Tuesday, November 26, 2013

<<<<< ဖိုးဝရုပ်လေး ၀ယ်ခဲ့တယ် >>>>>


ဒီနှစ် တန်ဆောင်တိုင်မှာ ပွဲဈေးတန်းကို လျှောက်လည်ရင်း အရုပ်ဆိုင်လေးတွေကို ရောက်သွားတယ်...
ဖိုးဝရုပ်လေးတွေ.... ပစ်တိုင်းထောင်ရုပ်လေးတွေ.... နောက်ပြီး ပလုပ်တုပ်လေးတွေ... ဇော်ဂျီရုပ်လေးတွေ... ဆင်ရုပ်မြင်းရုပ်လေးတွေ ဇီးကွက်ရုပ်လေးတွေ.... နွားရုပ်လေးတွေ တွေ့ရတယ်...။

အရုပ်ကလေးတွေကို ကြည့်ရင်း ဖေဖေ့ကိုလည်း သတိရမိတယ်...။
ငယ်ငယ်က ဖေဖေနဲ့ အတူတူ ပွဲဈေးတန်းထဲကို လျှောက်လည်တဲ့အခါ စားချင်တာတွေ စားရသလို.. အခုလို အရုပ်တန်းလေးတွေ ရောက်တော့လည်း လိုချင်တဲ့ အရုပ်လေးတွေ ပူဆာ တတ်ခဲ့ပါတယ်...။

အများဆုံးကတော့ စက္ကူနဲ့လုပ်ထားတဲ့ စစ်သူကြီးဦးထုပ်နဲ့ ဓါးလေးတွေပါပဲ...
လိုချင်ရာကို ၀ယ်ပေးပြီးအခါ.... ဖေဖေက ပစ်တိုင်းထောင်နဲ့ ဖိုးဝရုပ်... ဒါမှမဟုတ် ဖိုးဝရုပ်ပစ်တိုင်းထောင်လေးတွေ ၀ယ်ပေးတတ်တယ်...။

ပစ်တိုင်းထောင်လေးတွေက ဘယ်လိုပဲ ပစ်ချချ အမြဲတမ်း ဒီအတိုင်း တည့်တည့်မတ်မတ်ပဲကျတယ်... အရှိန်မကုန်ခင် နည်းနည်း လှုပ်ရမ်းနေတာက လွဲလို့ပေါ့...။

ကလေးသဘာဝ လှုပ်ရမ်းနေရာကနေ ငြိမ်သွားတာကိုလည်း အင်မတန် သဘောကျခဲ့တယ်... ကျန်တဲ့ အနှစ်သာရတွေထက် ဘယ်လိုဖြစ်ဖြစ် ပြန်ပြီး တည့်မတ်နေတာကိုကြည့်ရင်း ကျေနပ်ခဲ့တာပါ.....။

နောက်တစ်ခုက ဖိုးဝရုပ်လေး... ပြုံးနေတဲ့ ဖိုးဝရုပ်လေးမှာ ပါးကွက်လေးလည်း ပါတယ်...။ နှာခေါင်းမှာလည်း ကြာလေးပါတယ်.... နောက်ပြီး နဖူးမှာလည်း ဆံနွယ်လေး တစ်စ နှစ်စနဲ့...။ ပြည့်ပြည့်ဖောင်ဖောင်းပါးဆုံကြီးတွေနဲ့ အပြစ်ကင်းတဲ့ ချစ်စရာ မျက်နှာလေး....။

အဲဒီလို ဖိုးဝရုပ်လေးတွေနဲ့ ပစ်တိုင်းထောင် ရုပ်ကလေးတွေကို ၀ယ်ပေးခဲ့တဲ့ ဖေဖေ့ရဲ့ ဆန္ဒလေးတွေကို ပြန်စဉ်းစားရင်း ကိုယ်တိုင်လည်း ဖအေချစ်တဲ့သား... ဖအေမျှော်လင့်တဲ့သားတစ်ယောက်ဖြစ်ခဲ့သလားလို့ စဉ်းစားဖြစ်ခဲ့ပါတယ်...။

တကယ်တော့ ဒီ ဖိုးဝရုပ်နဲ့ ပစ်တိုင်းထောင် ရုပ်လေးတွေက ပါဝါရိမ်းဂျားတို့... စပိုက်ဒါမန်းတို့ ဘက်ဒ်မန်းတို့လို ကလေးငယ်တွေ စိတ်ဝင်စားစရာ... အားကျစရာမဖြစ်ပေမယ့်... မြန်မာမှုစစ်စစ်... အတွေးအခေါ်ကို လှပစေတဲ့ အရုပ်ကလေးတွေ ဖြစ်နေခဲ့တာကို တော်တော်များ မသိကြတော့ဘူး...။

ဒီနေ့ခေတ်မှာ.... သိပ္ပံဇာတ်ကောင်တွေ... ပါဝါမြင့်ဇာတ်ကောင်တွေက ခေတ်စားလာပြီး ကလေးတွေကို စည်းရုံးသိမ်းသွင်းထားကြတယ်...။

မဟုတ်ပေမယ့်လည်း ယုတ္တိရှိတဲ့ တင်ဆက်မှုတွေက ကလေးငယ်တွေရဲ့ အတွေးအခေါ်တွေ... အားကျစိတ်တွေကို သိမ်းကျုံး ဆုပ်ကိုင်သွားကြတယ်...။

ကျွန်တော်တို့ ငယ်ငယ်ကလည်း ဇာတိသွေး ဇာတိမာန်တွေနဲ့ စက္ကူနဲ့ လုပ်ထားတဲ့ ဘုရားပွဲက စစ်သူကြီးကျိုးင်းကို ဆောင်း...၊ စက္ကူဓါးအိမ်ထဲက ၀ါးဓါးလေးကို ဟန်ပါပါဆွဲထုတ်ခဲ့ကြဘူးပါတယ်....

စိတ်ကူးထဲမှာတော့ နယ်ချဲ့တွေ... လူဆိုးတွေကို ခုတ်ပိုင်းမယ် ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့...။

အခုတော့ မီးရောင်စုံ တဖြတ်ဖြတ် ထွက်နေတဲ့ တရုတ် ဓါတ်ခဲသေနတ်တွေနဲ့ ကလေးတွေ ဆော့ကစားနေကြတယ်...။

မြည်နေတဲ့ အသံစုံနဲ့ အတူ စိတ်ကူးထဲမှာတော့ ကျွန်တော်တို့ ငယ်ငယ်ကလိုပဲ... ရန်သူတွေကို တိုက်ခိုက်နေကြတာပါ...။

ဒါပေမယ့် ခေတ်ပေါ် အရုပ်ကလေးတွေကတော့ ရှေးယခင်မြန်မာမှု အရုပ်ကလေးတွေလို ရသစွမ်းအားနဲ့ လှပတဲ့ စိတ်ထားလေးတွေကို မပေးဆပ်နိုင်ခဲ့ပါဘူး....။

အားကျနိုင်ပေမယ့် ဘက်တွေ့မှာတော့ ပါဝါရိန်းဂျားလို.... စူပါမင်းလို.... စပိုက်ဒါမင်းလို ဖြစ်ဖို့ ကြိုးစားလို့ မရဘူးလေ... သူတို့က တကယ်မှ မရှိတာကိုး။

ဒါပေမယ့် ဖိုးဝရုပ်လေးလို အပြစ်ကင်းပြီး ပြုံးချိုနေတဲ့ မျက်နှာလေးဖြစ်ဖို့.... ကလေးဆန်ဆန် သနပ်ခါးလေး လူးပြီး ချစ်စဖွယ်ပြုံးပြတတ်ဖို့.... နောက်ပြီး ပစ်တိုင်းထောင်လေးလို ဘယ်လို အခြေအနေ အချိန်အခါမှာပဲဖြစ်ဖြစ်... တည့်မတ်စွာ ထောင်နေတတ်ဖို့ကတော့ ကြိုးစားပြုပြင်သွားလို့ရပါတယ်...။

ကျွန်တော် ဖိုးဝရုပ်လေးနဲ့ ပစ်တိုင်းထောင်ရုပ်လေးတွေ ၀ယ်သွားမယ်ဗျာ....။

ကျွန်တော့်သားလေး အတွက်ပါ...။

သားက ဘာကြီးလဲလို့ မေးတဲ့ အခါမှာလည်း ကျွန်တော်နားလည်ထားတဲ့ ဖိုးဝရုပ်နဲ့ ပစ်တိုင်းထောင်လေး အကြောင်းကို ဝေေ၀ဆာဆာ စိတ်ဝင်စားအောင် ပြောပြမယ်...။

ဒီလိုပြောပြဖြစ်တဲ့အခါ သားလေးသဘောကျနေတဲ့ ပါဝါရိန်းဂျားတို့ စပိုက်ဒါမန်းတို့ရဲ့ အပြစ်တွေကို ထည့်ပြောဖို့ လိုရင်လည်း ပြောပြရမှာပေါ့... သူတို့က တကယ် မဟုတ်ဘူး.. ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ... လူသားတွေ အနေနဲ့... ဒီလို တကယ်မလုပ်နိုင်ဘူးလို့လေ...

ဒါပေမယ့် ကျွန်တော်ထင်ပါတယ်... သားလေး အစမှာ သဘောမကျပေမယ့် ကျွန်တော့်စကားနဲ့ အရုပ်လေးတွေကို ကြည့်ပြီး စမ်းသပ်မိတဲ့အခါ.... သူသဘောကျသွားမယ်လိုလေ.....။

တကယ်တော့ ဒီအရုပ်လေးတွေက လက်တွေ့ဘ၀အတွက် ထုဆစ်ထားတဲ့ ကျွန်တော်တို့ဘ၀ထဲက မြန်မာအရုပ်စစ်စစ်လေးတွေပါပဲ......။

(ကွန်ဆူးမား)(၂၇-၁၁-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...