ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ
Author: lubo601 |
8:10 AM |
No မှတ်ချက် |
Hein Zaw's photo.

၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရ ဖွဲ့ခွင့်ရော၊ လွှတ်တော်ကိုယ်စားလှယ် နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာ မကောင်းတဲ့အကြောင်း
ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို
အနိုင်မရစေလိုတဲ့ စေတနာရော အနိုင်ရစေလိုတဲ့ စေတနာပါ လုံးဝမပါဝင်ဘဲ ပကတိ
အရှိတရားကို ယင်းပါတီနှင့်အတူ Stakeholder အားလုံးက ဒီမိုကရေစီရေးအတွက်
နိုင်ငံနဲ့ လူထုအကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ
ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုရင်းသာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို
အောက်ပါ အချက်အလက် များက အထင်အရှား အထောက်အပံ့ပြုပါတယ်။၁။
လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာ နာလန်မထူနိုင်ခြင်းအထူးသဖြင့်
ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ နိုင်ငံများ အတွက် စီးပွားရေး
အခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုး ရိုက်ခတ်လေ့
ရှိပါတယ်။
အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံ လူတန်းစားက အစိုးရအပေါ် အပြည့်အဝ လေးစားယုံကြည်မှု၊ အားကိုးမှု ရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှခံစားခွင့် မည်မည်ရရ မရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထုလိုအပ်ချက် ဖြစ်တဲ့ စားဝတ်နေမှု ချောင်လည်ရေး (အစိုးရလုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး) ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေး ပါဘူး။ အစိုးရရဲ့ ရည်မှန်းချက် အတိုင်းလည်း ကျန်ရှိနေသေးတဲ့ သက်တမ်း ၂ နှစ်ခွဲ ကာလမှာ ပြည့်မီဖို့ တော်တော်ကြီး ခဲယဉ်းပါတယ်။အခြေခံအဆောက်အဦ များကို လက်ရှိအစိုးရ လက်ထက်မှာ ပြီးစီးအောင် တည်ဆောက်လို့ မရဘူး ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊
သိသာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့ဟာ ၂ နှစ်ခွဲ ကာလအတွင်းမှာ
ဘယ်လိုမှဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုတာ
လက်ရှိလာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေအပြင် နည်းပညာနဲ့
အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းကောင်း ရရှိနိုင်မယ့်
လုပ်ငန်းကြီးကြီးမားမား တွေကို ဆိုလိုရင်းဖြစ်ပါတယ်။တကယ်တော့ ဒါဟာ
အစိုးရရဲ့ အပြစ်မဟုတ်ပါဘူး။ စီးပွားအကြီး အကျယ်ပျက်ထားတဲ့ တိုင်းပြည်ကို
အစိုးရသက်တမ်းတစ်ခု အတွင်းမှာ ပြန်ထူထောင်လို့ ဘယ်လိုမှမရနိုင်ပါဘူး။
ဒါပေမဲ့ လူထုကလည်း ဒီလောက် စိတ်မရှည်နိုင်ကြပါဘူး။ ဆင်းရဲတွင်းနက်တဲ့ ကာလက
ကြာရှည်ခဲ့ လေတော့ ဖြစ်နိုင်ရင် ချက်ချင်း လွတ်မြောက်ချင်ကြပါတယ်။
နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ လူ့ဘောင်အဖွဲ့အစည်း ထဲမှာရှိတဲ့
ရုန်းထွက်ချင်တဲ့၊ တိုးတက်ချင်တဲ့၊ လူစဉ်မီချင်တဲ့ လူထုအပြစ်လည်း
မဟုတ်ပြန်ပါဘူး။ ဒီတော့ ဆင်းရဲတွင်း နက်စေခဲ့တဲ့ အစိုးရများရဲ့
ကောင်းမွေဆိုးမွေခံ ပြည်ခိုင်ဖြိုးပါတီ အပေါ် တာဝန်တွေက အလိုလို သက်ရောက်မှု
ရှိလာတော့တာ ဖြစ်ပါတယ်။လွှတ်တော်ကလည်း အခု တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့
ပြဿနာတွေကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့ ခပ်ပြင်းပြင်းလေး
တိုက်တွန်းလာတာ တွေ့ရပါတယ်။ ဒီလိုတိုက်တွန်းတာဟာ သီအိုရီအရ မှန်ပေမယ့်
ဒီမိုကရေစီ ထူထောင်ခါစ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းနဲ့ ပြဿနာတွေ
အားလုံးကို ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ
မှာလည်း အဓိကတာဝန် ရှိတယ်ဆိုတာ ပါတီအနေနဲ့ မေ့လျော့နေပါတယ်။
စစ်အစိုးရဆီကနေ အမွေခံခဲ့တဲ့ ပါတီကနေ အစိုးရအဖွဲ့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး
အရင် အာဏာရှင်ခေတ်က ချွတ်ခြုံကျခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့
အတွက် အစိုးရကိုပဲ တာဝန်ရှိတယ်လို့ သဘောထားရင် လက်တွေ့အနေ အထားအရ
လွဲချော်မှု ရှိနေပါတယ်။စီးပွားရေးနဲ့ နိုင်ငံရေးခိုင်မာတဲ့ တစ်နေ့မှာ
အရာခပ်သိမ်း အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ပါတီအနေနဲ့
အစိုးရရဲ့အခက်အခဲများကို တတ်စွမ်းသမျှ ဝိုင်းဝန်းဖြေရှင်းပေးဖို့
အစွမ်းကုန် အားထုတ်သင့်ပါတယ်။ အစိုးရက မလုပ်နိုင် မကိုင်နိုင်လို့ ဘာမှ
တိုးတက်မှုမရှိရင် လူထုက ပါတီကိုပါ အပြစ်တင်ကြမယ် ဆိုတာ သတိပြုပါ။ လူထုက
ပါတီအပေါ် အမြင်ကြည်လင်မှု မရှိသေးပါဘူး။ ပြောင်းလဲလာတဲ့ အခြေအနေလေးကို
မျှော်လင့်ချက်နဲ့ သည်းခံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။နောက်အရေးကြီးတဲ့
အချက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲဟာ မဝေးတော့တာကြောင့် လည်း လူထုဟာ လက်ရှိကာလ
အခြေအနေများ မတိုးတက်နိုင်သေး တဲ့အပေါ် စိတ်ရှည်နိုင်ကြခြင်း ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုး ပါတီဝင် လူကြီးတော်တော်များများက တပ်ကလာတဲ့ လူတွေ
ဖြစ်လေတော့ အရင်အစိုးရ လက်ထက်က ငါတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေပဲဆိုတဲ့
အယူအဆ ကလည်း လူထု မသိစိတ်ထဲမှာ ငုပ်လျှိုးနေတာဖြစ်ပြီး အခု
အဲဒီပုဂ္ဂိုလ်တွေထဲက (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကဲ့သို့သော) ပုဂ္ဂိုလ်တချို့က
နိုင်ငံအကျိုးကို လိုလိုလားလား လုပ်လာကြလို့သာ လက်သင့်ခံပြီး စောင့်ကြည့်
နေကြတာပါ။ ကျန်တဲ့ ၂ နှစ်ခွဲ ကာလမှာ ဘာမှ ထူးထူးခြားခြား လုပ်မပေးနိုင်ဘူး
ဆိုရင် ဆန္ဒမဲပြားဆိုတဲ့ လက်နက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖြုတ်ချဖို့
စောင့်နေကြတာဖြစ်ပါတယ်။ မြန်မာလူထုရဲ့ ဒီမိုကရေစီ အသိတရားဟာ
နိုင်ငံတကာအဆင့် မမီနိုင်သေးဆိုပေမယ့် ဆန္ဒမဲပေးတဲ့ ကိစ္စမှာတော့
ခြွင်းချက်ရှိပါတယ်။ မြန်မာလူထုဟာ မကျေနပ်မှုများအတွက် သူတို့အခွင့်အရေး
ဖြစ်တဲ့ မဲပြားနဲ့ ပြင်းပြင်းထန်ထန် ဆန္ဒပြလေ့ရှိတာကို ထည့်စဉ်းစားဖို့
လိုပါတယ်။ ဒါဟာ အစိုးရကို လူထုက လုံးဝလက်မခံဘူး ဆိုတဲ့ အဓိပ္ပာယ်တော့
မဟုတ်ပါဘူး။ လက်ရှိသမ္မတရဲ့ စေတနာနဲ့ အားထုတ်မှုကို အသိအမှတ် ပြုကြပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ (ဒါမှမဟုတ် ပါတီအပေါ် သြဇာ ညောင်းလှသူ များဟာ)
ဦးသိန်းစိန်ကို သမ္မတရာထူး နေရာအတွက် ရွေးချယ်ခဲ့ခြင်းဆိုတဲ့
ဆုံးဖြတ်ချက်တစ်ခုက သူတို့ ဆုံးဖြတ်သမျှထဲမှာ အမှန်ကန်ဆုံးဖြစ်ပါတယ်။
သမ္မတကြောင့် လူထုဟာ ဒုက္ခသုက္ခတွေကို မသိကျိုးကျွန်ပြုပြီး စိတ်ရှည်လက်ရှည်
စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အရင်အစိုးရ အဆက်ဆက်က ပြဿနာတွေကို
သင်ပုန်းချေနိုင်ကြတာ ဖြစ်ပါတယ်။လူထုဟာ အာဏာရှင်စနစ်ကို ရွံ့မုန်းတယ် ဆိုတာ
အထူးပြောစရာ မလိုပါဘူး။အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီစနစ်
တဖြည်းဖြည်း ပီပြင်လာဖို့ အတွက် စိတ်အားထက်သန် နေကြပါတယ်။အစိုးရအနေနဲ့
အဓိကရည်မှန်းထားတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခု အထိ
လုပ်နိုင်ခဲ့ရင် ၂၀၁၅ မှာ ရလဒ်ကောင်း တချို့ကို မျှော်လင့်လို့ရပါတယ်။
လူထုမှာ အခြေခံအားဖြင့် လိုအပ်ချက်တွေ များလှပေမယ့် အဓိက လိုချင်တောင့်တတာက
အလုပ်အကိုင် အခွင့်အလမ်း များနဲ့ အိမ်ရာပိုင်ဆိုင်ခွင့် တို့ဖြစ်ပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းဆိုတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့
တိုက်ရိုက်ဆက်နွှယ် နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက အခြေခံ
အဆောက်အဦများနဲ့ တိုက်ရိုက် ဆက်နွှယ်နေလေတော့ အခြေခံအဆောက်အဦ များကို
ပီပြင်အောင် မတည်ဆောက်နိုင် သရွေ့ အလုပ်အကိုင် အခွင့်အလမ်းများ
ကောင်းမွန်လာဖို့လည်း မဖြစ်နိုင်သေးပါဘူး။လက်ရှိမြန်မာနိုင်ငံမှာ
အိမ်ရာစီမံကိန်း များကို အမှန်တကယ် ထိထိ ရောက်ရောက် အကောင်အထည်
ဖော်နိုင်တဲ့အစိုးရမျိုးဟာ လူထုထောက်ခံမှု ကောင်းကောင်း ရနိုင်ပါတယ်။
ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက် လျှော့ချချင်ရင် အိမ်ရာစီမံကိန်းများကို
ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက် လုံလုံလောက်လောက် လုပ်ပေးနိုင်ဖို့
လိုပါတယ်။ လူတွေ နေစရာရှိတာနဲ့ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းကြ ပါလိမ့်မယ်။
ရာဇဝတ်မှုတွေ ကျဆင်းပါလိမ့်မယ်။ ပညာရေးကို အာရုံပို စိုက်လာကြပါလိမ့်မယ်။
လူ့ဘောင် အဖွဲ့အစည်းအတွက် တတ်စွမ်းသလောက် လုပ်လာကိုင်လာကြ ပါလိမ့်မယ်။
နေစရာအိမ် မရှိတဲ့အတွက် အိမ်လခအတွက် ကိုပဲ မနည်းရုန်းကန် ရှာဖွေနေကြရပြီး
ဆင်းရဲတွင်းက မလွတ်နိုင် ဖြစ်နေကြရပါတယ်။ ကျန်တာတွေဘာမှ
ခေါင်းထဲမထည့်နိုင်ကြ တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားတန်ဖိုးထားမှု
လျော့ကျ လာကြပါတယ်။ ကိုယ်ကျင့်တရားတွေ ပျက်ပြား လာကြပါတယ်။ လက်ရှိအိမ်ရာ
စီမံကိန်းတွေ အကောင်အထည် ဖော်နေတာက ဆင့်ပါးစပ် နှမ်းပက် ဖြစ်နေပါတယ်။
(နိုင်ငံတကာ အကူအညီကို အပြင်းအထန် ရှာဖွေရယူပြီး ၂ နှစ်ခွဲကာလ အတွင်းမှာ
တန်ဖိုး အမှန်တကယ် နည်းတဲ့ အိမ်ရာစီမံကိန်းများကို လိုအပ်ချက်ရဲ့ ၅၀
ရာခိုင်နှုန်းလောက် အကောင်အထည် ဖော်ပေးနိုင်ရင်တောင် ပြည်ခိုင်ဖြိုး
ရွေးကောက်ပွဲမှာ အခြေအနေ နည်းနည်းကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ
အကောင်အထည်ဖော်ဖို့ ဆိုတာက အစိုးရအတွက် ဘယ်လိုမှ လွယ်လွယ်ကူကူ
မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ လက်ရှိတန်ဖိုးနည်း
အိမ်ရာဈေးနှုန်းကလည်း ဆင်းရဲသား ဘယ်လိုမှ လက်လှမ်းမမီနိုင်ပါဘူး။အိမ်ရာဘဏ်တွေ
လုပ်မယ် ဆိုတာကလည်း ၂၀၁၅ ရွေးကောက်ပွဲအမီ ဘာမှ ထိထိရောက်ရောက် ရှိမှာ
မဟုတ်တာ သေချာပါတယ်။ တန်ဖိုးနည်းအိမ်ရာ ဆောက်ကြမယ့် ကုမ္ပဏီများ ကလည်း
အမျိုးသား အကျိုးစီးပွားကို ထည့်စဉ်းစားကြမှသာ ဆင်းရဲသားတွေ အတွက်
အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။လက်ရှိအချိန်အထိ အိမ်ရာစီမံကိန်းများကို
လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာ မရှိသေးခြင်းကလည်း
ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂၀၁၅ မှာ အရှုံးနဲ့ ရင်ဆိုင်ရဖို့
အဓိကအကြောင်းရင်းကြီး ဖြစ်နေပါတော့တယ်။ အစိုးရကိုပဲ ဝန်ပိအောင်
လုပ်မထားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ကျန်တဲ့ ၂ နှစ်ခွဲကာလမှာ
စီးပွားရေး အခြေခံကောင်းတချို့ တိုးတက် ဖြစ်ပေါ်ဖို့ တစ်ဖက်တစ်လမ်းက
ဝိုင်းဝန်းကြိုးပမ်းနိုင်ခြင်း မရှိဘူးဆိုရင် ၂၀၁၅ မှာ အခက်အခဲကို
အဆိုးရွားဆုံး ရင်ဆိုင်ရပါလိမ့်မယ်။၂။ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ
အကျိုးစီးပွားနှင့် ရည်မှန်းချက် မတူညီမှုပါတီများရဲ့ရည်မှန်းချက် ဟာ
ရွေးကောက်ပွဲ အနိုင်ရရှိရေးနဲ့ အစိုးရဖွဲ့နိုင်ရေး ဖြစ်ပေမယ့်
တပ်ရဲ့ရည်မှန်းချက်က နိုင်ငံတော်တည်ငြိမ်ရေး ဖြစ်ပါတယ်။
ရွေးကောက်ပွဲနိုင်ခြင်း မနိုင်ခြင်းနဲ့ အစိုးရဖွဲ့နိုင်ခြင်း
မဖွဲ့နိုင်ခြင်းက တပ်ရဲ့ အကျိုးစီးပွား မဟုတ်ပါဘူး။ တပ်မတော်က
အခြေခံဥပဒေကို မထိပါးသရွေ့၊ နိုင်ငံတော်တည်ငြိမ်ရေးကို မထိပါးသရွေ့
ဘယ်ပါတီကပဲနိုင်နိုင် အစိုးရဖွဲ့ဖွဲ့ သူ့တာဝန်ကို သူလုပ်မှာဖြစ်ပါတယ်။ ဒါဟာ
နိုင်ငံရေးသမား တော်တော်များများ မျက်စိလည်နေတဲ့ ကိစ္စဖြစ်ပြီးတော့
မိမိတို့သန်ရာ စဉ်းစားတွေးခေါ်ရင်း ဒီအချက်ကို မေ့လျော့နေလေ့ ရှိပါတယ်။
တချို့ကတော့ ဒီအမှန်တရားကို လက်ခံယုံကြည်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။
အဆိုးမြင်တဲ့စိတ်နဲ့ တပ်ကိုမယုံတဲ့ သဘောကြောင့်လည်း ပြည်ခိုင်ဖြိုးနဲ့
တပ်ကို ခွဲမမြင်နိုင်ကြတာလည်း ရှိပါတယ်။ အလုပ်ဖြစ်အောင် လုပ်ချင်ရင်တော့
ပကတိ အရှိတရားများ (ပေးထားချက်များ) ကို အရှိအတိုင်းလက်ခံ ထည့်သွင်း
စဉ်းစားကြဖို့ လိုပါတယ်။ပြည်ခိုင်ဖြိုးဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ၂၅
ရာခိုင်နှုန်းခန့် အနိုင်ရပြီး တပ်မတော်ရဲ့ ထောက်ခံမှုကိုလည်း ရရှိမှသာ
ပြည်ခိုင်ဖြိုးအစိုးရ ဆိုတာ ပေါ်ပေါက်နိုင်ပါလိမ့်မယ်။(တပ်မေ တ်ာက သမ္မတလောင်းတစ်ယောက် တင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကလည်း အရေးပါကြောင်း သတိပြုသင့်ပါတယ်။)ပြည်ခိုင်ဖြိုးက
သမ္မတလောင်းတင်ဖို့ လုံလောက်တဲ့ ကိုယ်စားလှယ် အရေအတွက်မရခဲ့ရင် တပ်မတော်က
တင်မယ့် သမ္မတလောင်းရဲ့ အနေအထားက အရေးပါလာ ပါလိမ့်မယ်။ (ဒီနေရာမှာ
ဖြတ်ပြောချင်တာက သမ္မတရာထူး ရည်မှန်းထားသူ သူရဦးရွှေမန်း ကိစ္စပါ။ သူ့ကို
ပြည်ခိုင်ဖြိုးရဲ့ သမ္မတလောင်းအဖြစ် လျာထား ထားပုံရပြီး ဒီလိုသာအမှန်ဖြစ်ရင်
ဦးရွှေမန်းအတွက် အလားအလာ မကောင်းလှပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်
ရှုံးနိမ့်တဲ့အခါ တပ်က ဦးရွှေမန်းကို သမ္မတလောင်း တင်ခဲ့ရင်တော့ အလားအလာ
ရှိနိုင်ပါတယ်။)တပ်မတော်အနေနဲ့ ကတော့ သူ့ရဲ့အကျိုးစီးပွားဖြစ်တဲ့
နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို
ပြည်ခိုင်ဖြိုးပါတီ အာဏာရရှိရေးထက် ပိုဦးစားပေးမယ် ဆိုတာ သံသယရှိ
စရာမလိုပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အခြေမလှခဲ့ရင်
တပ်က ပြည်ခိုင်ဖြိုးရဲ့ နိုင်ငံရေးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့
အကြောင်း မရှိလှပါဘူး။ အခြေခံဥပဒေမှာ နိုင်ငံရေးအရ အရေးပါတဲ့
ဆုံးဖြတ်ခွင့်ကို ပြည်ခိုင်ဖြိုးကို ပေးထားခြင်း မရှိကြောင်းနဲ့
အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်များ နဲ့ ပတ်သက်ရင် တပ်မတော်က
ပိုမိုအရေးပါကြောင်း သတိပြုဖို့ လိုပါတယ်။ဘယ်နိုင်ငံရေးသမား မဆို
ပြည်ခိုင်ဖြိုးနဲ့ တပ် ဘာကွာလို့လဲ ဆိုတဲ့ အရပ် ပြောမျိုးနဲ့ ဆိုရင်တော့
နိုင်ငံရေးဆက်လုပ်လို့ အောင်မြင်နိုင်မယ် မဟုတ်ပါဘူး။ အရှိတရားများကို
အမှန်အတိုင်းသိအောင်ကြိုးစားပြီး
အဲဒီအမှန်တရား များကို လက်သင့်ခံပြီး အလုပ်လုပ်ကြမှ ဘာလုပ်လုပ်
အောင်မြင်နိုင်ကြမယ် ဖြစ်ပါတယ်။တပ်ရဲ့လွှတ်တော်တွင်း ပါဝါ
(လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့်)
ကို ပြည်ခိုင်ဖြိုးက ရယူသုံးစွဲနိုင်ဖို့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့
လိုပါတယ်။ လက်ရှိ အလားအလာများအရ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခဲ့တဲ့ အနေအထားမျိုး
ပြည်ခိုင်ဖြိုး အနေနဲ့ မျှော်လင့်လို့ လုံးဝမရနိုင်ကြောင်း လက်ရှိမှာ
အထင်အရှား မြင်တွေ့နေရပြီ ဖြစ်ပါတယ်။၃။ NLD ၏
ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်၂၀၁ ၅
အတွက် အရေးအပါဆုံးအချက် ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မျက်နှာနဲ့ပဲ NLD ဟာ လွှတ်တော်
ကိုယ်စားလှယ်နေရာ အများစုကို အသာလေး အနိုင်ရဦးမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။
ဒေါ်စု သမ္မတရာထူး ယှဉ်ပြိုင်ခွင့် ဆိုတာက သတ်သတ်စဉ်းစားရမယ့်
အချက်ပါ။ဒေါ်စုသမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် NLD အမတ်အများစု လွှတ်တော်ထဲ
ရောက်လာပါလိမ့်မယ်။ ၁၉၉၀ တုန်းက ဒေါ်စုကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်
ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့အခြေအနေမှာ အပြတ်အသတ် အနိုင်ရခဲ့သလိုပါပဲ။ ၂၀၁၅
မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေ ပေမယ့်
ဒေါ်စုက ကိုယ်တိုင်ကိုယ်ကျ အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်လေတော့
လူထုရဲ့နိုးကြားမှုဟာ ပြန်လည် မြင့်တက်လာမှာဖြစ်ပြီး ပါတီဟာလည်း
လွှတ်တော်များမှာ အများစုအနိုင်ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသား
ပါတီမဟုတ်တဲ့ တခြားသော နိုင်ငံရေးပါတီများ အနေနဲ့ ၂၀၁၅ မှာ ဘယ်လိုမှ
အခြေအနေ မကောင်းနိုင်ပါဘူး။ အခုမှ အသစ်ဖွဲ့မယ့် ပါတီများအတွက်ဆို
ပိုဆိုးပါတယ်။ပါတီများအနေနဲ့ ရေရှည် ရပ်တည်နိုင်အောင် ပြင်ဆင်ထားပြီး
အစွမ်းကုန် ကြိုးစားကြမှသာ တန်ရုံကျမယ်ဖြစ်ပါတယ်။
လက်ရှိစွမ်းဆောင်ရည်ရှိတဲ့ အလုပ်ကြိုးစားတဲ့ အမတ်တချို့ (ဥပမာ-ဦးသိန်းညွန့်
ကဲ့သို့ ပုဂ္ဂိုလ်မျိုး) သာ အနိုင်ရဖို့မျှော်လင့်လို့
ရနိုင်မယ်ဖြစ်ပါတယ်။၂၀၁၅ အလွန်မှာ တပ်နဲ့ NLD ဟာ လွှတ်တော်များမှာ အလုပ်ကို
တော်တော်များများ တွဲလုပ်ရမှာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ အသိမ်မွေ့ဆုံး
အခြေအနေ ဖြစ်လာပါလိမ့်မယ်။ တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံတဲ့ အခြေအနေ
ဖြစ်လာပါလိမ့်မယ်။ လမ်းဆုံလမ်းခွ တစ်ခုကို ရောက်ရှိသွား ပါလိမ့်မယ်။ ဒါဟာ
Very Important Untested Factor လည်းဖြစ်ပါတယ်။ နှစ်ဖက်စိတ်ရှည်သည်းခံမှု၊
အပြန်အလှန် နားလည်မှု၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ခိုင်မာမှု
တို့နဲ့သာ ခရီးဆက်နိုင်ရင် လူထုနဲ့နိုင်ငံတော် မြန်မြန်
ပန်းတိုင်ရောက်မယ့်ကိစ္စ ဖြစ်ပြီး စိတ်မရှည်ကြရင်လည်း ဒီမိုကရေစီနဲ့
လွဲချော်သွားနိုင်ပါတယ်။ လမ်းကြောင်း ပြောင်းသွားနိုင်ပါတယ်။ NLD
အများစုနိုင်ပြီး ပြည်ခိုင်ဖြိုးက ၁၀ရာခိုင်နှုန်းအောက် လောက်သာ အမတ်နေရာ
ရခဲ့ရင် ဒါ့အပြင် ဒေါ်စုသမ္မတ ရွေးချယ်ခွင့်အတွက် အခြေခံဥပဒေကို
အချိန်မီပြင်ဆင်ဖို့ မဖြစ်နိုင်ခဲ့ရင် တပ်က အမည်စာရင်း တင်သွင်းမယ့် သမ္မတ
လောင်းဟာ NLD ကတင်မယ့် သမ္မတလောင်းထက် အလားအလာ ပိုကောင်း ပါလိမ့်မယ်။
တပ်ကလည်း ၂၀၁၀အတွေ့အကြုံ ရှိထားပြီး ဖြစ်တာကြောင့် တစ်နည်းအားဖြင့် လူထုဟာ
စိတ်စေတနာမှန်ကန်ရင် ဘယ်သူ့ကိုမဆို လက်ခံတယ် ဆိုတဲ့အချက်ကို
တွေ့ကြုံပြီးဖြစ်တာကြောင့် သမ္မတရာထူးအတွက် ပုံရိပ်အကောင်းဆုံး
ပုဂ္ဂိုလ်တစ်ယောက် ကိုသာ သေချာပေါက်ရွေးချယ် ပါလိမ့်မယ်။ Dignity and
Reputation ကို အဓိကထား ရွေးချယ်ပါလိမ့်မယ်။လက်ရှိလူထုနဲ့
တပ်မတော်ကြား တိုးတက်လာတဲ့ အခြေအနေကို တပ်ကလည်း ပြန်အထိခိုက်ခံမယ်
မထင်ပါဘူး။ ဒီတော့ လက်ရှိသမ္မတအပြင် လက်ရှိ ဘယ်သူမှ သိပ်သတိမထားမိသေးတဲ့
တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ (အမေရိကန်သမ္မတ အိုဘားမားဟာ
သမ္မတလောင်းမဖြစ်ခင် အထိ သာမန် ဒီမိုကရက် ပါတီဝင်တစ်ယောက်ပါ။)
လက်ရှိသမ္မတကလည်း အရွေး မခံတော့ဘူးလို့ အပြတ်ပြောထားတာ မရှိသေးပါဘူး။
သူ့ပုံရိပ်က ကောင်းလွန်းနေ တဲ့အတွက် တပ်ကတင်မယ့် သမ္မတလောင်းဟာ
လက်ရှိသမ္မတလည်း ဖြစ်နိုင်ခြေ အများကြီး ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ရွေးကောက်ပွဲမှာ အခြေမလှခဲ့ရင် ပြည်ခိုင်ဖြိုးက သမ္မတလောင်းအမည်စာရင်း
တင်သွင်းခွင့် လည်းဆုံးရှုံးမှာ ဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ ကိုလည်း
လွတ်လပ် မျှတမှုရှိအောင် ဂရုစိုက်ရတော့မှာ ဖြစ်လေတော့ NLD ရဲ့ ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဟာ ပြည်ခိုင်ဖြိုးအတွက် အကြီးမားဆုံး အကျပ်အတည်း
ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒေါ်စုသာ သမ္မတလောင်း မဖြစ်ခဲ့ရင် တပ်က
သမ္မတလောင်းဟာ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိမယ့် အမတ် များရဲ့
ထောက်ခံမှုကို မျှော်လင့်လို့ ရနိုင်ပြီဖြစ်ပါတယ်။ (ဒါကြောင့်NLD အနေနဲ့
ဒေါ်စုအပြင် သမ္မတလောင်းတစ်ယောက်ကို ကြိုကြိုတင်တင် ရွေးချယ်ပြင်ဆင်ထား
သင့်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။) ဒေါ်စုအတွက် လမ်းပွင့်သွားခဲ့ရင်တော့
သမ္မတဖြစ်ဖို့ အလားအလာ အကောင်းဆုံးပုဂ္ဂိုလ်ဟာ ဒေါ်စုသာဖြစ်ပါတယ်။
ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတခဲ့ရင် ပြည်နယ် များမှာရှိတဲ့ မဲဆန္ဒနယ်များက
လွဲရင် NLD က အပြတ်အသတ်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရဖွဲ့ခွင့်ကို ဒေါ်စုက
ရရှိမှာဖြစ်ပါတယ်။အထက်ပါ အကြောင်းအချက် များကြောင့် ပြည်ခိုင်ဖြိုးအနေနဲ့
ရွေးကောက်ပွဲမှာ ထင်တာထက် အခြေအနေ ဆိုးနိုင်ကြောင်း ပြောရခြင်း ဖြစ်ပါတယ်။
ဒါဟာ ၂ နှစ်ခွဲကာလအတွင်း ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးနှင့်
ဆက်နွှယ်နေသူအားလုံး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြစေလိုတဲ့ ဆန္ဒ၊
ဒီမိုကရေစီ ခရီးလမ်းကြောင်း လုံးဝတိမ်းစောင်း မသွားစေလိုတဲ့ စေတနာတို့ဖြင့်
ပကတိဖြစ်နိုင်ခြေနှင့် အရှိတရားများကို ခွဲခြမ်းစိတ်ဖြာမိခြင်းသာ
ဖြစ်ပါကြောင်း၊ ပြည်ခိုင်ဖြိုး အနေနဲ့ ၂၀၁၅ အလွန် ငါးနှစ်တာကာလမှာ
အကောင်းဆုံး အတိုက်အခံအဖြစ် ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အတွက်
ပြင်ဆင်ထားနိုင်ပါကြောင်းနဲ့ တပ်၊ အတိုက်အခံ (NLD၊ တိုင်းရင်းသား
ပါတီများနဲ့ အခြားသောပါတီများ) နဲ့ ပြည်ခိုင်ဖြိုး တို့အတွက် (Solution for
all to win) ကသာ နိုင်ငံနဲ့ လူထုအကျိုးကို အာမခံချက်အပြည့်အဝ
ပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။(ပိုက်တင် ) - The Voice Weekly
အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံ လူတန်းစားက အစိုးရအပေါ် အပြည့်အဝ လေးစားယုံကြည်မှု၊ အားကိုးမှု ရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှခံစားခွင့် မည်မည်ရရ မရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထုလိုအပ်ချက် ဖြစ်တဲ့ စားဝတ်နေမှု ချောင်လည်ရေး (အစိုးရလုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး) ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေး ပါဘူး။ အစိုးရရဲ့ ရည်မှန်းချက် အတိုင်းလည်း ကျန်ရှိနေသေးတဲ့ သက်တမ်း ၂ နှစ်ခွဲ ကာလမှာ ပြည့်မီဖို့ တော်တော်ကြီး ခဲယဉ်းပါတယ်။အခြေခံအဆောက်အဦ များကို လက်ရှိအစိုးရ လက်ထက်မှာ ပြီးစီးအောင် တည်ဆောက်လို့ မရဘူး ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment