရှိပါဘူး။ လက်လွတ်စပယ် မပြောအောင် အစဉ်ထိန်းသိမ်းရပါတယ်။ ဆရာကြီး Furnivall အပေါ် အမြင်စောင်းခဲ့လို့ သူတည်ထောင်ခဲ့တဲ့အသင်း အခုထိ ရှိသေးသလားဆိုတဲ့ မေးခွန်းတစ်ခုကို မေးခဲ့တဲ့အတွက် အသင်းကြီးကို ဖျက်သိမ်းခဲ့ ပါတယ်။ နှစ်ပေါင်း ၇ဝ မျှ လူငယ်ပညာရှင်တွေ၊ သုတေသီတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အသင်းကြီးဟာ လူတစ်ဦးရဲ့အဆုံးအဖြတ် နဲ့ ဆိတ်သုဉ်းသွားခဲ့ပါတယ်။ စဉ်းစဉ်းစားစားနဲ့ စဉ်းစားရင် ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စတစ်ခုဟာ ခံစားချက်ကို ရှေ့တန်း တင်ခဲ့တာကြောင့် အခုလိုဖြစ်ခဲ့ရတာကို သုံးသပ်မိပါတယ်။ သက်ဦးဆံပိုင်စနစ် အောက်မှာ တစ်ချက်လွှတ်အမိန့်တွေကြောင့် မှားယွင်းတဲ့ အဆုံးအဖြတ်တွေကို ရင်ဆိုင်ခဲ့ရတာ သမိုင်း မှာ သင်ခန်းစာအပြည့်ပါ။ အဆုံးအဖြတ်တစ်ခုတည်းနဲ့ နိုင်ငံရဲ့ပညာရေး စနစ်တစ်ခုလုံးကို ချေဖျက်ခဲ့ပါတယ်။ နှစ်(၇ဝ)ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ သူတွေအားလုံးဟာ ဝမ်းနည်း ပက်လက် ဖြစ်ခဲ့ရပါတယ်။ ရင်တွင်းခံစားမှုတွေကို မထုတ်ဖော်နိုင်တဲ့ အခြေအနေမို့ အားလုံးက အားမတန်လို့ မာန်လျှော့ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ အသင်းကြီးအပေါ် သံယောဇဉ်ကြီးခဲ့တာက ဘွဲ့လွန်ပါရဂူအတွက် သုတေသန လုပ်တဲ့အခါ ကိုလိုနီခေတ်မြန်မာနိုင်ငံအကြောင်း ဆည်းပူးလေ့လာခဲ့ရတာမို့ စောစောက ပြောတဲ့ JBRS ကို အားကိုးခဲ့ရပါတယ်။ JBRS မှာပါတဲ့ သုတေသန စာတမ်းတွေဟာ ကျွန်တော့်အတွက် အလွန်တန်ဖိုးကြီးလှပါတယ်။ သုတေသန စာတမ်းတွေကို ကျမ်းကိုး အဖြစ် အသုံးပြုရင်း တစ်ချိန်က သုတေသနကို လုပ်ခဲ့တဲ့ မြန်မာပညာရှင်တွေကို ကျေးဇူး တင်ခဲ့ပါတယ်။ အမှန်တော့ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေရဲ့ ရလဒ်ကြောင့် ကျွန်တော့်ရဲ့ သုတေသန လုပ်ငန်းများ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်းမျိုးဟာ နိုင်ငံတစ်နိုင်ငံမှာရှိသင့်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းပြီး ပညာရေးသက်သက်အခြေပြုထားတဲ့ အသင်းဖြစ်ပါတယ်။ သုတေသီတွေကို မွေးထုတ် ပေးနိုင်သလို သုတေသနစာတမ်းတွေရေးခြင်းနဲ့ ကလောင်သွေးတဲ့ အလုပ်ကိုလည်း အားပေးနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ဆွေးနွေးနေကြတယ်။ အစီအစဉ်တွေ ရေးဆွဲနေကြတယ်။ အခြေခံကစပြီး တက္ကသိုလ်ပညာရေး အဆင့်အထိ သင်ရိုးညွှန်းတမ်း ပြင်ဆင်မှု၊ စာမေးပွဲစနစ်ပြုပြင်မှု၊ တက္ကသိုလ်တွေ လွတ်လပ်စွာ ရပ်တည်မှု စတာတွေ ဘက်ပေါင်းစုံက တင်ပြနေကြတယ်။ဆွေးနွေးနေကြတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီဆွေးနွေးဖော်ထုတ်မှုတွေမှာ မြန်မာနိုင်ငံရဲ့ သုတေသန လောကကြီးကို ဖော်ထုတ်အားပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း နိုင်ငံရဲ့ရေရှည်အကျိုးကို မျှော်ကိုးပြီး လုပ်သင့် လုပ်ထိုက်တာတွေ လုပ်နေ တာမို့ မြန်မာနိုင်ငံ သုတေသနအသင်းကြီး ပြန်လည် တည်ထောင်ဖို့ကို စဉ်းစားလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒီအသင်းကြီးကို အသက်ပြန်သွင်းနိုင်ရင် ကျွန်တော့်ရဲ့ အိပ်မက်တွေဟာ ပြည့်ဝသွား မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် 

 ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာမှ ကူးယူဖော်ပြသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...