Monday, September 30, 2013

ရှေ့နေလိုင်စင်ပြန်ပေးသည့်ကိစ္စ မိဘပြည်သူများထံ အသိပေးပန်ကြားခြင်း

September 29, 2013 at 10:47pm
 
(၁) ရှေ့နေလိုင်စင်ပြန်ပေးဖို့ အမိန့်စာ

ကျွန်တော်မောင်ဖိုးဖြူ(ခ)မောင်ရန်နိုင်အောင် ကို အထက်တန်းရှေ့နေလိုင်စင်ပြန်ပေးဖို့ အမိန့်စာ ထုတ်ပြန်ထားတာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ ကြေညာချက် တွေ့ကြောင်း မိတ်ဆွေအချို့က အကြောင်းကြားပါတယ်။
ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ သွားစုံစမ်းတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြန်ထုတ်ပေးတာဖြစ်တယ်လို့ အတည်ပြုပါတယ်။

(၂) အဓမ္မအလုပ်စေခိုင်းမှုနှင့် ဆက်နွယ်တဲ့ထောင်ချပြီး လိုင်စင်သိမ်းကိစ္စ

၂၀၀၈ခုနှစ်၊ နှစ်ကုန်ပိုင်း မကွေးတိုင်း၊ နတ်မောက်နယ်မှာ ကြက်ဆူပင်အဓမ္မစိုက်ခိုင်းပြီး စစ်တပ်က မြေသိမ်းယူမှုဖြစ်ခဲ့ပါတယ်။ အဲဒီအမှုကိုဆက်မလိုက်စေချင်တာကြောင့် ကျွန်တော့်ကို Law firm ဖွဲ့စည်းမှုနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးပြီး မကွေးမြို့နယ်၊ တရားရုံးက ထောင်(၄)နှစ်ချမှတ်ခဲ့ပါတယ်။ ကျွန်တော်ထောင်ကျသွားပေမယ့် ကျွန်တော်လိုက်ခဲ့တဲ့အမှုကတော့ မြေဧက(၁၀၀၀၀)တစ်သောင်းကျော် တောင်သူတွေပြန်ရခဲ့ပါတယ်။

(၃) Law Firm လုပ်ရတဲ့ကိစ္စ

တကယ်တော့ Law Firm ဆိုတာ ဥပဒေပညာအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဆိုလိုတာပါ။ Firm ဆိုတာ လုပ်ငန်းလို့လည်း အဓိပ္ပါယ်ထွက်သလို အစုအဖွဲ့လို့လည်း အဓိပ္ပါယ်ထွက်ပါတယ်။ Law Firm ဆိုတာကို အစိုးရပညာရှိရဲမင်းကြီးတွေက လိုသလိုအဓိပ္ပါယ် ကောက်ပြီး တရားစွဲတော့တာပါဘဲ။ ၂၀၀၇ခုနှစ်၊ သံဃာ့အရေးအခင်းမှာ အဖမ်းခံရတဲ့သံဃာတော်တွေနဲ့ တတ်ကြွဆောင်ရွက်သူတွေကို အမှုလိုက်ပါဆောင်ရွက်ပေးဖို့ ဥပဒေပညာအသက်မွေးဝမ်းကျောင်းလုပ်ငန်း Law Firm Business ကို စီစဉ်ရတာဖြစ်ပါတယ်။ ရှေ့နေနည်းနည်းပါးပါးလောက်နဲ့ပဲ စုပြီး အမှုလိုက်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဒီအလုပ်တွေကို ပညာရှင်ခ၊ ရှေ့နေလိုက်ခပုံပေးမယ်ဆိုရင်တောင် အမှုလိုက်ပေးမယ့်ရှေ့နေက အရှားသားရယ်။ သံဃာ့အရေးခင်းက အမှုတွေနောက်ပိုင်းမှာ အဓမ္မမြေသိမ်းအမှုကို ရှေ့နေဆက်လိုက်ဖြစ်ခဲ့ပါတယ်။

(၄) အဓမ္မအလုပ်ခိုင်းမြေသိမ်းအမှုလိုက်မိလို့ ထောင်ကျ

အဓမ္မအလုပ်ခိုင်းမြေသိမ်းတဲ့မှုခင်းမှာ ရှေ့နေသွားလိုက်ပေးမိလို့ အဲဒီ Law Firm လုပ်ငန်းလုပ်ကိုင်မှုနဲ့ မကွေးအာဏာပိုင်တွေက ဖမ်းတော့တာပါဘဲ။ ILO ကောင်းမှုနဲ့ (၁)နှစ်(၂)လ ပဲ ထောင်ကျပြီးပြန်လွတ်လာပါတယ်။

(၅) လိုင်စင်သိမ်းကျောင်းထုတ်ခံရ

ထောင်ကနေ လွတ်လွတ်ချင်းပဲ ၂၀၁၀ခုနှစ်၊ မတ်လ(၁၀)ရက်နေ့မှာ ရှေ့နေလိုင်စင်သိမ်းခံရပါတယ်။ ဒါ့အပြင် မဟာဥပဒေပညာ(နိုင်ငံတကာဥပဒေအထူးပြု၊ ဒုတိယနှစ်)ဆက်တက်ခွင့်ကိုလည်း ပိတ်ပင်ပြီး ယနေ့ထိ ကျောင်းထုတ်ခံနေရဆဲဖြစ်ပါတယ်။ နိုင်ငံခြားသွားပညာသင်ဖို့လည်း ခရီးသွားလက်မှတ် ခုထိထွက်မလာသေးပါဘူး။

(၆) စစ်အစိုးရကြောင့် ပိုကြိုးစား

ဖိနှိပ်တဲ့အစိုးရကို ကျွန်တော်ပိုကျေးဇူးတင်မိပါတယ်။ အသက်မွေးဝမ်းကျောင်းခွင့်၊ ပညာသင်ကြားခွင့်၊ ခရီးထွက်ခွင့်အားလုံးပိတ်ပင်ခံရပါတယ်။ ကျွန်တော်တောဆင်းပြီး မြေယာဥပဒေတွေရဲ့ ထွက်ပေါက်တွေအကြောင်း လယ်သမားတွေကို သွားဆွေးနွေးဖြစ်ပါတယ်။ မြေယာမှုခင်းတွေကို တည်ဆောက်ပြီး လွှတ်တော်ထံသို့ ဥပဒေသုံးသပ်ချက်တွေပို့ပါတယ်။ သမ္မတရုံးကိုလည်း အစီရင်ခံပါတယ်။ သောက်ကျိုးမထူးတဲ့အမှုတွေဆိုရင် တရားရုံးတင်ပြီး တရားမမှုတွေကို တရားစွဲပေးပါတယ်။ ကျွန်တော့်မှာ ရှေ့နေလိုင်စင်မရှိတော့ လယ်သမားတွေရဲ့ အထူးကိုယ်စားလှယ်လွှဲစာယူပြီး ဥပဒေအခွင့်ရကိုယ်စားလှယ်အဖြစ် ကိုယ်တိုင်တရားစွဲပေးခဲ့ပါတယ်။ ရှေ့နေအတတ်ပညာလည်း တတ်ပြီးသားဖြစ်လို့ ရှေ့နေလောက်နီးပါးအလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်လုပ်ခွင့်မရနိုင်တဲ့ အချို့အပိုင်းတွေမှာ ရှေ့နေအချို့ကို ငှားရမ်းပြီး ကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်ပါတယ်။

(၇) ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်း

ကျွန်တော်က လက်လုပ်လက်စားရှေ့နေလေးတစ်ယောက်ပါ။ ထောင်မကျခင်ကရော၊ ထောင်ကျပြီးနောက်ပိုင်းမှာပါ၊ လိုင်စင်ရှိစဉ်ကရော၊ လိုင်စင်အသိမ်းခံရပြီးနောက်ပိုင်းမှာပါ ကျွန်တော်တတ်တဲ့ဒီဥပဒေပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ အခုလိုင်စင်ပြန်ထုတ်ပေးတဲ့အချိန်ထိဆိုရင် သိမ်းသွားတာ (၃)နှစ်နဲ့(၆)လကျော်ကြာမြင့်ခဲ့ပါတယ်။ ဒီကြားထဲ ကျွန်တော်ဥပဒေအတိုင်ပင်ခံလုပ်ငန်းလေးလုပ်ကိုင်ပြီး ကျွန်တော်သိတဲ့ဥပဒေအသိနဲ့အတတ်ပညာကို တိုင်ပင်ဆွေးနွေးပေးရင်း ပညာအပေါ် မှီခိုအသက်မွေးဝမ်းကျောင်းခဲ့ရပါတယ်။ အချို့အမှုတွေမှာဆိုရင်လည်း ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ရင်း ပညာရပ်ဆိုင်ရာစီမံခန့်ခွဲခကို မှီခိုအသက်မွေးဝမ်းကျောင်းရပါတယ်။ လိုင်စင်သိမ်းခံထားရတဲ့(၃)နှစ်နဲ့(၆)လအတွင်း လိုင်စင်မဲ့ဥပဒေပညာသည်လေးတစ်ယောက်ဟာ တစ်နိုင်ငံလုံးမှာ လယ်ဧကကိုးထောင်ကျော် တစ်သောင်းနီးပါးလောက် လက်ငုတ်စိုက်ပျိုးခွင့်အခြေအနေရောက်အောင် ဥပဒေကြောင်းအရ  ဆောင်ရွက်ပေးခဲ့ပြီးပါပြီ။ ကျွန်တော်နဲ့ပတ်သက်တဲ့ လယ်သမားအများစုလည်း စိုက်ပျိုးအသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်ထဲကို ပြန်ရောက်နေကြပါပြီ။ အချို့အမှုတွေလည်း ရှုံးဆဲ၊ ရှုံးလတ္တံ၊ ရင်ဆိုင်ဆဲ၊ ရင်ဆိုင်လတ္တံ ဘဲ ဖြစ်ပါတယ်။ ကျွန်တော် ဥပဒေပညာနဲ့အသက်မွေးဝမ်းကျောင်းတဲ့အချိန်တွေထဲမှ အချို့ရက်တွေကို စရိတ်လုံးဝမတတ်နိုင်တဲ့လယ်သမားအမှုသည်တွေအတွက် အသုံးပြုပေးခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းအချိန်ထဲမှ ပရဟိတအလုပ်ကို မျှလုပ်တာလောက်ဘဲဖြစ်ပါတယ်။ တစ်နိုင်လုပ်နိုင်သလောက်ကလေးကို စရိတ်ရန်ပုံငွေရှိသလောက်လေးနဲ့ အမှုအကန့်အသတ်လောက်နဲ့ဘဲ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင် ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့ အိုးအိမ်ရုံးရှေ့မှာ အမှုတင်ပြဖို့ဆောင်ရွက်ရင်း အဖမ်းခံရသေးတာ၊ တရားတစ်ဘောင်အမှုရင်ဆိုင်ခဲ့ရသေးတာ။

(၈) ပရော်ဖယ်ရှင်နယ်ကျင့်ဝတ်

ကျွန်တော့်မှာ လိုင်စင်ရှိစဉ်ကရော၊ လိုင်စင်မရှိတော့တဲ့နောက်ပိုင်းမှာပါ ရှေ့နေတစ်ယောက်ထားရှိရမယ့် ကျင့်ဝတ်အတိုင်းဘဲ နေထိုင်ကျင့်ကြံအသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ ကိုယ့်အမှုသည်မှာ ဘယ်လောက်ပဲအားနည်းနေနေ၊ ဘယ်လောက်ပဲသက်သေခံအထောက်အထားမဲ့မဲ့၊ ဘယ်လောက်ပဲချို့တဲ့နေပါစေ၊ ကိုယ့်အမှုသည်ဘက်မှာဘဲ တစ်စိုက်မတ်မတ်ရပ်တည်ခဲ့ပါတယ်။ ကိုယ့်အမှုသည်မှာ ရထိုက်ခွင့်ရှိတဲ့အခွင့်အရေးနဲ့တရားမျှတမှုဟာ မြူမှုန်မျှလောက်ဘဲ သေးငယ်နေပါစေ၊ အဲဒီအခွင့်အရေးနဲ့တရားမျှတမှုအတွက် စွမ်းစွမ်းတမံ ခုခံကာကွယ်အရေးဆိုပေးခဲ့ပါတယ်။ ဘယ်တုန်းကမျှ လှေနံနှစ်ဖက်မနင်းခဲပါဘူး။ ဘယ်ခြံစည်းရိုးပေါ်မှလည်း ခွမထိုင်ခဲ့ပါဘူး။ ဟိုလိုလို၊ ဒီလိုလို၊ ဟိုဟာလည်းမှန်၊ ဒီဟာလည်းမှန်၊ ဟိုမရောက်၊ ဒီမရောက် ရွှေပြည်အေးလည်းမလုပ်ခဲ့ပါဘူး။ ကိုယ့်အမှုသည်ဘက်က စွမ်းစွမ်းတမံ၊ ထက်ထက်မြက်မြက်၊ တရားမျှတမှုရှိရှိနဲ့ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာကွယ်ဖို့၊ ဥပဒေအတတ်ပညာကို အသုံးပြုရင်းနှင့်ဘဲ အားထုတ်ခဲ့ပါတယ်။

(၉) လိုင်စင်ပြန်ရတဲ့ရှေ့နေကလေးနှင့် မိဘပြည်သူတို့ဆက်ဆံရေးဘယ်သို့

ကျွန်တော်ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်းမှုကာလတစ်လျှောက် ကျွန်တော့်ပညာရပ်အပေါ် အားပေးခဲ့ကြတဲ့ကျွန်တော့်ရဲ့ထမင်းရှင်မိဘပြည်သူတွေကို လေးစားစွာပန်ကြားအပ်ပါတယ်။ နိုင်ငံတော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျွန်တော့်ရဲ့ အထက်တန်းရှေ့နေလိုင်စင်ကို ပြန်ပေးပါပြီ။ အဓမ္မအလုပ်စေခိုင်းမှုနဲ့ဆက်နွယ်ပတ်သက်ပြီး အမှုလိုက်ပေးရင်း ထောင်ကျလိုင်စင်သိမ်းခံရတာဖြစ်ပေမယ့် ILO ရဲ့ အလုပ်သမားညီလာခံနှစ်စဉ်တိုက်တွန်းချက်တွေထဲမှာ ကျွန်တောာ့်အမှုဖြစ်စဉ်သုံးသပ်ချက် ပါတာကလွဲလို့ ရန်ကုန်မှာရှိတဲ့ ILO ရုံး ဆက်သွယ်ရေးအရာရှိမစ္စတာစတိမာရှယ်က ဘာတစ်ခုမှ လုပ်ကိုင်ဆောင်ရွက်ပေးခြင်းမရှိပါ။ ကျွန်တော်ကလည်း အလုပ်သမားကိစ္စတွေနဲ့ ILO ရုံးကို အကြိမ်ကြိမ်ရောက်ခဲ့ပေမယ့် ကျွန်တော့်လိုင်စင်ကိစ္စပြောဆိုဆွေးနွေးအကူအညီတောင်းခံခဲ့ခြင်းမရှိခဲ့ဘူးပါ။ ကုလသမဂ္ဂလက်အောက်ခံအထူးအေဂျင်စီအဖွဲ့အစည်းကြီးဖြစ်ပေမယ့် အစိုးရမျက်နှာကြည့်ပြီး ပူးပေါင်းဆောင်ရွက်ရေးအကြောင်းပြလုပ်ကိုင်နေရတာဖြစ်နေတော့အရေးဆိုမိရင် ILO အရာရှိတွေ အစိုးရနဲ့မျက်နှာပျက်နေရမှာ စိုးရိမ်လွန်းလို့ ကိုယ့်ကိစ္စကိုထည့်မပြောတော့ပါ။ မိဘပြည်သူများခင်ဗျာ ကျွန်တော်တို့၊ ခင်ဗျားတို့ ဟိုနိုင်ငံတကာအဖွဲ့အစည်းယောင်ယောင်၊ ဒီနိုင်ငံတကာအဖွဲ့အစည်းယောင်ယောင်၊ ဟိုအစိုးရလုပ်ပေးနိုးနိုး၊ ဒီအစိုးရတတ်လာ မျှော်ကိုးနိုးနိုး လုပ်ရမယ့်အချိန်မဟုတ်တော့ပါဘူး။ အကူအညီတွေဆိုတာလည်း နောင်(၃)နှစ်အလွန် ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်ဒေသကို ကုယ့်နည်းကိုယ့်ဟန်နဲ့ အကျိုးပြုကြရတော့မှာပါ။ အခုကတည်းက နောင်(၃)နှစ်အလွန် အများပြည်သူအကျိုးပြုနိုင်ရေးအတွက် မိမိကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်ဆောင်ရွက်ရင်း၊ ကိုယ့်ထမင်းကိုယ်ရှာစားရင်း၊ ကိုယ့်ခြေထောက်ပေါ်ရပ်တည်ရင်း၊ ကိုယ့်ကိုယ်ပိုင်အစွမ်းအစနဲ့ ကိုယ့်အရည်အချင်းကို ကိုယ်ကိုးစားရင်း၊ ကိုယ့်ပရော်ဖက်ရှင်နယ်ကျွမ်းကျင်မှုနဲ့ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင်ကိုဘဲ တိုင်းပြည်ကို ချစ်လှချည်ရဲ့ ကိုယ်ကျိုးစွန့်ချင်လှချည်ရဲ့ ကြွေးကြော်နေစရာမလိုဘဲ တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။

လေးစားစွာဖြင့်

ကိုဖိုးဖြူ
အထက်တန်းရှေ့နေ နှင့် ဥပဒေအတိုင်ပင်ခံ
စဉ်-၂၃၈၁၅
Purple Equity Law Frim
(လုပ်ငန်းမှတ်ပုံတင်အမှတ်-၄/၁၀၂၀၈)
အမှတ်-၆၂/၆၄၊ ဒုတိယထပ်၊ (၄၂)လမ်း၊ ဗိုလ်တထောင်မြို့နယ်။
ဖုန်း-၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...