Monday, September 30, 2013

ညောင်လေးပင်မြို့နဲ့ ပတ်သက်၍ (၁)

ညောင်လေးပင်မြို့ဟာ ရန်ကုန်မြို့နဲ့ (၉၈) မိုင်ကွာဝေးပြီး ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း) ပေါ်မှာတည်ရှိတဲ့ သာယာလှပတဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံထားပြီး စစ်တောင်းမြစ်၊ ရဲနွယ်တို့က ပတ်ခွေစီးဆင်းနေတာကြောင့် ရေလုပ်ငန်းလဲလုပ်ကိုင်ကြတဲ့အတွက် ရာသီပေါ်သီးနှံနဲ့ သားငါး ပေါများပြီး ဒေသထွက်ကုန်စည်ဖလှယ်ရာ လမ်းဆုံမြို့လေးတစ်မြို့ လည်းဖြစ်ပါတယ်။ စာရေးသူအနေနဲ့ ညောင်လေးပင်မြို့ရဲ့ အထင်ကရနေရာအချို့ကိုရေးသားသွား ဘမှာဖြစ်ပြီး ပထမဦးဆုံးအနေနဲ့ အစည်ကားဆုံးပွဲတော်ကျင်းပရာ လုဒ်မယ်တော်ဘုရားကျောင်း အကြောင်းကို တင်ပြသွားမှ ဖြစ်ပါတယ်။ ညောင်လေးပင်မြို့ကိုရောက်တယ်ဆိုရင် မဖြစ်မနေ သွားလည်ပတ်သင့်တဲ့နေရာကတော့ လုဒ် မယ်တော်ကျောင်းဝင်းပဲဖြစ်ပါတယ်။ 
 
လုဒ်မယ်တော်ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလထဲမှာလိုလိုကျင်းပဖြစ်ပါတယ်။ လုဒ်မယ်တော်
မာရီယာရဲ့ ထူးခြားချက်ကတော့ ညောင်လေးပင်မြို့မှာ မဆောက်လုပ်မီ ကိုးကွယ်သူတွေ ရှိတဲ့ မြို့နယ်တွေ အားလုံးစုပေါင်းပြီး မဲနှိုက်ရွေးချယ်ရာမှာ ညောင်လေးပင်မြို့ ကပဲ ၃ကြိမ်တိုင်တိုင်မဲပေါက်တယ်လို့ စာရေးသူတို့ အဖိုးတွေပြောကြားချက်အရ သိခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေး၊ တို့လို ကိုးကွယ်သူတွေများစွာရှိတဲ့ ချမ်းသာတဲ့ မြို့ ကြီးတွေလက်ခံ တည်ဆောက်လိုကြပေမယ့် မယ်တော်က ညောင်လေးပင်မှာပျော်တယ်လို့ ယူဆပြီး ဆောက်လုပ်ခဲ့ရခြင်းဖြစ်တယ်လို့လဲ သိရပါတယ်။ လုဒ်မယ်တော်မာရီယာ ဘုရားပွဲတော်ကျင်းပချိန်ဆိုရင် မြန်မာတနိုင်ငံလုံးမှ ယုံကြည်သူတွေ လာရောက်ဝတ်ပြု ဆုတောင်းပွဲ လုပ်တာကြောင့် ညောင်လေးပင်မြို့ရဲ့ အစည်ကားဆုံး ပွဲတော် တစ်ခုလဲဖြစ်ပါတယ်။ ဘုရားပွဲတော်ကျင်းပချိန် ၃ ရက် တာမှာ ညောင်လေပင်မြို့သားအချို့နဲ့ အသင်းအဖွဲ့တွေဟာ ဈေးသည်ခဏတာဖြစ်ကြရပါတယ်။ ရပ်နီးရပ်ဝေးကျေးရွာတွေမှလဲ တစ်နှစ်စာလိုအပ်ချက်တွေဖြစ်တဲ့ အလှကုန်နဲ့ အိုးခွက်ပန်းကန်အစရှိသည်တို့ကိုလာရောက်ဝယ်ယူ တာကြောင့် ဘုရားပွဲတော်ကာလအတွင်းမှာ ကျင်းပရာနယ်နိမိတ်ဖြစ်တဲ့ ဆေးရုံဟောင်းလမ်းထိပ်မှ
 ရဲစခန်းရှေ့ထိကို လမ်းလျှောက်စရာ မလိုပဲရောက်သွားတတ်ပါတယ်။ စာရေးသူတို့ ငယ်ငယ်က အပျော်အမြဲတိုးဝှေ့ခဲ့ဖူးပါတယ်။ ဘုရားပွဲတော်မှာ မြန်မာတို့ရဲ့လက်မှုပညာဖြစ်တဲ့ အိုးပုတ် ချိုးရုပ် လေးများရောင်းချတဲ့ဆိုင်ခန်းတွေဟာ ပေါများလှပြီး စာရေးသူတို့ ငယ်ငယ်က တစ်နှစ်မှ တစ်ခါဆော့ကစားခဲ့ရတဲ့ အရုပ်တစ်မျိုးလဲဖြစ်ပါတယ်။ ဘုရားဝင်းအတွင်းမှာဆိုရင် ခေါင်းလောင်းစင်နဲ့ ဘုရားဝတ်ပြုရာနေရာ ဘုရားရှစ်ခိုးဆောင်တို့ဟာ ခမ်းနားထည်ဝါလှပါတယ်။
 
လွန်ခဲ့သော ၄ နှစ်လောက်ကပေါ်ထွက်လာတဲ့ စမ်းရေဟာ တစ်စိမ့်စိမ့်ထွက်နေသလို ယုံကြည်သူ ဘာသာဝင်တွေကလဲ မယ်တော်မေတ္တာရေအဖြစ် ကျန်းမာရေး အတွက်ဘူးလေးများနဲ့ သယ်ယူသွား တတ်ကြပါတယ်။ နောက်တစ်ခုထူးခြားတာကတော့ ယခင်ကမယ်တော်ကျောင်းဝင်းထဲမှာ ယခုအစိုးရပိုင် မူလတန်းကျောင်းဆောက်လုပ်ထားတဲ့ဝင်းထဲမှ ရှေးဟောင်းအဆောက်အအုံတစ်ခုပဲဖြစ်ပါတယ်။ ပြုပြင် သူမဲ့နေလို့ ပျက်စီးယိုယွင်းနေတဲ့ အဆောက်အဦးကြီးဟာ လူကြီးသူမတွေပြောကြားချက် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် လက်ထက်ကတည်းကလို့ သိရပါတယ်။ စာရေးသူတို့ ငယ်ငယ်က သရဲအလွန်ခြောက်ပြီး ညညဆို ဂျပန်စစ်ဖိနပ်သံ ခေါင်းပြတ် စသည်ဖြင့်ခြောက်တယ်လို့ နာမည်ကြီးခဲ့ပေမယ့် စာရေးသူ အဲဒီအဆောင်ထဲမှာ ၃ တန်းထိတက်ခဲ့တဲ့ကာလတစ်လျှောက် တစ်ကြိမ်တစ်ခါမှ အခြောက်မခံခဲ့ရဖူးပါ။ စာရေးသူတို့ငယ်ငယ်ထဲက ငလျှင်လှုပ်တိုင်း ပက်ကြောင်းအက်အက်လာတတ်ပေမယ့် ခုချိန်ထိ မပြိုသေးပဲ ထိန်းသိမ်းထားသင့်တဲ့ ရှေးဟောင်းလက်ရာတစ်ခုဖြစ်ပါတယ်။ ဒီစာသင်ကျောင်းဝန်းအတွင်းမှာ ပန်းစိုက်ဖို့ မြေကြီးတူးဆွရင် ကျည်ဆံ လက်ပစ်ဗုံးတို့ တွေ့ရတတ်ပါတယ်။ တွေ့ရတိုင်းလည်း ကျောင်းအုပ် ဆရာကြီး ဦးလှံကြိုင်း နဲ့ ကျောင်းစာရေး ဆရာလေးဦးနီတာ (နှင်းဆီယပ်တောင်၊ ညောင်လေးပင်) နဲ့ လေးတန်းကကျောင်းသားတွေက ဆေးရုံရှေ့က ခ.မ.ရ (၂၂) ကို သွားအပ်ကြပါတယ်။ နောင်မှာ စစ်တပ်ကပဲ စာရင်းမမှတ်ချင်တော့တာကြောင့်လားမသိ အလုပ်ရှုပ်တယ်ပြောခံရလို့ မအပ်ဖြစ်ကြတော့ပဲ လွှတ်ပစ်တတ်ကြပါတော့တယ်။ 
 
မည်သို့ ဖြစ်စေ လမိုက်ည လသာညတွေမှာ မြင်ရတဲ့ ခြောက်ခြား စရာ ကောင်းတဲ့ အဆောက်အအုံကြီး နဲ့အတူ မယ်တော် မာရီယာကျောင်းတော် ကတော့ ညောင်လေးပင်မြို့ရဲ့ အထင်ကရတစ်နေရာ အဖြစ် နောင်နှစ်ပေါင်းများစွာဆက်လက် တည်ရှိနေမှာ မလွဲတာမို့ ညောင်လေးပင်မြို့ကိုရောက်ခဲ့ရင် လာဝင်လည်လှည့်ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ......
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...