“ဇာတိနွယ်”
Soe Min November 28, 2013 at 9:07am
သမီးလေး သူငယ်တန်းတက်ကတည်းက သူ့အဖေဟာ လွယ်အိပ်တစ်လုံးနဲ့
ရွာစဉ်လည်နေရတဲ့အတွက် ဧည့်သွားဧည့်လာ၊ ဘာလိုချင်လဲ၊ ဘယ်သွားချင်လဲလောက်သာ
အနိုင်နိုင် အလိုလိုက်နေရတာမို့ သမီးကို သူ့အသက်သူ့အရွယ်အလျောက်
သိသင့်သိထိုက်တဲ့ မြန်မာမှု မြန်မာ့ဓလေ့တွေနဲ့ ယဉ်ပါးအောင် သွန်သင်ရတာ
တော်တော်တော့ ခက်ခဲပါတယ်။ သူကျင်လည်ရာပတ်ဝန်းကျင်မှာ
အဲဒီမြန်မာစရိုက်ကလေးတွေက တဖြေးဖြေး ပျောက်ကုန်တာကိုး။
မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင် ပွဲဈေးတန်းကြီးခေါ်သွားတာတောင်မှ
သူစားတတ်တဲ့ မုန့်ပဲသွားရည်စာ တစ်ခုတလေ ရှာမရဘူး။ ကစားစရာ တစုံတရာ
လိုချင်စရာ မရှိဘူး။ သူ့ကို မုန့်ကျွေးချင်ရင် Chewy Junior တို့၊ B
& B Bakery တို့လိုဆိုင်မျိုး၊ ဒါမှမဟုတ် အနည်းဆုံးတော့ ပီဇာ၊ ဆူရှီ၊
ဒင်းဆမ်း၊ဘာဂါရတဲ့ဆိုင်မှပဲ ဖြစ်လိမ့်မယ်။ မြန်မာအဖေအမေကမွေးပြီး
မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ သမီးလေးဟာ ဘယ်လိုဖြစ်လို့
နိုင်ငံခြားသူတစ်ယောက်လို မြန်မာအစားအသောက်တွေနဲ့ စိမ်းနေမှန်းမသိပါဘူး။
မုန့်ဟင်းခါး၊ ခေါက်ဆွဲမစားတတ်ပဲ ယမ်ယမ်ခေါက်ဆွဲပြုတ် ကြာဆံပြုတ်လောက်ပဲ စားစရာထင်တယ်။ အကြော်စုံ ပူပူနွေးနွေး အချဉ်ရည်မွှေးမွှေးနဲ့ တို့မစားတတ်ပဲ တန်ပူရာကို တိုမားတိုးကက်ချပ်နဲ့ စားချင်တယ်။ မုန့်လေပွေ နဲ့ ကောက်ညှင်းကျည်တောက်အစား ရေညှိထမင်းလိပ်တို့ ဗူးနဲ့လာတဲ့ အာလူးကြော် အလိန်အလိန်တွေပဲ စားတတ်တယ်။ ဈေးထဲက၀ယ်တဲ့ မုန့်ပဲသွားရည်စာ ဘယ်ဟာကိုမှ မစားတတ်ပဲ ရှော့ပင်မောကြီးတွေပေါ်က ဆိုင်တွေ ကန္နားတွေကပဲ ကောင်းတယ်လို့ထင်တော့တယ်။ တစ်ခုခုတော့ မှားနေပြီ။ ကလေးကမှားတာ မဟုတ်ဘူး။ ကလေးကို မြန်မာ့ပတ်ဝန်းကျင်နဲ့ ရင်းနှီးခွင့်မပေးတဲ့ ကိုယ်က မှားနေတာ။ အလိုလိုက်ချင်ဇောနဲ့ နှမြောတွန့်တိုခြင်းကင်းစွာ ကောင်းမယ်ထင်ရာ၊ နံမည်ကြီး ခေတ်စားရာ၊ ကြေးရည်တတ်တို့ ပလွှားရာ နေရာထိုင်ခင်း အစားအသောက်တို့ကို ရင်းနှီးကျွမ်းဝင်စေတဲ့အခါ အခုနောက်ဆုံး သတိထားမိလိုက်တာက အဲသည်ဟာတွေ အကုန်လုံး မြန်မာအငွေ့အသက် တစက်ကလေးမှ မပါပါလား လို့ သိလိုက်ရတယ်။ နောက်ဆုံးတော့ ကိုယ့်ကလေးဟာ မြန်မာစာ မစားတတ်တဲ့ဘ၀ကိုရောက်တယ်။ ဒီအချိန်ရောက်မှတော့ စားကြည့်ပါ သမီးရယ်။ ဘယ်လိုကောင်းတာ။ ဘယ်သို့ဘယ်ချမ်းသာ။ စိတ်ပါအောင်ပြောသော်လည်းပဲ သူစားနေကျ မဟုတ်လို့ လက်ဖျားနဲ့တောင် မတို့တော့ဘူး။ ကလေးဆိုတော့ မုန့်ကိုပဲ မက်သေးတာပေါ့။ အရွယ်ရောက်လာလို့ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ပါ ဝေးကွာစိမ်းကားသွားမယ်ဆိုရင် ခက်ရချည်ရဲ့နော်။
ဒီလိုတော့ ဖြစ်သေးပါဘူးလေ။ အခု သူ့အဖေ ရန်ကုန်ရောက်ပြီး သူ့အနားမှာနေရတုန်း အားရင်အားသလို မြန်မာမှု ကျူရှင် ပေးတဲ့အနေနဲ့ ဖေဖေပုံပြောမယ် အလုပ်လုပ်နေရတယ်။ အတော်ပါပဲ။ ရန်ကုန်ကားလမ်းတွေကလည်း ပိတ်ပါဘိသနဲ့။ ညနေဘက် သူ့ကျူရှင် ကြိုရင်ပို့ရင် အနည်းဆုံး အသွားတစ်နာရီ အပြန်တစ်နာရီစာလောက် လက်ချာရိုက်လို့ရတယ်။ စပ်မိစပ်ရာကလေးတွေကတဆင့် “သမီးရေ။ အဖေတို့ငယ်ငယ်တုန်းကတော့ဖြင့် ဘယ်လိုကွဲ့။” “ဟိုးရှေးရှေးတုန်းကတော့ သည်လို မဟုတ်ဘူးကွဲ့။” နဲ့ ကိုယ်ပြောချင်တာလေးတွေကို သူစိတ်ဝင်စားအောင် သိုင်းဝိုင်းရှင်းပြတယ်။ တခါတခါတော့လည်း သူ့ပြောချင်တာလေးတွေ ဖေ့စ်ဘုတ်ပေါ် မှတ်စုရေးတင်ပြီး သမီးအကြောင်း ရေးထားတယ် ဖတ်ကြည့် လို့ ပြရတယ်။ ဒါမှ သူ့အတင်း ဘာတွေတုပ်ထားပလဲ မသိဘူးဆိုပြီး ဖတ်ချင်လာမှာလေ။
ကာတွန်းကလေးတွေ ပုံပြင်ကလေးတွေကဆင့် အပြင်စာကလေးတွေဖတ်ဖို့ တာစူလာတဲ့သမီးလေးကို ကိုယ်ငယ်ငယ်တုန်းကလိုပဲ မြန်မာအငွေ့အသက်ကလေးတွေနဲ့ ပြန်လည်နွေးထွေးလာစေဖို့ တစ်နည်းတစ်ဖုံ ထပ်ကြိုးစားကြည့်မိပါတယ်။ အဲဒါကတော့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာမကြီး ဒေါ်နုယဉ်တို့ရဲ့ ကလေးစာပေကလေးတွေ ရှာဖွေ မိတ်ဆက်ပေးရတာပါပဲ။ တကယ်တော့ အဲဒါတွေက သူ့အရွယ်နဲ့ဆိုရင် တော်တော် နောက်ကျနေပြီ။ ဆွမ်းအုပ်နီနီ အမေရွက်တဲ့ အရွယ်မှ မဟုတ်တော့တာ။ ဒါပေမယ့် ခရာဆူးခြုံဟိုအထဲက မျှော့နက်မည်းကြီးဆိုတာကို သူမမြင်ဖူးဘူး။ အုန်းလက်နွားလေးဆိုတာလည်း ဘယ်လိုဟာလည်း သူမသိဘူး။ သူ့ပတ်ဝန်းကျင်မှာ ခရာဆူး ဆူးလေဆူးတွေမှမရှိတာ။ ယိုယီးလေး မောင်ပန်းမွှေး လို့ ပြောလိုက်ရင် ယိုယီးလေးဆိုတာ ဘာပြောမှန်း သူမသိဘူး။ သူကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာ အဲဒါတွေ မရှိတော့ဘူး။ ဒီတော့ သူမရောက်ဖူးတဲ့ ပတ်ဝန်းကျင်က သူမမြင်ဖူးတဲ့အရာတွေကို သူ့အဖေက အရုပ်ရေးပြသလို ဖွဲ့ကာနွဲ့ကာ ရှင်းပြရတယ်။
မုန့်ဆီကြော်ကလေး မြင်ရင်တောင် “အဲဒီမုန့်က သမီးမစားပေမယ့် မြန်မာမုန့်ထဲမှာ ကောင်းလွန်းလို့ နတ်တွေတောင် တန်းတန်းစွဲတဲ့မုန့်။ ၀ါဝင်ဝါထွက် အဲဒီမုန့်မပါရင် နတ်တွေက စိတ်ဆိုးကြလို့ အဖြူတမျိုး အနီတမျိုးလုပ်ပြီး မပျက်မကွက် ကန်တော့ရတယ်။ မမနှဲလို့ခေါ်တဲ့ ကလေးနတ်ကလေးဆို မုန့်ဆီကြော် သိပ်ကြိုက်တာ။ မြန်မာနတ်ထဲမှာ ကလေးနတ်တွေလည်း ရှိတယ်။ နတ်သူငယ်လို့ခေါ်တယ်။ နဲဗားလန်းက ပီတာပင်တို့လိုပေါ့။ မမနှဲရဲ့ နံမယ်က ရှင်နှဲမိလို့ခေါ်တယ်။ သမီးဖွားဖွားအိမ်မှာ ဆွဲထားတဲ့နတ်အုန်းသီးကြီးက သူ့ဦးရီးတော်တာပေါ့။ အဲဒီအုန်းသီးကြီးကို ညဘက်ကျ ဘာဖြစ်လို့ လိုက်ကာအနီကြီး ဆွဲဆွဲပိတ်သလဲ သိလား။ ….” အဲသလိုမျိုး တောင်စဉ်ရေမရ စကားစရှာပြီး ကျပန်းစကားပြောပွဲလုပ်ရတယ်။ ဒါတွေက အရင်တုန်းက မြန်မာတွေ အယူသည်းကြတာလို့ ရှင်းပြပေမယ့်လည်း သည်အကြောင်းတွေ မသိရင် မြန်မာမှုနယ်ပယ်မှာ နားလည်နိုင်ဖို့ခက်တာတွေမို့ စကားစပ်တုန်း ကြားဖူးနားဝတော့ ရှိစေရတယ်။ နို့မို့ဆို သမီးလည်း ဂျပန်ကကလေးတွေလို ဟောလိုးဝင်းနဲ့ ဗယ်လင်တိုင်းပဲ သိပြီး ကိုယ့်ရိုးရာကိုယ် ဘာမှန်းမသိမှာစိုးလို့။
သရဲချင်းအတူတူတောင်မှ ပါးစောင်မှာ သွေးစက်လက်နဲ့ အစွယ်ထွက်နေတဲ့ အင်္ဂလိပ်သွေးစုတ်ကောင်၊ လက်ညှိုးကလေး ရှေ့တန်းလန်းထိုးပြီး ခုန်ဆွခုန်ဆွသွားတဲ့ တရုတ်သရဲ၊ ဆံပင်ဖားလျားနဲ့ ခေါင်မိုးထုတ်တန်းက ဇောက်ထိုးဆင်းလာတဲ့ ယိုးဒယားသရဲတို့ဟာ ကိုယ့်မြန်မာပုံပြင်တွေထဲက သရဲသဘက်တွေနဲ့ မတူကြောင်း ပြချင်လို့ ကိုကိုလေးရဲ့ မှော်ဆရာ့မှတ်တမ်းတွေ ရှာပြီး ပေးဖတ်ရတယ်။ ကြောက်ရတဲ့အရသာချင်းတူရင်တောင် ကိုယ့်သရဲကိုယ်ကြောက်ရတာက စေးစေးပိုင်ပိုင်ရှိတယ်လို့ သိစေချင်လို့။ အဆုံးသတ်မှာတော့ တကယ်ရှိရှိ မရှိရှိ၊ တစ္ဆေတို့ သရဲတို့ဆိုတာ ကြောက်စရာ မဟုတ်ဘူး။ မေတ္တာပို့စရာသာဖြစ်တယ်လို့ ရှင်းပြရတယ်။ သရဲကြောက်တယ်ဆိုတာ ခံစားမှုရသတစ်မျိုး လို့ သမီး လက်ခံနိုင်ဖို့ ခက်ပါတယ်။ စာပေရဲ့ ရသကိုးပါးအကြောင်းမှ မသင်ရသေးတာကိုး။ လျှာကအရသာတောင်မှပဲ သူက အချဉ်၊ အခါး နဲ့ အစပ်ကို အရသာရယ်လို့ လက်မခံနိုင်သေးဘူး ဖြစ်နေတယ် မဟုတ်လား။
ကိုယ့်သမီးတိုးရစ်စ်မကြီးကို sight seeing ကြည့်စရာ ပုဂံ နဲ့ ပဲခူးကိုတော့ ရောက်အောင် ခေါ်သွားပြီး မြန်မာရာဇ၀င်အူပေါက်ကို ပတ်ချာနှောက်နေအောင် ဟိုရောက်သည်ရောက် ဇာတ်စုံခင်းပြခဲ့ပြီး ဖတ်စရာမှတ်စရာ အတိုအစလေးတွေ ရှာပေးခဲ့တာလည်း မြန်မာ့သမိုင်းထဲကို အလည်ခေါ်တာပေါ့လေ။ ရွှေတိဂုံဘုရားတက်ရင်တောင် သူ့ကို ဧည့်သည်ရှင်းသလို ရှင်းရှင်းပြနေရတာ ပြန်တွေးကြည့်မှ ကိုယ်မွေးထားတဲ့သမီးဟာ ဘယ်လောက်မြန်မာမှုနဲ့ အလှမ်းကွာသလဲ သတိထားမိတယ်။ လူဆိုတာ ကိုယ်နဲ့ပတ်သက်တော့မှ နီးစပ်တယ်ထင်ကြတာမို့ သူကန်တော့တဲ့တန်ဆောင်းကလေးတွေ နေရာကလေးတွေဆို အဖေငယ်ငယ်က ဘုရားရောက်တိုင်း ဒီနေရာလေးတွေမှာ ပုတီးစိတ်ဖူးတယ်။ ဘတ်စကားလေးနဲ့လာတော့ ဘယ်ကနေစီးရင် ဘယ်နေရာရောက်တာ။ အရင်တုန်းက ဒီနေရာမှာ ကြာပွတ်ကိုင်ထားတဲ့ ကုလားရုပ်ကြီးတွေ ရှိတယ်။ “ရွှေတိဂုံ ရွှေတိဂုံဘုရားကိုလ ကျားတက်တာ ငါးရက်ကြာ” ဆိုတဲ့ ဦးပေါစံကြီး စည်းတစ်ခြမ်းတင်တဲ့ သီချင်းလေးဆိုပြ။ အရင်တုန်းက ရန်ကုန်မှာ ကျားတွေဆင်တွေ ရှိတယ်လေ။ ကျားတောရတို့၊ ကျားကွက်သစ်တို့ဆိုတဲ့ ရပ်ကွက်တွေ အကြောင်းပြောပြ။ အသက်ကြီးလာလို့ ငယ်ငယ်ကအကြောင်းတွေ ချေးခြောက်ရေနှူး ပြောတတ်တဲ့အကျင့်ရလာတာလို့ ထင်ပေမယ့်လည်း ကိုယ့်အဖေ ကိုယ့်အဖွားတွေ အဲသလိုမျိုး ပြောပြခဲ့လို့ ကိုယ်လည်း မသိမမှီလိုက်တဲ့ ကိုယ့်ရေကိုယ့်မြေအကြောင်းတွေကို ကြားဖူးနားဝဖြစ်လာတာ။ သမီးကိုလည်း ပြောအပ်တယ် လို့ ထင်မိတယ်။
ဒီဟာတွေကို ဘာဖြစ်လို့ သမီးလေး သိစေချင်ရသလဲဆိုတော့ လူတွေမှာ ကိုယ့်အရပ်ကိုယ့်ဇာတိအပေါ်မှာ ခင်မင်တွယ်တာတဲ့စိတ် ဇာတိနွယ်ဆိုတာ ရှိတယ်။ အဲဒီစိတ်က ကိုယ်ဟာ ဘာလဲ။ ဘယ်အမျိုးအနွယ်က လာသလဲဆိုတဲ့ သိမှတ်ခံစားမှုတစ်ခု (Identity) ကိုပေးသလို၊ အဲသည်အရပ်ဒေသအပေါ်မှာ ခင်မင်တွယ်တာမှု (Attachment) ဆိုတာကိုလည်း ပေးတယ်။ အဲသည်အရပ် အဲသည်ဒေသမှာ ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရတဲ့ စိတ်လုံခြုံမှု (Sense of Security) ကိုလည်း ပေးတယ်။ ဘူတန်မှာနေတုန်းက ကိုယ်နေတဲ့တစ်ရပ်တစ်ရွာလုံးမှာ မြန်မာလိုပြောဖို့ တစ်ယောက်တစ်လေတောင် ရှာမရတဲ့အခါ နားထဲမှာ မြန်မာသီချင်းသံကလေးတွေ နေ့ရောညပါ ကြားယောင်ဆိုညည်းနေမိလို့ အာရုံထင်မှားတဲ့ရောဂါလက္ခဏာ(Hallucination)များ ပေါ်နေပြီလားလို့ အောင့်မေ့မိတယ်။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာလိုပြောပြီး မြန်မာစာစားရတာ ဘာနဲ့မှမတူအောင် အရသာရှိမှန်း နိုင်ငံခြားရောက်နေတဲ့ မြန်မာတိုင်း သိကြတယ်။ ကိုယ့်သမီးကျမှ အဲသလို မခံစားတတ်တော့ပဲ မြန်မာပြည်ကို မေ့သွားမှာ စိုးတာပေါ့။
နိုင်ငံတကာနဲ့ ယှဉ်လာတဲ့အခါမှာ သူများဆီက သင်စရာ၊ တတ်စရာ၊ အတုခိုးရာတွေ အများကြီးရှိတယ်။ အဲဒါတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားမိတဲ့အခါ ကိုယ့်ဆီကနဂိုအခံရှိတဲ့ မူရင်းယဉ်ကျေးမှုကလေးတွေက ကြာလေမှိန်လေ ပျောက်ကွယ်သွားတတ်တယ်။ ဒါကြောင့် သူများဟာတွေ မနှီးနှောခင် ကိုယ့်ယဉ်ကျေးမှု အခြေခံကလေးတွေကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ရင်းနှီးစေချင်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့မှ မခံစားတတ်ဘူးဆိုရင် မြန်မာပြည်ကြီးကို ဘယ်လိုချစ်မလဲ။ တိုင်းပြည်အစုတ်အပြတ်ကြီးလို့ပဲ မြင်မှာပေါ့။ ရုပ်ဝတ္ထုချင်း ယှဉ်ရင် ဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် ယှဉ်လို့မှ မရတော့ပဲကိုး။ ဒါဖြင့် စိတ်နေစိတ်ထားချင်း ယှဉ်မလား။ သေသော်မှတည့် သြော်ကောင်း၏ ပါဗျာ။ ဘယ်အရာနဲ့မှ မယှဉ်ပါနဲ့။ “တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။” ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့သာ မျက်လုံးစုံမှိတ်ပြီး ချစ်လိုက်ပါ။ အဲသလိုချစ်မြတ်နိုးလာစေဖို့ ကိုယ့်မြန်မာစာ မြန်မာမှုနဲ့ မစိမ်းအောင် ယဉ်ပါးအောင် နွေးထွေးအောင် မိတ်ဆက်ပေးတာပေါ့။ အဆုံးသတ်တစ်နေ့မှာ ဘာကိုမှ မမှတ်မိဘူးဆိုရင်တောင် “ငါ့အဖေ သိပ်ချစ်တဲ့ သူ့တိုင်းပြည်ပေါ့။” လို့ မှတ်မိနေရင် တော်ပါပြီ။
မျိုးနွယ်ဇာတိဆိုတာ ချစ်ရုံကလေး တွယ်တာရုံကလေးနဲ့လည်း မပြီးသေးပါဘူး။ နောက်တဆင့်တက်ရင် ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ပါသေးတယ်။ အဲသလို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဟိန္ဒူတွေလို အမျိုးဇာတ်ကို မပျက်အောင် စောင့်ထိန်းတာသက်သက်၊ သကျသာကီဝင်တွေလို သူများသွေးအနှောမခံပဲ ကိုယ့်သွေးသားချင်း လှည့်ပတ် လက်ဆက်ရုံသက်သက်ကတော့ အနှစ်သာရ မပါပါဘူး။ တကယ်တမ်းဆက်ခံသင့်တဲ့အထဲမှာ မျိုးရိုးဂုဏ်ဆိုတာပါသေးတယ်။ တီဗီထဲမှာ ကြားကြားနေရတဲ့ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးဆိုတာကြီး နားကြားပြင်းကပ်တာနဲ့ ကိုယ့်ဆွေဂုဏ်မျိုးဂုဏ်ကို မထိန်းသိမ်းတတ်ပဲ နေမှာစိုးတယ်။ “အလိုလေး။ ဘ၀င်တွေလွှတ်မြင့်နေပြီ။ ဒင်းတို့က ဘယ်အမျိုးဘယ်အနွယ်က ဆင်းသက်လာလို့ပါလိမ့်။” လို့ မဲ့ချင်ရွဲ့ချင်ကုန်ကြရော့မယ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆီက အစဉ်မပျက် ထီးရိုးနန်းဆက်ကလာလည်း ကိုယ်ကတော့ ဂုဏ်ရှိတယ် မထင်ပေါင်။ ရွှေမျိုး စိန်မျိုး၊ နေမျိုး လမျိုး၊ ဟိုးဟိုးကျော် ထိပ်ထိပ်ကြဲ လျှမ်းလျှမ်းတောက် ဂုဏ်သိမ်သတင်းနဲ့နေတာမို့လည်း ဦးခိုက်ရိုကျိုး လက်စုံမိုးမနေနိုင်ပေါင်။
ဘာမှမဟုတ်တဲ့ ကိုယ့်မျိုးရိုးစဉ်ဆက်ကိုတော့ ဘယ်သူတွေ မလေးစားလေးစား ကိုယ့်ဘာသာ တလေးတစားနေနိုင်အောင် ကြိုးစားတယ်။ ကိုယ့်မျိုးရိုးက မြန်မာ၊ ဒါကြောင့် မြန်မာမှု မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို အလေးထားတယ်။ အမျိုးဂုဏ်နဲ့ပတ်သက်လာရင် ကိုယ်တို့ဆရာကြီးမင်းသုဝဏ်လည်း သူ့အမျိုးသူ ဂုဏ်ယူပါသတဲ့။ သူ့နှမ ဒေါ်နုယဉ်ကမွေးတဲ့ သူ့တူကလေးကို ဘယ်လိုပြောသလဲဆိုတော့ “ငါတို့ဆွေတွေမျိုးတွေထဲမှာ ဆင်းရဲချင် ဆင်းရဲမယ်။ ချမ်းသာချင် ချမ်းသာမယ်။ လိမ်တာ ကောက်တာ နံမည်ပျက်တာတော့ တစ်ယောက်မှ မပါဘူး။” တဲ့။ သေသေချာချာတွေးကြည့်ရင် ကြက်သီးတောင်ထတယ်။ အဲသလိုမျိုး ပြောနိုင်ဖို့ ဆွေစဉ်မျိုးဆက် ဘယ်လောက်တောင် စောင့်ထိန်းခဲ့ရမလဲ။ သူများကြားတာမကြားတာ ယုံတာ မယုံတာကို အလေးမထားပါဘူး။ အဲသည်စကားက ကိုယ့်လိပ်ပြာကိုယ် ရဲရဲကြီးပြောဖို့ဆိုတာ လွယ်သလား။ ကိုယ်လည်းပဲ ကိုယ့်သမီးလေးကို ပြန်ပြောတဲ့အခါ “ဖေတို့ ဆွေတွေမျိုးတွေထဲမှာ ဆင်းရဲချင်ဆင်းရဲမယ်။ ချမ်းသာချင် ချမ်းသာမယ်။ လိမ်တာကောက်တာ နံမည်ပျက်တာတော့ တစ်ယောက်မှ မပါဘူး။” လို့ အားရပါးရ ပြောချင်လိုက်တာ။ စိန်ရွှေငွေ၊ အိမ်ခြံကားတွေထက် အဲသလိုပြောနိုင်တဲ့ ဂုဏ်၊ အဲသလိုပြောရတဲ့အရသာကို သမီးလေး ခံစားနှစ်ခြိုက်နိုင်ပြီဆိုရင်တော့ သူ့အဖေပေးချင်တဲ့ မျိုးရိုးဂုဏ် အမွေအနှစ်ကို ရသွားတယ် လို့ ပြောရမှာပဲ။ အရပ်ထဲမှာတော့ သွားပြောလို့ ဘယ်ရမလဲ။ အရူးမျိုးလို့ အပြောခံရမှာပေါ့။ ရူးနေတဲ့သူ့အဖေက သူ့သမီးလေးကိုလည်း ရူးစေချင်နေတာ ဖြစ်ပါလိမ့်မယ်။ ဒါမျိုးဟာ အရူးချင်းချင်းပဲ နားလည်နိုင်တာ မဟုတ်လား။

0 comments:
Post a Comment