Sunday, September 29, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၇ ) သီလပါရမီ ( ခ )

September 28, 2013 at 11:21am
အမှန်စင်စစ် ပါရမီသီလဟူသည် မည်သည့်စည်းစိမ်နှင့် မည်သည့်နတ်ဘုံ ဗြာဟ္မာ့ဘုံကိုမျှ မတမ်းတမတွယ်တာဘဲ ဆောက်တည်ကျင့်သုံးသော သီလပင်ဖြစ်သည်။ စာအသုံးအရပြောရလျှင် ဘဝသမ္ဗတ္တိနှင့်ဘောဂသမ္ဗတ္တိတို့ကို မငဲ့ကွက်ဘဲ ကျင့်သုံးသောသီလဖြစ်သည်။
မှန်၏။ စည်းစိမ်ချမ်းသာနှင့်ဘုံဗိမာန်များ ဋ္ဌာနများကိုတောင့်တ၍ စောင့်သုံးသောသီလသည် စိတ်အားဖြင့်အပြည့်အဝမဖြူစင် မဖြောင့်မတ်နိုင်ချေ။ အကြောင်းကား စိတ်နှလုံးဖြူစင်မှု၊ ရိုးသားဖြောင့်မတ်မှုနှင့် မတပ်မက်မလိုချင်သောအလောဘကိုအခြေခံ၍ စောင့်သုံးသော သီလသာလျှင်ဖြူစင်မြင့်မြတ်၍ ပါရမီသီလဖြစ်နိုင်သော
ကြောင့်တည်း။ တနည်းအားဖြင့်ဆိုသော် စည်းစိမ်ချမ်းသာကိုတောင့်တခြင်းသည် လောဘဖြစ်၍ မတောင့်တဘဲ သီလ
စောင့်သုံးခြင်းသည် အလောဘဖြစ်သောကြောင့် ကုသိုလ်စစ်စစ်ဖြစ်သဖြင့် မြင့်မြတ်၏။ ထိုသို့မြင့်မြတ်သောသီလဖြစ်သော
ကြောင့်ပင် ပါရမီသီလဖြစ်နိုင်လေသည်။ သာမန်သီလတွင် ကိုယ်မှုနှင့်နှုတ်မှုသည်သာ ပဓာနဖြစ်သည်။  ထိုသာမန်သီလကို
အကြောင်းပြု၍ လူ့စည်းစိမ်ကိုလည်း တမ်းတနိုင်သလို နတ်စည်းစိမ်ကိုလည်း တမ်းတနိုင်သည်။ စိတ်ထဲတွင် မကောင်းသည့်
အရာများကိုလည်း ကြံစည်နေနိုင်သည်။ ကောက်ကျစ်စဉ်းလဲမှုသည်လည်း အဇ္ဈတ္တတွင်ဖြစ်နေနိုင်သည်။ ကိုယ်နှင့်နှုတ်နှစ်မျိုးကိုသာ လုံခြုံအောင် အပြင်သို့ပေါက်မထွက်အောင် စောင့်ထိန်းရခြင်းဖြစ်သည်။

   ပါရမီသီလသည်ကား ထိုသို့မဟုတ်ချေ။ ရိုးသားဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးကိုအခြေခံ၍သာ ကိုယ်မှုနှင့်နှုတ်မှုတို့ကို
စောင့်စည်းရသည်။ တနည်းဆိုသော် ကိုယ်မှု နှုတ်မှု စိတ်မှုဟူသော ကံအမှုသုံးပါးလုံးဖြင့်စောင့်ထိန်းရသော သီလသည်
ပါရမီသီလဖြစ်သည်။ သို့ဆိုလျှင်မည်သည့်စည်းစိမ်ကိုမျှ မတမ်းတမမက်မောဘဲ စင်ကြယ်သောစိတ်ကိုသာအခြေခံ၍ ဆောက်တည်ရသော ပါရမီသီလသည် အဘယ်သို့ဦးတည်ပါသနည်း။ အဖြေကား ဗောဓိဥာဏ်သို့သာ ဦးတည်ပါသတည်း။ ထိုဗောဓိဥာဏ်သည်လည်း သာဝကဗောဓိဥာဏ် ပစ္စေကဗောဓိဥာဏ် သမ္မာသမ္ဗောဓိဥာဏ် ဟူ၍သုံးမျိုးရှိလေသည်။ အမှန်စင်စစ် ထိုဗောဓိဥာဏ်ကိုရရှိမှသာလျှင် ဘေးထွက်ဆိုးကျိုးလုံးဝကင်းစင်သော ပျော်ရွှင်မှု ငြိမ်းချမ်းမှု ပြည့်ဝမှုတို့ကို ရနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤဗောဓိဥာဏ်ပညာတော်တို့သည် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ ဖြူစင်ဖြောင့်မတ်သော ပါရမီသီလကိုအခြေခံ၍ ရှာဖွေရရှိခဲ့ခြင်းကြောင့်ပင်တည်း။ ဤအကြောင်း အနည်းငယ်ရှင်းပါမည်။ ကမ္ဘာပေါ်ရှိ ပညာရှင်အချို့ နှင့် စာရေးဆရာအချို့ တို့က ယနေ့ခေတ်သည် Knowledge age ပညာခေတ်ဟုဆိုကြ၏။ ထိုသူတို့ဆိုသည့်အတိုင်း ယနေ့ခေတ်သည် ပညာခေတ်ဟုဆိုက တိုးတက်လာသော ဝိဇ္ဖာသိပ္ဗံစသော ပညာရပ်များကိုထောက်ထား၍ ငြင်း၍မရ မှန်လှ၏။

   သို့သော် ထိုထိုတိုးတက်လာသော ပညာရပ်များကြောင့် ဤကမ္ဘာကြီးပြည့်စုံသွားပြီလော၊ လူသားတို့မျှော်မှန်းသော တည်ငြိမ်မှု အေးချမ်းမှု ပျော်ရွှင်မှုတို့ကိုရော အမှန်တကယ်ရရှိပါပြီလော၊ လူမှုလောကကြီးတစ်ခုလုံး ရည်မှန်းချက်တွေပြည့်ဝနေပြီလော စသည်ဖြင့် စဉ်းစားဘွယ်ပင်ဖြစ်သည်။ အမှန်စင်စစ် ထိုရည်မှန်းချက်များ ပြည့်ဝဘို့ဝေးစွ၊ ပြဿနားများ အတောမသတ်နိုင်အောင်ပင် ဆက်ကာဆက်ကာ ဖြစ်ပွါးနေလေသည်။ တစ်ခုပြီးတစ်ခု ပို၍ပို၍လိုအပ်လာနေသည်သာဖြစ်သည်။ အားလုံးပြီးပြည့်စုံသွားပြီဟူ၍ မရှိသေးချေ။ ကမ္ဘာ့နေရာများစွာ လုပ်ငန်းများစွာ ဋ္ဌာနများစွာဝယ် ထိုထိုလောကီပညာရပ်များကို အသုံးပြု၍ စိတ်ထိခိုက်ဘွယ်ရာများ၊ အနိဋ္ဌာရုံများ စိတ်နှလုံးနာစရာဖြစ်ရပ်ဆိုးများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေကြသည်။  နည်းပညာကိုသုံး၍ ဘဏ်တွေကိုဖောက်သည်။ သူတပါးနိုင်ငံ၏ ထိပ်တန်းလျှို့ ဝှက်ချက်တို့ကို ဖောက်၍ခိုးသည်။ သူတပါးစီးပွါးရေး ကြီးပွါးရေးလုပ်ငန်းများကို နည်းပညာဖြင့် နည်းမျိုးစုံဖျက်သည်။ သည်ထက်မက ဘေးထွက်ဆိုးကျိုးများကား များပြားလှပါဘိတော့သည်။ ဤသည်မှာ သီလကိုအခြေမခံသော
ကိုယ်ကျင့်သီလမဲ့သော ပညာရပ်တို့၏ ဘေးထွက်ဆိုးကျိုးတို့ပင်ဖြစ်သည်။ ဝိဇ္ဖာသိပ္ဗံပညာရပ်များနှင့် နည်းပညာများတိုးတက်
လာမှုကြောင့် လူမှုလောကကြီးတစ်ခုလုံးကို အလျှင်အမြန်အပြောင်းအလဲဖြစ်စေပြီး လူမှုဝန်ဆောင်မှုကိစ္စအဝဝတို့တွင်လည်း အဆင်ပြေချောမွေ့လွယ်ကူမြန်ဆန်လာသည်ကိုတော့ ကြိုဆိုဝမ်းမြောက်ရမည့်ကိစ္စပင်ဖြစ်သည်။ မိမိဆိုလိုသည်မှာသီလကို
အခြေမခံလျှင် ပညာရပ်များမည်မျှပင်တိုးတက်ပါစေ၊ လူသားတို့မျှော်မှန်းသော အရာရာပြီးပြည့်စုံပြီး  ဘေးထွက်ဆိုးကျိုးလုံးဝ
ကင်းသော အခြေအနေသို့လုံးဝမရောက်နိုင်ဟုဆိုလိုခြင်းဖြစ်ပါသည်။

   ထို့ပြင် တိုးတက်လာပါသည်ဆိုသော ပညာရပ်များကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာ ဝိသမလောဘသများအတွက်လည်း အခွင့်အလမ်းများပို၍ပို၍ပေါ်ပေါက်လာစေပြန်သည်။ တစ်ဖန် ထိုပညာရပ်များကိုအသုံးပြု၍ နျူကလီးယားလက်နက်များနှင့် အခြားစွမ်းအားပြင်းလက်နက်များထုတ်လုပ်ကာ ကမ္ဘာကိုမင်းမူ၍ ခြိမ်းခြောက်နေသော ဝိသမလောဘသမားနှင့်ဒေါသသမား
များလည်း ဒုနှင့်ဒေးပင်။ အဆိုးဆုံးမှာ အမှားကိုအမှန်ဟုသိကာ အမှန်ကိုအမှားဟုပြောင်းပြန်သိနေသော မောဟဖြင့် ထိုထိုလောကီပညာရပ်များကို အသုံးပြုလျှက် လူမှုလောကကြီးတစ်ခုလုံးကို ကစဥ့်ကလျားဖြစ်အောင် တည်ငြိမ်မှုပျက်ပြားအောင် ကြံဆောင်လုပ်ကိုင်နေကြခြင်းပင်ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့တိုးတက်လာသော ပညာရပ်များကို လောဘနှင့်လည်းရှာခဲ့သည်။ ဒေါသဖြင့်လည်း ကြိုးစားခဲ့သည်။ မောဟဖြင့်လည်း ပြောင်းပြန်တွေဖြစ်အောင် ကျင့်ဆောင်ခဲ့သည်။ နိုင်ထက်စီးနင်း မတရားလွှမ်းမိုးရာ၌ မရှက်မကြောက်ခြင်းဟူသော အဟီရိက အနောတ္တပ္ဗတို့ဖြင့်လည်း ရက်စက်ခဲ့သည်။ ထို့ကြောင့် သီလကိုသာအခြေမခံလျှင် မည်သည့်လောကီပညာရပ်မဆို ဘေးထွက်ဆိုးကျိုးများ အနည်းနှင့်အများပါရှိမြဲပင်ဖြစ်သည်။

  ဤသို့ဆိုခြင်းကြောင့် လောကီပညာရပ်များသည် လောကအတွက် အန္တရာယ်သက်သက်သာဖြစ်သည်ဟု မဆိုလိုပါ။ လောကီပညာရပ်များကြောင့် ကောင်းကျိုးများဖြစ်ထွန်းခဲ့သည်မှာလည်း လက်တွေ့အထင်အရှားပင်ဖြစ်သည်။ လောကအတွက် လောကီပညာရပ်များသည် လိုအပ်ပါသည်။ ကျေးဇူးများပါသည်။ ကိုယ်ကျင့်သီလမပါလျှင် တွေ့ကြုံဖြစ်ပျက်နိုင်သော အခြေအနေ
တို့ကိုသာဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သီလတရားကိုသာ အခြေခံ၍အသုံးချပါက ထိုထိုလောကီပညာရပ်တို့သည် လူမှုလောကကြီး
တစ်ခုလုံးအတွက် ယခုထက်ပို၍ပို၍ အလွန်တရာပင်တန်ဘိုးရှိမည်ဖြစ်သည်။ လူလောကကြီးသည်လည်း ဒီထက်ပို၍ လှပလာမည်မှာ အမှန်မုချပင်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျင့်နှုတ်ကျင့်ဟူသော သီလတရားကိုအခြေခံထားသော ပညာရပ်တို့သာလျှင် လူသားတို့
မျှော်မှန်းသော ပြီးပြည့်စုံသည့် အခြေအနေသို့ရောက်နိုင်လေသည်။ ထို့ထက် ပါရမီသီလကိုအခြေခံ၍ ကျင့်သုံးခြင်းဖြင့် ကြိုးစားရှာဖွေ
ရယူခဲ့သော ဗောဓိဥာဏ်ပညာသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အလုံးစုံကိုပြီးပြည့်စုံစေနိုင်လေသည်။

   အမှန်စင်စစ် ပါရမီသီလကိုအခြေခံ၍ရရှိလာသော ဤဗောဓိဥာဏ်ပညာတော်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ မိသားတစ်စုအတွက်ဖြစ်စေ၊ လူမှုအဖွဲ့အစည်းအတွက်ဖြစ်စေ၊ ကမ္ဘာလောကအတွက်ဖြစ်စေ၊ အေးချမ်းမှု ပျော်ရွှင်မှု တည်ငြိမ်မှု
တိုးတက်မှု ရင့်ကျက်မှု ပြည့်ဝမှု ချမ်းသာမှုအားလုံးတို့ပါဝင်သော ပြီးပြည့်စုံမှုတို့ကိုသာ အတိပေးလေသည်။  ဤပါရမီသီလသည် ထိုသို့သော ဂုဏ်ပေါင်းခသည့် ဗောဓိဥာဏ်သို့သာ ဦးတည်ချေသည်တကား။ သို့သော်လည်း ဘုရားအလောင်းတော်သည်ပင် နုစဉ်ကာလ ပါရမီဖြည့်စဉ်ဝယ် မကောင်းမှုများ အားလုံးကင်းစင်ခဲ့သည်တော့မဟုတ်ချေ။ အကြောင်းမှာ မကောင်းမှုများ အားလုံးကင်းစင်သွားလျှင် သမ္မာသမ္ဗောဓိဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်ရှိမည်ဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့် စာဖတ်သူတို့လည်း သီလပါရမီကိုဖြည့်ကျင့်ရာဝယ် နိုင်သလောက်တဖြည်းဖြည်း ဖြည့်ကျင့်ရမည်ပင်ဖြစ်သည်။ တစ်ကြိမ်တည်း တစ်ဘဝတည်းဖြင့် စင်ကြယ်ပြည့်စုံစေရန်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ ဘုရားအလောင်းတော်သည် ပါရမီဖြည့်စဉ်ကာလဝယ် မုသာဝါဒသိက္ခာပုဒ်မှလွဲ၍ အခြားသော မကောင်းမှုတို့ကိုကျူးလွန်ခဲ့ဖူးသည်။ သို့သော် ထိုကျူးလွန်မှုတို့သည် သူ့ကိုယ်ကျိုးအတ္တ သူ့မိသားစုအတွက်သက်သက်မဟုတ်ချေ။ လောကကောင်းကျိုးအတွက် အနစ်နာခံ၍ မဖြစ်မနေကျူးလွန်ခဲ့ရသော အကုသိုလ်
တို့သာဖြစ်သည်။ သို့ဖြစ်သောကြောင့်ပင် ပါရမီဖြည့်စဉ်ဝယ် အကုသိုလ်ကံကြောင့် အပါယ်ဘုံတိရစ္ဆာဘဝတို့၌ဖြစ်ရသော်လည်း အကြီးအကဲဘုရင်အဖြစ်နှင့်သာ ကျင်လည်ခဲ့ရသည်။

  ထို့ပြင် အလောင်းတော်သည် သီလကိုအသက်ထက်ပင်ချစ်မြတ်နိုးတော်မူခဲ့သည်။ မှန်၏။ လောကကိုအလွန်ချစ်မြတ်နိုးတော်မူ
သောကြောင့် အသက်စွန့်၍ သီလကိုဖြည့်ကျင့်ခဲ့သည်။ အကြောက်တရားကြောင့်လည်း သီလမပျက်၊ အခြောက်တရားကြောင့်လည်း သီလမညှိုးနွမ်းခဲ့ပေ။ ထို့ပြင် ရာထူး အာဏာ စည်းစိမ် ဂုဏ်ပကာသနစသော လာဘ်လာဘဖြင့်စွဲဆောင်ခြင်းကြောင့်လည်း သီလကို
အပျက်မခံ၊ လူအများစု၏ မြှင့်တင်မြှောက်စားမှုကြောင့်လည်း အောက်ခြေလွတ်ကာ သီလမပျက်ပြယ်၊ ဂုဏ်သတင်းထင်ပေါ်ကျော်စော
မှုကြောင့်လည်း ဘဝင်သွေး နားထင်ရောက်ကာ သီလကိုအညှိုးနွမ်းမခံပေ။ ပါဠိလိုဆိုရသော် လာဘ သက္ကာရ သိလောကတို့ကြောင့် သီလကိုအပျက်မခံ အထိခိုက် အညှိုးနွမ်းမခံခဲ့ပေ။ အသက်နှင့်သီလထိုနှစ်မျိုးတွင် တစ်ခုခုကိုရွေးချယ်ရမည့်အခြေအနေသို့
ဆိုက်ရောက်လာလျှင် အသက်ကိုစွန့်လွှတ်ကာ သီလကိုပင်ရွေးချယ်လေသည်။ ဥပမာအားဖြင့် စမရီမည်သော သားကောင်သည် သူ၏အသက်ကိုစွန့်ကာ အမြီးကိုစောင့်ရှောက်သကဲ့သို့လည်းကောင်း၊ ယစ်မသည်သူ၏အသက်ကိုစွန့်ကာ ဥကိုစောင့်ရှောက်
သကဲ့သို့လည်းကောင်း၊ သားတစ်ယောက်တည်းသာရှိသောမိခင်သည် ထိုသားကိုယုယုယယစောင့်ရှောက်သကဲ့သို့လည်းကောင်း၊ မျက်စိတစ်ဖက်သာရှိသောသူသည်လည်း ထိုမျက်စိတစ်ဖက်ကို ဂရုတစိုက်စောင့်ရှောက်သကဲ့သို့လည်းကောင်း ဘုရားအလောင်းတော်
သည်လည်း သီလကို အသက်နှင့်လဲ၍စောင့်ရှောက်တော်မူခဲ့သည်။ ဤသည်မှာလည်း လောကအတွက်ပင်ဖြစ်သည်။ အံ့သြဘနန်း ချီးမွမ်း၍ ကြည်ညိုလေးစားထိုက်လှပါဘိ။ သို့သော် မိမိတို့သာမန်လူမှုလောကအမြင်တွင်မူ အသက်ထက်မြတ်တာဘာမျှမရှိဟူသော
စကားအတိုင်း အသက်ရှင်သန်ရေးကိုသာဦးစားပေးကြလေသည်။ ပြောင်းပြန်လန်၍ ကွာချင်တိုင်းကွာခြားလှချေ၏တကား။

ထို့ပြင် အဘယ်တရားတို့ကား သီလမည်သနည်းဟူမူ ၁။ ကာယဒုစရိုက် ဝစီဒုစရိုက်တို့မှရှောင်ကြဉ်သောသူ၏ သန္တာန်၌ဖြစ်သော စေတနာ၊ ၂။ ဝတ်ကြီးဝတ်ငယ်တို့ကို ဖြည့်ကျင့်သောသူ၏ သန္တာန်၌ဖြစ်သော စေတနာ၊ ကာယဒုစရိုက် ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်သော ဝိရတီစေတသိက် သုံးပါး၊ ၃။ အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိတည်းဟူသော မနောသုစရိုက်တရားသုံးပါး၊ ၄။ သံဝရတရားငါးပါး၊ ၅။ အဝီတိက္ကမခေါ်သည့် စောင့်ထိန်းအပ်သောသိက္ခာပုဒ်ကို မလွန်ကျူးသောအခါ၌ဖြစ်သော ကုသိုလ်စိတ် စေတသိက်အားဖြင့် ဤတရားငါးစုတို့သည် သီလမည်သည်။ ဤတရားစုတို့ကို သီလဟုခေါ်ဆိုရသည်။  အဘယ့်ကြောင့် သီလခေါ်သနည်းဟူမူ ၁။ ကာယကံမှု ဝစီကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့နူးညံ့အောင် ကောင်းစွာ
ထားတတ်သောကြောင့်လည်းကောင်း၊ ၂။ ကာမကုသိုလ် ရူပကုသိုလ် အရူပကုသိုလ် လောကုတ္တရာကုသိုလ်တည်းဟူသော ကုသိုလ်လေးမျိုးတို့ အဆင့်ဆင့်ဖြစ်ပွါးအောင် အခြေခံအကြောင်းရင်းအဖြစ်ဖြင့် ကောင်းစွာရွက်ဆောင်တတ်သောကြောင့်
လည်းကောင်း သီလဟုခေါ်သည်။

  သီလ၏သဘောလက္ခဏာသည် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို ဖရိုဖရဲမရှိရဘဲ တည်ငြိမ်သေသပ်အောင် ယဉ်ကျေးသိမ်မွေ့အောင် ကောင်းစွာထားပေးခြင်းသဘောလက္ခဏာရှိသည်။ မှန်၏။ ကိုယ်ကျင့်သီလရှိသောသူ၏ အပြုအမူ အပြောအဆိုမှန်သမျှတို့သည်
ယဉ်ကျေး တည်ငြိမ် သေသပ်လှသည်။  တနည်းအားဖြင့်ဆိုသော် ကုသိုလ်တရားများ ဖြစ်ပွါးရခြင်း၏ မူလအခြေခံအကြောင်းရင်း
သဘောလက္ခဏာရှိသည်။ သီလ၏ အလုပ်ကိစ္စသည် ကိုယ်မစောင့်စည်းခြင်း နှုတ်မစောင့်စည်းခြင်း အစရှိသောသီလကင်းမဲ့သူ၏
အဖြစ်ကို ဖျက်ဆီးခြင်းအလုပ်ကိစ္စဖြစ်သည်။ သီလဆောက်တည်သူကို သီလတည်မြဲအောင်ဆောင်ရွက်သည့်အလုပ်ကိုလုပ်သည်၊ ရိုင်းပြသူကို ယဉ်ကျေးသူဖြစ်အောင်ဆောင်ရွက်သည် ဟုဆိုလိုသည်။ အပြစ်ကင်းသောဂုဏ်နှင့်ပြည့်စုံအောင် ဆောင်ရွက်တတ်သည့် သမ္ဗတ္တရသ ( ကိစ္စ ) လည်းဖြစ်သည်။ သီလကိုပညာရှိသူတော်ကောင်းတို့ဆင်ခြင်သောအခါ ထိုသူတော်ကောင်းတို့၏ဥာဏ်၌
သီလဟူသည် ကာယကံ ဝစီကံ မနောကံမှုတို့၏ စင်ကြယ်ခြင်းပါကလားဟု သိမြင်လာတတ်သည်။ သီလကျင့်သုံးဘို့ရန်အနီးကပ်ဆုံး
သောအကြောင်းမှာ မကောင်းမှုပြုလုပ်ပြောဆိုရမည်ကို ရှက်ခြင်း ဟိရီ၊ မကောင်းမှုကိုပြုလုပ်ပြောဆိုရမည်ကိုကြောက်ခြင်း သြတ္တပ္ဗ
တရားနှစ်ပါးသာလျှင်ဖြစ်သည်။ မှန်၏။ မကောင်းမှုကိုမကြောက်မရှက်သောသူသည် ကိုယ်ကျင့်သီလကိုကျင့်သုံးနိုင်မည်မဟုတ်ချေ။ မကောင်းမှုကျူးလွန်ရမည်ကို ရှက်ခြင်းကြောက်ခြင်းဖြစ်မှသာ ကိုယ်ကျင့်တရားကိုကျင့်သုံးနိုင်မည်ဖြစ်ပေသည်။

ကိုယ်ကျင့်သီလကိုကျင့်သုံးခြင်းကြောင့် ရရှိမည့်အကျိုးအာနိသင်ကားများပြားလှသည်။ ၎င်းတို့မှာ ကိုယ်ကျင့်သီလကိုစောင့်ထိန်းသူ၏ စိတ်နှလုံးကိုသာယာရွှင်လန်းစေနိုင်ခြင်းဟူသော နုသောပီတိပါမောဇ္ဖ၊ ထိုမှတစ်ဆင့် ရင့်သောပါမောဇ္ဖနှစ်သက်ခြင်းကိုခံစားရရှိသည်။  ထိုမှ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းခြင်း ပဿဒ္ဓိတရားကိုခံစားရသည်။ ထိုမှဆက်၍ ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းသုခကိုခံစားရသည်။ ထိုကိုယ်ရောစိတ်ပါ ချမ်းသာသူမှာ တည်ကြည်ခြင်းသမာဓိကို ရရှိနိုင်သည်။ သမာဓိရှိသောသူမှာ သဘာဝကိုဟုတ်တိုင်းမှန်စွာသိသော ယထာဘူတဥာဏ်ကိုရရှိနိုင်သည်။ ထိုဥာဏ်ဖြစ်သူသည် ဝဋ်ဒုက္ခ သင်္ခါရတို့၌ ငြီးငွေ့ခြင်း နိဗ္ဗိန္ဒတည်းဟူသော ဗလဝဝိပဿနာဥာဏ်ကို
ဖြစ်စေနိုင်သည်။  ထိုအားကောင်းသောဝိပဿနာဥာဏ်ဖြစ်သူသည် တပ်မက်စွဲလမ်းခြင်းကင်းသော မဂ်တရားကိုဖြစ်စေနိုင်သည်။  ထိုမဂ်တရားဖြစ်သူသည် ဝိမုတ္တိဟုဆိုအပ်သော အရတ္တဖိုလ်ကိုရစေ ဖြစ်စေနိုင်သည်။ ထိုအရဟတ္တဖိုလ်တရားကိုရသူသည် မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ဆင်ခြင်ခြင်း ပေစ္စဝေက္ခဏာဥာဏ်ဖြစ်လေတော့သည်။ ထိုပေစ္စဝေက္ခဏာဥာဏ်ဖြစ်သူသည် ခန္ဓာအကြွင်းမရှိ
တော့ဘဲ ပရိနိဗ္ဓာန်ကို မျက်မှောက်ပြုနိုင်လေတော့သည်။  ဤသို့လျှင် သီလ၏အာနိသင်ကား နိဗ္ဗာန်ရောက်သည်အထိ ကြီးမားများပြားလှသည်။ ထို့ပြင် လောကီကောင်းကျိုးများလည်းမျာစွာရှိသေးလေ၏။ သီလ၏ကောင်းကျိုးတို့ကား ဤသို့ပင်
များပြားလှပါဘိ။ ဤနေရာ၌ သီလ၏အကျိုးကျေးဇူးတို့ကို အကုန်အစင်မဖေါ်ပြနိုင်တော့ပါ။ ဤမျှဆိုလျှင် သီလ၏အကျိုးကျေးဇူးသည်
အလွန်တရာကြီးမားကြောင်း စာဖတ်သူများ သိနိုင်ကြပေပြီ။ အချုပ်အားဖြင့် ပါရမီသီလဟူသည် မိမိအတွက် မည်သည့် စည်းစိမ်
ချမ်းသာကောင်းကျိုးကိုမျှ မမျှော်ကိုး မတမ်းတဘဲ လောကကောင်းကျိုးအတွက် အနစ်နာခံကာ ဖြည့်ဆည်းခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရိုးရိုးသာမန်သီလကိုဖြစ်စေ ပါရမီသီလကိုဖြစ်စေ မိမိနှင့်လောက၏ ကောင်းကျိုးကို လိုလားသူမှန်သမျှကျင့်ဆောင်
အပ်ပါ၏။ ကျင့်ဆောင်ကြပါရန်လည်း တိုက်တွန်းအပ်ပါ၏။

 ( ဆက်လက်ဖေါ်ပြပါမည် )

Director of Religious Education

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...