Different types of boredom

ပျင်းတယ်ဆိုတဲ့
ခံစားချက်ဟာ စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာ ဘယ်သူတွေများ သိကြပါသလဲ။
ပျင်းတယ် ဆိုရုံတင် မဟုတ်ပါဘူး။ ဘယ် ပုံ ဘယ်နည်း ပျင်းတတ် ကြတယ် ဆိုတာက
သုတေသီ တွေကို စိတ်ဝင်စား စေပါတယ်။
Motivation and Emotion ဂျာနယ်မှာ
ဖော်ပြ ပါရှိတဲ့ ဆောင်းပါး တစ်ပုဒ်အရ ပျင်းတယ် ဆိုတဲ့ ခံစားချက် ငါးမျိုး
ရှိပါသတဲ့။ သုတေသီ အဖွဲ့က ဖော်ထုတ် သတ်မှတ်ဖို့ မျှော်မှန်းထား တာထက်
တစ်မျိုး ပိုတယ်လို့ ဆိုပါတယ်။ ပျင်းတယ် ဆိုတဲ့ ခံစားချက်ဟာ တည်ငြိမ်
ကောင်းမွန်တဲ့ အတွေ့အကြုံ ကစလို့ စိတ်ဓာတ် ကျဖို့ကို ကောင်း လောက် တဲ့အထိ
အမျိုးအစားတွေ အများကြီး ရှိတာပါ။
ဂျာမနီ
နိုင်ငံ Konstanz မြို့ University of Konstanz နဲ့ Thurgau University of
Teacher Education တို့မှ Thomas Goetz ဦးဆောင်တဲ့ သုတေသန အဖွဲ့က တက္ကသိုလ်
ကျောင်းသား တွေနဲ့ အထက်တန်း ကျောင်းသား တွေကို တစ်နေ့ ကြိမ်ဖန် များစွာ
အချိန်နဲ့ တပြေးညီ နှစ်ပတ် ကြာအောင် အချက် အလက်တွေ စုဆောင်း ကောက်ယူခဲ့
ကြပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကျောင်းသား တိုင်းက ပျင်းတယ် ဆိုတဲ့ ခံစားမှု
အတိုင်းအတာ တစ်ခု အထိ ရှိတတ် ကြတာမို့ ဒီခံစားမှုဟာ လူတိုင်း ဖြစ်နေတာ
တင်မကဘဲ အခြားသော စိတ်ခံစားမှု တွေထက် ပိုအဖြစ် များ တယ်လို့ တွေ့ရှိခဲ့
ကြပါတယ်။ "ပျင်းတာဟာ ကျောင်းသားတွေ ခံစားရတဲ့ စိတ်ခံစားမှု တွေထဲမှာ အဖြစ်
အများဆုံးနဲ့ အပြင်းထန်ဆုံးပဲ။ စိတ် ပျော်ရွှင်မှု၊ စိုးရိမ် ပူပန်မှု၊
ဒေါသတို့ ထက်တောင် ပိုပြင်းထန် ပါတယ်" လို့ Goetz က email တစ်စောင်မှာ
ရေးသားထား ပါတယ်။

လေ့လာမှုမှာ
ပါဝင်ခဲ့တဲ့ ကျောင်းသား တွေဟာ ပျင်းလာရင် သူတို့ရဲ့ အကောင်းမြင်၊
အဆိုးမြင်တဲ့ စိတ်ခံစား မှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်း တွေကို ဖြေကြရပြီး
သူတို့ ဘယ်လောက် တည်ငြိမ် နေတယ်၊ ဂဏာမငြိမ် ဖြစ်နေတယ် ဆိုတာ တွေကို အဆင့်
သတ်မှတ် ရတာပါ။ ဒါတွေကို စုစည်းပြီး သုတေသီ တွေက ပျင်းတဲ့ ခံစားချက်
ငါးမျိုးကို ဖော်ထုတ် သတ်မှတ် နိုင်ခဲ့ ကြပါတယ်။ ကိစ္စ တစ်ခုကို ထပ်ခါ ထပ်ခါ
လုပ်ရလို့ ပျင်းသွားတာ (tedium) ကတော့ ဖြစ်တတ်တဲ့ သူတွေမှာပဲ ဖြစ်တာပါလို့
တွေ့ရှိခဲ့ ကြပါတယ်။ "လူတွေက ပျင်းတဲ့ ခံစားချက် အမျိုးအစား သတ်သတ်
မှတ်မှတ်ကို ခံစား တွေ့ကြုံကြ ရတာပါ။" လို့ Goetz ကဆိုပါတယ်။ ဒါကြောင့်
ပျင်းတယ် ဆိုတာ စိတ်နေ သဘောထားနဲ့ ဆက်နွယ် နေတယ်လို့ ပြောလို့ ရပါတယ်။
ဘာကိုမှ
ဂရုမစိုက် ချင်တော့တဲ့ ပျင်းခြင်းမျိုး (Indifferent boredom) ကတော့
ကောင်းတဲ့ စိတ်ခံစားမှုကို ပေးတဲ့ ပျင်းတဲ့ ခံစားချက်ပဲ ဖြစ် တယ်လို့ Goetz က
ဆိုပါတယ်။ ဥပမာ ပြောရရင် တစ်နေကုန် တစ်နေခန်း ကျောင်းတက် နေရတဲ့
ကျောင်းသား လိုပါပဲ။ "အတန်း တက် တယ်။ ပင်ပန်းတယ်။ အတန်း ကလည်း ပျင်းဖို့
ကောင်းတယ် ဆိုတာမျိုးပါ။ ဒါပေမယ့် ဒီလို ခံစားချက်မျိုးက စိတ်ပြေ လက်ပျောက်
ဖြစ်စေ ပြီး အကောင်းဘက် မှာတောင် ရှိတယ်လို့ ပြောလို့ ရပါတယ်။ ပျင်းတာတော့
ပျင်းတာပါပဲ။ ဒါပေမယ့် ဒီလို ပျင်းတာမျိုးကို နှစ်သက် ကြပါတယ်။" နောက်ဥပမာ
တစ်ခု ကတော့ အညံ့စား TV channel တစ်ခုမှာ ပြနေတဲ့ မာရသွန် ပြိုင်ပွဲကို
ဆိုဖာရှည် ပေါ်မှာ ကြည့်နေရ သလိုမျိုး ခံစား ချက်ပဲ ဖြစ်ပါတယ်။

တောင်စဉ်
ရေမရ ပျင်းခြင်းမျိုး (Calibrating boredom) ကတော့ စိတ်ကူးတွေကို
ဒီအတိုင်း လွှတ်ပေး ထားလိုက် တာမျိုးနဲ့ တူပါတယ်။ စိတ် ကူး တစ်ခုရ ပေမယ့်
တကယ် ထလုပ်ရ လောက်အောင် စိတ်အားထက်သန်မှု မရှိလောက်အောင် ဖြစ်နေတဲ့
ပျင်းနေတဲ့ ခံစားမှုမျိုးကို ခေါ်တာ ပါ။ "ဒါဟာ စိတ်ကူးယဉ် သလိုပါပဲ။ ဒါပေမယ့်
တစ်ခုခု လုပ်ဖို့ကို စိတ်ကူးယဉ် နေတာ မျိုးတော့ မဟုတ်ပါဘူး။" လို့ Goetz
ကဆိုပါတယ်။
"ဘာကြောင့် လုပ်ရတာလဲ။" ဆိုတဲ့ မေးခွန်းမျိုးကို "ပျင်းလို့" လို့ဖြေခဲ့ ဖူးမယ်ဆိုရင် ဟိုသည် လျှောက်လုပ် တတ်တဲ့ ပျင်းခြင်းမျိုး (Searching boredom) ပါတဲ့။ ဒီလိုလူ တွေဟာ ပိုစိတ်ဝင်စားဖို့ ကောင်းတာ တွေကို လုပ်ဖို့ အားတက်သရော ရှာဖွေ နေတတ် ကြပါတယ်။ ဒီလို ပျင်း ခြင်းမျိုးဟာ သူငယ်ချင်းကို SMS ပို့ခြင်းလို အန္တရာယ် ကင်းတဲ့ အပြုအမူမျိုးကို ပြုမူစေ သလိုပဲ ကြမ်းတမ်းပြီး အန္တရာယ် များတဲ့ အပြုအမူ တွေ ကိုလည်း လုပ်ဖို့ အားပေး တတ်တယ်လို့ Goetz ကရှင်းပြ ပါတယ်။ "ဒါပေမယ့် ဒီလို ပျင်းခြင်း မျိုးကြောင့် တီထွင် ဉာဏ်စွမ်း တွေလည်း ပွင့် လာတတ်ပြီး အကောင်းဘက်လည်း ဖြစ်လာစရာ ရှိပါတယ်။ စိတ်ကူးရိုင်း တွေကို တကယ် ဖြစ်လာစေဖို့ အခွင့်အရေး အများကြီး ရှိပါတယ်" လို့သူက ဆိုပြန်ပါတယ်။

ပျင်းဖို့
ကောင်းတဲ့ စာသင်ခန်းမှာ ဒါမှမဟုတ် မပြီးနိုင် မစီးနိုင် တော့တဲ့ အစည်းအဝေး
ပွဲမှာ ပိတ်မိနေ ပါသလား။ ဒါဆိုရင် ဘာလုပ် ရမှန်း မ သိတဲ့ ပျင်းခြင်းမျိုး
(Reactant boredom) ကိုခံစားနေ ရပါပြီ။ စာသင်ခန်းထဲ၊ အစည်းအဝေး ခန်းထဲက
ထွက်မရ သလို ပျင်းဖို့ ကောင်းတဲ့ အ ခြေအနေ တွေကို ပြောင်းပစ်လို့ မရတဲ့ အခါ
ပျင်းတာ နဲ့အတူ ဂဏာမငြိမ် ဖြစ်လာ တတ်ကာ ဒေါသထွက်ပြီး ရန်လိုလာ တတ်ပါတယ်။
တစ်ခု ခုကို လုပ်ပစ်ချင် စိတ်လည်း ပေါ်လာတတ် ပါတယ်။ "ပျင်းနေပြီး ဒီအခြေအနေ
ကနေလည်း ထွက်မရ ဖြစ်နေရင် ရန်လိုလာ တတ်ပါတယ်။" လို့ Goetz ကဆိုပါတယ်။
စိတ်ပျက် လက်ပျက် ပျင်းခြင်း (Apathetic boredom) ကတော့ သုတေသီ တွေကို အံ့အားသင့် စေခဲ့ပါတယ်။ တခြား အမျိုးအစား တွေကို လည်း Goetz ပါဝင်ခဲ့တဲ့ ၂၀၀၆ ကလေ့လာမှုမှာ ဖော်ထုတ် နိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် တော်တော် စိတ်ပျက်ဖွယ် ကောင်းပြီး ဘာမှကို မလုပ် ချင် လောက်အောင် ဖြစ်တဲ့ ဒီလို ပျင်းခြင်းမျိုး ကတော့ နောက်ဆုံး သုတေသန မှာမှ ထွက်ပေါ် လာတာပါ။ ဒါဟာ စိတ်ဓာတ် ကျတာနဲ့ ခပ်ဆင် ဆင်ပါ။ တခြား အမျိုးအစား တွေနဲ့ ယှဉ်လိုက်ရင် ဆိုးကျိုးတွေ အများကြီး ရှိနေနိုင် ပါတယ်။ "စိတ်ပျက် လက်ပျက် ပျင်းခြင်းဟာ လူတစ်ဦးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက် စေပါတယ်" လို့ Goetz ကပြောပြ ပါတယ်။

တခြား
ဘယ်လိုနည်း နဲ့များ ပျင်းလို့ ရပါသေး သလဲ။ "ပျင်းပုံ ပျင်းနည်းကော တခြား
အမျိုးအစားတွေကော မရှိတော့ ဘူးလို့ ထင်ပါတယ်။ စောင့်ကြည့် ကြသေး တာပေါ့။"
လို့ Goetz ကဆိုပါတယ်။
http://mymclub.net/main/index.php/mymhot/item/different-types-of-boredom မှ .....
http://mymclub.net/main/index.php/mymhot/item/different-types-of-boredom မှ .....
0 comments:
Post a Comment