Wednesday, September 25, 2013

ဒီမိုကရေစီအပြောင်းအလဲ စုဖွဲ့မှုများ - နှင့် ဖြစ်တန်ရာ အကျိုးဆက်များ - ကျော်ဝင်း

Kyaw Win Editor in Chief at The Waves Magazine September 14, 2013 at 1:26am
အပြောင်းအလဲကာလ၊ နိုင်ငံရေးအင်အားစုများ
        ဒီမိုကရက်တိုင်ဇေးရှင်း(ဒီမိုကရေစီအပြောင်းအလဲ)ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော“အို-ဒေါ်နယ်”နှင့်“ရှမစ်ထာ”တို့၏အလိုအရ အာဏာပိုင်စနစ်မှ ဒီမိုကရေစီ စနစ်သို့အရွှေ့တွင်အောက်ပါနိုင်ငံရေးအင်အားစု လေးမျိုး သို့မဟုတ် ငါးမျိုးကို တွေ့ရလေ့ရှိပါသည်။(O’Donnell,1979.O’Donnell and Schmitter,1986)
၁။ပြုပြင်ပြောင်းလဲရေးသမားများ(Reformers)
၂။သဘောထားတင်းမာသူများ(Hardliners)
          (ဤနှစ်စုလုံးမှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသူများဖြစ်သည်။ အပြောင်းအလဲကို လိုလား သူများနှင့် ခုခံသူများဟုဆိုနိုင်သည်။ရေဘုယျအားဖြင့်၊ အပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွါးများ ထိခိုက်နစ်နာနိုင်စရာ ရှိသူများမှာ “သဘောထားတင်းမာသူများ”ဖြစ်လေ့ရှိသည်ဟုဆိုပါသည်။)

၃။သဘောထားပျော့ပြောင်းသူများ(Moderates)
၎။အရင်းအမြစ်မှမြေလှန်ပြောင်းလဲလိုသူများ၊သို့မဟုတ်“ရယ်ဒီကယ်များ”(Radicals)
(ဤနှစ်စုလုံးမှာ၊အတိုက်အခံဒီမိုကရက်တစ်အင်အားစုများထဲမှဖြစ်သည်။ဒီမိုကရေစီရည်မှန်းချက်အပေါ်ကွဲလွဲကြသည်တော့မဟုတ်။ဒီမိုကရေစီရရှိရေးဆိုင်ရာ၊မဟာဗျူဟာ၊နည်းဗျူဟာများ၊မတူကြခြင်းသာဖြစ်သည်။သဘောထားပျော့ပြောင်းသူများမှာ၊ရယ်ဒီကယ်တွေလောက်ဒီမိုကရေစီရည်မှန်းချက်မမြင့်ဟုမဆိုနိုင်ပါချေ။)
၅။လက်နက်ကိုင်တပ်ဖွဲ့များ(ArmedForces)
          (ယခင် အာဏာပိုင်စနစ်ဟောင်း၏ ဗဟိုချက်မ နေရာတွင်ရှိခဲ့သောအင်အားစုပင် ဖြစ်သည်။သို့နှင့်တိုင် အပြောင်းအလဲကာလတွင်မူ၊လက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်တိုင်သည်ပင်၊ “ပြုပြင်ပြောင်းလဲရေးသများများ” (သို့မဟုတ်)“အပြောင်းအလဲကိုလိုလားသူများ”ဖြစ်နိုင်သလို၊“သဘောထားတင်းမာသူများ”(သို့မဟုတ်) “သဘောထားတင်းမာသူများနှင့်နီးစပ်သူများ”လည်းဖြစ်နိုင်သည်။မည်သည့်ဘက်နှင့်မှမနီးစပ်တော့ဘဲ “လွတ်လပ်သော အင်အားစု”(autonomous force)အဖြစ် ရပ်တည်သွားသည်လည်းရှိနိုင်ပါသည်။
          ဆိုခဲ့ပါသရုပ်ခွဲစိစစ်ချက်ကို၊မြန်မာ့ဒီမိုကရေစီအပြောင်းအလဲပေါ်တင်ကြည့်လိုက်လျှင်၊တစ်သွေမတိမ်း မဟုတ်သည့်တိုင်နီးစပ်တူညီမှု အချို့ရှိလိမ့်မည်ဟုယူဆရပါသည်။သမ္မတဦးသိန်းစိန်ကမူသူ၏ တစ်နှစ်ပြည့်မိန့်ခွန်းမှာပင်၊“ကျွန်တော်တို့အစိုးရမှာ ခေါင်းမာဂိုဏ်း ၊အပျော့ဂိုဏ်းကွဲနေတာမျိုး မရှိပါဘူး” ဟု အခိုင်အမာပြောခဲ့သည်။လက်ရှိအပြောင်းအလဲဖြစ်စဉ်ကို ၊စတင်ဖွင့်ပေးလိုက်သည်မှာ  ယခင်တပ်မတော် အစိုးရခေါင်းဆောင် (နိုင်ငံတော်အကြီးအကဲလည်းဖြစ်)ကိုယ်တိုင်ဖြစ်ရာ မည်သူမျှပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်မည့်သူမရှိနိုင်ဟုယူဆရပါသည်။(ICG- Report,2012)သို့တစေ ပြောင်းလဲလာသည့် အခြေအနေအောက်တွင် မိမိတို့ အကျိုးစီးပွါးများကိုဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် အတွင်းမှဝင်၍ ပေါ်လစီပုံဖျက်မှုများ၊လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွင်နှေးကွေးလေးလံစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းကြသည်များကား ရှိကောင်းရှိနိုင်ပေသည်။(FroncisFukuyana,2012)
          နဂါးနီခေတ်လောက်မှစ၍ တစ်လျှောက်လုံးလောက်ပင်လက်ဝဲအိုင်ဒီအိုလိုဂျီ တစ်ဘက်သတ်လွှမ်းမိုး တွင်ကျယ်ခဲ့သော မြန်မာ့နိုင်ငံရေးတွင်ကားရယ်ဒီကယ်အစွဲများ နက်နက်ရှိုင်းရှိုင်းပင်ရှိနိုင်ပါသည်။ ပြောရ လျှင၂၀၁၀ရွေးကောက်ပွဲကာလအထိ  မြန်မာ့ဒီမိုကရေစီအင်အားစုများကြားတွင် ထိပ်တိုက်ရင်ဆိုင်ရေးရယ်ဒီကယ်လမ်းကြောင်းကသာ အပေါ်စီးရသလို ရှိနေခဲ့သည်။ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းလောက်မှ သဘောထားပျော့ပြောင်းသူများ၏ ညှိနှိုင်းအဖြေရှာရေး လမ်းကြောင်းကို လူထုကတစ်စုံတစ်ရာသဘောပေါက် လက်ခံလာကြခြင်းဖြစ်သည်။
          မြန်မာ့တပ်မတော်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်ဖြစ်ရာ “လာခြင်းကောင်းသောတပ်မတော်”ဟုဆိုနိုင်ပါသည်။သို့နှင့်တိုင်၁၉၆၂ နောက်ပိုင်း မှစ၍၊အာဏာနိုင်ငံရေး၏ဗဟိုချက်မ ဖြစ်လာခဲ့ရာ၊ လူထုကြားတွင်ရှိခဲ့သောတပ်မတော်အပေါ် ယုံကြည်မှုမှာ တစ်စစ ယိုယွင်းလာခဲ့ရသည်။ ယနေ့အပြောင်းအလဲကာလတွင်ကား တပ်မတော်အနေနှင့်မည်သည့်နိုင်ငံရေးပါတီနှင့်မှ ပတ်သက်ဆက်စပ်မှု မရှိတော့ပဲ သီးခြားလွတ်လပ်သည့် အင်အားစု အဖြစ် ရပ်တည်တော့မည့်ခြေလှမ်းများတွေ့လာရပေသည်။လက်ရှိတပ်မတော်၏ အနေအထားမှာ“ဒို့တာဝန်အရေးသုံးပါး” နှင့်“အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး”အခြေခံပေါ်တွင်သာ ရပ်တည်သွားလိမ့်မည်ဟု မှန်းဆရပါသည်။သေချာသည့်အချက်ကိုဆိုရလျှင်၊တပ်မတော်အနေနှင့်“နိုင်ငံရေးမှတစ်စစ ဆုတ်ခွါရေးဖြစ်စဉ်”(demilitarizalionprocess) ကိုအစပြုနေပြီဖြစ်သည့်တိုင် မြန်မာ့နိုင်ငံရေးတွင်မူ သော့ချက်အခန်းမှာသာကာလတစ်ခုဆက်လက်ရှိနေ
ဦးမည့်သဘော ဖြစ်ပါသည်။

စုဖွဲ့မှုများနှင့်ဒီမိုကရေစီအပြောင်းအလဲ
ဆိုခဲ့ပြီးသောအပြောင်းအလဲကာလ နိုင်ငံရေးအင်အားစုများကြား မည်သို့သော စုဖွဲ့မှုနှင့် မည်သို့သော ဆက်ဆံရေးများမှအောင်မြင်သည့် ဒီမိုကရေစီ အပြောင်းအလဲတစ်ရပ်ထွက်ပေါ်လာနိုင်ပါသနည်း။ အရှေ့ ဥရောပ နှင့်လက်တင်အမေရိကအတွေ့အကြုံများအရ ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားပျော့ပြောင်းသူများကြားကျယ်ပြန့်နက်ရှိုင်းသော နားလည်မှု ရှိမှသာလျင် ဒီမိုကရေစီ အပြောင်းအလဲ တစ်ရပ်လမ်းပွင့်သွားနိုင်စရာရှိပါသည်။ပို၍တိတိကျကျ ဆိုရပါက အောင်မြင်သော ဒီမိုကရေစီအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာဖို့ဆိုလျှင်အောက်ပါအခြေအနေသုံးရပ်ရှိဖို့လိုပါသည်။
၁။ပြုပြင်ပြောင်းလဲရေးသမားများနှင့်သဘောထားပျော့ပြောင်းသူများကြား၊ အကြေအလည်ညှိနှိုင်း ဆွေးနွေးပြီး၊နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်လောက်သည့် အခြေအနေ။
၂။အထက်ပါအနေအထားမျိုးဖြစ်တည်လာစေရန်ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့် ၄င်းတို့၏ တစ်ချိန်ကလုပ်ဖော်ကိုင်ဘက်သဘောထားတင်းမာသူများ၏သဘောတူညီချက်ကိုရယူနိုင်လောက်သည့်အခြေအနေ။အနိမ့်ဆုံးအားဖြင့်သဘောထားတင်းမာသူများကိုအထိုက်အသင့်ပျော့ပြောင်းလာစေရန်ထိန်းနိုင်သိမ်းနိုင်လောက်သည့်အခြေအနေ။
          ၃။သဘောထားပျော့ပြောင်းသူများဘက်မှလည်း၎င်းတို့နှင့်လက်တွဲဖော် ရယ်ဒီကယ်အင်အားစုများကို ထိပ်တိုက်ရင်ဆိုင်မှူများအထိ ကျွံမသွားစေရန်ထိန်းထားနိုင်လောက်သည့် အခြေအနေ - တို့ဖြစ်ပါသည်။ ယုတ္တိ သဘောအရဆိုရလျှင် ဆိုခဲ့ပါအခြေအနေသုံးရပ်အနက်ဒုတိယနှင့်တတိယအခြေအနေတို့ လက်ဦးမဆွက တည်းကရှိနှင့်နေဖို့ လိုပါသည်။သို့မှသာလျှင်ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထား ပျော့ပြောင်း သူများအနှောက်အယှက်အဟန့်အတားကင်းကင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ (Adam Przeworski ,1991)
ဆိုခဲ့ပါ အခြေအနေသုံးရပ် လက်တွေ့ကျကျဖြစ်ပေါ်လာရေးတွင် အဆုံးအဖြတ်အခန်းမှရှိနေသည် မှာလက်နက်ကိုင်တပ်ဖွဲ့များ၏ ရပ်တည်ချက်ပင်ဖြစ်သည်။လက်နက်ကိုင်တပ်ဖွဲများကိုယ်တိုင်ကပြုပြင် ပြောင်းလဲရေးသမားများ ဖြစ်နေလျင်မူ အကောင်းဆုံးပင်ဖြစ်သည်။(ဥပမာ-ပေါ်တူဂီ) အကယ်၍ဤအတိုင်းမဖြစ်ပါက အနိမ့်ဆုံးအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် နီးကပ်သော ဆက်ဆံရေးရှိဖို့လို သည်။သဘောထားတင်းမာသူများကို ထိန်းချုပ်ထားနိုင်သည့်အနေအထားလည်း ရှိဖို့လိုပါသည်။သို့အတွက်ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့် ၄င်းတို့၏ လုပ်ငန်းစဉ်များကို အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်စေရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နားလည်မှုအရယူနိုင်ဖို့ အထူးအရေးကြီးပါသည်။တစ်ပြိုင်နက်တည်းမှာပင်သဘောထားပျော့ပြောင်းသူများအနေနှင့်လည်းမိမိတို့၏ပူးပေါင်းဆောင်ရွက်လိုသောဆန္ဒကို သဘောထားတင်းမာသူများနှင့်လက်နက်ကိုင်တပ်ဖွဲများယုံကြည်လာအောင် ပြသနိုင်ဖို့ အရေးကြီးပါသည်။ ရယ်ဒီကယ်သမားများအာရုံညွတ်လေ့ရှိသော လမ်းပေါ်ဆန္ဒပြပွဲများ ၊စက်ရုံသပိတ်များကို မထိန်းနိုင်လျှင် ယုံကြည်မှုတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်နိုင်ပေသည်။(Stefan Nowak ,1981)

ဖြစ်တန်ရာအကျိုးဆက်များ
          နိုင်ငံတကာအတွေ့အကြုံများအရ ဒီမိုကရေစီအပြောင်းအလဲအတွက် အရေးအကြီးဆုံး အင်အားစုနှစ်ရပ်မှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသော “ပြုပြင်ပြောင်းလဲရေးသမားများ” နှင့်အတိုက် အခံ ဒီမိုကရက်တစ်အင်အားစုများထဲမှဖြစ်သော“သဘောထားပျော့ပြောင်းသူများ”ပင်ဖြစ်သည်။
          ပြုပြင်ပြောင်းလဲရေးသမားများတွင်မဟာဗျူဟာအရ ရွေးချယ်စရာလမ်းနှစ်သွယ်ရှိသည်။ယခင်လုပ် ဖော်ကိုင်ဖက် သဘောထားတင်းမာသူများနှင့်လက်တွဲပြီး အာဏာပိုင်မဟာမိတ်ဖွဲမည်လော...၊ သို့မဟုတ် သဘောထားပျော့ပြောင်းသူများနှင့်လက်တွဲပြီးဒီမိုကရက်တစ်မဟာမိတ်ဖွဲ့မည်လော...။ အလားတူ သဘောထားပျော့ပြောင်းသူများအတွက်လည်း ရွေးချယ်စရာမဟာဗျူဟာ လမ်းနှစ်သွယ်ရှိပါသည်။အာဏာ ပိုင်စနစ်ကို အပြီးအပြတ်ဖြိုဖျက်ရန်အတွက် ရယ်ဒီကယ်များနှင့်မဟာမိတ်ဖွဲ့ပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကိုရွေးမည်လော....၊သို့တည်းမဟုတ်ပြုပြင်ပြောင်းလဲရေးသမားများနှင့် လက်တွဲပြီး ညှိနှိုင်းပြေ လည်ရေးလမ်းကြောင်းကို ရွေးမည်လော....။ဒီမိုကရေစီအပြောင်းအလဲ၏ကံကြမ္မာမှာ၊အဆိုပါ အင်အားစု နှစ်ရပ်၏ ရွေးချယ်မှုအပေါ်မူတည်ပါလိမ့်မည်။ဤသို့မဟာဗျူဟာလမ်းကြောင်းများရွေးချယ်ကြရာတွင် အပြောင်းအလဲ၏အဆုံးအဖြတ် နေရာတွင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့၏ဖြစ်တန်ရာရပ်တည်မှုကို မှန်မှန်ကန်ကန် တွက်ဆနိုင်ရေးမှာလည်း အထူးအရေးကြီးပါလိမ့်မည်။
အောက်ပါဇယားမှာဆိုခဲ့ပါမဟာဗျူဟာ ရွေးချယ်မှုမှလာသော ဖြစ်တန်ရာ စုဖွဲ့မှုလေးမျိုးနှင့် ၄င်းတို့၏ အကျိုးဆက်ရှုမြင်ကွင်းလေးရပ်ကို ညွှန်းပါသည်။(Adam Przeworski,1991)

ရှုမြင်ကွင်း (၁)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်ယခင်လုပ်ဖော်ကိုင်ဘက်သဘောထားတင်းမာသူများနှင့် မဟာမိတ်ဖွဲ့ပြီး ၊သဘောထားပျော့ပြောင်းသူများကလည်း၎င်းတို့နှင့် လက်တွဲဖော် ရယ်ဒီကယ်သမားများနှင့် မဟာမိတ်ဖွဲ့ထားလျှင်ပဋိပက္ခသံသရာဆုံးလိမ့်မည်မဟုတ်ပါ။လက်နက်ကိုင်အင်အားစုအနေနှင့်ကြားနေလျှင်ပင်ပုံစံဟောင်း အာဏာပိုင်စနစ်မှ ရွေ့နိုင်ဖွယ်ရာ မမြင်ပါချေ။
ရှုမြင်ကွင်း (၂)
          ပြုပြင်ပြောင်းလဲရေးသမားများဘက်မှသဘောထားပျော့ပြောင်းသူများနှင့် လက်တွဲပြီး ၊သဘောထား ပျော့ပြောင်းသူများ ကိုယ်တိုင်ကလည်းပြုပြင်ပြောင်းလဲရေးသမားများနှင့် လက်တွဲဖို့သဘောထား ရှိမည်ဆိုလျှင် ၊ အောင်မြင်သောဒီမိုကရေစီအပြောင်းအလဲအတွက် အာမခံချက်ရှိနိုင်ပါသည်။အာမခံချက်ရှိ သော ဒီမိုကရေစီသို့ဦးတည်ဖို့များသည်။နှစ်ဘက်လုံးအနေနှင့် လက်နက်ကိုင် အင်အားစုများနှင့် နားလည် မှုရှိဖို့တော့လိုပါသည်။
ရှုမြင်ကွင်း (၃)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်သဘောထားပျော့ပြောင်းသူများနှင့် လက်တွဲထားသော်လည်း သဘောထားပျော့ပြောင်းသူများကိုယ်တိုင်ကရယ်ဒီကယ်သမားများကို မလွန်ဆန်နိုင်လျှင် (သို့မဟုတ်) ရယ်ဒီကယ်သမားများနှင့်မဟာမိတ်ပြုထားလျှင်လက်နက်ကိုင်အင်အားစု နှင့် ထိပ်တိုက်တိုးနိုင်စရာပိုများ ပါသည်။ကံကောင်းထောက်မ၍ ဒီမိုကရေစီရလျှင်သော်မှရေရှည်ခံနိုင်ဖွယ်ရာ မရှိပါ။အာမခံချက်မရှိသော ဒီမိုကရေစီသာဖြစ်ပါလိမ့်မည်။
ရှုမြင်ကွင်း (၄)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်သဘောထားတင်းမာသူများနှင့်လက်တွဲ မဖြုတ်ရှိနေစဉ်မှာပင် သဘောထားပျော့ပြောင်းသူများဘက်မှပြုပြင်ပြောင်းလဲရေးသမားများနှင့် မဟာမိတ်ပြုနိုင်လျင်မူ၊ “တစ်စုံတရာပျော့ ပြောင်းသောအာဏာပိုင်စနစ်” (liberalized autocracy) ရနိုင်ပါသည်။သို့တစေ ဤအခြေအနေမှာ မတည်ငြိမ်ပါ၊အကောင်းသို့မဟုတ် အဆိုးတစ်ခုခုသို့ ဦးတည်သွားနိုင်သည်။

ဘာအကောင်းဆုံးလဲ
          သေချာသည့်အချက်ကိုဆိုရလျှင်ယခင်အာဏာပိုင်စနစ်ဟောင်းမှ ပြုပြင်ပြောင်းလဲရေးသမားများ
 ဖြစ်စေ ၊ အတိုက်အခံဒီမိုကရေစီအင်အားစုမှ သဘောထားပျော့ပြောင်းသူများဖြစ်စေ ၊ မည်သည့်အင်အားစု မဆို၊ နိုင်ငံရေးအာဏာရယူလိုကြမည်သာဖြစ်ပါသည်။နိုင်ငံရေး၏ သဘောသဘာဝမို့ အပြစ်မဆိုသာပါ။ အဆိုပါ ပြုပြင်ပြောင်းလဲရေးသမားများနှင့်သဘောထားပျော့ပြောင်းသူများအတွက် ဆိုခဲ့ပါရှုမြင်ကွင်းလေးရပ် ထဲမှ မည်သည့်ရှုမြင်ကွင်းကအာဏာရဖို့အလားအလာ ပိုရှိနိုင်သည်ကို တွက်ဆကြည့်ပါမည်။ ဤအတွက် ရှုမြင်ကွင်းတစ်ခုစီ၏နောက်တွင်“ကွင်းစ ၊ ကွင်းပိတ်” ဖြင့်ဖော်ပြထားသော ဂဏန်းနှစ်လုံးမှာ ညွှန်ကိန်းများပင် ဖြစ်သည်။ရှေ့ဂဏန်းမှာပြုပြင်ပြောင်းလဲရေးသမားများအတွက်ဖြစ်ပြီး ၊ နောက်ဂဏန်းမှာ သဘောထား ပျော့ပြောင်းသူများအတွက်ဖြစ်သည်။ဂဏန်းကြီးလေ အာဏာရဖို့အလားအလာ ပိုကောင်းလေဖြစ်သည်။ ဥပမာ - “၄” သည်အလားအလာအကောင်းဆုံး၊ “၁” သည်အလားအလာအနည်းဆုံး -ဟူလို (ဇယားကိုပြန် ကြည့်ပါရန်)
          ရှုမြင်ကွင်း(၁)မှာပြုပြင်ပြောင်းလဲရေးသမားများအတွက်ရော၊သဘောထားပျော့ပြောင်းသူများအတွက် ပါ အာဏာရဖို့အလားအလာနည်းပါသည်။အထူးသဖြင့် သဘောထားပျော့ပြောင်းသူများအတွက်ဆိုလျှင် မရှိ သလောက်ပင်နည်းသည်။ထို့ထက်အရေးကြီးသည်မှာ၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေမည့် ရှုမြင်ကွင်းဖြစ် ပါသည်။
          ပြုပြင်ပြောင်းလဲရေးသမားများအတွက်၊ အာဏာရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၄)ပင်ဖြစ်သည်။ သို့တစေမှာ ဤရှုမြင်ကွင်းမှာလှုပ်နေသည်ဖြစ်၍ ၊ အာဏာရလျှင်ပင် တည်ငြိမ်သော အစိုးရဖြစ်ဖို့ ခက်ခဲနိုင် ပါသည်။ဒီမိုကရေစီအပြောင်းအလဲမှာလည်း ရှေ့မတိုးနောက်မဆုတ် အီလည်လိုက်နေဖို့များပါသည်။ (frozentransition)
          သဘောထားပျော့ပြောင်းသူများအတွက်အာဏာရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၃)ဖြစ်ပါသည်။ သို့တိုင်အောင် ဤရှုမြင်ကွင်းမှာနောက်ကြောင်းပြန်နိုင်ခြေအများဆုံးဖြစ်၍ အကောင်းဆုံးဟု မဆိုနိုင်ပါ။ အကယ်၍ နောက်ကြောင်းပြန်လျှင်သဘောထားပျော့ပြောင်းသူများအတွက် အာဏာရဖို့အသာထား တရားဝင်နိုင်ငံရေးအင်အားစု တစ်ခုအဖြစ်ရပ်တည်ဖို့ပင်ခက်သွားနိုင်သည်။
          ပြုပြင်ပြောင်းလဲရေးသမားများအတွက်ရောသဘောထားပျော့ပြောင်းသူများအတွက်ပါ အာဏာရနိုင် ခြေဆတူဖြစ်ပြီး အာမခံချက်ရှိသော ဒီမိုကရေစီရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၂) ပင်ဖြစ်ပါသည်။ဤနေရာ တွင် အာမခံချက်ဆိုသည်မှာပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားပျော့ပြောင်းသူများအတွက် သာမက၊ လက်နက်ကိုင်အင်အားစုအပါအ၀င် အားလုံးအတွက် အာမခံချက်ရှိရမည်ဖြစ်ပါသည်။လက်နက်ကိုင် အင်အားစုများအနေနှင့်လွတ်လပ်သော ပရော်ဖက်ရှင်နယ်အင်အားစုအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်သလို သဘောထားတင်းမာသူများအနေနှင့်လည်းအမျိုးသားရေးအင်အားစု တစ်ရပ်အဖြစ် ဥပဒေဘောင်အတွင်း လွတ်လွတ်လပ်လပ်လှုပ် ရှားခွင့်ရှိရမည်ဖြစ်သည်။ဆိုရလျှင်နိုင်ငံရေးအင်အားစု အားလုံးအတွက် အကောင်းဆုံးရှုမြင်ကွင်းဖြစ်၍ နတ်လူ သာဓုခေါ်စေနိုင်မည့်အခင်းအကျင်းဖြစ်ပါသည်။
          မြန်မာ့နိုင်ငံရေးအင်အားစုများအနေနှင့်အဆိုပါအကောင်းဆုံးရှုမြင်ကွင်းသို့ ဦးတည်နိုင်စေရန် အမျှော် အမြင်ရှိရှိ ဗျူဟာခင်းနိုင်ကြပါစေသတည်း.......။

                                                                                      ကျော်ဝင်း
                                                                ၁၂၊ စက်တင်ဘာ ၊၂၀၁၃
စာညွှန်း - The Democracy Source Book.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...