Friday, September 27, 2013

~ မိတ်ဆွေတစ်ဦးနှင့် စကားစမြည် ~


✿ (A:)
ကဲ.. ကျွန်မ ရှင့်ကို မေးလိုတဲ့ မေးခွန်း စပါပြီ..။ ရှင် ပြောပြောနေတဲ့ “သူ..” က ဘယ်လိုလူများပါလဲ..??

◆ (B:)
ရှင်းရှင်းလေးပါဗျ..။ သူက ကျနော် သိပ်ချစ်တဲ့ အမျိုးသမီးလေး ပေါ့ ~ တကယ့် ကလေးလေး ဆိုလည်း ဟုတ်တယ်..။ တစ်ခါတစ်လေ ချွဲ တတ်သေးတယ်..။ တစ်ခါ တစ်လေ လည်း ဂျစ်ပေပေနဲ့ ဆိုးတယ်။ ဒါပေမယ့် ဘယ်အချိန် မဆို သူ့ကို မေးရင် ~ “ချစ်တယ်" လို့ အမြဲ ပြောလေ့ရှိတယ်။

သူ့မှာ ချစ်စရာ ဘယ်အချက်တွေ ရှိသလဲလို့ မေးကြမှာလား..!! တကယ်က သူ လွတ်လပ်စွာ ဖြစ်တည်နေတာလေး ကိုက ချစ်စရာလေး ဖြစ်နေတာ ပါဗျ... ချစ်ခြင်း သက်သက် က သူ၊ ချစ်တယ်ဆိုတာ ကိုယ်၌ က သူ ~ ပဲ..။ သူ့မှာ ချစ်စရာ ဆိုတဲ့ အခြား အချက် သပ်သပ် ခွဲထွက် မနေဘူး..။ ဒါ့ကြောင့်... ကျနော် သူ့ကိုချစ်တာ က "သူ" ဆိုတဲ့ အားလုံးကို ချစ်တာ..။ ချစ်ခြင်းကလည်း သူ၊ ချစ်တာကလည်း သူ၊ အချစ်ကိုယ်၌က သူ ဖြစ်ပါတယ်..။

ကုန်ရော ဆိုပါတော့ ~

✿ (A:)
ရှင့် ချစ်သူက ဒါ့ကြောင့်လည်း ရှင့်ကို ပိုချစ်တာ ဖြစ်နိုင်တယ် ထင်ပါရဲ့..!! ကျွန်မ တွေးကြည့်တာပါ..။

◆ (B:)
ဝါးးး “ဒါ့ကြောင့် လည်း ပိုချစ်တာ” တဲ့လား..!! အင်မတန် ချစ်ဖို့ ကောင်းတဲ့ စကားပဲ..။ ဟုတ်တယ်- ခင်ဗျား သူ့ဆီက ဘယ် အချက်တွေကို ထောက်ပြမလဲ..!! သူ့ကို ဘာတွေ လက်ညှိုးထိုးပြဦးမလဲ..!! အဲ့ဒီ ထောက်ပြတဲ့ အချက်ကို မြင်ရင် ကျနော် ပိုချစ်မှာပဲ..။ နောက် တစ်ချက် ထောက်ပြဦးမလား..! ကျနော် ပို- ပို- ချစ်မှာပဲ.. ဘာလို့ဆို.. ကျနော် သူ့ကို ချစ်တာက "ပို ပို ပြီး" ဆိုတဲ့ ပုဒ်တစ်ခုသာ သုံးရပါလိမ့်မယ်..။ ဒါလည်း အနီးစပ်ဆုံးပဲ..။ ပိုပိုပြီး ချစ်လာဖို့ ကျနော်နဲ့ သူ့ကြားမှာ ပို-ပို- တိုးလာဖို့ ပိုချစ် တယ်ဆိုတာပဲ ရှိတယ်..။ ဥပမာ ပေးရရင် အချိန် လိုပေါ့ဗျာ..။ တစ်ထစ် တက်သွားတဲ့ နာရီ လက်တံလေးဟာ ဘယ်တော့မှ နောက်ပြန် မဆုတ်ဘူး.။ ဆုတ်လို့လည်း မရဘူး..။ ရှေ့ဆက်ပြီး တစ်တက်တက်- ပိုတိုးသွားနေဖို့ပဲ မဟုတ်လား..!! ရှေ့ကို တစ်ထစ်ချင်း တက်သွား တယ်..။ ပိုပိုပြီး တိုးသွားတယ်..။ ပိုပြီး တိုးပွားသွားတာလေးကိုပဲ "ချစ်တယ်" လို့ ဝိဂြိုလ် ပြုရပါမယ်..။ ဟုတ်တယ်-- ခင်ဗျား ဘယ်အချက် ထောက်ပြ ပြ ကျနော် သူ့ကို ပို ပိုပြီး ချစ်တယ်.. ဒါ အရိုးရှင်းဆုံးပဲ..။

✿ (A:)
အများကြီးပါရှင်.. ကျွန်မ သူ့ကို သိနေသလောက်.. မြင်နေသလောက်.. ထောက်ပြချင်စရာတွေက အများကြီးပဲကော..။

◆ (B:)
အိုးးး...
ပျော်စရာ ကောင်းလိုက်တာ- လို့ပဲ ပြောရတော့မယ်..။ ခင်ဗျားမှာ သူ့ကို ထောက်ပြချင်စရာ များလေ- ကျနော် ချစ်ရတာ များလာလေပေါ့..။

✿ (A:)
ရှင် အဲ့တာတော့ အတော့်ကို ပိုပြီ ထင်တယ်..။

◆ (B:)
ဟင့်အင်း..!! ခင်ဗျား အခုပြောတဲ့ “ပို” ဆိုတဲ့ စကားက စောနက "ပို" ဆိုတဲ့ စကားနဲ့ မတူဘူး..။ အခု ခင်ဗျား ပြောတဲ့ "ပို" ဆိုတာ ကျနော် မဟုတ်တာကို အဟုတ်လုပ် ပြောတယ်လို့ ဆိုလိုချင်တာ..။ ဟုတ်တယ်မှလား?? တကယ်က ကျနော် မဟုတ်တာကို ပြောနေတာ မဟုတ်ဘူး..။ မယုံရင် ခင်ဗျား ခဏလောက်လေး ကျနော့ရင်ကို ကြည့်ကြည့်..!! ဒါမှမဟုတ် ကျနော့ချစ်သူ သူ့ ရင်ထဲကို ကြည့်ကြည့်..!! ခင်ဗျားတို့ မမြင်ဖူးတဲ့ အရာလေးကို မုချ မြင်ရမှာပဲဆိုတာ ကျနော် လောင်းရဲပါရဲ့..။ အဲ့ဒါလေးကို မြင်ရင် ခင်ဗျားတို့ သိမှာပဲ..။ တအံ့တဩ မိန်းမော သွားကြမှာပဲ..။ ကျနော်တို့မှာ ဘယ်လိုအရာကိုမှ ပူပန်စိုးရိမ်စိတ်တွေနဲ့ ရှိမနေကြဘူး မြင်ရဲ့လား..။ တစ်ယောက်နဲ့ တစ်ယောက် ထားရှိတဲ့ ချမ်းမြေ့စိတ်ကလေး တစ်ရံစာမှ မပြတ်လပ် သွားဘူး..။ အဲ့ဒါကော တွေ့ရဲ့လား။ တကယ်လို့ ခင်ဗျားမှာ နှလုံးရောဂါတွေဘာတွေ ရှိမယ် ဆိုရင်တော့ ကျေးဇူးပြုပြီး မကြည့်ပါနဲ့..။ ကျနော် အဲ့လိုပဲ တားရလိမ့်မယ်..။ ဘာလို့ဆို သူနဲ့ ကျနော် နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ အဲ့ဒီ အံ့ဩစရာ၊ မိန်းမောသွားစရာ အရာလေးက တကယ် ကြည်ကြည် လင်လင်လေး ကျိန်းသေ ရှိနေတယ်..။ ခင်ဗျား ရင်ထဲ တစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်..။

✿ (A:)
အိုးး ဆိုင်လို့လား.....??

◆ (B:)
ဆိုင်တာပေါ့ မိတ်ဆွေရဲ့.. ခင်ဗျား ရုတ်တရက် အသက်ရှုရပ်သွားနိုင်တယ်.. အဲ့ဒါ အတိအကျပဲ..။

✿ (A:)
ကဲ.. ထားပါတော့.. ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်..။ ရှင် ပြောသလိုဆိုရင် သာမာန် ကျွန်မ အနေနဲ့တော့ နည်းနည်း အံ့သြစိတ်လေး ဖြစ်မိပါရဲ..့။ ရှင့်ချစ်ခြင်းမေတ္တာ.. ရှင်ချစ်နိုင်တဲ့ အချစ်ဟာ သေးသေးလောက်တော့ ပိုနေနိုင်မလား လို့ပါ..။

◆ (B:)
ဟင့်အင်း ~ ကျနော့ အထင် လိုတောင် လိုနေသေးတယ် လို့ ပြောရမယ်..။ ဘာလို့ဆို သူ့ကို ကျနော် ချစ်တာ ပြောပြလို့ မှ မရဘဲ ကို..။ လွတ်လပ်ပေါ့ပါးနေတယ်.. ကြည့်ကြည့်ပါ... ကျနော်တို့ ကြည်လင်နေတယ်..။ ဘာအတားဆီး ဘယ်လိုခေါင်းစဉ်မျိုး အောက်မှာမှ မဝင်ပါဘဲ - အရှင်းဆုံး ရှိနေတယ်..။ အခုလောက် ပြောပြနေတာတောင် ကျနော်တို့ တကယ်ချစ်တဲ့ အဖြစ်ကို ခြေဖျား မထိသေး ဘူးဗျ..။ တစ်နည်းဆိုရရင် ကျနော် အခုပြောနေတာက တကယ့်အဖြစ်ကို အတိအကျ ပြောပြနေနိုင်တာမျိုး မဟုတ်ဘူး..။ ဖြစ်ချင်း ဖြစ်ရင်- လျော့လျော့ပေါ့ပေါ့ ပြောနေတာမျိုးပဲ ဖြစ်နေဦးမှာ..။

✿ (A:)
ကောင်းပြီ ရှင်တို့ အကြောင်းကို ကျွန်မ စာရေးရမယ်..။ မေးစရာ အချက်တွေ ရှိလာခဲ့ရင် ရှင် ဖြေပေးနိုင်မလား..??

◆ (B:)
အိုး ~ သူ့အကြောင်း၊ သူ့ကို ချစ်တဲ့အကြောင်း လား..!! ကျနော့ခေါင်းကို ကောင်းကောင်း ရိုက်ခွဲထားခဲ့ရင်တောင် ကျနော် ဖြေနိုင် ပါလိမ့်ဦးမယ်..။ ကျနော့ရင်ကို သွေးစိမ်းရှင်ရှင် ခွဲထားဆဲ ရှိနေတယ် ဆိုပါစို့ ~ အဲ့အချိန် ဆိုရင်လည်း (ကျနော် သိနေပါတယ်) ကျနော် ချက်ချင်း ဖြေနိုင်တယ်..။

✿ (A:)
ရှင် အခု ပြောသွားတာလေး သေချာမှတ်ထားနော်..!! ကျွန်မ မေးစရာ ရှိလာရင်မေးမယ်.. ကျွန်မ သူ့ကိုလည်း ပိုမို လေ့လာကြည့် ပါရစေဦး..။ ရှင်ပြောတာ ဟုတ် မဟုတ်ပေါ့..!!

◆ (B:)
ကောင်းပြီ..!! ခင်ဗျားလည်း တစ်ခု ပြန်မှတ်ထားပေးပါ ~ ကျနော် ပြောပြဖြစ်ကောင်း ပြောပြမယ့် အကြောင်းအရာတွေဟာ စကားလုံးတွေ၊ ဝေါဟာရတွေပါ..။ တကယ့် အဖြစ်၊ တကယ့်အချစ်က - ခင်ဗျား ကိုယ်တိုင် မတွေ့ကြုံမိမချင်း မသိမမြင်ပဲ ဖြစ်နေသေးဦးမှာ..!! ခင်ဗျား ကိုယ်တိုင် ကြုံတွေ့မှသာ ကောင်းကောင်း သိနိုင်မှာပါ..။ အဲ့ဒါကို မှတ်ထားပေးပါ..။ ကျနော် သူ့ကို ချစ်တာက စကားလုံး မဟုတ်ဘူး..။ ဝေါဟာရ၊ အကြောင်းအချက် မဟုတ်ဘူးဗျ။ ကျနော် ----- “သူ့ ” ----- ကို “ချစ်တာ”..။ အိုခေ !? ခင်ဗျား ဆန္ဒရှိတဲ့ ဘယ်အချိန်မဆို မေးနိုင်ပါတယ်..။

✿ (A:)
စကားလုံးတွေ..! ဝေါဟာရတွေ..!! ကဲပါ ~ ဟုတ်ပါပြီ.. ရှင်ပြောတာ ကျွန်မ သိတယ်.. သို့သော် ကျွန်မကတော့ စကားလုံးတွေအဖြစ် အသွင် ပြောင်းရလိမ့်မယ်..။ ဒါဟာ ကျွန်မ စိတ်ဝင်စားတဲ့ အလုပ်မို့ပဲ..။

◆ (B:)
ခင်ဗျားရဲ့ ကြိုးစားမှု အတွက် ကျနော် ဝမ်းသာပါတယ်.. တကယ့် အဖြစ်ကို မီမှာ မဟုတ်ဘူးလို့ သိနေတာလေး အတွက် ခွင့်လွှတ်ပါ..။ အဲ့ဒါလေး အတွက်တော့ ကျနော် စိတ်မကောင်းဘူး..။

✿ (A:)
ကျွန်မအလုပ် ကျွန်မလုပ်တာပါ..။ ရှင် ချီးမွမ်းဖို့ စိတ်မကောင်းဖြစ်ဖို့ အဲ့တာတွေ မလိုအပ် လှပါဘူး..။ ကျွန်မ ရှင်တို့ကို စိတ်ဝင်စားတယ်.. အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း သိလိုတယ်.. လေ့လာနေတယ် ဆိုပါတော့..။ ခုချိန်မှာတော့ ရှင်တို့ကို လေ့လာနေတယ် ဆိုတဲ့ ဒီအလုပ်ကို ကျွန်မ ဆက်လုပ်နေပါတယ်.. ဒါလေးပါဘဲ..။

◆ (B:)
အဟားး ပြီးဆုံးတဲ့ လေ့လာမှုတော့ ဖြစ်လာမှာ မဟုတ်ဘူးဗျနော..။

✿ (A:)
အတိုင်းတာ တစ်ခု အထိတော့ ကျွန်မ စွမ်းဆောင်နိုင်မှာပါ..။

◆ (B:)
ကောင်းပါပြီ.. ခင်ဗျားကို ထောက်ကူသောအားဖြင့် ~ ကျနော် လမ်းစတစ်ခုလောက် hint ပေးထားချင်ပါတယ်..။

✿ (A:)
ဟုတ်ပြီ.......!!

◆ (B:)
“ကျနော်တို့” ဆိုတဲ့ အနေနဲ့ ခင်ဗျား ဘယ်တော့မှ မလေ့လာပါနဲ့..။

✿ (A:)
ကျွန်မ စိတ်ဝင်တစား ရှိလျက်...........

◆ (B:)
သူ နဲ့ ကျနော် ဆိုတာဟာ နှစ်ယောက် မဟုတ်ဘူး..။ တစ်ယောက်တည်း ~ တစ်ဦးတည်းပဲ။ ကျနော်နဲ့ သူ ချစ်ကြတာဟာ - ကျနော်ဟာ ကျနော် ဖြစ်လို့၊ သူဟာ သူဖြစ်လို့ - ချစ်ကြတာ မဟုတ်ဘူး..။ ကျနော် ဟာ သူဖြစ်ပြီး၊ သူဟာ ကျနော် ဖြစ်နေလို့ ချစ်တယ် ဆိုတဲ့ ဝေါဟာရနဲ့ ကင်ပွန်းတပ်ထားတာ ဖြစ်တယ်..။ အဲ့ဒါလေး ထပ်မှတ် ထားပါ..။ ဒါလေးပါပဲ- အောင်မြင်ပါစေ..။

✿ (A:)
Thank you ~ ကျန်တာ ကျွန်မ ကိစ္စ ဖြစ်သွားပြီ..။
ထပ်ပြောပါရစေ ~ ခုလို ပြောပြတဲ့ ခဏလေးအတွက် ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်..။

◆ (B:)
ခင်ဗျားတို့ သိလိုတဲ့ လွတ်လပ်အေးမြတဲ့ ချစ်ခြင်းမေတ္တာစစ်စစ်ကို တကယ် သိနိုင်ကြပါစေဗျာ ~

--------------------------------
ခင်လေးငယ် ::: 2012/ 11/ 24

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...