ကျနော်နဲ့ ဂီတသူရဲကောင်းများ (၉)
Min Kyaw Khine September 6, 2013 at 12:29am

အမြဲတမ်း Ray Ban နေကာမျက်မှန်နဲ့၊ သူ့ ဘယ်ဘက်လက်မှာလို့ထင်တယ် လက်သူကြွယ်မှာ အနက်ရောင်စိတ်ပုတီးအသေးစားလေးကို ၄ ပါတ်လောက်ပါတ်ထားတာ၊ သူကျနော့်ပြောပြတာတခုရှိတယ်၊ သူကျောင်းသားဘဝက မိန်းခလေးအဆောင်တွေမှာသီချင်းသွားဆိုရင် အဆိုတော် ညိုညိုရိမ် (အဲဒီတုန်းက ညိုညိုရိမ်က အဆိုတော်မဖြစ်သေးဘူး) တို့ အမြဲတန်း သူ့အခန်းကနေနားထောင်နေကျတဲ့၊ ကိုတိုးက ရူပါလဲရှိတယ်လေ၊ သူ့ပုံစံက ဆရာမင်းသိင်္ခရဲ့ ဇာတ်ကောင် စနေမောင်မောင် စတိုင်မျိုး၊ ဒါကြောင့် ကိုအုန်းမြင့် (ရီဇော်) ကို အိုင်ပီလို့ခေါ်တာလေ၊ ကိုမောင်ကျတော့ သူ့မျက်မှန်ကြီးပင့်ပင့်ပြီး စကားပြောတတ်တယ်၊ အရပ်လဲရှည်တယ် (သူတို့အားလုံးအရပ်ရှည်ကြပါတယ်) အရပ် ၅ ပေ ၈ လောက်ကတော့ ရှိကြတယ်။ ကိုနေဝင်းကျတော့ အမြဲတန်းကျနော့် ကိုကြွားလေ့ရှိတာ သူ့မှာ ပါးမွှာရှိတယ်ဆိုတဲ့အကြောင်း၊ သူများတွေ မေးနှစ်ထပ်ရှိတယ်ပဲကြားဖူးတွေ့ဖူးတယ်၊ သူ့ကျမှ ပါးနှစ်ထပ်ရှိတဲ့အကြောင်း၊ သူတို့ လိစ္ဆဝီ လို့ စဖွဲ့ခဲ့ကြတယ်၊ ကိုတိုးရဲ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီ မှာ၊ နောက်ပိုင်းမှာ (Medium Wave) မဇ္စျိမလှိုင်း လို့နံမည်ပြောင်းလိုက်ကြတယ်၊
လီယိုနတ် မောင်မောင်လွင်၊ သားထွေး၊ ဇော်မျိုးထွဋ်၊ ကိုရဲလွင်၊ ကိုခင်မောင်တိုး၊ ကိုနေဝင်း၊ ကိုတွတ်ကီ (David Tunmyaing)
Photo Credit: Zin Wai Latt
မဇ္စျိမလှိုင်းထူထောင်သူတွေကတော့ ကိုရဲ၊ ကိုတိုး၊ ကိုမောင် နဲ့ ကိုနေဝင်းတို့ပါ၊ တီးဝိုင်းအနေနဲ့ကျမှ Lead Guiter ကိုဇော်ကြီး (ဇော်မျိုးထွဋ်)၊ Key Board မျိုးခင် (ကွယ်လွန်)၊ တခါတလေ လီယိုနတ် မောင်မောင်လွင် က Key Board ဝင်တီးပေးတယ်။၊ Drum က အရင် ကျော်ဆွေဟန် တီးသေးတယ်၊ ခု နောက်ပိုင်းကိုတွတ်ကီ (David Tun Myaing) ပင်တိုင်တီးတယ်။
အဲဒီအချိန်တုန်းက ကိုတိုးတယောက်ပဲ အိမ်ထောင်နဲ့၊ သူ့အမျိုးသမီး မဝေ ဆိုတာနံမည်ပဲကြားဖူးတယ်၊ ကျနော်တခါမှ မဆုံဖူးပါဘူး၊ ကျနော်မန္တလေးလဲ အဲဒီအချိန်အထိ တခါမှမရောက်ဖူးဘူး၊ ကျန်တဲ့ လိစ္ဆဝီများကတော့ လူလွတ်တွေ။
ကိုထီး (စိုင်းထီးဆိုင်) တို့ ရတနာမြိုင် (ခရမ်းပြာ) အဆောင်ကနေ ကမာရွတ် လှည်းတန်းက ဦးထွန်းလင်းခြံလမ်းကိုပြောင်းသွားကြတော့ သူတို့နေခဲ့တဲ့ တိုက်ကြီးအလယ်ထပ်ကို ကိုတိုးတို့ပြောင်းနေကြတယ်၊ ကိုထီးတို့က ကမာရွတ်ကိုပြောင်းသွားပြီးမှ သူတို့နေတဲ့အိမ်နားက ကျောင်းသူတယောက် ညဘက် စာအော်အော်ပြီးကျက်တာကြားကြရင်း ရေဒီယိုကမာရွတ်သီချင်းဖြစ်လာတာလို့သိရတယ်၊ ဒီထက်ပိုသိတဲ့သူတွေရှိရင် ရေးကြစေချင်ပါတယ်၊ သူတို့ The Wild Ones က Drum တီးတဲ့ Jonny Paul နဲ့ Organ တီးတဲ့ Peter Paul တို့ရဲ့ ညီအငယ်ဆုံး က ကျနော်နဲ့ TTC ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းက ငယ်သူငယ်ချင်း အောင်ထွန်းဇံ (Johnny Paul) ပါ၊ သူတို့တွေက စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဆရာဝီလျံပေါ (William Paul)ရဲ့ သားတွေလေ။
ကျနော်တို့ ကိုရဲတို့အုပ်စုက ညဘက် အိပ်ကြတဲ့သူတွေမဟုတ်ဘူး၊ တခါတလေညတွေမှာ ကိုနေဝင်းနဲ့ကျနော် ရတနာမြိုင်အဆောင်အောက်ထပ်က ရခိုင်ကကျောင်းသားကိုထွန်းအောင်ရဲ့ အခန်းထဲ နှစ်ယောက်ထဲ တင်ပလ္လင်ခွေထိုင်ကြပြီး တယောက်နဲ့ တယောက် သမာဓိ စိတ်တည်ငြိမ်မှုရှိမရှိ စမ်းကြတယ်၊ ဘယ်လိုစမ်းကြသလဲဆိုတော့ နှစ်ယောက်သား မျက်နှာချင်းဆိုင် တင်ပလ္လင်ခွေထိုင် မျက်စေ့မှိတ်၊ ခဏကြာရင် ထိုင်နေတဲ့သူရှေ့ လက်ဝါးနဲ့ ထိုင်နေတဲ့ ကုတင်ကြမ်းပြင်ကို ဖျန်း...ကနဲ ရိုက်ချလိုက်တာ၊ သမာဓိရှိတဲ့သူဆိုရင် မျက်စေ့မှိတ်ထိုင်နေတဲ့သူက လုံးဝ မတုံမလှုပ်ရှိနေရမယ်၊ သမာဓိရှိနေတယ်ပေါ့၊ ဖျန်းကနဲရိုက်လိုက်လို့ ခန္ဓာကိုယ်က ဆတ် ကနဲ တွန့်သွားတယ်ဆိုရင် ဒါ သမာဓိမရှိသေးဘူးဆိုတဲ့သဘော တယောက်နဲ့တယောက်စမ်းကြတာလေ....အဲ့လိုတွေ နေခဲ့ကြတာ....
ကိုမောင်၊ ကိုတိုး၊ ကိုရဲနဲ့ ကိုနေဝင်းတို့က စာအရမ်းဖတ်ကြတယ်၊ စာအမျိုးအစားတော်တော်စုံအောင်ဖတ်ကြတယ်၊ ကိုမောင်ဆိုရင် လူထုဘက်တော်သား ဆရာမကြီး လူထုဒေါ်အမာရဲ့ တူအရင်းခေါက်ခေါက်၊ ဘာသာရေးစာအုပ်တွေလဲ အကုန်နှံ့စပ်အောင်ကိုဖတ်တာ၊ ကိုရဲက သူတို့ဆီကစာအုပ်တွေအမြဲယူဖတ်တယ်၊ လက်တွေ့လဲကျင့်တယ်၊ ဒါကြောင့် ကိုရဲက ဗုဒ္ဓဓမ္မအကြောင်းတွေ နားလည်လာတယ်၊ ကိုယ်တိုင်လဲလေ့လာတယ်၊ ကိုရဲရဲ့ မိသားစုအားလုံးက ခရစ်ယန်ဘာသာဝင်တွေဖြစ်ပေမဲ့ သူ ဗုဒ္ဓဘာသာအပေါ်တကယ်သက်ဝင်ယုံကြည်လာပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့တဲ့ မေတ္တာသမားကြီးကိုရဲလွင်ပါ။ ဒါကြောင့်လဲ သူတို့ရေးတဲ့သီချင်းတွေ သံစဉ်တွေမှာ အဓိပ္ပါယ်တွေ၊ ဒသနတွေ၊ အတွေးအခေါ်တွေ ပါနေကြတာပဲ။
ကိုတိုးရဲ့ အစပိုင်းအခွေတွေကို လမ်းမတော်က လှိုင် တေးသံသွင်းကဖြန့်ခဲ့တယ်၊ နောက် သူစပေါက်မဲ့ မဟာဆန်သူအခွေကို ဇင်ယော် တေးသံသွင်းက စ ဖြန်ခဲ့တယ်၊ ဇင်ယော် တေးသံသွင်းဆိုတာက ကိုမောင့်ညီမအရင်း ဂျီဂျီး (ယဉ်ယဉ်ထွေး)နဲ့ သူ့ ခင်ပွန်း ဇော်မြင့် (ရီမြင့် ရုပ်ရှင်ဖြန့်ချိရေး) တို့ရဲ့ တေးသံသွင်းဆိုင်ပါ၊ စင်ယော်လို့ ဖြစ်လာတာက ဇော်မြင့် ရဲ့ ရှေ့ကနံမည် ဇော် နဲ့ ယဉ်ယဉ်ထွေးရဲ့ ရှေ့ကနံမည် ယဉ် ၊ နှစ်လုံးပေါင်းလိုက်တော့ ဇော်ယဉ်၊ အဲဒီမှာတင် ဇင်ယော် ဖြစ်လာတာပါ။ ကိုမောင့်ညီမဆိုတော့ ကိုတိုးအပေါ် စေတနာအပြည့်နဲ့ ဖြန့်ပေးခဲ့တာ ကျနော်သိတယ်၊ ယဉ်ယဉ်ထွေး (ဂျီဂျီး) က ကျနော်နဲ့ သိပ်ခင်တဲ့သူငယ်ချင်းကိုး...သိတာပေါ့၊
ဒါပေမဲ့ ကိုတိုး ဇင်ယော်နဲ့ ဖြန့်ခဲ့တဲ့ အခွေတွေက
၁။ မဟာဆန်သူ
၂။ ကြိုးကြာသံ
၃။ မျက်သွယ်
၎။ ရောင်စဉ်ခုနှစ်သွယ်
၅။ ဝေးခဲ့ပြီပန်းခရမ်းပြာ
၆။ ပန်တော်ဦး
၇။ ရည်ရွယ်သူ အထိပဲ
နောက်ပိုင်းခွေတွေကျ ချိုကြည်သာ တေးသံသွင်းကို ကူးသွားခဲ့တာကြားခဲ့ရတယ်။ ဘာကြောင့် ပြောင်းသွားလဲဆိုတာတော့ ကျနော်လဲ မသိဘူး။

သားထွေး ၊ ကေမြိုး ၊ ကိုချစ်ကို ၊ သားငယ် ၊ နိုင်မင်း
Credit: Zin Wai Latt
ကိုတိုး ကြိုးကြာသံအခွေထွက်တဲ့အချိန် သူ ရန်ကုန် ဘားလမ်းထဲက ဇင်ယော် တေးသံသွင်းကနေ ကျနော့်ကို တွေ့ရအောင်လို့ လှမ်းခေါ်လို့ ဇင်ယော်မျက်စောင်းထိုးက ရှမ်းခေါက်ဆွဲဆိုင်မှာ နှစ်ယောက်ဆုံကြပါသေးတယ်၊ ကျနော့ရှေ့တင်ပဲ ပရိတ်သတ်ရဲ့ အော်တိုလက်မှတ်ထိုးဖို့ တောင်းဆိုကြတာတွေ့တော့ ကျနော်ဝမ်းသာရပါတယ်၊ အဲဒီအချိန်တွေကတော့ သူ အဆောင်ညတွေနဲ့ ဝေးခဲ့ပြီလေ၊ သူ့အတွက် အဆောင်ညတွေကို သတိရရုံပဲရှိရတော့မှာပါ၊
ကိုရဲ အိမ်ထောင်ကျတဲ့အချိန် ကျနော်ရန်ကုန်မှာမရှိဘူး၊ ကျနော် တောင်ကြီးရောက်နေတဲ့အချိန်၊ အမေ့အကို ရှမ်းပြည်နယ်ပညာရေးမှုးတာဝန်ကျတဲ့အိမ် (တောင်ကြီး)မှာ ကျနော်ရောက်နေတုန်း သူအိမ်ထောင်ကျတာ၊ ကျနော်ရန်ကုန်ပြန်ရောက်မှ အဲဒီအကြောင်းတွေသိရတာ၊ သူ အိမ်ထောင်ကျတော့ ရတနာမြိုင် (ခရမ်းပြာ) မှာမနေရတော့ဘူးလေ၊ အိမ်ထောင်ကျပြီကိုး၊ ဘယ်မှာနေလဲ စုံစမ်းလိုက်တော့ အင်းစိန်မှာ၊ သူပြောတဲ့စကားအတိုင်းပြောရရင် သူအိမ်ကဆင်းနေကျ အင်းစိန်၊ သူ့အိမ်လေးဆီသွားတော့ ချစ်စရာအိမ်လေးပါ၊ သွပ်မိုး ဝါးထရံကာနဲ့ အိမ်ထဲမှာလည်းသပ်သပ်ရပ်ရပ်နဲ့ နေချင့်စဖွယ်အိမ်လေး၊ အဲဒီကျမှ သူ့ ဇနီး Tammy (ရွှေဘိုသူ) ကိုတွေ့ဖူးရတာ၊ ကိုရဲ ကမိတ်ဆက်ပေးတော့ ကျနော်နဲ့ ငယ်သူငယ်ချင်းတွေလို ဆက်ဆံပါတယ်၊ နင် ငါ ပေါ့၊ ကျနော်တော့ ကိုရဲအတွက် ဝမ်းသာမိတယ်၊ ကိုရဲတော့ အခြေကျခဲ့ပြီလို့။
ကိုရဲက မိုင်ကျော်ခင်း လ္ဘက်ရည်ဆိုင်သွားရအောင်ကွာ ဆိုတော့ အိုကေ ပေါ့၊ နှစ်ယောက်သား BPI (ဘီပီအိုင်) ဝင်းထဲက နှင်းဆီလ္ဘက်ရည်ဆိုင်ကိုသွားကြတယ်၊ လ္ဘက်ရည်မသောက်ခင် သဇင်နဲ့ သွားတွေ့လိုက်ကြသေးတယ်။ မိုင်ကျော်ခင်းရာ ကိုယ်အေးအေးဆေးဆေး စကားတွေပြောချင်တယ် မိုင်ကျော်ခင်း ဘာတွေလုပ်နေလဲ လို့မေးတော့၊ ကိုရဲရေ ခု ကျနော် ၃၄ လမ်း အလယ်ဘလော့က စိန်ကြယ် စာကူးစက်အခန်းမှာ ဖုန်းတလုံး စားပွဲတလုံးငှားပြီး ပုံနှိပ်စက် လုပ်ငန်း ရုံးခန်းလုပ်ထားတယ်၊ ပုံနှိပ်စက်နံမည်က ဇွန် ပုံနှိပ်တိုက်၊ အချိန်မရွေးလာခဲ့ဗျာ လို့ပြောလိုက်တယ်၊ အဲဒီအချိန်က မြန်မာငွေ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၁၅ ကျပ်တန်တွေ မသိမ်းခင်လေးအချိန်ကာလ...၊
ကိုရဲတခုခုတော့ ကျနော့်ကိုရင်ဖွင့်စရာ တိုင်ပင်စရာ တခုခုတော့ရှိနေပြီဆိုတာ ကျနော်သိတယ်၊
မနက် ၁ဝ နာရီနောက်ပိုင်း လာခဲ့ ကိုရဲရာ..ကျနော်ရှိမယ်လို့ ပြောခဲ့တယ်၊ အိုကေ မိုင်ကျော်ခင်း ကိုယ်နက်ဖြန် နေ့လည်လာခဲ့မယ် အေးဆေးစကားပြောကြမယ်။ မိုင်ကျော်ခင်းကို ပြောပြစရာတွေရှိတယ်ကွာ...တဲ့။
ကျနော် သတိထားမိတာက ကိုရဲမျက်နှာမှာ အရောင်တွေက ခရမ်းပြာအရောင်နုနုတွေပြေးနေတယ်။
(မင်းကျော်ခိုင်)
ဆက်ပါဦးမည်
0 comments:
Post a Comment