Saturday, September 28, 2013

“ကျနော့် အခန်းဖော်”


1။
Boonlay Place က ဘလောက် ၂၁၇ မှာနေတော့ အခန်းဖော်က အောင်ရာဇာတဲ့။
စစ်ကိုင်း ဆားတောင်ဘက်က၊ ရောက်ခါစကတော့ ရိုးရိုးအေးအေးလေးပါ။ နောက်တော့ ကိုယ်နဲ့တစ်ခန်းထဲနေလိုက်တာ ၆လလောက်ပဲ ကြာတယ် သုံးမရတော့ဘူး ဖြစ်သွားတယ်။ ဟဲ ဟဲ။
ယောက်ျားတို့ တတ်အပ်သော အတတ်ပညာများကို ၆လပြတ် သင်ပေးလိုက်တာလေ။
သူက ကွန်ပြူတာနဲ့ မာစတာဘွဲ့ကို မြန်မာပြည်က ယူလာတာ။
အခန်းဖော်က ကွန်ပြူတာပညာရှင်ဆိုတော့ ကိုယ့်ကွန်ုပြူတာ ကိစ္စအဝဝ အားကိုးရတယ်။
ကိုယ့်မှာက ဘတ်ဂျက်အခြေအနေ မကောင်းသေးလို့ သူငယ်ချင်းက သူ့ကွန်ပြူတာ အစုတ်လေး အလကားပေးတယ်။
စုတ်ဆို ပါဝါဖွင့်လိုက်ရင် Screen saver ငါးလေးတွေ သွားနေတာပဲရှိတယ်။ ဘာခလုပ်နှိပ်နှိပ် ဘာမှကို မပေါ်ဘူး၊ ငါးတွေဘဲ အေးအေးဆေးဆေးကူးနေတော့တာ။
ဒါနဲ့ အောင်ရာဇာကိုပြကြည့်တယ်။
“နာရီဝက်ပဲစောင့်” တဲ့…
ဟုတ်တယ်ဗျာ၊ ပညာရှိများ ပြောရင်ပြောတဲ့အတိုင်းပဲ
နာရီဝက်ကြာတော့ ကွန်ပြူတာပြန်လာပို့တယ်…
ငါးလေးတွေကို မပေါ်တော့တာဗျို့
Screen တခုလုံးမဲမဲကြီးပဲ ဖြစ်နေတော့တယ်…
“ဟဲ့ကောင်၊ ဘယ့်နှာဖြစ်တာတုံး၊ နင်ပြောတော့ နာရီဝက်ပဲ စောင့်ဆို၊ နင်လုပ်လိုက်မှ ခုနက ပေါ်နေတဲ့ ငါးလေးတွေတောင် ကိစ္စချောသွားပြီ”
“ဟုတ်တယ်လေ၊ ကျုပ်က နာရီဝက်နေရင် ကောင်းသွားမယ်လို့ ပြောမိလို့လား”
မှားပါပြီဗျာ။
“ကဲ ကဲ မလုပ်တတ်ရင်လည်း နေ နေ၊ မနက်ကျမှ Cityhall မှာ ပြင်လိုက်တော့မယ်”
သူ့ကို မလုပ်တတ်ရင် နေလို့ ပြောလို့ မခံချင်ဖြစ်ပြီး တညလုံးမအိပ်ဘဲ နှိုက်နေလိုက်တာ မနက်ကျတော့ မျက်တွင်းဟောက်ပက်ကြီးနဲ့ ကွန်ပြူတာ ပြန်လာပေးတယ်။
ကောင်းတော့ သွားတယ်။ မဆိုးပါဘုး။

2။
သူနဲ့ တစ်ခန်းထဲ အတူနေလာတာ ကြာတော့ သူ့ပညာခန်းတွေကို တော်တော်သိလိုက်ရတယ်။
တရက်က သူ့မိတ်ဆွေ အစ်မကြီးတစ်ယောက်နဲ့ ဖုန်းပြောနေသံ ကြားရတယ်။
ဟိုဘက်က ကွန်ပြူတာပျက်နေတာ နေမှာပေါ့။
သူက ဖုန်းထဲကနေ ညွန်ကြားချက်တွေ ပေးနေတာ ဟိုလိုလုပ်ကြည့်လိုက်၊ ဒီလိုလုပ်ကြည့်လိုက်နဲ့ ပြောနေသံ ကြားရတယ်။
နာရီဝက်လောက်နေတော့ စိတ်မရှည်တော့ဘူးထင်ပါရဲ့…
သူကပြောတယ်….
“ကဲ အစ်မရေ၊ ဒီအတိုင်းပြောနေလို့ အဆင်မပြေဘူး၊ ကျနော်ကြည့်ပြီးမှ ပြင်လို့ ရမယ်၊ ကျနော့်ဆီသာ ယူလာခဲ့တော့”
“… ….. …..”
“ကွန်ပြူတာရဲ့နောက်မှာ ပလပ်ကြိုးမတွေ့ဘူးလား”
“… … …”
“အင်း… အဲဒီကြိုးကို ဖြူတ်လိုက်လေ”
“… … …”
“ဖြုတ်ပြီးရင် ကျနော့်ဆီယူခဲ့၊ ကျနော်ကြည့်ပြီး ပြင်ပေးလိုက်မယ်”
...
...
ခဏနေတော့ ခုနက အမျိုးသမီးရောက်လာတယ်။
လက်ထဲမှာ ကိုင်လာတဲ့ ပလပ်ကြိုးခွေလေးကို အောင်ရာဇာ့ လှမ်းပေးတယ်။
ဟိုကောင်က ဇဝေဇဝါနဲ့… …
“အစ်မ၊ ဒါကြီးက ဘာကြီးတုန်း”
“ဟဲ့… နင်ပဲ ကွန်ပြူတာနောက်က ပလပ်ကြိုး ဖြုတ်ယူခဲ့ဆို”
“ဗျာဟာဟာ…. အာ… အစ်မ၊ မနောက်ပါနဲ့ဗျာ”
“မနောက်ပါဘူး၊ နင်ပြောတဲ့အတိုင်းလုပ်လာတာပဲ”
“အီး… ၊ ကျနော်ပြောတာက ကွန်ပြူတာနောက်က တန်းလန်းဖြစ်နေတဲ့ ပလပ်ကြိုးတွေကိုဖြုတ်၊ ပြီးရင် ကွန်ပြူတာကို ကျနော့်ဆီယူခဲ့လို့ ဆိုလိုတာပါဗျာ”
“ဟင်… သိပါဘူး၊ ငါက ပလပ်ကြိုးဖြုတ်ယူခဲ့ဆိုတော့ ဒီကြိုးများ ပျက်နေလို့လားလို့ ဟီး ထင်တော့ထင်သား”
ဒါနဲ့ နောက်တစ်ခေါက် ထပ်သွားယူရတယ်။
အိမ်ခြင်းနီးလို့ တော်သေးတာပေါ့

3။
သိပ်မကြာခင် နောက်တစ်ရက်မှာ အဲလိုပဲ အဝေးရောက်နဲ့ ကွန်ပြူတာ လှမ်းပြင်နေပြန်ရော။
ဒီတစ်ခါလည်း အစ်မကြီးပဲ။ အရင်တစ်ယောက်တော့ မဟုတ်ဘူး။
ဒီကောင့်ကြည့်ရတာ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဖြစ်နေပြီလားမသိဘူး။
ကိုယ်နဲ့ တစ်ခန်းထဲနေတော့ ကိုယ့်လိုပဲထင်ရဲ့
“ယောက်ျားခြင်းတော့ ခပ်ပါးပါး” မူ ကို ဆွဲကိုင်ပုံရတယ်။
ဖုန်းပြောလိုက်ရင်လည်း “အစ်မ၊ အစ်မ” နဲ့
ကွန်ပြူတာ ပျက်လို့ပြင်ခိုင်းတဲ့လူတွေကလည်း “အမ” ချည့်ဘဲ။
ယောက်ျားလေး အပေါင်းအသင်းထဲက ကွန်ပြူတာ ပျက်တဲ့ကောင် မရှိဘူးထင်တယ်။
ခုလည်း အစ်မ ပဲ… … ဖုန်းထဲကနေ ပြောနေသံ ကြားရတယ်.. …
“ပြော အစ်မ၊ ဘာလုပ်ပေးရမလဲ”
“ဟိုနေ့က နင်လိုက်ဝယ်ပေးတဲ့ ကွန်ပြူတာလေ၊ အဲဒါ လာဆင်ပေးအုံး”
“အစ်မရယ်၊ လွယ်လွယ်လေး၊ ကျနော်ဒီကနေ ဖုန်းနဲ့ ပြောပြမယ်၊ အစ်မလိုက်လုပ်ကြည့်”
“အေး၊ ဒါဆိုလည်း ပြော… “
ပြီးတာနဲ့ ဟိုဟာတပ်လိုက်၊ ဟိုကြိုးထိုးလိုက်၊ ဟိုဒင်းပူးလိုက် နဲ့ ညွန်ကြားချက်တွေ မဆက်မပြတ်ပေးနေပါလေရော… ..
ခဏနေတော့… …
“ဒါဆို ရပြီ အစ်မ၊ ပါဝါခလုပ် ဖွင့်ကြည့်လိုက်တော့”
တစ်မိနစ်လောက်နေတော့ ဟိုဘက်က မမက အလန့်တကြားလှမ်းပြောတယ်… …
“ဟဲ့… ဟဲ့၊ အောင်ရာဇာ အောင်ရာဇာ၊ လုပ်ပါအုံး”
“ဟင်… ဘာ… ဘာဖြစ်လို့လဲ အစ်မ”
“ဟို ဟို ကွန်ပြူတာနောက်က မီးတောက်တွေ ပေါ်လာပြီး မီးခိုးတွေ အူတက်လာလို့ လုပ်ပါအုံး”
ဒီတော့ ဒီဘက်က ကွန်ပြူတာပညာရှင်ကြီးက ပြန်ပြောတယ်… …
“ဟာ… အစ်မ၊ ဒါကျတော့ ကျနော့်ကိစ္စ မဟုတ်တော့ဘူး”
“ဘယ်သူ့ကိစ္စတုန်း”
“911 ကိစ္စ”
“အဲဒါက ဘာကြီးတုန်း”
“မီးသတ် ဖုန်းနံပတ်…”

4။
သူ့မှာ ဝါသနာတစ်မျိုးရှိတယ်။
သရဲကား အလွန်ကြိုက်တဲ့ ဝါသနာ
သူက စနေ တနင်္ဂနွေ အလုပ်နှစ်ရက်ပိတ်တော့ သောကြာညနဲ့ စနေညဆို သရဲကားကြည့်တယ်။
ညဆို ကိုယ်က ၁၁နာရီလောက်ဆို အိပ်တာ၊
၁၁ ထိုးလို့ ကိုယ်က အိပ်မယ်ပြင်တော့ ဆရာသမားက တားတယ်… …
“အကိုက အိပ်ပါနဲ့အုံးဗျ”
“ဘာလို့လဲဟ”
“ကျနော် သရဲကားကြည့်မလို့”
“မင်းဟာမင်းကြည့်ပေါ့၊ ငါမှ မကြည့်ချင်တာ”
“မဟုတ်ဘူးဗျ၊ အကိုက အိပ်တော့ ကျနော်တစ်ယောက်ထဲ ကြောက်တာပေါ့လို့”
“အာ…. မအေပေး၊ နင့်ဟာနင် ကြိုက်လို့ကြည့်တာကို ငါကကင်းစောင့်ပေးရအုံးမှာလား၊ မရဘူး ဟေ့ကောင်၊ ငါက နောက်ရက် အလုပ်သွားရအုံးမှာ”
ကိုယ်မှာက စနေရယ်၊ တနင်္ဂနွေရယ်လို့ အလုပ်က ပိတ်တာမဟုတ်ဘူး၊
အိုတီဆင်းရတာ၊ မဆင်းလို့လည်းမဖြစ်ဘူးလေ။ သိန်း ၄၀၀၀ ရအောင်စုနေရတာရယ်။
ပြောရမှလည်း ရှက်ပါတယ်၊
မိုးဟေကိုက သူ့ကိုချစ်ရင် သိန်း ၄၀၀၀ နဲ့ လာတောင်းပါဆိုလို့ စုနေတာ။ ဟိ။
စုလို့မှ သိန် ၂၀၀၀ လောက်ရသေးတယ် သူက ယောက်ျားယူသွားတယ်။
မိန်းမတွေ သစ္စာမရှိပါဘူးဗျာ။ ထားပါတော့လေ ဆက်ပြောနေ ကိုယ်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေမှာမို့ အောင်ရာဇာ့ပေါင်ဘဲ ဆက်ထောင်းတော့မယ်… …
ဒါနဲ့ ဆရာသမားက ကြည့်ကလည်းကြည့်ချင်၊ ကြောက်ကလည်းကြောက်ဆိုတော့ စောင်ကြီးချုံပြီး ကြည့်တယ်…
ကြောက်စရာ အခန်းပေါ်လာရင် ထ, ထ, အော်တယ်
သူအော်တော့ ကိုယ်က လန့်လန့်နိုးရော၊ ဒေါသထွက်တာပေါ့… …
“ဟေ့ရောင်၊ မင်း အသံထွက်မှာဆို အိမ်ရှေ့ခန်းမှာ သွားကြည့်”
“အား မလုပ်ပါနဲ့၊ ကြောက်ပါတယ် ဆိုမှ”
“ဒါဆိုလည်း အသံမထွက်နဲ့ ဟေ့ကောင်”
… ဆိုတော့ ခေါင်းအုံးကြီး ပွေ့ကြည့်တယ်။ ကြောက်လို့ အော်တဲ့အခါ ခေါင်းအုံးနဲ့ ပါးစပ်ကို ပိတ်အော်တယ်၊
Silencer တပ်တဲ့ သဘောပေါ့။
ဒါတောင် 'အု၊ ဝု' နဲ့ ထွက်နေသေးတာ၊ ထားပါတော့ ဒီလောက်ကတော့ အခန်းဖော်ခြင်း သည်းခံလိုက်ပါတယ်။

5။
တရက်ကတော့ ကျနော်အိပ်ခါနီး သရဲကားကြည့်မလို့လို့ ပြောနေသံကြားလိုက်တယ်။
ဗမာကားတဲ့၊ မောင်မျိုးမင်း ရိုက်တာလို့ပြောတယ်။
ဘာတဲ့… မိုင်တိုင် ၇၆ ဆိုလား၊ အစိုးရက ပြသခွင့် မပြုဘူးလို့လည်း ပြောတယ်။
“အကိုရော၊ ကြည့်ပါလားဗျ”… တဲ့၊ လာစည်းရုံးနေသေးတယ်။
“နေပါစေ မောင်ရာ၊ အိပ်တာပဲ ကောင်းပါတယ်၊ အိပ်ပါရစေ၊ အသံမထွက်နဲ့နော်”
“ဟုတ်ကဲ့ပါ အကို”
ကျနော်လည်း အိပ်ပျော်သွားတယ်၊ သူလည်း အသံမထွက်ရှာပါဘူး၊
တရေးနိုးလို့ ကြည့်လိုက်တော့ ကိုယ့်လူကို ငေါင်တောင်တောင်ကြီး ဖြစ်နေတာ တွေ့လိုက်ရတယ်
မသင်္ကာလို့ အနားကပ်ကြည့်တော့ လား… လား၊ ဆရာသမားမျက်ဝန်းဝမှာ မျက်ရည်စတွေနဲ့ပါလား…
“ဟေ့ရောင်၊ ဘာဖြစ်နေတာတုန်း”
“ဟင့်…. ဟင့်…”
အမ်မယ်… မေးလိုက်ခါမှ ရှိုက်တောင် နေလိုက်သေး…
“မင်း ငိုနေတာလား”
“ဟုတ်ကဲ့ အကို”
“ဘာလို့တုန်းဟ ငါ့ကောင်ရ”
“လွမ်းလို့ ငိုတာပါ အကိုရာ”
“ဟင်…. မင်း သရဲကားကြည့်နေတာ မဟုတ်ဘူးလား”
“ဟုတ်တယ် အကို၊ အဲဒီကားကြည့်ပြီး လွမ်းလို့ပါ”
“ဟမ်… ငါနားမလည်ဘူး၊ သရဲကားကြည့်ပြီး လွမ်းရတယ်လို့”
“ဒီဇာတ်ကားက အဝေးပြေး Express ကားပေါ်က အဖြစ်အပျက်လေးကို ရိုက်ပြထားတာပါ၊ ကျနော် ဒီကိုလာတော့ ကျနော့်ကောင်မလေးက ရန်ကုန်ကို လိုက်ပို့တယ်အကို၊ သူနဲ့ ကျနော် ဒီလို Express ကားကြီး စီးပြီး စီးပြီး ခရီးထွက်ခဲ့ ထွက်ခဲ့ ဟင့် ဟင့် သတိရတယ် အကိုရယ်၊ အီး ဟီး”
ဘုရား၊ ဘုရား၊ ဒီကိစ္စကို ဖုံးဖုံးဖိဖိထားမှ၊ ဒါရိုက်တာမောင်မျိုးမင်း သိရင် ရုပ်ရှင်လောကကို စိတ်နာပြီး စွန့်ခွာသွားနိုင်တယ်။
သူ ရိုက်တာက သရဲကား၊ ဒီကောင်နဲ့ တွေ့မှာ အလွမ်းကားဖြစ်နေချည်ရော…
ဒုက္ခ ဒုက္ခ

6။
ရှားရှားပါးပါး ဂဇက်တက် ရုံးပိတ်ရက်လေးရလို့ နေမြင့်အောင် အိပ်ရမလားမှတ်တယ် မနက် ၇ နာရီလောက်ကျတော့ လာနှိုးပါလေရော… …
“အကို၊ အကို”
“အွင်း… အင်း၊ ဘာတုန်းဟ အောင်ရာဇာရ”
“1818 ဖုန်းကဒ် အပိုရှိရင် ချေးစမ်းပါ၊ အရေးကြီးလို့ပါ”
“အဲဒီ အံဆွဲထဲမှာကွာ၊ ယူသာသွားတော့”
အံဆွဲဖွင့်ပြီး ယူသွားတယ်။
အိမ်ရှေ့ခန်းမှာ စကားပြောနေသံ သဲ့သဲ့ ကြားနေရတယ်။ မြန်မာပြည်နဲ့ ဖုန်းပြောနေတာ နေမှာပေါ့….
ကိုယ်လည်း ဆက်အိပ်မလို့ဟာ၊ နိုးလက်စနဲ့ အပေါ့သွားမလို့ အိမ်သာအသွား၊ အိမ်ရှေ့ခန်းက အဖြတ်၊ အရေးကြီးလို့ဖုန်းကဒ်ချေးသွားတဲ့ကောင် ဖုန်းပြောနေတာကို ကြားလိုက်ရတာကတော့… …
...
...
“ဒါပြီးရင် ဘာဆက်ဆိုပြရမှာလဲ ခေးရဲ့၊ 1818 နဲ့က သီချင်း ၅ပုဒ်လောက်ဘဲ ရမှာ၊ မြန်မြန်ပြောလေ၊ ခေးကြိုက်တာ ဆိုပြမှာပေါ့၊ ကိုကိုက ရုပ်သာချောတာ အသံကျ သိပ်ကောင်းတာ မဟုတ်ဘူး ခေးရဲ့ အဟစ် ဟစ်”
...
...
ကတောက်စ်…
ငါကွာ….
ဒီလိုမှန်းသိ ခုနက ဖနောင့်နဲ့ နရင်းကို ထကန်ပါတယ်
အရေးကြီးလို့ဆိုလို့ အဟုတ်လားမှတ်တယ်
ညစာမနက်စာ ခေါက်ဆွဲခြောက်ထုတ် ပြုတ်သောက်ပြီး ပိုက်ဆံချွေတာတဲ့ကောင်က ခေးကို အဲလေ သူ့ကောင်မလေးကို ဈေးကြီးပေးရတဲ့ ဖုန်းကဒ်နဲ့ သီချင်းများတောင် ဆိုပြနေပါသေးလား… ….
အင်း… ဒါလည်း ဒုက္ခ ဒုက္ခ

သန်၎ကို
23 June 2013
01:45 AM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...