Sunday, September 29, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၄)

September 27, 2013 at 11:59pm
ဘိုတင့်(ရာပြည့်) သီချင်းသွင်းတော့ ကျနော်က မိုးကျော်နဲ့ ခဏခဏလိုက်သွားဖြစ်တယ်၊ မေ စတူဒီယိုမှာ၊
Aces နဲ့ သွင်းတဲ့ သူ့စီးရီးတွေ၊ သူဆိုတဲ့အထဲ ကျနော်ကြိုက်တဲ့သီချင်းတွေက ညဘက်အဆောင်တွေမှာ အမြဲတရင်းတနှီးကြားပြီးသား တေးရေးကိုမောင်မောင်တို့ ကိုရဲတို့ သီချင်းတွေ၊ ကိုယ်မငိုတတ်တော့ဘူး၊ ပန်းခရမ်းပြာ၊ ပန်းဇာတ်သိမ်း၊ ညီမလေးရေ စဉ်းစားစမ်း၊ နာမည်ပျက်လူဆိုး၊ နဒီမင်္ဂလာ၊ မပုံလို့လဲပုံခဲ့တယ်....
အဆောင်ညတွေမှာ ကိုရဲ၊ ကိုမောင် သူတို့ကိုယ်တိုင်ရေးပြီးဆိုခဲ့ကြတဲ့သီချင်းတွေပေါ့၊ အဲဒီအချိန်တွေတုန်းက သူတို့ရေးပြီး ဘယ်သူ့မှမရောင်းသေးခင် သူတို့ကိုယ်တိုင်ဆိုကြတော့ နားထောင်ရတဲ့အရသာက အခွေထွက်ပြီးမှ နားထောင်ရတာနဲ့ ကွာတယ်၊ မတူဘူး၊ နောက်တခုက အဆောင်နောက်ဖက်ညဥ့်နက်ပိုင်းတွေမှာ လရောင်နဲ့ လွတ်လွတ်လပ်လပ်ဆိုကြတီးကြတဲ့အချိန်တွေလဲဖြစ်ခဲ့တာကိုး...တကယ်လွမ်းစရာကောင်းတဲ့သီချင်းတွေပါ။

မိုးကျော်က ဘိုတင့်(ရာပြည့်) ကို သူငယ်ချင်းသံယောဇဉ်ကြီးတယ်၊ သီချင်းတိုင်းကို တကယ်စေတနာအပြည့်နဲ့တီးပေးခဲ့တယ်၊ ဒါတောင်အဲဒီအချိန်က သူက Second Lead သမား၊ ဘိုတင့် ရဲ့သီချင်းတွေမှာ သေချာနားထောင်ကြည့်၊ Lead Slide ကစားထားတာတွေက မိုးကျော်လက်ရာတွေ၊ အတီးသမားတွေအားလုံးပြီးသွားပေမဲ့ မိုးကျော်က ဘယ်တော့မှ အားမရဘူး၊ သူထပ့်ဖြည့်တီးတာအမြဲပဲ...။
ဘေ့စ်တီးတဲ့ ကိုဗစ် (ကိုဇာလျမ်း)၊ Drum တီးတဲ့ အော်စကာသန်းတင် ကလဲ စေတနာအပြည့်ပါ၊
သူသီချင်းသွင်းတာတွေအချိန်စောပေမဲ့ အခွေတကယ်ထွက်ရတဲ့အခါ အချိန်တွေတော်တော်နောက်ကျတယ်၊

သူတို့ Aces တီးဝိုင်းက မင်္ဂလာဆောင်တွေမှာတော့ လက္ခံတီးပေးတယ်၊ တခါသား ကျနော်မိုးကျော်နဲ့ အင်းယားလိပ်ဟိုတယ်မှာ တီးတာလိုက်သွားဖူးတယ်၊ မှတ်မိတဲ့သီချင်းစာသားက "ယနေ့မှစ၍ ကြင်သူနှစ်ဦးအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ" ဆိုတာလေးပါ၊ တပုဒ်လုံးတော့ကျနော်မရပါဘူး၊ မှတ်မိတဲ့စာသားတကြောင်းထဲပါ၊ ဒါပေမဲ့ ဘာသာအားလုံးရဲ့ ဘုရားသခင်ကိုရည်ရွယ်ပြီးစပ်ထားတဲ့သီချင်းလို့ ယူဆပါတယ်၊ ဘယ်သူရေးခဲ့တယ်ဆိုတာတော့ကျနော်မိုးကျော်ကိုမမေးမိခဲ့ဘူး။

Aces အဖွဲ့က သီချင်းစီးရီးတွေကိုလက်ခံပြီး နောက်ခံတီးဝိုင်းအနေနဲ့တီးပေးတာများတယ်၊ အဲဒီအချိန်ကာလတွေမှာ Stage Show တွေခေတ်စားနေတဲကအချိန်ပေါ့၊ Play Boy၊ E Machine၊ The King၊ The Wild Ones၊ ဒါပေမဲ့ Aces က Stage Show တခါမှမတီးဘူး၊ မိုးကျော်မဆုံးခင် ၁၉၈၄ ခုနှစ် ရွှေတိဂုံဘုရား အနောက်ဖက်မုဒ် တပေါင်းပွဲမှာ Stage Show တီးဖို့စီစဉ်ထားတယ်၊ အဲဒါ Aces ရဲ့ ပထမဆုံး Stage Show ပွဲပါ၊ Aces တီးဝိုင်းအဖွဲ့သားတွေအတွက် ဝတ်စုံ အဖြူရောင်ကုဒ်အင်္ကျီဘောင်းဘီ ဝမ်းဆက်တွေတောင်ချုပ်ပြီးကြပြီ၊ မိုးကျော်နဲ့ကျနော်က RC2 မှာစာမေးပွဲ နှစ်ခါကျပြီးပြီဆိုတော့ စာပေးစာယူပြောင်းတက်ကြဖို့ လုပ်နေကြတဲ့အချိန်၊ သူ  စတူဒိယိုမှာတီးရတဲ့အပိုင်းတွေအားတဲ့အချိန်ကျ စာပေးစာယူသွားလျှောက်ကြမယ်ဆိုပြီးတိုင်ပင်ထားကြတယ်၊ ၁၉၈၄ ခုနှစ်ဖေဖေါ်ဝါရီထဲမှာ၊ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ မင်းသားစီးရီးသွင်းတဲ့ရက်ပိုင်းတွေ ကျနော်တို့နှစ်ယောက်မြေနီကုန်းတပင်ရွှေထီးရုပ်ရှင်ရုံဘေးက ညလုံးပေါက်ဖွင့်တဲ့ လ္ဘက်ရည်ဆိုင်မှာဆုံကြတယ်၊ ညတိုင်းနီးပါးပါပဲ၊ တခါတခါ ဘေ့စ်ဂစ်တာတီးတဲ့ ကိုဗစ် (ကိုဇာလျမ်း) က ဘေးမှာထိုင်ပြီး ကျနော်တို့တိုင်ပင်တာကိုနားထောင်တတ်တယ်၊
နွဲ့ယဉ်ဝင်းရဲ့ မင်းသားစီးရီးသွင်းတဲ့နောက်ဆုံးညမှာ ကျနော်တို့နှစ်ယောက် ရွှေတောင်ကြားလမ်းထဲမှာ တိတ်ဆိတ်တဲ့ညသန်းခေါင်ကျော် လမ်းလျှောက်ကြရင်း ကျနော်တို့နှစ်ယောက်ရဲ့ ပညာရေးအတွက် စာပေးစာယူကျောင်းဆက်တက်ကြဖို့တိုင်ပင်ကြပြန်တယ်၊ အဲဒီအချိန်မှာ ကျနော်ကလဲ ပန်းချီဆရာရူးရူးနေတဲ့အချိန်ပါ၊ ရန်ကုန်တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲတွေနဲ့ ကံ့ကော်ရွာ၊ Wild Eyes စတဲ့ပန်းချီပြပွဲတွေမှာ ဝင်နွဲနေတဲ့အချိန်ပါ၊ မိုးကျော်က သူ နွဲ့ယဉ်ဝင်းရဲ့ မင်းသားစီးရီးမှာ တီးတဲ့အပိုင်းပြတ်ပြီဆိုတော့ အားပြီဖြစ်လို့ နောက် ၃ ရက်နေရင် RASU ဝင်းထဲက ဦးချစ်လ္ဘက်ရည်ဆိုင်မှာ နေ့လည် ၁၂ နာရီဆုံဖို့ချိန်းတယ်၊

ကျနော်တို့အဲဒီညကပြောတဲ့စကားတွေမှာ မိုးကျော်ပြောတဲ့စကားတွေက တချို့ထူးဆန်းနေတယ်၊ ကျနော့်ကို သူ့ ခံစားချက်တွေရင်ဖွင့်နေတာ၊ လူတွေကိုသူ သိပ်မယုံကြည်တော့တဲ့အကြောင်း၊ သူဘယ်လောက်ပဲ တခြားသူတွေအပေါ်ကောင်းကောင်း သူ့အပေါ်မှာနားလည်မှုမပေးကြတဲ့အကြောင်းတွေရင်ဖွင့်တာပါ၊ မင်းကျော်ခိုင်ရာ တချို့သူတွေက စေတနာနဲ့ မတန်ကြဘူးကွာ..၊ နောက် ဘွဲ့လက်မှတ်မရှိရင် ငါတို့ဘဝက လူရာမဝင်တော့ဘူးလား၊ ဘွဲ့ လက်မှတ်ရှိပြီး ပညာမတတ်တဲ့သူတွေနဲ့ ငါ ဘယ်လိုမှ ဆက်ဆံလို့မရတော့ဘူးကွာ...၊ဘာပဲဖြစ်ဖြစ်လေ မင်းနဲ့ငါ ကျောင်းပြန်တက်မယ်၊ ဒို့ ဦးချစ်ဆိုင်မှာဆုံမယ်၊ ပြီးရင် စာပေးစာယူသွားလျှောက်ကြမယ်ကွာ.........။
(အဲဒီစကားတွေ သူ ကျနော့်ကို မထင်မှတ်ပဲနောက်ဆုံးပြောသွားတဲ့စကားတွေပါ)
 နောက်နှစ်ရက်နေတော့ ကျနော်အိမ်မှာရှိနေတုန်း ကိုရဲတို့ကိုတိုးတို့နဲ့ ခရမ်းပြာအဆောင်မှာအတူနေတဲ့ ကိုစိုးထွန်း ကျနော့်အိမ်ရောက်လာတယ်၊ မျက်နှာမကောင်းဘူး၊ မိုင်ကျော်ခင်း... ရော့ သတင်းစာ ဖတ်ကြည်လိုက်အုန်း နာရေးစာမျက်နှာကို တဲ့၊ ကျနော့အမေက အသံကြားလို့ မီးဖိုခန်းကနေထွက်လာပြီး သား ဘယ်သူဘာဖြစ်လို့လဲလို့မေးတော့ သူငယ်ချင်းလာတာအမေ လို့ပြောပြီး သတင်းစာဖတ်ကြည့်လိုက်တော့ နာရေးသတင်းမျက်နှာမှာ မောင်မိုးကျော် (အသက် ၂၆ နှစ်) တဲ့ ... ၁၉၈၄ ဖေဖော်ဝါရီလထဲမှာ (ရက်တော့မမှတ်မိဘူး)၊ သတင်းလာပေးတဲ့ ကိုစိုးထွန်းလဲ မိုးကျော်ဆုံးပြီးမကြာခင်သူလဲ ဆုံးရှာတာပါပဲ။
မိုးကျော်ဆုံးသွားပုံအကြောင်း ရင်းနှီးတဲ့သူငယ်ချင်းတွေပြောပြတာက.....
မိုးကျော်အိမ်ပြန်သွားပြီး သူ့အမေကိုပြောတယ် အမေ သားတို့ တပေါင်းပွဲ Stage Show နီးပြီအမေ၊ သားရဲ့ ဝတ်စုံ အဖြူရောင်ဝမ်းဆက်ကို အမေ သ ထားပေးနော်လို့ သူ့အမေကိုပြောပြီး သူ့အခန်းထဲဝင်သွားတာ ညပိုင်းထမင်းစားချိန်လဲပြန်ထွက်မလာ၊ ခေါ်လို့ တံခါးခေါက်လဲမရတာကြောင့် သူ့ညီမက အိမ်ဘေးကနေပါတ်ပြီး သူ့အခန်းမှန်ပြူတင်းပေါက်ကကြည့်လိုက်တော့ သူ့လက်မှာ သွေးကြောတွေဓါးနဲ့ဖြတ်ထားပြီး သွေးအလူးလူးဖြစ်နေတာမြင်တော့ အခန်းတံခါးဖျက်ပြီး မိုးကျော်ကို ချက်ခြင်းဆေးရုံပို့ကြတယ်၊ ဒါပေမဲ့ မိုးကျော် သွေးလွန်တာများပြီး ဆေးရုံကဆရာဝန်တွေလဲ မကယ်နိုင်ခဲ့ကြပါဘူး၊ မိုးကျော်အိမ်က ကမ္ဘာအေးဘုရားလမ်းက ကြည်အေးကိတ်မုန့်တိုက်ဘေးကအိမ်ပါ။

ကျနော်နဲ့မိုးကျော်လဲ ဦးချစ်ဆိုင်မှာ ပြန်မဆုံနိုင်ကြတော့ပါဘူး...
ကျနော်လဲ ကျောင်းဆက်မတက်ဖြစ်တော့ပါ။
မိုးကျော်ဆုံးတော့  ၁၉၈၄ ဖေဖော်ဝါရီ သူ့အသက် ၂၆နှစ် (၁၉၅၈ ဖွား)
ဘိုတင့် (ရာပြည့်) ဆုံးတော့ ၂ဝဝ၉ ခုနှစ် ၊ ဒီဇင်ဘာ (၉)ရက်နေ့၊ သူ့အသက် ၅၄နှစ် (၁၉၅၅ ဖွား)

ဘိုတင့်က မိုးကျော်ဆုံးတော့ မိုးကျော်ကိုအမှတ်တရအနေနဲ့ သီချင်းရေးပြီးဆိုတယ်၊ ဘယ်အခွေထဲမှာလဲတော့ကျနော်မမှတ်မိဘူး..သီချင်းနာမည်က "တေးမြုံငှက်သို့ တမ်းချင်း"
သူတို့နှစ်ယောက်က ခိုင်ထူး၊ ရီဇော်တို့ရဲ့ တေးမြုံငှက်နဲ့ စ ခဲ့ကြတာလေ....

အဲဒီနှစ်မှာ Aces ရဲ့ ရွှေတိဂုံဘုရားတပါင်းပွဲမှာ တီးမဲ့ Stage Show အစီအစဉ်ဖျက်လိုက်ပါတယ်။

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...