Tuesday, November 26, 2013

“ရပ်ကွက်ထဲမှာ သည်လိုပဲရှိတယ်”

Soe Min November 26, 2013 at 9:36am
          ဟိုတလောက ဖေ့စ်ဘုတ်ပေါ်မှာ “ကိုကို့စကား နားထောင်ရင် ရန်ကုန်မြို့ထဲ ကားလမ်းပိတ်တာတွေ သက်သာသွားမယ်။ ယာဉ်တိုက်မှုတွေလည်း လျော့နည်းသွားစေ့မယ်။” ဆိုတဲ့ ကြော်ငြာဖြတ်ပိုင်းကလေး ဖတ်လိုက်ရတော့ “အိုး… ရယ်ချင်တယ်။ ဒါအကုန်ပဲလား ကိုကိုရယ်။” လို့ စိတ်ထဲမှာ ပြုံးစိစိ ဖြစ်မိပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ ကားလမ်းကြပ်ကြပ်ပေါ်မှာ နာရီတွေ ဆီတွေ အကုန်ခံရင်း စဉ်းစားကြည့်မိတဲ့အခါ ကိုယ်တို့ဆီမှာ လမ်းပိတ်လမ်းကြပ်ရတဲ့အကြောင်းရင်းဟာ ကားလမ်းတွေကျဉ်းလွန်းလို့၊ မော်တော်ကားတွေများလွန်းလို့ချည့်သက်သက် မဟုတ်ပဲ အဓိကအကြောင်းရင်းဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာလို့၊ လူတဘက်သားကို ဦးစားပေးရကောင်းမှန်း နားမလည်လို့၊ အလှည့်ကျတန်းစီစောင့်တဲ့ယဉ်ကျေးမှု မရှိလို့ ဆိုတာ သွားတွေ့လိုက်ရတယ်။ ကိုကိုပြောတာလည်း ဟုတ်မှာပါပဲ။
သူသာ စံနစ်တကျနဲ့ ကြပ်ကြပ်မတ်မတ် ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ ထိန်းသိမ်းလိုက်ရင် ယာဉ်ကြောပိတ်ဆို့မှုတွေ တ၀က်လောက်တော့ သက်သာသွားမှာ အမှန်။ ဘာဖြစ်လို့ဆိုတော့ တိုကျိုမှာ တွေ့ခဲ့ရတဲ့ကားတွေဟာ ဘယ်လောက်ပဲလမ်းကျဉ်းကျဉ်း၊ ကားအသွားအလာများများ တော်ရုံနဲ့ ပိတ်ခဲတယ်။ အဆက်မပြတ်သွားနေတာကိုး။ တစ်နေရာရာမှာ သဘာဝဘေးအန္တရာယ်တို့ ယာဉ်တိုက်မှုတို့ ဖြစ်တော့မှသာ ခနတဖြုတ် ရပ်တန့်ပိတ်ဆို့သွားတာ။ မကြာပါဘူး။ ယာဉ်ထိန်းတွေ လမ်းရှင်းပေးလိုက်ရင် ပြန်ပွင့်သွားရော။

        ရန်ကုန်မှာတော့ ကိုယ်ပိုင်ကားစီးတဲ့သူတော်တော်များများရဲ့ တကိုယ်ကောင်းအတ္တဟာ ဟိုအရင်ကနဲ့တောင် မတူတော့ဘူး။ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဲ့လို အတ္တကြီးတဲ့သူ နည်းနည်းပါးပါးလောက် လမ်းပေါ်ရောက်နေရင်ကို ယာဉ်ကြောတွေ ပိတ်ဖို့ လုံလောက်နေပြီ။ လမ်းသွယ်တွေထဲမှာဆို ပိုဆိုးတယ်။ ပလက်ဖောင်းကတ္တရာကို ယောက္ခမအမွေရတဲ့မြေကွက်လို အိမ်ဖော်တစ်ယောက် ၀ါးလုံးကျိုးတစ်ချောင်းနဲ့ ငုတ်တုတ်ထိုင်စောင့်ခိုင်းထားတယ်။ သူများကားရပ်ချင်ရင် သူ့လို အစောင့်ထား လို့ ရန်ကတွေ့သေးတာ။ သူလည်းတစ်လမ်းတည်းသားပဲလေ။ အလွန်ဆုံးရပ် တစ်စီးပေါ့ လို့ သဘောထားနိုင်ပေမယ့် မောင်မင်းကြီးသားက ကားဈေးအလှုပ်မှာ သုံးလေးစီးလောက် လမ်းထဲအရပ်ပြထားပြီး ပွဲစားတစီစီနဲ့ ရှိုးရွမ်းကြီးဖွင့်တော့မတတ် ဂိုင်တွေလွှတ်ပွနေသေးတယ်။ အဲသလိုလူတွေ တစ်လမ်းတစ်ယောက် ရှိမိပြန်ရင်လည်း ကိုယ်နေတဲ့လမ်းကိုယ် ကားရပ်ဖို့ သုံးခေါက်လောက် ပြန်ကျော့နေရတတ်ပြန်ရော။ လမ်းထိပ်မှာရှိတဲ့ ဘတ်စကားမှတ်တိုင်ကလည်း ညနေတိုင်း အကြီးအကျယ်လမ်းပိတ်ရတဲ့ အကြောင်းရင်းကြီးပါပဲ။ အဲ့လောက်ကြီးတဲ့ ကားကြီးတွေကို သူတို့မို့လို့ ကန့်လန့်ကြီးမတစ်တစ်အောင် ရပ်တတ်ပါပေတယ်။ ပန်းဆိုးတန်းထောင့်မှာဆို ဘယ်တုန်းကမှ ကားဂိတ်မဟုတ်သော်လည်း ညနေလူစည်ပြီဆို နောက်ကားတွေ ဘယ်လောက်ဟွန်းတီးတီး အကွေ့ယာဉ်ကြောမှာ မီးပွိုင့်ထိပ်တည့်တည့်က ပိတ်ရပ်ပြီး လူမပြည့်မချင်း ရပ်တင်လေတယ်။ မထသကလူတွေ ခွေးမြီးကောက် ကျည်တောက်လာစွပ်ရင် ခနတော့ အဖြောင့်သား။ နောက်တော့လည်း ဒုံရင်း။

          ဂျပန်ကပါလာတဲ့ဧည့်သည်ကတော့ သူ့တစ်သက်မှာ ကြားတော့ကြားဖူးသား။ ဒီလောက်ကြီးဆိုးလိမ့်မယ်တော့ မထင်မိဘူးတဲ့။ နေ့ခင်း ၂နာရီကြီး ၃၂လမ်းကနေ ဆေးရုံကြီးကိုလာတာ လမ်းမှာ တစ်နာရီကြာတယ်လေ။ လမ်းလျှောက်ရင် ဆယ်မိနစ်ပဲ ကြာမှာ။ လမ်းလျှောက်ခဲ့ရောပေါ့ ဆိုပေမယ့် မောင်မင်းကြီးသား သည်ကလမ်းမတွေကို ဘယ်ကူးတတ်မှာတုန်း။ ဘယ်ကားဖြစ်ဖြစ် လူကူးရင် ရပ်ပေးရိုးထုံးစံ သည်မှာမရှိဘူး။ မျဉ်းကြားမှာလည်း မရှိဘူး။ ရပ်စေချင် ပုလိပ်တစ်ယောက်ထား။ မထားလို့ကတော့ တာ့တာ။ ပုလိပ်မရှိတဲ့ မီးပွိုင့်ဆိုတာ တံခွန်မရှိသောရထား၊ တံခါးမရှိသောအိမ်ပဲ။ ဦးရင်ဦးသလို ဖြတ်မောင်းကြမှာ။
ညခင်းလေးမှောင်ရီပျိုးတော့ ၃၈လမ်းဈေးကြီးက ၀က်ဝက်ကွဲစည်လာပါရော။ ဈေးဗန်းတွေ ကားလမ်းမပေါ်တ၀က်လောက် ရောက်လာကြပြန်တယ်။ “ဟွန်းမတီးနဲ့ လျော်နိုင်ရင်တိုက်သွား၊ ငုတ်တုတ်ထိုင်အရောင်းရ သက်သာတယ်။” လို့ ပီယ၀ါစာ ချစ်ဖွယ်သော စကားများကို ကြားရမယ်။ ယာဉ်နှစ်ထပ်ရပ်တာကတော့ စည်းကမ်းနဲ့အညီ ဖြစ်သွားပလား မသိပါဘူး။ အခုဆို သုံးထပ်တောင် ရပ်နေပြီ။ နောက်ကားရှင်းရင် ကိုယ့်ဘာသာ အေးအေးဆေးဆေးကျော်တက်၊ ဘုကြည့်သွားကြည့်မယ် မကြံနဲ့။ သူ့အောက်ဖဲက ဘာရှိမှန်း သိတာ မဟုတ်ဘူး။ ကိုယ့်ဖဲကိုယ်သိရင် ငြိမ်ငြိမ်နေ။ တာဝန်ကျယာဉ်ထိန်းရဲကြီးကိုယ်တိုင် သွားမေးရင်တောင် ၀ှီးတက်ကြီးလမ်းပေးပြီး “မင်း သတ္တိရှိရင် ဒါယူသွားလိုက်။ အေး။ ညနေကျရင်တော့ မင်းကိုယ်တိုင် အိမ်လာပေးလှည့်။” ဆိုတာနဲ့ “ဆောဒီးပါအကို။ ဆက်လုပ်ခွင့်ပြုပါ။” နဲ့ ဆလံပေးခဲ့ရသတဲ့။

           ကားပေါ်ရောက်သွားတဲ့လူတိုင်း မာန်တက်လန်ထွက်ပြီး မျက်နှာကြီး ရှစ်ခေါက်ချိုးလုပ်ထားတာတော့ မဟုတ်ပါဘူး။ တချို့များဆို လူချင်းလည်း မသိပဲနဲ့ ဟိုဘက်ကားပေါ်ကနေ ပြုံးပြုံးကြီး လှမ်းကြည့်နေလိမ့်မယ်။ သွားကြည့်ပြီး ပြန်ပြုံးပြမယ် မကြံနဲ့နော်။ ခံရပေါင်းများလို့ စောဖေတို့က နောကျေနေပြီ။ မျက်လုံးချင်းဆုံလိုက်တာနဲ့ ဟိုက လက်ညှိုးကလေးထောင်ပြီး “တစ်စီးလောက် အကို” လို့ ကြားဖြတ်ဝင်မှာ။ နှစ်စီးလောက် ပေးဝင်လိုက်ရင် နောက်ကားတွေက ဆဲရော။ ဦးစားပေးယာဉ်ကြောဆိုတာ ဦးအောင်ထွက်တဲ့သူကို ပစားပေးလိုက်ရတာကိုပြောတာ။ မီးဝါကလေး မှိတ်တုတ်မှိတ်တုပ်လုပ်နေတာ အရှိန်မြှင့်ပြီး လွတ်အောင်မောင်း လို့ ပြောတာ။ နီသွားရင်တော့ ကွေ့ကားတွေကုန်အောင်ချိုးဝင်လို့ရတယ် လို့ နားလည်လိုက်။

           စည်းကမ်းတွေ အကုန်လိုက်မှတ်မနေပါနဲ့။ ရှုပ်ကရှုပ်သနဲ့။ အရေးကြီးတဲ့ ဥပဒေသ သုံးခု သိရင်ရပြီ။ နံပတ်တစ် လစ်သလား။ လစ်ရင် အကုန်လုပ်လို့ရတယ်။ နံပတ်နှစ် မိသွားသလား။ မိရင် ညှိတော့။ စစချင်း ဟောက်ကြည့်လိုက်။ မရရင် အောင်လသီချင်းဖွင့်။ ရေသွယ်ရင် ပြေလည်သွားမယ်။ နံပတ်သုံး စီမံချက်နဲ့တွေ့နေပြီလား။ ဒါဆို ၀ိတ်အောင်းမှ ရတော့မယ်။ ဖုန်းနံပါတ်ကလေး သုံးလေးလုံးလောက် ကျက်ထား။ ဒီသိုင်းကွက် သုံးကွက်မှ မစွံရင်လည်း ပူမနေပါနဲ့အေ။ တရားရုံးမှာ ပြုံးပြုံးလေး ဒဏ်ငွေသွားဆောင်လိုက်။ ပါးပါးလေးပါ။ “ဒီမှာ တန်တယ် တန်တယ်။ တန်တယ် တန်တယ်ဟေ့။” လို့ ပြောပြီးဆောင်။ ဂျပန်မှာဆို ကိုယ့်ထက် လခအဆတစ်ရာလောက်ရတဲ့ ဆရာဝန်တွေတောင် ဘီယာသောက်ချင် အိမ်ကို ကားအရင်ပြန်ထားရတယ်။ တိုက်တိုက်မတိုက်တိုက် စစ်လို့ အရက်စော်နံရင် ကားတစ်စီးဖိုးလောက် ဒဏ်ငွေဆောင်ရတယ်။ နှစ်ခါဆောင်ရင် အလုပ်ပါပြုတ်ကရော။

            ဒါကတော့ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ် သာမည်ညောင်ည သိုင်းကွက်တွေ ဆိုပါစို့ကွယ်။ တခါတခါမှာတော့ ရိုးရိုးသမားစဉ် ဆေးမြီးတိုတွေနဲ့မတိုးပဲ မြွေပွေးပိုးထိတာမျိုးလည်း ရှိသေးတယ်။ ယာဉ်မတော်တဆမှုကနေ လူအသေအပျောက်အထိအခိုက် ရှိလာတဲ့အခါပေါ့။ အသက်တွေပါလာတော့ လောင်းကြေးကြီးသလို အလျော်အစားလည်း ကြီးလာတယ်။ အကိုကြီးရဲ့ ညီလေးရဲ့နဲ့တင် မပြေလည်တော့ဘူး။ ကြားထဲမှာ လူနာကြီးက ကန့်လန့်ခံနေရော။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်မှာ အလုပ်လုပ်လာခဲ့တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ယာဉ်တိုက်လူနာ အမျိုးမျိုးရဲ့ ပုံပြင်တစ်ထောင့်တစ်ညတွေ ကြုံဖူးတယ်။ မည်သို့လုပ်လိုက်သည်မသိ အဆင့်မြင့်သိုင်းကွက်ဆန်းကြီးတွေကိုလည်း မျက်ဝါးထင်ထင် မြင်ဖူးတယ်။ ဆင်းရဲ နဲ့ ငရဲကင်းချင်လို့ ဆရာဝန်အဖြစ် အသက်မွေးနေသူတစ်ယောက်အနေနဲ့ ဆင်းရဲ နဲ့ ငရဲကင်းအောင် ဘယ်လိုလွတ်အောင်နေရသလဲဆိုတာ အလုပ်ကသင်ပေးလို့ အထာကျ သဘောပေါက်နေပြီ။ ဒါပေမယ့်လည်း ၀ဋ်ကြွေးမကင်းတဲ့အခါ ဆွမ်းခံရင်းငှက်သင့်တာ ဆရာဝန်တွေနဲ့မှ တည့်တည့် မိတတ်တယ်။ သောနုထိုရ်ကြီး ကံကွက်ကျားတာကမှ သူလည်းပါလို့ ခံသာဦးမယ်။ ဆရာဝန်ခမျာ ဘာမှလည်းမဘာရပဲနဲ့ သူများတံတွေးခွက်မှာ ပက်လက်ကြီးမျောလို့။ အမည်အရည်၊ ရာထူးဌာနန္တရနှင့်တကွ ဂျာနယ်ထဲမှာ ဂုဏ်ပြုခံရတတ်တယ်။ မဟုတ်ဘူး ဟုတ်တယ်ဆိုတာ ကိုယ့်ချင်းကိုယ့်ချင်းတွေလောက်ပဲ သိတယ်။ အပြင်ကဘာမှန်းမသိ ညာမှန်းမသိတွေက ဆွမ်းကြီးလောင်းသလို ၀ိုင်းဆဲကြရော။ ဒါလည်း မြန်မာ့ဂုဏ်ရည်ဗျ။ လက်သည်မပေါ်ဘူးလို့သာ သိပလေ့စေ။ တစ်ယောက်တစ်ချက် ကျောင်းသားလက်။ သွက်သလားတော့ မမေးနဲ့။ ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရမယ် လို့သာပြောလိုက်၊ တစ်ယောက်မှ မကျန်ဘူး။ ဒိုးရတော့မယ် အချစ်ရယ်။ နှုတ်ဆက်ခဲ့ပါတယ်ပဲ။

          ကိုယ်တို့ဆီကလူတွေဟာ ဒီမိုကရေစီဆိုတာတော့ လူတိုင်းသိကြတယ်။ နားရည်ရော နှုတ်ရည်ပါ ၀နေပြီ။ Human Right ဆိုတာလည်း သိလွန်လွန်းလို့ နှပ်ချမယ်တော့ မကြံနဲ့။ မုန့်ဟင်းခါးဝယ်စားရင်တောင် Customer’s right နဲ့ ဟင်းရည်အဆစ်တောင်းနေကျ။ မပေးရင် တရားစွဲပလိုက်မှာ။ Responsibility ဆိုတာကျတော့ တကယ်မသိကြတာလား။ မသိခြင်ထောင်ထောင်တာလား မသိပါဘူး။ သူတို့နဲ့ ဆိုင်တယ်လို့ကို မထင်တာ။ ကိုယ်လုပ်တဲ့လုပ်ရပ်ကြောင့် အကျိုးဆက်တစ်ခုခု ဖြစ်လာပြီဆိုရင် ကောင်းရင်သာ “ဖေကြံတာ ဖေကြံတာ” နဲ့ မဏ္ဍပ်တိုင်တက်တက်ရပ်ပြမှာ မကောင်းမကန်းဆိုရင်တော့ “ဘယ်ကောင်လဲကွ။” ဆိုတာ သူကအရင်စအော်မယ့်စကား။ ဘေးဒဏ်ရန်မာန် မကင်းရှိလို့ကတော့ “အနော်မပါပါဘူးဗျ။” ဆို အလွတ်ရုန်းဖို့သာ ကြံတော့တယ်။

           ခုနတုန်းက ဥပမာနဲ့ပဲ ပြန်ရှင်းပါ့မယ်။ တကယ်တော့ ယာဉ်စည်းကမ်းဖျောက်ဖျက်တာ ကိုယ်ကပဲ။ လစ်မယ်ထင်လို့လုပ်တာ ခိုးလုပ်တာ။ ဒါလည်း အပြစ်ပဲ။ မိသွားရင် ကိုယ့်အပြစ်ကိုယ် ခံဖို့ပဲ ရှိတယ်။ ဒါပေမယ့် မခံဘူး။ နောက်တစ်ပြစ် ထပ်ကျူးလွန်တယ်။ လာဘ်ပေးလာဘ်ယူ တို့ရန်သူတဲ့။ ယူတဲ့သူချည့် တိုက်ဖျက်မနေနဲ့။ ပေးတဲ့သူပါ အရေးယူရမှာ။ ပေးတုန်းက ကိုယ့်အပြစ်နဲ့ကိုယ်ပေးပြီး မျက်နှာလွှဲတာနဲ့ သူများကို သွားပုပ်လေလွင့် ပြောပြန်ရော။ ညှိလို့မရတဲ့အမှုတွေမှာကျတော့ အထက်စီးကနေ အနိုင်ယူဖို့ ကြံပြန်တယ်။ ဆိုကြပါစို့။ ကိုယ့်ကြောင့် လူတဘက်သား ထိခိုက်ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ် ထိခိုက်သွားတယ်။ ဒီအခါမှာ ကိုယ်က ဘယ်လောက်တာဝန်ယူနိုင်သလဲ ဘယ်တော့မှ မစဉ်းစားဘူး။ တော်ရုံသင့်ရုံလျော်လို့ ကိုယ်ဘယ်လိုအလွတ်ရုန်းရမလဲ ကို အဓိက စဉ်းစားတယ်။ ဖြစ်နိုင်ရင် ဘယ်လောက်ပေးရပေးရ တရားခံနေရာမှာ လူစားထိုးလို့ ရနိုင်မလားဆိုတာအထိ စဉ်းစားတယ်။ ငါမှားတာ ငါခံမယ်ဆိုတဲ့စိတ် ရှိတဲ့သူ မမြင်ဖူးဘူး။ ပြီးခဲ့တာတွေ ပြီးပါစေတော့ လို့ ဖြေတွေးမယ်။ ဒီအခါမှာ ရှင်သူ နဲ့သေသူကို တစ်သက်တစ်သက်ချင်း မမြင်တော့ဘူး။ သူလိုဘာမဟုတ်တဲ့လူတစ်ယောက်အသက်နဲ့ ငါ့ဘ၀ကြီး အထိခိုက်မခံနိုင်ဘူးလို့ တွေးမယ်။ ဥပမာပြောတာနော်။

           စောစောက ပေါ့ပေါ့လေး ရယ်ကာမောကာ ပြောခဲ့တုန်းကလည်း သည်အဖြစ်အပျက်ပဲ။ အခု လေးလေးနက်နက် စဉ်းစားကြည့်တော့လည်း သည်အဖြစ်အပျက်ပဲ။ ဆိုလိုရင်းအဓိပ္ပါယ်က မြန်မာတွေဟာ ကိုယ့်တာဝန်ကိုယ် မယူတတ်သေးဘူး လို့ ပြောချင်တာ။ ကိုယ်လုပ်တဲ့အလုပ်တောင် ကိုယ်တာဝန်မယူတတ်သေးဘူးဆိုရင် ကိုယ့်ရပ်ကိုယ့်ရွာအတွက် တာဝန်သိတတ်ဖို့။ ကိုယ့်တိုင်းပြည်အတွက် တာဝန်သိတတ်ဖို့ဆိုတာ အများကြီး လိုဦးမှာပေါ့။ ဘယ်သူကများ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး စံပြနမူနာ အတုယူစရာ တာဝန်ယူပြခဲ့ဖူးသလဲ။ အရင်ကလည်းသူပဲ အခုလည်းသူပဲ လုပ်လာခဲ့တဲ့အလုပ်တွေတောင် နောက်ကြောင်းပြန် အရေးမယူရဘူးနော် လို့ ချည်ပြီးတုပ်ပြီး မဟုတ်ရင် လက်ဆုပ်မဖြည်ချင်ဘူး။ ကိုယ့်အရှုပ်ထုပ်ကြီး သူများခေါင်းပေါ် ပုံချလို့ရပြီဆိုရင်ဖြင့် သံသရာဆိုတာ မကြားဖူးတဲ့အတိုင်းပဲ ပျော်နေလိုက်တာ မိုးမမြင်လေမမြင်။

            တိုနီဘလဲကြီးလာတော့ သတင်းထောက်တစ်ယောက်က မေးတယ်ဗျ။ ဒီမိုကရေစီခေတ်ကြီးမှာ အစိုးရအနေနဲ့ ဆင်ဆာကင်းလွတ်ခွင့်ပေးလိုက်တာ မီဒီယာတွေအပေါ်မှာ အလွန်အမင်း လွတ်လပ်ခွင့်ပေးရာများ ကျသလား။ ဘကြီးတို့တိုင်းပြည်အုပ်ချုပ်စဉ်တုန်းကရော ဘယ်လိုများ လုပ်ခဲ့ပါသလဲ လို့ သိချင်ပါသတဲ့။ ဆရာကြီးကတော့ ဆရာကြီးပါပဲ။ ဟိုက ဖြေတတ်လိုက်ပုံများ။ “Too much freedom” က ပြဿနာ မဟုတ်ပါဘူးတဲ့။ “Too little responsibility” ကသာ ဒုက္ခပေးလိမ့်မှာ ဆိုပဲ။ ဟုတ်တာပေါ့။ သတင်းဆိုတာ ကြိုက်တာရေး။ လွတ်လပ်ခွင့် ရှိတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့သတင်းတော့ ကိုယ်တာဝန်ယူရလိမ့်မယ် မဟုတ်လား။ အင်တာနက်ပေါ်မှာ ဂလိုပဲ ပြောနေကြတာလေ။ ဟုတ်မဟုတ်သိချင် ကွကိုယ်တက်ဖတ်ပေါ့။ ဒီက သနားလို့ သူ့စာကလေး လူဖတ်ပါစေတော့ဆို ပုံနှိပ်မျက်နှာပေါ် ထည့်သုံးပေးတာ။ အမလေး။ ဖြစ်နေလိုက်တာ။ တောင်းပန်လိုက် တောင်းပန်လိုက်။ နောက်တစ်ပတ်ကျ ကော်လံအခက်အခဲကြောင့် ခွက်ဒစ်ပေးတဲ့စာ မထည့်လိုက်မိတဲ့အတွက် ချိုကိုင်ပြီး တောင်းပန်ပါသည် လို့ ထည့်ပေးမယ်။ အင်.. သတင်းအမှားကြီး ဟုတ်လား။ ရတယ်။ ဘယ်သူ့ဆီက ကူးယူမိသဖြင့် မှားသွားပါတယ် လို့ နောက် သတင်းတစ်ပုဒ်ရေးမယ်။ ကျုပ်တို့ ရပ်ကွက်ထဲမတော့ အဲသလိုပဲ ရှိကြပါတယ်။ ဟွန့်။ အဲ့လူကြီး အင်္ဂလန်မှာမို့လို့ ဆကာကြီးလုပ်လို့ရတာ။ ငတို့ဆီမှာ လာနေကြည့်ပါလား။ ရွာသာကြီးမရောက်တော့ ပြောချင်တိုင်းပြော။

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...