Monday, November 25, 2013

ငါးပုံပြင်


ငါးပိသိပ် ငါးချဉ်သိပ်သလို မွန်းကြပ်နေတဲ့ အဲဒီ ( ၅၅ ) ကားကြီးပေါ်မှာ သူနဲ့ စတင်ဆုံတွေ့ခဲ့တာပါ။ မှတ်မှတ်ရရ အဲဒီနေ့က ငါးလပိုင်း ငါးရက်နေ့လေ။ ညနေ ငါးနာရီ ငါးဆယ့်ငါးမိနစ်လောက် ထင်ပါရဲ့။ သူက သူ့ရဲ့ငါးရံ့ကိုယ်လုံးလေးကို သယ်ရင်း ကားပေါ်ကို ငါးခူတိုးလေး တက်လာတယ်။
"ငါးထပ်ကြီးအထိဆို ငါးကျပ်ကျပါတယ် " ငါးကျပ်တန်ခရီးအတွက် ငါးရာတန်ကြီးထုတ်ပေးတော့ စပယ်ရာလေးခမျာ ငါးပါးမှောက်ရော ... "အကြွေမရှိဘူးလား အစ်မ" မနေနိုင်မထိုင်နိုင် ကိုယ်ကပဲ အိပ်ကပ်ထဲမှာ အသင့်ပါလာတဲ့  ငါးဆယ်တန် အထပ်လိုက်ကိုထုတ်ပြီး အကြွေလဲပေးလိုက်ပါတယ်။ ငါးပွက်ရာ ငါးစာချချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့်  ကိုယ့်ရဲ့ အကူအညီကို အသိအမှတ်ပြုတဲ့အနေနဲ့ အဲဒီငါးရံ့ကိုယ်လုံးလေးက ကိုယ့်ကို ငါးသလောက်ပြုံးလေး ပြုံးပြတယ်။ အဲဒီအပြုံးလေးကြောင့် အဲဒီတုန်းက ကိုယ်ဟာ ငါးမိနစ်လောက် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ဖူးပါရဲ့။ အဲဒီအပြုံးလေးကို စွဲလန်း သွားလိုက်တာ ကိုယ့်မှာ ငါးရက်နဲ့ ငါးညတိုင် အိပ်လို့မရ ဖြစ်ခဲ့ရလို့ ဒိုင်ယာဇီပင် ငါးလုံးမျိုခဲ့ရသေးတယ်။ ဒီလိုဆိုတော့ ရှိရှိသမျှ အာရုံ ငါးပါးကို စုစည်းပြီး သူ့ကိုပေးဖို့ ရည်းစားစာ တစောင် ရေးတာပေါ့ ။

သို့/ ** *ငါးသလောက်အပြုံးလေး ပြုံးတတ်ပြီး .. . ငါးရံ့ကိုယ်လုံးလေးလိုလှတဲ့ . .. ကိုယ့်ရဲ့ ရွှေငါးမလေးရေ.. .* ကိုယ်ဟာ ဖြူးဖွေးဝင်းမွတ်တဲ့  မင်းရဲ့ ရေဆေးငါး ခန္ဓာကိုယ်ကြီးကို သဘောကျလွန်းလို့ တချိန်လုံး ငါးခူ ပြုံး ပြုံးနေခဲ့ ရသူပါကွယ် . .. ကိုယ်ဟာ ငါးမရလို့ရေချိုးပြန်မယ့်  လူစားမျိုးလည်း လုံးဝမဟုတ်ပါဘူး. .. ငါးစိမ်းမြင်လို့ ငါးကင်ပစ်တတ်သူလည်း လုံးဝမဟုတ်ရပါဘူး. .. ကိုယ့်ရဲ့ဘဝဟာ ငါးပိရည်လို အနံ့ဆိုးချင်ဆိုးမယ်.. . ဒါပေမယ့် ကိုယ်မင်းအပေါ်ထားရှိတဲ့  မေတ္တာတရားကတော့ ငါးသေတ္တာလို ချိုမြိန်ပါတယ်ကွယ်.. . တကယ်လို့ ကိုယ့်ရဲ့ ကဗျာဆန်လှတဲ့  ရေအောက်ကမ္ဘာလေးထဲမှာ ကိုယ်နဲ့အတူတူ ပျော်ရွှင်ချင်တယ် ဆိုရင်တော့  နှစ်ဆယ်ငါးလမ်းထိပ်က မုန့်ဟင်းငါးဆိုင်မှာ ငါးနာရီထိုးရင် အတူဆုံရအောင်နော် . .. မင်းကိုချစ်တဲ့ *ဖားတပိုင်း ငါးတပိုင်း * ရည်းစားစာ ငါးစောင်တိတိ ပြည့်တဲ့ အခါမှာမှ သူက ကိုယ့်ကို အဖြေပြန်ပေးတာပါ။ သူ့ရဲ့ ချစ်အဖြေကို ရတဲ့နေ့က ကိုယ့်မှာ လေပျော်လိုက်ရတာ။ ငါးကြော်ပန်းကန်ရှေ့ ရောက်သွားတဲ့ ကြောင်တကောင်လိုပါပဲ။ တွေ့ကြ၊ ပျော်ကြ၊ ကြည်နူးနေရတုန်း အခိုက်မှာ ကိုယ်က ငါးပါးသီလကိုလည်းမေ့ ၊ အနန္တောအနန္တငါးပါးကိုလည်း မေ့ ၊ ရန်သူမျိုးငါးပါးကိုလည်း မေ့လို့နေခဲ့ မိတယ် ဆိုတာတော့  ဝန်ခံရပါလိမ့်မယ်။ တကယ်တမ်း ကိုယ်ဟာ ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကိုတော့  မကြည့်တတ်ခဲ့သူရယ်ပါ။ သူဟာ ကိုယ့်ကို ထောင်ချောက်ဆင်ဖမ်းပြီး အသွေးရော အသားကိုရော ဝါးမြိုမယ့်  သံပချုပ်လို ငါးမျိုးဆိုတာ တကယ်မသိခဲ့ဘူးလေ။ အဲဒီအချိန်မှာ ငါးမျှားချိတ်ကို မျိုမိတဲ့  ငါးတကောင်လို ရင်ခွင်တခုလုံး လောင်ကျွမ်း. .. ကိုယ့်နှလုံးသားလေးဆိုရင်လည်း မျက်ရည်တွေနဲ့ လွှမ်းလို့ပေါ့ ။ အဲဒီ နတ်ဘီလူးမက ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလို ငါ့ရဲ့သောကတွေနဲ့ ငါ ခန္ဓာကို လောင်ကျွမ်းစေခဲ့တယ်။ ဒီလိုနဲ့ ဒဏ်ရာတွေ အနည်ကျကာစ ငါးလလောက် မရှိတရှိမှာပဲ ကိုယ့်ရဲ့ ငါးရံ့ကိုယ်လုံးလေးကို အမှတ်မထင် ပြန်တွေ့ခွင့်ရလိုက်တယ်။ ကိုယ်က အမှတ်မရှိသူဆိုတော့  မြင်လျှင်မြင်ချင်းပဲ သူ့အနောက်ကနေ ငါးရံ့ပြာလူး ပြေးလိုက်သွားမိတာပါ။ ငါးခူနှုတ်ခမ်းမွှေးနဲ့ ဖြစ်နေတဲ့  ကိုယ့်ကို တချက်ကြောင်ကြည့် နေပြီးနောက်တော့  သူ့ရဲ့မျက်နှာဟာ ငါးပုဏ္ဏားရဲ့ ပါးနှစ်ဘက်လို ရှဲကနဲ ရဲသွားတော့တယ်။ သူ့ဘေးမှာပါလာတဲ့  ငါးဖောင်ရိုးကောင်က ကိုယ့်ကို မြင်တော့  ငါးပိသုတ်ခံရတဲ့မျောက်လိုမျိုး၊ မျက်နှာကြီးကို ရှုံ့မဲ့ လို့။ အဲဒီတော့မှ ကိုယ်သေချာကြည့်လိုက်မိတယ်။ ပြူချင်တိုင်းပြူ ၊ တင်းချင်တိုင်းတင်း၊ ဖောင်းချင်တိုင်းဖောင်း ၊ ကားချင်တိုင်းကားနေတဲ့ ကိုယ့်ချစ်ဦးသူရဲ့ ဗိုက်ကြီးဆိုတာ. .. တကယ့် "ငါးပူတင်း" ကြီးတကောင်ကို တွေ့လိုက်ရသလို………………………….

 Credit to original uploader TL

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...