Wednesday, November 27, 2013

ယနေ့ထုတ် ဆဲဗင်းဒေးဂျာနယ် မင်းဒင်ရဲ့သက်ခိုင်(၂)


သေဘေးနဲ့အကြိမ်ကြိမ်လွတ်ခဲ့တဲ့ ကျနော်ဟာ၊ကမ္ဘာကျော်စူနာမီနဲ့ နာရီပိုင်းအကွာမှာ၊ကပ်လွတ်ခဲ့ပြန်ပါပြီ။ ဒါပေမဲ့ ကံဆိုးရှာလှတဲ့ စူနာမီ စက်ကွင်းထဲမှာ တဝမ်းတခါးအတွက် ဇာတိမြေကိုစွန့်ခွာလာခဲ့ကြသူ၊
 မြန်မာ တချို့တော့ မလွတ်ကြရှာပါဘူး။ ဒုက္ခသည်ချင်းအတူတူ ပိုပြီးကြီးမားတဲ့ ဒုက္ခကိုရင်ဆိုင်ရတယ် ဆိုတာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါပဲ။ အသေးစိတ်ပြောရရင် စူနာမီဗမာ့ဒုက္ခဆိုတဲ့ စာအုပ်ထူကြီး တအုပ်တောင်ဖြစ်လောက်ပါရဲ့။ ခင်ဗျားမြင်သာအောင် ကျနော်ကြိုးစားပြီးပြောပါ့မယ်။ ဒီလိုဗျ။
စူနာမီသတင်းတွေ ဆက်တိုက်တက်လာနေတာကြောင့် စူနာမီဆိုတာဘယ်လိုဟာများပါလိမ့်ဆိုပြီး ကျနော်သိချင်လာတယ်။သတင်းဌာန မျိုးစုံက ထုတ်လွှတ်နေတာကြောင့် အဲဒီစူနာမီဟာ အိန္ဒိယသမုဒ္ဒရာထဲက ပင်လယ်ရေအောက်ကြမ်းပြင်ကြီး အက်ကွဲသွားလို့တဲ့ဗျ။ ဆက်စပ်ပြီးစဉ်းစားလိုက်တော့ ဧရာမမြေအောက်ကြမ်းပြင်ကျွံကျမှုကြောင့် အနီးနားက ပင်လယ်ရေတွေဟာ အဲဒီအက်ကွဲကြောင်းကြီး ထဲကို ရုတ်ခြည်းစီးဝင်ကုန်တယ်။ အဲဒီစီးဝင်ကုန်တာကြောင့် စူနာမီနဲ့နီးနဲ့ ပင်လယ်ကမ်းစပ်တွေမှာ ရေတွေဟာ ကမ်းစပ်ကနေ အဝေးကြီးကို ရောက်သွားတယ်။ရေကျသွားတယ်ဆိုပါတော့။ မကြာခင်မှာပဲ အက်ကြောင်းကြီးထဲကို ကျသွားတဲ့ ပင်လယ်ရေ တွေနေရာ ကို ရုတ်ခြည်း အစားထိုးဝင်လာတဲ့ ပင်လယ်ရေတွေကြောင့် အလွန်တရာကြီးမားတဲ့ ရေလှိုင်းကြီးတွေ ကမ်းခြေကိုရိုက်ခတ်တော့ တာပါပဲ။
ကျနော်တို့မြန်မာလူမျိုးများ ဗဟုသုတကြီးမားလိုက်ပုံကို ရီစရာပြောရအုံးမယ်။ ကျနော်နဲ့မျက်မှန်းတန်းမိနေတဲ့ ရနောင်းနဲ့ကော့သောင်း ပါချန်မြစ်ကိုဖြတ်ပြီး ဗမာပစ္စည်းဖြန့်တဲ့ကုန်သည် ဒေါ်ခင်မမဆိုတဲ့ အမျိုးသမီးကြီးတယောက်ကို အဲဒီရေဘေးအကြောင်း စကားစလိုက်မိ တယ်။ သူက ချက်ခြင်းဆိုသလို ဟာ၊ အဲ"ဒီစူနာမဏိ"က သိပ်ကြောက်စရာကောင်းတယ်တဲ့။ ကျနော်နားကြားများမှားသလားလို့ ထပ်ပြော ခိုင်းတော့လည်း "စူနာမဏိ"ပါပဲ။
အဲဒီရိုက်ခတ်ခဲ့တဲ့စူနာမီလှိုင်းဟာ ဘယ်လောက်ကြီးသလဲ။ ပျက်စီးဆုံးရှုံးမှု များသလဲဆိုတာကို ကျနော်မျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။ ဟုတ်တယ်လေ။ စူနာမီဖြစ်ပြီးနောက်တနေ့ ဒီဇင်ဘာ(၂၇)ရက်မှာပဲ ကျနော်ဖူးခက်ကို ရောက်ခဲ့ပြန်တယ်။ ဇနီးနဲ့သမီးကို ကော့သောင်း ဖက်ပြန်ပို့ပြီးပြီးချင်း ကျနော် ဖူးခက်ကိုထွက်ခဲ့တာပေါ့။ ဘာတွေဖြစ်ကုန်ပြီလဲ ၊ဘယ်လိုဘယ်ပုံဖြစ်တာလဲ၊သိချင်တဲ့စိတ်ကြောင့်ပေါ့။
စူနာမီရဲ့ပြင်းအားကို အလန့်တကြားဖြစ်စေခဲ့တဲ့ မြင်ကွင်းကတော့ ခေါင်လတ်ဆိုတဲ့ အရပ်က၊ ထိုင်းရေတပ်စစ်သင်္ဘောတစီး ပင်လယ် ကမ်းစပ်ကနေ ကိုက်လေးငါးရာအကွာ ကုန်းပေါ်မှာ လာတင်နေတာပဲဗျ။ သင်္ဘောဟာ စူနာမီရေလှိုင်းကြောင့် ကမ်းခြေနဲ့ ကားလမ်းကြား က ကိုက်လေးရာလောက်ကွာတဲ့ ကားလမ်းကိုကျော်ပြီး မြေပြင်မှာ ဘွားဘွားကြီးတင်နေလေရဲ့။
ခေါင်လတ်မြို့ဟာ ဖူးခက်နဲ့ ကီလိုမီတာ တရာကျော်ဝေးပါတယ်။ ထူးခြားချက်က ခေါင်လတ်ကမ်းခြေပင်လယ်နဲ့ထိစပ်နေတဲ့ ကျယ်ဝန်း ရှည်လျားသောကမ်းခြေဖြစ်တာကြောင့်စူနာမီဒဏ်ကို အကြီးအကျယ်ခံရတဲ့နေရာတခုပါပဲ။
လွန်ခဲ့တဲ့နာရီပိုင်းက တွေ့ခဲ့ရတဲ့ ဆောက်လက်စအဆောက်အဦးတွေအားလုံး ရစရာမရှိအောင်၊ မယုံကြည်နိုင်လောက်အောင် စုတ်ပြတ် နေပါပြီ။ နောက်ပိုင်း ကျနော်ဟာ ဖူးခက်ရနောင်း ရနောင်းဖူးခက် ကြိမ်ဖန်များစွာ လူးလာခေါက်တုန့်နေခဲ့ချိန်မှာ ခေါင်လတ်ဟာ မြို့ပျက် ကြီးတစ်ခုလိုပါပဲ။ညနေခြောက်နာရီအချိန်လောက် ကျနော်ကားပေါ်ကနေ ခေါင်လတ်ကမ်းခြေကို ဖြတ်သွားတဲ့အခါ အတော့်ကို ချောက်ချောက်ခြားခြား ဖြစ်စေတဲ့မြင်ကွင်းပါပဲ။ ကြည့်လေ။ အဆောက်အဦးပျက်တွေနဲ့၊လမ်းမီးတွေမလာ၊လမ်းပေါ်မှာ လမ်းသွား လမ်းလာလူသူမရှိ။မှောင်မှောင်မဲမဲ။ ဒီကြားထဲ စူနာမီသူရဲဇာတ်လမ်းတွေကလည်း ရှိသေးဗျာ။
ဘာတဲ့။ အငှားကားမောင်းတဲ့ ယာဉ်မောင်းတယောက်က ခေါင်လတ်ကမ်းခြေနားက ကားလမ်းပေါ်မှာ ကားတားစီးတဲ့ လူတွေကို တွေ့တော့ ဈေးညှိပြီး ကားပေါ်တင် မောင်းလာလိုက်တာ ငါးမိနစ်လောက်ကြာလို့ သူတို့ကိုကြည့်လိုက်တော့ ရေနစ်သေနေတဲ့ မသာ ရုပ်တွေ ဖြစ်နေသတဲ့။ ဒရိုင်ဘာလည်း ကားကိုထားခဲ့ပြီး တချိုးတည်း ခြေကုန်သုတ်ပြေးတဲ့ဇာတ်လမ်းမျိုးတွေပေါ့ဗျာ။ နောက် ဇာတ်လမ်း တပုဒ်က စူနာမီကြောင့် သေဆုံးကြရတဲ့ အလောင်းတွေကို ခေါင်လတ်မှာစုပြုံထားပြီး ဒီအန်အေစစ်ကြ၊ နိုင်ငံသားစစ်ဆေးဖို့လုပ်ကြ၊ အလောင်းတွေထောင်ချီပြီး စုထားတုန်းကဆို ညညသန်းကောင်ယံကျော်ရင်ငိုသံတွေ ငြီးသံတွေ၊တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ အသံမျိုးစုံတွေ ထွက်ပေါ်လာတတ်တာလည်း လူပြောများသဗျ။ထိုင်းလူမျိုးအများစုဟာ ဒီလို တမလွန်၊ဝိဥာည်တစ္ဆေ သူရဲဇာတ်လမ်း တွေကို တခြားလူမျိုးတွေထက် အစွဲသန်ကြတော့ ပိုဆိုးတာပေါ့။
ကျနော်ဖူးခက်ကိုရောက်တော့ တလပ်ကဆစ်ဈေးနားမှာရှိတဲ့ ဈေးပေါပေါဟိုတယ်တခုမှာ တည်းတယ်။ တနေကုန် ဖူးခက်မြို့ကို လျှောက်ပတ်ကြည့်တယ်။ ကြည့်ရတဲ့ ရည်ရွယ်ချက်က နှစ်ခုရှိတယ်ဗျ။ ကျနော်ဒီမြို့မှာ တဝမ်းတခါးအတွက် အခြေချသင့်သေးသလား ။ နောက်တော့ ဖူးခက်မြို့ကြီးဘာတွေဖြစ်ကုန်ပြီလဲ သိချင်တဲ့စိတ်။ ဒီနှစ်ခုဆိုပါတော့။
လိုရင်းပြောရရင် ဖူးခက်တောင်းလို့ခေါ်တဲ့ ဖူးခက်မြို့မမှာနေတဲ့သူတွေ စူနာမီကို မသိလိုက်တာ သိပ်သဘာဝကျတယ်။ ဖူးခက်မြို့ဟာ ပင်လယ်ထဲက ကျွန်းကြီးဗျ။ကျနော့်စိတ်ထင်ခန့်မှန်းချေ အလျားကီလိုမီတာ ခုနှစ်ဆယ်၊အကျယ်ဆုံးနေရာမှာ အနံသုံးဆယ့်ငါးမီတာ လောက်ရှိနိုင်တယ်။ ကမ်းစပ်နဲ့ ဖူးခက်မြို့မကို တောင်ကြီးတွေနဲ့ စည်းခြားထားတယ်။ ကမ်းခြေကနေ တောင်တန်းတွေကိုကျော်မှ ဖူးခက်မြို့မကို ရောက်တယ်။ အခုတိုက်ခတ်ခဲ့တဲ့ စူနာမီဟာ ကမ်းခြေတွေကို ရိုက်တာမို့ မြို့ထဲကလူတွေ ရုတ်တရက်ဘယ်သိနိုင်ပါ့မလဲ။
နောက်တချက်ကတော့ ကမ်းခြေတိုင်းလည်း စူနာမီဒဏ်မခံရပြန်ဘူး။ စူနာမီလှိုင်းနဲ့ မျက်နှာချင်းဆိုင်နေတဲ့ ပါတောင်၊ကမလာ၊ ကရွန်း၊ ကတ၊တဲ့ ကမ်းခြေတွေသာ ခံရတာဆိုပါတော့။
တခုစဉ်းစားကြည့်ဗျာ။ အဲဒီအချိန်က ထိုင်းနိုင်ငံမှာ စူနာမီအချက်ပေးစံနစ်ဆိုတာမပေါ်သေးဘူးတဲ့ဗျ။ဖူးခက်ကနေ ပင်လယ်ပြင်ထဲက ကျွန်းတွေဆီ၊ကမ္ဘာလှည့်ခရီးသွားတွေကိုတင်ဆောင်သွားတဲ့ စပီဘုတ်နဲ့ သင်္ဘောအကြီးစားတွေဟာ နေ့တိုင်းလို အစီးရေရာချီပြီး ထွက်ကြတယ်။ ထွက်တဲ့အချိန်က မနက် ရှစ်နာရီဝန်းကျင် ၊အဲဒီစပိဘုတ်နဲ့သင်္ဘောတွေကျွန်းတခုခုကိုရောက်ဖို့ ခုတ်မောင်းချိန်က နှစ်နာရီဝန်းကျင်ရှိတယ်။ စူနာမီလှိုင်းရိုက်တာက မနက်ကိုးနာရီ။သေချာသာစဉ်းစားကြည့်ပေတော့။ ဖူးခက်ကမ်းခြေကနေထွက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေတင်ထားတဲ့ သင်္ဘောကြီးငယ်မှန်သမျှဟာ ပင်လယ်ပြင်ထဲမှာပဲရှိနေကြတုန်း ချိန်ကိုက်မိုင်းဗုံးနဲ့တူတဲ့ စူနာမီကြောင့် ပင်လယ်ထဲမှာတင် နိဂုံးချုပ်ဖို့သာရှိတော့တာ ပေါ့ဗျာ။
အဲဒီစူနာမီရဲ့ အသေအပျောက်စာရင်းကိုဘယ်သူမှ မသိနိုင်ဘူး။ ဘယ်လိုမှလည်း အတိအကျကောက်နိုင်စရာ အကြောင်းမရှိဘူးဗျ။ ထိုင်းအစိုးရကတော့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကို ထိခိုက်လာမှာ စိုးတာကြောင့် ထိန်းထိန်းသိမ်းသိမ်းကြေညာတာပေါ့ဗျာ။ ခက်တာက ထိုင်းအစိုးရကိုယ်တိုင် စူနာမီရဲ့အသေအပျောက် အပျက်အစီးစာရင်းကို တိတိကျကျရဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အေးပေါ့ဗျာ။ အမေရိကန်။ဥရောပနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေလိုလူတန်းစေ့နေနိုင်တဲ့နိုင်ငံတွေကတော့ သူတို့နိုင်ငံသား ဘယ်နှစ်ယောက် ဘယ်နေ့က ဘယ်မှာပျောက်သွားတယ်ဆိုတာ စိုးရိမ်တကြီးလိုက်ရှာကြတာပေါ့။
ဖူးခက်လေယာဉ်ကွင်းမှာ နိုင်ငံတကာက လေယာဉ်အကြီးအလတ်အငယ်မျိုးစုံဆိုက်လာတယ်။ သူတို့နိုင်ငံသားမှန်ရင် တပြားမှ မကုန်ပဲ နေ့ရောညပါလေယာဉ်တွေဆွဲပြီး ကူသယ်ခေါက်သယ်ပြေးနေတယ်။ ဆေးရုံပေါ်ရောက်နေတဲ့မိသားစုနဲ့ အဆက်အသွယ်မရတဲ့ ကမ္ဘာ လှည့်ခရီးသည်တွေရဲ့ပုံတွေကို တိုက်ရိုက်ထုတ်လွှင့်ပေးနေတယ်။ သူတို့ရဲ့ငြီးတွားသံတွေ သူတို့မိသားစုကို သူတို့ပြောချင်တဲ့ စကားတွေ ကို ထုတ်လွှင့်ပေးနေခဲ့တယ်။နိုင်ငံတော်တော်များရဲ့ သံရုံးဝန်ထမ်းတွေ အထူးအရာရှိတွေဟာ စူနာမီဒုက္ခသည်ကူညီထောက်ပံ့ရေး အတွက် နေ့ရောညပါ ခြေချင်းလိမ်ပြီး အလုပ်ရှုပ်ခဲ့ကြတယ်။
ကမ္ဘာအနှံ့ကနေ ဖူးခက်မှာ ဒုက္ခကြုံနေရတဲ့သူတို့နိုင်ငံသားတွေကို အကောင်းဆုံးကူညီဖြေသိမ့်မှုတွေ ပေးနိုင်ချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတစ်ယောက်ကတော့သူ့အကိုအလောင်းကို အုန်းပင်တခုရဲ့အကွယ်ကနေ ချောင်းကြည့်နေရ သတဲ့ဗျ။ မော်လမြိုင်ဇာတိမွန်လေးတယောက်ကိုယ်တိုင်ပြောပြတဲ့ဇာတ်လမ်းပေါ့ဗျာ။အော်၊ချောင်းကြည့်နေရတယ်ဆိုတာ သူ့မှာ တရား ဝင်အလုပ်သမားကဒ်မရှိဘူးလေ။ ဒါကျနော့်အကိုအလောင်းပါလို့ပြောမိတာနဲ့ ထိုင်းရဲက မင်းမှာပတ်စပို့ရှိလားမေးရင် ကွိကနဲ နေမှာပေါ့။
ဘန်ကောက်မြန်မာသံရုံးက တာဝန်ရှိသူတကောင်တမြီးမှလာသံမကြားမိဘူးဗျာ။အဆိုးဆုံးကတော့ စူနာမီဒဏ်ခံရပြီး စုတ်ပြတ်ကျန်ခဲ့တဲ့ အဆာက်အဦင်္ပျက်တွေကြားက အဖိုးတန်ပစ္စည်းတွေကို ဗမာအလုပ်သမားတချို့ ဝင်ပြီး ခိုးတယ်ဝှက်တယ်ဆိုတဲ့သတင်းတွေလည်း ထိုင်းတီဗီက လွှင့်သေးဗျာ။အဲဒီသတင်းကြောင့် ဗမာရွေ့ပြောင်းအလုပ်သမားအများစုခမျာ စူနာမီဒုက္ခကြောင့် ဂရုဏာအသက်မခံရတဲ့ အပြင် လူမုန်းပွားစရာပိုဖြစ်ရတာပေါ့။
နေဦး၊စူနာမီအရှိန်ကို ခင်ဗျားခန့်မှန်းနိုင်အောင် ခင်ဗျားကိုပြောပြရအုံးမယ်။အဲဒီရက်ပိုင်းမှာ တနေ့ ကျနော်အငှားကားတစီးနဲ့ နာမည် ကျော် ပါတောင်ကမ်းခြေဖက်ကို ထွက်ခဲ့ရောဆိုပါတော့။ ကားပေါ်မှာထိုင်နေရင် စကားစမြည်ပြောနေရာကနေ လမ်းတလျှောက် အပျက်အစီးတွေကို ကြည့်နေရာက ကျနော်က ဒရိုင်ဘာကို စပ်စုလိုက်မိတယ်။ ခင်ဗျားစူနာမီလှိုင်းရိုက်တဲ့နေ့က ဘယ်မှာရှိနေတုန်း လို့ပေါ့။
တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ သူက ကျနော် ဒီပါတောင်ကမ်းခြေမှာပဲရှိနေတာတဲ့။ "ခင်ဗျားဘာလုပ်နေတာတုန်း"ဆိုတော့ "ကျနော်ထုံးစံ အတိုင်း ကားမောင်းနေတာလေ"တဲ့။
ကျနော်လည်း စိတ်မရှည်တာနဲ့ "ခင်ဗျား ဒီပါတောင် ကမ်းခြေမှာ စူနာမီကို ကြုံတယ်ဆိုရင် ခင်ဗျား ဘာမှ ဖြစ်မသွား ဘူးလား" မေးတော့မှ "အဲဒီတုန်းက ကျနော် ဒီပါတောင်ကမ်းခြေပေါ်မှာ ကားကိုခပ်ဖြေးဖြေးမောင်းနေတာ။ဘေးမှာ ကျနော့် သူငယ် ချင်းတယောက်ပါတယ် ။ စူနာမီတက်တယ်ဆိုတဲ့ ဆူဆူညံညံအသံတွေကြားရပြီး စက္ကန့်ပိုင်းအတွင်းမှာ ကျနော့်ကားရော ကျနော်ပါ ကားလမ်းဘေးမှာရှိတဲ့ ဟိုတယ်ရဲ့ ဒုတိယထပ်ကို ရေလှိုင်းနဲ့အတူမြှောက်တက်သွားတယ်။ ကျနော်သူငယ်ချင်း ဘယ်နေရာ မှာဘယ်လိုကျန်ခဲ့မှန်းမသိဘူး။ အခု သူ့သတင်းကိုစုံစမ်းနေတုန်းပါပဲ။ ကျနော့်စိတ်ထင် သူ့ကို လှိုင်းလုံးကြီးတွေက ပင်လယ်ထဲကို ဆွဲချသွားတယ်ထင်တာပါပဲ။ လှိုင်းအမြင့်ဟာ ပေလေးငါးဆယ်လောက်ရှိမယ်ထင်တယ်ဗျာ။ ခင်ဗျားအခုကြည့်လေ။ ကမ်းခြေက အုန်းပင်တွေရဲ့ အဖျားတွေခြောက်နေတာ တွေ့တယ် မဟုတ်လား"တဲ့။ စူနာမီလှိုင်းဘယ်လောက်ကြီးတယ်၊ ဘယ်လောက်အရှိန်ပြင်း တယ်ဆိုတာခင်ဗျားဖာသာ စဉ်းစားပေတော့။
နေဦးဗျ။ အဲဒီစူနာမီရေဘေးမှာ ထိုင်းဘုရင့်မင်းမြတ်ရဲ့ အကြီးဆုံးသမီးရဲ့ရင်သွေး သားကြီးသြရသလည်း ဆုံးရှာသတဲ့။ကျနော့်ဆီမှာ ယာဉ် မောင်းဒရိုင်ဘာလုပ်သွားတဲ့ဖေကြည်ရဲ့စူနာမီအတွေ့အကြုံကလည်း တမျိုးတဘာသာခင်ဗျ။ သူကတော့ စူနာမီရေလှိုင်းတက်နေတာကို ဖူးခက်နဲ့ကီလိုမီတာ ၃၀လောက်ဝေးတဲ့ ပင်လယ်ထဲက ကျွန်းတကျွန်းကနေ ကြည့်နေမိကြတယ်တဲ့ဗျ။ အစကတော့ ကမ်းစပ်ကရေတွေ သိသိသာသာလျော့သွားတာကို သူသတိပြုမိတယ်ဆိုပဲ။ နောက်တော့ ပင်လယ်ထဲကနေ ဧရာမလှိုင်းလုံးကြီးတွေ တလိမ့်လိမ့်တက်လာ တာကိုလည်းမြင်ရော သူလည်း နီးရာတောင်ကုန်းပေါ်ကို ပြေးတက်ရင်း အသက်ဘေးကလွတ်ခဲ့သတဲ့ဗျာ။
အေးဗျာ။လွန်ခဲ့တဲ့လေးဆယ့်ရှစ်နာရီက ကျနော်တို့မိသားစုရှိနေခဲ့တဲ့ ဖီဖီကျွန်းတကျွန်းလုံးရစရာမရှိအောင် ပျက်စီးသွားသတဲ့။ ကျနော် မှတ်မိနေတာကတော့ အဲဒီကျွန်းပေါ်မှာ မကြာခင်က အာစီယံအစည်းအဝေးလုပ်ခဲ့ဖူးတာကြောင့် ပင်လယ်ပြင်ထဲကနေ ကျွန်းဆီကို လှမ်းကြည့်တဲ့အခါ လေထဲမှာ တလူလူလွှင့်နေတဲ့ အာစီယံဆယ်နိုင်ငံက အလံတွေပါပဲ။စူနာမီဟာ အာစီယံနိုင်ငံတော်တော် များများကို အကြီးအကျယ်ပျက်စီးဆုံးရှုံးစေခဲ့တယ်။
ကျနော့်ကိုယ်တွေ့အရ အားလုံးသော ဒုက္ခသည်တွေထဲမှာ မျက်နှာအငယ်ရဆုံးခိုကိုးရာအမဲ့ဆုံးကတော့ ထိုင်းနိုင်ငံစူနာမီစက်ကွင်း မလွတ်တဲ့ အရပ်ဒေသတွေက မြန်မာအလုပ်သမားတွေပါပဲ။ကျနော့်စပ်စုကြည့် သလောက်တော့ ဖူးခက်ကို ပထမဆုံးခြေချတဲ့ ခေတ်သစ်အလုပ်သမားလူတန်းစားဟာ မွန်ပြည်နယ်၊လမိုင်းရွာသားတွေတဲ့ဗျ။ ဒီတော့ ဖူးခက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေထဲမှာ မွန်တွေအများစုလို့ဆိုရမယ်။ နောက်တော့ ကရင်တွေရောက်လာပြန်တယ်။ နိုင်ငံနှစ်ခုနယ်နိမိတ် ချင်းထိစပ်နေတဲ့ အရပ်ဒေသကလူတွေ အရင်ဆုံးရောက်လာကြတာပေါ့ဗျာ။ ဥပမာ ရေး၊ဘိတ်၊ထားဝယ်၊ကော့သောင်းလိုမြို့တွေက လူတွေလာပြီး အလုပ်လုပ်ကြတယ်။ အခုအချိန်မှာတော့ ပဲခူး၊ဧရာဝတီ၊မကွေး၊မန္တလေး၊ရန်ကုန်လို ဖူးခက်ကနေ ဝေးလံသီခေါင်လှတဲ့ အရပ်က လူတွေတောင် အတော်များများရောက်နေကြပါပြီ။ ကျနော်ပြောလိုက်ရင် ခင်ဗျားအံ့သြသွားမယ်။ မကွေး တိုင်းဆိတ်ဖြူဖက်ကလို ဖူးခက်ဆိုတာ ဘယ်အရပ်မှန်း မသိတဲ့ရွာသူရွာသူတွေ ဖူးခက်ကို ရောက်နေကြပြီဗျ။ ကျနော်တို့တိုင်းပြည်က အုပ်ချုပ်သူတွေ သိမှ သိပါလေစဗျာ။နိုင်ငံသားတဦးချင်းစီရဲ့ အခြေခံစားဝတ်နေရေးကိုတောင် ပြေလည်အောင် မဖြေရှင်းနိုင်ပဲ ခေတ်မီ ဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတဲ့ စာသားပါတဲ့ဆိုင်းဘုတ်တွေကို ဘာကြောင့်များ လူတကာမြင်အောင် ချိတ်ဆွဲ ထားကြပါလိမ့်ဗျာ။
စူနာမီမှာလူတွေအများကြီးသေကြကြေကြ၊ ပျက်စီးကြဒုက္ခရောက်ကြရတာ မျက်မြင်ကိုယ်တွေ့တွေ့ရတော့ ကျနော့်ဘဝအကြောင်းကို ကျနော်ပြန်စဉ်းစားမိတယ်ဗျာ။ တကယ်တော့ ကျနော်ဟာ ကြီးစွာသောကံအကြောင်းတရားကြောင့် လူ့ဘဝကို ရခဲ့တယ်လို့ ပြောနိုင် တယ်ဗျ။ သေချာစဉ်းစားလေ ကျနော်ဟာ ကံကြီးလွန်းလို့လူ့ဘဝကို ရခဲ့တယ်ဆိုတာထင်ရှားလေပဲဗျ။ လူ့ဘဝဆိုတာ ဘယ်ဆီနေ မှန်းမသိခင် ကျနော်ဟာ လူ့ဘဝကို မရောက်နိုင်တဲ့ အကြောင်းတရားတွေရှိခဲ့လေရဲ့
ခင်ဗျားစဉ်းစားကြည့်လေ။ ကျနော့်အဖေဟာ ကျနော့်ကိုမမွေးခင် လည်ပင်းကိုကြိုးတပ်ပြီး အသေသတ်ခံ့ရမဲ့ဘဝကို ကြုံခဲ့ရဖူးတယ်။ အဖေအသတ်ခံရရင် ကျနော်ဘယ်မှာလာ လူလာဖြစ်ပါတော့မလဲ။ခင်ဗျားနဲ့စကားပြောရတာတော်တော်လက်ပေါက်ကပ်တာပဲ။ နေအုံး။ ခင်ဗျားနားရှင်းအောင်ကျနော်ရှင်းပြပါအုံးမယ်။
(၁၉၅၀)ဝန်းကျင်၊လွတ်လပ်ရေးရပြီးကာစ အချိန်ပေါ့ဗျာ။ကျနော့်အဖေနဲ့အမေက အိမ်ထောင်ကျခါစအချိန်။ အဖေဟာ သူ့အမေ ကျနော့်အဖွားဒေါ်ရွှေဘွဲ့ရဲ့ တံပိုးကျဲကိုကြောက်ပြီး အမေ့ကိုလက်ထပ်ရတာလို့ ကျနော်ပြောဖူးတာ မှတ်မိလား။တံပိုးကျဲဆိုတာက ဒီလိုဗျ။ နွားလှည်းမှာ နွားတပ်တဲ့အခါ နွားနှစ်ကောင်ရဲ့ဂုတ်ပေါ်ကို ကန့်လန့်ဖြတ်တင်ရတဲ့ တံပိုးတုံးဆိုတာ ရှိတယ်။ နွားလည်ပင်းတဖက် တချက်ကို ထိန်းဖို့ တံပိုးတုံးမှာ အပေါက်လေးနှစ်ပေါက်ဖောက်ပြီး ဝါးဆစ်တုတ်အနေတော်လေးတွေတပ်ထားတယ်။ အဲဒီတထောင့်ထွာ လောက်ရှိတဲ့ ဝါးဆစ်တိုလေးတွေဟာ တံပိုးကျဲပဲ။ တံပိုးကျဲနှစ်ချောင်းအနက် အတွင်းဖက်ကျတဲ့ တံပိုးကျဲက အတို။ အပြင်ဖက် တံပိုးကျဲက အရှည်ဆိုပါတော့ ။တံပိုးကျဲကို သီထားတာက တံပိုးကြိုးပေါ့ဗျာ။ အတွင်းဖက်ကို အတိုထားတာက တံပိုးကြိုးသီ လို့ရအောင်တဲ့ ။ရှင်းရတာ အာပေါက်ချက်။ကျနော့်အဖွားက ကျနော့်အဖေကို အဲဒီတံပိုးကျဲတွေ လက်ကိုင်ထားပြီး သွန်သင်လေ့ရှိသတဲ့။ ဆန်းချက်တမျိုးက ကျနော့်အဖိုး ဦးချစ်မောင်ဟာ လူအေးတဲ့ဗျာ။ ကျနော့်အဖေအပါအဝင် သားသမီးခြောက်ယောက်ကို ကျနော့်အဖိုးက လက်ဖျားနဲ့တောင် မတို့ဖူးဘူးတဲ့။ ကျနော့်အဖွားလက်သံပြောင်ချက်ကတော့ ကျနော့်အဖေ တစ်ခုခုထင်ရာစိုင်းလာပြီဆိုတာ သိတာနဲ့ ဟိတ်၊အောင်မြ။ တင်းကုပ်ကတိုင်မှာ ကပ်လိုက်စမ်းဆိုပြီး တံပိုးကျဲနဲ့လက်စွမ်းပြလေရဲ့ရှိသတဲ့။ ကျနော်ခန့်မှန်းမိသလောက် အဖွားဟာ သူရဲ့ဆွေဂုဏ်မျိုးဂုဏ်ကြောင့် အထိုက်အလျောက် စိတ်ဓာတ်မာကျောကြံ့ခိုင်ဟန်ရှိတယ်။ အဖိုးဦးချစ်မောင်ကတော့ အဖွားဒေါ်ရွှေလဲ့ ပြောသမျှ အေးပါ၊အေးပါ၊ဆိုတဲ့အထဲက ထင်ပါရဲ့ဗျာ။ အမယ်သူလည်းသူ့ခေတ်နဲ့သူတုန်းက ဟိုစာဖတ်၊ဒီစာဖတ်နဲ့ စာတိုငညို စာရင်းဝင်သတဲ့ဗျ။
အဖေဟာ အဖွားရဲ့တချက်လွှတ်အမိန့်ကြောင့် အမေ့ကိုယူခဲ့ရပေမဲ့ မိုက်လက်စကတော့ မကုန်သေးဘူးတဲ့ဗျ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...