Monday, September 30, 2013

တပ်ဦးမကျွံသင့်ပါ

Ye Moe's photo.

မဆလ ခေတ် အဆုံးသတ်ခါနီး အချိန်တုန်းက သမ္မတတွေ တစ်ယောက်ပြီးတစ်ယောက်
ဖြုတ်ခနဲ ဖြုန်ခနဲ ထွက်ပေးရတာ မှတ်မိကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင်အချိန်လေး
မှာဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။


ဦးစိန်လွင် သမ္မတရာထူးယူလိုက်တဲ့အချိန်မှာ စိန်လွင်ခြောက်တန်း တဇောက်ကန်း
သောက်ရမ်းမလုပ်နဲ့ ဆိုတဲ့ အော်သံတွေ ရန်ကုန်တစ်မြို့လုံးညံပါတယ်။ ဦးစိန်လွင်လည်း
အခြေအနေကို မထိန်းနိုင်ခဲ့ပါဘူး။

ဒီအကြောင်းတွေ ပြန်ပြောနေရခြင်းက တပ်ဦးကျွံခဲ့လို့ ....
ကျွန်တော်တို့တွေ ဒုက္ခတွင်းထဲ မှာနှစ်ရှည်လများ နစ်ခဲ့ရတဲ့ အကြောင်းကို သတိရစေချင် လို့ပါ။ နောက်ထပ် အမှားတွေ ကျူးလွန်မိကြပြီး
လိုရခရီးမရောက် ဖြစ်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင် လူထုအုံကြွမှုကြီးရဲ့
အရှိန်အဟုန်က ကြီးမားလွန်းလို့ ဘယ်လိုမှ အရှိန်မထိန်းနိုင်ဖြစ်ခဲ့ပါတယ်။ဦးစိန်လွင်ကို ရာထူးကနေ
လူထုအင်အားနဲ့ဖြုတ်ချခဲ့တဲ့အထိ ဘာမှပြသနာမရှိသေးပါဘူး။လူထုအောင်ပွဲခံတော့မယ့်ဆဲဆဲလို့ ပြောနိုင်ပါတယ်။


အဆိုးဆုံးကတော့ ဒေါက်တာမောင်မောင်သမ္မတရာထူးယူလိုက်တဲ့အချိန်ပါပဲ။ ကျွန်တော်တို့
တပ်ဦးကျွံခဲ့ပါတယ်။ ဒေါက်တာမောင်မောင်က ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပေးမယ်၊ ပါတီစုံစနစ်ကို
ထူထောင်မယ်လို့ ကတိပေးပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုတောင်မှ
အတူတကွ ပျော်ပျော်ပါးပါး အုတ်မြစ်ချကြဖို့ ကမ်းလှမ်းပါတယ်။ဦးမောင်မောင်ရဲ့ ကတိစကားတွေအားလုံးကို ယုံကြည်ခဲ့သင့်တယ်လို့ ကျွန်တော်လုံးဝ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အရပ်သားသမ္မတတစ်ယောက်လည်းဖြစ် ဥပဒေပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ ဦးမောင်မောင်ကို ကျွန်တော်တို့ သုံးလလောက်များ အခွင့်အရေးပေးပြီး
စောင့်ကြည့်ခဲ့ရင် ကျွန်တော်တို့(နိုင်ငံ ) အခြေအနေတစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တာ မုချဖြစ်ပါတယ်။ ဒါပေမယ့် နဖူးပြောင်ပြောင်ဦးမောင်မောင် အရူးထောင်ကိုပို့လိုက် ဆိုတဲ့ ကြွေးကြော်သံနဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲဆိုတဲ့ ပါတီစုံဆိုတဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ကြပါတယ်။


စစ်တပ်က အာဏာမသိမ်းခင်အချိန်လေးအထိ လူထုရဲ့ တော်လှန်ရဲတဲ့ စိတ်ဓါတ်နဲ့ အင်အားဟာ အမြင့်ဆုံးအနေအထားမှာရှိပါတယ်။ စစ်တပ်က ပစ်ခပ်နှိမ်နင်းပြီးတဲ့အခါမှာ အင်အားတွေ ကစဉ်ကလျားဖြစ်ခဲ့ရပါတယ်။ဒေါက်တာမောင်မောင်လက်ထက်မှာ
နိုင်ငံရေးသမားတွေက လူထုကို နားချစည်းရုံးနိုင်ပြီး အထွေထွေသပိတ်ကြီးကို ခေတ္တခန ရပ်နားထားလိုက်မယ်ဆိုရင် လူထုရဲ့ စွမ်းပကားကြီးမားလှတဲ့ အင်အားဟာ တိုင်းပြည်မှာအရေးကြုံလာတိုင်းအရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါ်ထွက်လာနိုင်မှာအသေအချာပါ။
ကျွန်တော်တို့ဦးမောင်မောင်ရဲ့စကားကို လက်ခံပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီး ရွေးကောက်ပွဲတစ်ခုကိုဖြတ်သန်းခဲ့မယ်ဆိုရင် ၊အဲဒီရွေးကောက်ပွဲမှာ
လိုချင်တဲ့ အဖြေကိုမရခဲ့ရင် လူထုရဲ့ စည်းလုံးညီညွတ်စွာ ကြီးမားပြင်းထန်နေတဲ့ စွမ်းအားကြီးကို အချိန်မရွေးလှုပ်နှိုးထကြွနိုင်မှာ သေချာပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ တပ်ဦးကျွံခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ လူထုအင်အားကို ၈၈ တုန်းကလို ပြန်လည်စုစည်းဖို့ရာခက်ခဲသွားခဲ့ရုံမျှမက
အကြောင်းတရာများစွာကြောင့် ဒီမိုကရေစီရေးနှောင့်နှေးခဲ့ရတာ ဒီကနေ့ အထိဖြစ်ပါတယ်။ ကျွန်တော်တို့ ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။

နောက်တစ်ခါတပ်ဦးကျွံခဲ့တဲ့ဖြစ်ရပ်တစ်ခုကို ထပ်ပြောပါရစေ။ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့တဲ့ ကိစ္စပါ။ ကျွန်တော်တို့ဟာနိုင်ငံတကာထောက်ခံမှုကို ပါဝါတစ်ခုလိုမှတ်ယူခဲ့ပါတယ်။ ညီလာခံကနေ လူထုကိုယ်စားလှယ်တွေနှုတ်ထွက်လိုက်ရင် ညီလာခံပျက်မယ်၊
တပ်က စီစဉ်တဲ့ အခြေခံဥပဒေပျက်မယ် လို့ မှတ်ယူခဲ့ပါတယ်။ (ဒီနေရာမှာ ၉၀ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုတာ၊အာဏာမလွှဲတာမှန်တယ်လို့
အာဏာရှင်ဘက်ကနေထောက်ခံပြောဆိုလိုရင်းမဟုတ်ကြောင်း သိစေလိုပါတယ်။ အာဏာရှင်ခေတ်တုန်းက အာဏာရှင်စနစ်ရဲ့ထုံးတမ်းစဉ်လာအတိုင်း
အာဏာနဲ့ အနိုင်အထက်ပြုခဲ့တာ အမှန်ပါ။ ဒါပေမယ့် အာဏာရှင်စနစ်အဆုံးသပ်ပြီးဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ လက်တွေ့ကျတဲ့ချဉ်းကပ်မှုတွေလိုပါတယ်။)
အာဏာရှင်အစိုးရက အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးပါတယ်။ လူထုကိုယ်စားလှယ်တွေ ညီလာခံကထွက်သွားတော့ ညီလာခံကို ရပ်ပစ်လိုက်ပါတယ်။
အချိန်ဆွဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့က ဖိအားတွေပေးဖို့ တတ်နိုင်သလောက်လုပ်ပါတယ်။ အစိုးရကို ပိတ်ဆို့မှုတွေ ပြည်တွင်းပြည်ပကနေ ညာသံပေးပြီးလုပ်ခဲ့ပါတယ်။
အစိုးရက သူလုပ်ချင်တဲ့ အချိန်ကျမှ ညီလာခံကို ပြန်စဖို့လုပ်ပါတယ်။ အခြေအနေကို စိတ်ကြိုက်ဖန်တီးပါတယ်။ နောက်ဆုံး ၂၀၀၈ အခြေခံဥပဒေပေါ်လာပါတယ်။
နှစ်ကာလကြာရှည်စီးပွားပျက်ပြီး လူထု မွဲသွားပါတယ်။
လက်တွေ့မှာ လုပ်လို့ရနိုင်တာကို စဉ်းစားပြီးဖိနှိပ်ခဲ့တာ ကို ဘယ်ဒီမိုကရက်တစ်မှ တရားမျှတတယ်လို့ မခံယူပါဘူး။ လက်တွေ့ ကျကျ ပြသနာကို ချဉ်းကပ်ဖြေရှင်းဖို့
ဖြစ်နိုင်တာကနေ အကောင်းဆုံးစတင်ဖို့ ဆိုလိုရင်းသာဖြစ်ပါတယ်။)

ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန် ဆိုသလိုပါပဲ။ အာဏာရှင်နဲ့ ကျွန်တော်တို့ အင်အားက မြင့်မိုရ်တောင်နဲ့ ခါချဉ်ကောင်လောက်ကွာခြားခဲ့လေတော့
အခြေအနေဖန်တီးခွင့်က အာဏာရှင်ရဲ့လက်ထဲမှာပဲရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးခဲ့တယ်လို့မပြောနိုင်ပေမယ့် ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါတယ်။ ခေတ်ပြောင်းတော်လှန်ရေး
တစ်ခုမှာ ပေးဆပ်ရတာ မဆန်းလှပေမယ့် လိုအပ်တာထက် ပမာဏာအလွန်များပြားစွာ ပေးဆပ်ခဲ့ရပါတယ်။ တစ်နိုင်ငံလုံး ပေးဆပ်ခဲ့ရတာပါ။ တပ်မတော်လည်းပါဝင်ပါတယ်။
တပ်မတော်ဆိုတာ ပြည်သူ့တပ်မတော်ပါ။ ပြည်သူနဲ့တပ်မတော်အကြား အထင်အမြင်များတိမ်းစောင်းခဲ့ရခြင်းဟာ တပ်အတွက်ရော လူထုအတွက်ပါ ဆုံးရှုံးနစ်နာမှုကြီးဖြစ်ပါတယ်။

အခု တပ်ဦးကျွံမယ့်ကိစ္စတစ်ခု ခေတ်စားနေပြန်ပါပြီ။ အခြေခံဥပဒေအသစ်ရေးဆွဲရေးဆိုတဲ့ ကိစ္စပါ။ လက်ရှိကာလမှာလုံးဝ မဖြစ်သင့်တဲ့ ကိစ္စဆိုတာ ရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။
ဒါဟာ တိုင်းရင်းသားလူထုတစ်ရပ်လုံးရဲ့အကျိုး၊ ဒီမိုကရေစီရဲ့အကျိုးနဲ့ ပြည်သူ့တပ်မတော်ရဲ့အကျိုးတို့ကို လိုလားလို့ ပြောရခြင်းဖြစ်ပါတယ်။
တပ်နဲ့ လူထုအကြားတိုးတက်လာတဲ့ အခြေအနေကို မထိပါးစေချင်ပါဘူး။

ရှင်းရှင်းပြောရရင် လက်ရှိအနေအထားကို တပ်ကခွင့်ပြုခဲ့တာပါ။ ဖြေလျှော့ပေးခဲ့တာပါ။ ကျွန်တော်တို့မှာ အခြေအနေကိုပြောင်းပြန်လှန်လောက်တဲ့ အင်အားမရှိသေးပါဘူး။
လက်ရှိအခြေအနေကိုပြောင်းပြန်လှန်ပြီးတပ်နဲ့ လူထု ပြန်ကျောခိုင်းစေမယ့် အဖြစ်မျိုးဖန်တီးတဲ့ လုပ်ရပ်မျိုးရှောင်ရှားကြရပါလိမ့်မယ်။ တပ်ကို အမြင်ကြည်လင်ဖို့လိုပါတယ်။
တပ်ခေါင်းဆောင်တွေမှာ ကျွန်တော်တို့နဲ့ မတူတဲ့ နိုင်ငံရေးအမြင်ရှိပါတယ်။ သူတို့ကြိုးစားအားထုတ်နေတာလည်းအသေအချာဖြစ်ပါတယ်။ လက်တွဲထားတာက ကန်ထုတ်ဖို့ကြိုးစားတာထက်
ပိုလက်တွေ့ကျပါတယ်။လက်ရှိမှာ တပ်ကိုကန်ထုတ်ရင် ကန်ထုတ်တဲ့သူပဲ လွင့်ထွင်သွားနိုင်ပါတယ်။ တပ်အကြိုက်လိုက်ပြောတယ်မထင်ပါနဲ့။ ကျွန်တော်လည်း လွှတ်တော်ထဲမှာ တပ်ကလူတွေထိုင်နေတာ
သဘောမကျပါဘူး။အဲသလိုသဘောမကျလို့ဘဲ သူတို့ လွှတ်တော်ထဲကနေလိုလိုချင်ချင်ထွက်သွားမယ့် နည်းလမ်းကို လက်ခံကြစေချင်တာပါ။ လွှတ်တော်ထဲကနေ တပ်ကထွက်သွားပြီဆိုတဲ့အချိန်ဟာ
ဟိုးလွတ်လပ်ရေးခေတ်က တပ်နဲ့ ပြည်သူစည်းလုံးချစ်ခင်မှုမျိုးပြန်ရတဲ့အချိန် ဒီမိုကရေစီဟာလည်း အပြည့်အဝထွန်းကားတဲ့အချိန် ဖက်ဒရယ်ပဲဖြစ်စေ တခြားစနစ်တစ်ခုပဲဖြစ်စေ အကောင်းဆုံးပြဌာန်းနိုင်ပြီး
လူထုတစ်ရပ်လုံးတန်းတူညီမျှ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမှု ရမယ့်အချိန်ဆိုတာ လုံးဝသေချာပါတယ်။ သွေးထွက်သံယိုတွေ၊ ဆင်းရဲဒုက္ခတွေ၊ ပြသနာတွေ၊ ဆုံးရှုံးနစ်နာမှုတွေ များလှပါပြီ။ ရာဇဝင်သမိုင်းဆိုးကြီးကို ပြန်ကျော့မယ့် အလုပ်တွေ မလုပ်မိစေချင်တော့ပါဘူး။ နည်းလမ်းလည်း ရှိနေပြီ မျှော်လင့်ချက်လည်းရှိနေပြီဖြစ်လို့ လက်တွေ့ကျကျ စိတ်ရှည်လက်ရှည် စည်းလုံးညီညွတ်မှုကို ဦးတည်ပြီး ပန်းတိုင်ကို အတူတကွပဲ အရောက်လှမ်းဖို့ ကြိုးပမ်းသင့်ပါပြီ။

တပ်က လက်ရှိအခြေခံဥပဒေကို လက်ရှိအချိန်မှာ လုံးဝအထိပါးခံမယ်မဟုတ်ပါ။ တပ်ရဲ့ ပဓါနအကျဆုံးတာဝန်ဆိုတာ သတိပြုသင့်ပါတယ်။
ပြင်ဖို့အတွက်က တပ်ရဲ့ သဘောတူညီမှုရဖို့ သေချာပါတယ်။ နိုင်ငံရေးကို တစ်ဆင့်ချင်း ရှေ့တိုးဖို့ ( တပ်ကတစ်ဆင့်ချင်းနောက်ဆုတ်ဖို့ ) လက်ခံပြီးသားဖြစ်ပါတယ်။
အခု အခြေခံဥပဒေကိုပြင်ဖို့ဆိုတာ တောင်မှ တစ်ဆင့်ချင်းသာစဉ်းစားသင့်ပါတယ်။ အခုလောလောဆယ်မှာ လက်တွေ့ဖြစ်နိုင်တာက ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။
ဖက်ဒရယ်ကိစ္စနဲ့ ၂၅% ကိစ္စကို ခနထားရမှာဖြစ်ပါတယ်။ လုပ်လို့လည်း လောလောဆယ်မရပါဘူး။ ( ဖက်ဒရယ်မရသင့်ဘူး၊ ၂၅%ကိုလည်းလက်ခံရမယ်လို့ လုံးဝ မရည်ညွှန်းပါ)
အချိန်မတန်သေးကြောင်းပြောလိုရင်းပါ။ ဖြစ်နိုင်ရင်တော့ ဒီမိုကရေစီ အခုရရင် အကောင်းဆံုးးပါ။ဒါပေမယ့် အခြေအနေအချိန်အခါအရ မဖြစ်နိုင်သေးတာကြောင့် သတိပေးရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်မှာလည်းတစ်ကယ်တမ်းက အဆင်သင့်မဖြစ်သေးပါဘူး။ တပ်ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ဒီမိုကရေစီရေးအတွက် ထိထိရောက်ရောက် ရိုးရိုးသားသားအသုံးချရမယ့်အချိန်ပါ။
နောက်ပြန်မလှည့်ဘဲနဲ့ ဒီမိုကရေစီသေချာပေါက်ရချင်ရင် တပ်ရဲ့ အင်အားကို ဒီမိုကရေစီတည်ဆောက်ရေးမှာ အသုံးချခွင့်ပေးရပါလိမ့်မယ်။
တပ်ရဲ့နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီဝိုင်းဝန်းတည်ဆောက်ရေးရည်မှန်းချက်ကို အပြည့်အဝလက်သင့်ခံလိုက်တာနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ထိထိရောက်ရောက်တစ်ဆင့်ချင်း
တက်လှမ်းလို့ ရမှာသေချာပါတယ်။ သံသယတွေကျန်နေသရွေ့ ကြနေဦးမှာမုချပါ။ တပ်ကို အဆိုးမြင် အပြစ်ပြောနေတဲ့သူတွေကျန်နေသေးသရွေ့ တပ်က နိုင်ငံရေးကနေ အလုံးစုံဆုတ်ခွာဖို့
မျှော်လင့်လို့လုံးဝမရနိုင်ပါဘူး။

လူထုလည်းအောင်ပွဲမခံရသေးပါဘူး။ ဒီမိုကရေစီလည်း အဝေးကြီးလိုပါသေးတယ်။ပိုမဝေးစေချင်တဲ့ စိတ်သဘောထားနဲ့ သတိပေးလိုရင်းဖြစ်ပါတယ်။
ဒီမိုကရေစီအပြည့်အဝရအောင် အရင်ဆုံးဦးတည်သင့်ပါတယ်။ စစ်မှန်တဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီထူထောင်နိုင်တာနဲ့ ၂၅% လည်းလွှတ်တော်ထဲမှာ မရှိနိုင်တော့ပါဘူး။
ဖက်ဒရယ်လည်း သေချာပေါက်ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်နဲ့လူထုလည်း ချမ်းသာနေမှာ ဖြစ်ပါတယ်။ နိုင်ငံတကာအလယ်မှလည်း ထည်ထည်ဝါဝါဖြစ်နေပါလိမ့်မယ်။
နိုင်ငံရေးပါတီများနဲ့ တပ်မတော်တို့လည်း လူထုနဲ့ အတူ အောင်ပွဲခံနိုင်မှာအသေအချာမို့ ဘယ်သူမဆို အခြေအနေ အချိန်အခါအရ လောလောဆယ်မှာ တပ်ဦးမကျွံသင့်ပါကြောင်း။ ။

( ပိုက်တင် )
( the voice weekly , today issue )
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...