ဟောဒီမှာ ။ ပြည်သူ့ချဉ်ဖတ်တွေ ရမယ်
ကလေးနှစ်ယောက် ရလို့ ကျောင်းထားတဲ့ အရွယ်ကို ရောက်ကုန်ကြပြီ။
အိမ်လခတွေက ဈေးတက်၊ ကျောင်းစရိတ်ကထောင်း အလုပ်အကိုင်က အရင်လို မကောင်းတော့ အပို ဝင်ငွေရအောင် ကြံရဖန်ရပြန်သည်။ သူကတော့ ရုံးအလုပ် တစ်ဖက်နဲ့မို့ အခြားအလုပ် လုပ်လို့မရ။
ဇနီးသည် မခင်မြကတော့ ကလေးတွေ ကျောင်းပို့ပြီးလျှင် အိမ်မှာ အချိန်ရသဖြင့် နေ့လည်ပိုင်း ဈေးရောင်းရန် စဉ်းစားသည်။ ဘာရောင်းရင် ကောင်းမလဲ။
စားစရာ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ရောင်းဖို့ စဉ်းစားကြည့်သည်။ ဆိုင်နေရာခ ဟင်းရည်အိုး မုန့်ဗန်း ပန်းကန် ဇွန်း ဝယ်ရမှာ အရင်းအနှီးက မသေးလှ။ ရာသီစာ တစ်ခုခုရောင်းဖို့ စဉ်းစားသည်။ ဒါမျိုးကျတော့ လက်ဦးမှု လိုသည်။ သီရိမင်္ဂလာဈေးကို မနက်၎နာရီလောက် ရောက်အောင် သွားပြီးယူမှ လတ်လတ်ဆတ်ဆတ် ရနိုင်မည်။ ကလေးကျောင်းပို့ရမှာနဲ့ ကိုလှ အလုပ်သွားဖို့ ပြင်ရမှာနဲ့ ဒီအလုပ်လည်း လုပ်လို့ မဖြစ်။ ကိုယ့်မှာ ရှိသည့်ငွေ နဲ့ လက်လှမ်းမီတဲ့ စီးပွားရေး မရှိတော့ပြီလားဟု ငြီးငြူမိသည်။
တစ်နေ့မနက် လင်မယားနှစ်ယောက် ဈေးသွားရင် ဇနီးသည် မခင်မြက ရုတ္တရက် စိတ်ကူးရသည်။ ဈေးထဲမှာ တို့စရာ ငပိရည် ရောင်းတဲ့ အသည် ၃ သည်လောက် တွေ့သည်။ ဝယ်တဲ့သူလည်း အတော်များသည်။ မြန်မာပြည်က မြန်မာတွေပဲ။ နေ့စဉ် ထမင်းနဲ့ စားတဲ့ ဟင်းကသာ ပြောင်းသွားမည်။ ငပိရည် တို့စရာကတော့ ထမင်းဝိုင်းမှာ ပါစမြဲပဲ မဟုတ်လား။ တို့စရာ ရောင်းဖို့ အရင်းအနှီးလောက်တော့ သူတို့ တတ်နိုင်သည်။ ဈေးရောင်းဖို့ နေရာလည်း မလို။ ဗန်းတစ်ချပ်စာတည်းမို့ ဈေးထဲက လွတ်တဲ့ နေရာမှာ ခင်းပြီး ဈေးကောက်ပေး ရောင်းလိုက်ရုံသာရှိသည်။
ဒီလိုနဲ့ တို့စရာ စီမံကိန်းကြီးကို ပူးပေါင်း ရေးဆွဲကြသည်။ မခင်မြက ငယ်ငယ်က ပြည်မှာ သူ့အမေ ချဉ်ဖတ် လုပ်စားတာ ကူနေကျ။ သူ့အမေက မုန်လာချဉ်၊ ကတက်ချဉ်၊ ဟင်ကလာချဉ်၊ တမာချဉ် အစုံလုပ်တတ်သည်။ ပြည်ကို ပြန်ပြီး သူ့အမေကို ချဉ်ဖတ်လုပ်နည်း ဖော်မြူလာတွေကို သေချာအောင် ပြန်မေးရမည်။ ချဉ်ဖတ်ရောင်းတာက အခြား ဟင်းသီးဟင်းရွက် တို့စရာထက် ပိုပြီး တွက်ချေကိုက်သည်။ ရောင်းမကုန်တာ အချဉ်ဆက်ထည့်ပြီး ဆက်ရောင်းလို့ရသေးသည်။ ပုပ်မှာ နွမ်းမှာ မပူရ။
စီမံကိန်းကြီးကို လက်တွေ့အကောင်းအထည် ဖော်ကြပြီ။ မခင်မြက သူ့အမေရဲ့ နည်းအတို်င်း ချဉ်ဖတ်စိမ်လိုက်တာ အကုန်ဖြစ်သည်။ နောက်နေ့ စရောင်းလို့ ရတော့မည်။ အရင်းအနှီးကတော့ ကြီးကြီးမားမားဆိုလို့ ချဉ်ဖတ်စိမ်တဲ့ မြေအိုးလေးငါးလုံးနဲ့ ရောင်းဖို့ ဗန်းတစ်ခုပဲ စိုက်ရသည်။
နောက်တစ်နေ့ မိုးမလင်းခင် မောင်လှက ဈေးကိုသွားကာ ဆိုင်ခင်းသည်။ မခင်မြက ကလေးကျောင်းပို့ပြီးချိန် ဈေးကိုလိုက်လာကာ လူချင်းလဲမည်။ ပြီးတော့ မောင်လှ ရုံးသွားပေါ့။ ဈေးကိုရောက်တော့ တစ်ခါမှ ဈေးမရောင်းဘူးလို့ ရှက်သလို ကြောင်သလို ကြောက်သလို ဖြစ်နေသည်။ သူများတကာ ဈေးသည်တွေကတော့ အပြိုင်အဆိုင် အော်ဟစ်ပြီး ဈေးဝယ် ခေါ်နေကြသည်။ ဝက်ဖြစ်မှတော့ ဟိုဒင်းကြောက်နေလို့ မဖြစ်။ ကိုယ်လည်း ပါးစပ်ပါတာပဲ။ အော်ရောင်းရမည်။
အော်စရာ စကားလုံး ရှာသည်။ ချဉ်ဖတ်စုံ ရမယ် ချဉ်ဖတ်စုံ လို့ အော်ကြည့်သည်။ သူ့အသံကိုလည်း သူမကြိုက်။ စကားလုံးကိုလည်း မကြိုက်။ ချဉ်ဖတ်ချင်း တူရင် သူ့ချဉ်ဖတ်ကိုသာ လူတွေဝယ်ရအောင် မှတ်မိလွယ် စိတ်ဝင်စားဖွယ် စကားလုံးကို ခေါင်းတဗျင်းဗျင်းကုတ်၍ စဉ်းစားလိုက်တာ ဆံပင်တွေတောင် ကျွတ်ပြီး ချဉ်ဖတ်ဗန်းထဲ ကျတဲ့အထိ။ အိုင်ဒီယာ ရအောင် ပါတ်ဝန်းကျင်ကို မျက်စေ့ ကစားကြည့်သည်။ တွေ့ပြီ။ မျက်နှာချင်းဆိုင်က ကုန်စုံဆိုင်မှာ ရောင်းဖို့ တင်ထားတာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်တွေ။ မြို့အမည်ရော ထုတ်လုပ်သူအမည်ရော ပါသဖြင့် မှားစရာ မရှိတော့။ သူ့မိန်းမ မခင်မြက ပြည်မြို့သူ စစ်စစ်။ ချဉ်ဖတ်တွေကလည်း ပြည်မြို့က သူ့အမေရဲ့ နည်းပညာနဲ့ ထုတ်လုပ်ထား တာပဲ။
နောက်ဆုံးတော့ လိုတိုရှင်း မှတ်မိလွယ်သော စကားလုံးကို ရွေးချယ်ပြီး အောင်မြင်ခန့်ငြားသော အသံကြီးဖြင့် အော်ရောင်းလေတော့သည်။
"ဟောဒီမှာ ။ ပြည်သူ့ချဉ်ဖတ်တွေ ရမယ်။ ပြည်သူ့ချဉ်ဖတ်တွေ။ ပြည်သူ့ ချဉ်ဖတ် စစ်စစ်တွေ ရမယ်။"
ခဏနေတော့ ဈေးခေါင်း၏ သတင်းပေးမှုရအရ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က လာရောက်ခေါ်ဆောင်သွားလေတော့သည်။ ။
0 comments:
Post a Comment