Monday, September 30, 2013

ဂျင်မီနှင့်အောင်နက်......


ခြံဝင်းထဲ ၀င်လိုက်တာနဲ့ မလှမ်းမကမ်းကနေ မျက်နှာလေးမော့....
အမြီးကို ဘယ် - ညာ အဆက်မပြတ် ယမ်းပြီး
တအီအီနဲ့ ကြိုနေတဲ့ ခွေးလေးကို တွေ့ရတယ်.....



``သခင်ပြန်လာပြီလား...၊ နေကောင်းရဲ့လား...၊ လုပ်ငန်းတွေ အဆင်ပြေရဲ့လား...၊ မောပမ်းလာသလား....၊ ကျွန်တော် သတိရနေပါတယ်..´´ လို့ ပြောနေသလိုပါပဲ...

ကျွန်တော် သူ့ကိုကြည့်ရင်း ပြုံးဖြစ်တယ်...
စိတ်ထဲမှာလည်း ``ဆက်ဆံရေးကောင်းတယ်...´´ လို့ မှတ်ချက်ပေးလိုက်တယ်။

ဒီခွေးလေးက မွေးထားတဲ့ ခွေးလေး မဟုတ်ပေမယ့် ဘယ်ကမှန်းမသိ ရောက်လာပြီး ကျွန်တော့်ရဲ့ စားကြွင်းစားကျန်လေးတွေ စားနေရလို့......
ပြီးတော့ ကျွန်တော့် ခြံဝင်းထဲမှာဘဲ နေထိုင်ရလို့...
သူက သခင်အဖြစ် သတ်မှတ်လိုက်ပုံရပါတယ်....

အိမ်ပေါက်ဝမှာတော့ ဂျင်မီက ရုပ်တည်နဲ့ ထွက်ကြည့်နေတယ်..။
ငြိမ်ငြိမ်သက်သက် အိနြေ္ဒရရ..... ဘာသံမှလည်း မထွက်ဘူး။

ကျွန်တော် သူ့ခေါင်းကို တစ်ချက်ပွတ်ပြီး အိမ်ထဲဝင်တော့ လိုက်ဝင်လာတယ်.... ကျွန်တော် ဆက်တီမှာ ၀င်ထိုင်တော့လည်း သူက ဘေးမှာလာခွေနေတယ်။
အေးအေးလူလူပါပဲ......
သူက မျိုးရိုးနဲ့ နေထိုင်မှု စနစ်က တန်ဘိုးမြင့်တာကိုး.....

နောက်ပြီး သူနဲ့ ကျွန်တော့်ရဲ့ရင်းနှီးမှုက ခြံဝင်းထဲက ခွေးလေးလို အသံပြုပြီး အရေးတယူ နှုတ်ဆက်စရာမလိုဘူးလေ.....

ခွေးပေမဲ့လဲ သူ့စတိုင်နဲ့...... သူ့အနေအထားနဲ့ပါလားလို့.. နှိုင်းယှဉ်တွေးဖြစ်သေးတယ်၊

ခွေးဖြစ်တာတောင်မှ ကံချင်းက မတူဘူးလို့.... တရားသဘောဆန်ဆန် အတွေးလေးလည်းဝင်မိသေးရဲ့....။

အင်း အခု နောက်ပိုင်း တရားသဘောလေးတွေနဲ့ ယှဉ်ကြည့်တတ်လာတယ်။ ဖြတ်သန်းလာတဲ့ ကာလရဲ့ ညွှန်ကြားပြသမှု တွေကြောင့်ပါပဲ။

ဒီခွေးလေး အိမ်ကို စရောက်လာတော့.. မိုးတွေ ရွာနေတဲ့ အချိန်ပေါ့... အိမ်နောက်ဘက်က တံစက်မြိတ်လေးအောက်မှာချမ်းနေတာရော.... အစာမ၀လို့ ပိန်လှီနေတာရောတွေ့လို့ သနားတာနဲ့ စားကြွင်းစားကျန်လေးတွေကို ပုဂံ အဟောင်းလေး တစ်ချပ်ထဲကိုထည့်ပြီး သွားချပေးလိုက်တယ်။

ဂျင်မီကတော့ အိမ်နောက်ပေါက်ကနေ ခပ်တည်တည်နဲ့ ကြည့်နေလေရဲ့..

ဒီခွေးလေးက ကြောက်ကြောက်လန့်လန့်နဲ့ မ၀ံ့မရဲလေး... မော့ကြည့်လိုက်... စားလိုက်နဲ့...

ပြီးတော့ ဂုံနီအိတ် အဟောင်လေးတစ်ထည်ကိုလည်း သူနေတဲ့ နားက မိုးရေလွတ်တဲ့ တံစက်မြိတ် အောက်နားလေးမှာ ချထားပေးလိုက်တယ်..။

ထမင်းကို ပြောင်စင်အောင် စားပြီးတော့ အသာအယာလေး သွားအိပ်နေတယ်။ မျက်စိ တစ်ဘက်ကလည်း ဂျင်မီ့ကို မျက်ခြေမပြတ် ကြည့်ရင်းနဲ့ပေါ့။

နောက်နေ့တွေမှာတော့.....
ကျွန်တော် အစာကျွေးတိုင်း ယောက်ယက်ခပ်နေအောင် ၀မ်းသာတဲ့ အမူအယာကို အဆက်မပြတ် အမြီးလှုပ်လိုက်၊ ဘယ် - ညာတိုးလိုက်၊
အသံမျိုးစုံပေးလိုက်နဲ့ သူ ပြတတ်လာတယ်..။ သူဝမ်းသာအားရဖြစ်နေတယ်လေ

ကျွန်တော် ဒီခွေးလေးကိုကြည့်ပြီး ဂျင်မီနဲ့ နှိုင်းယှဉ်တတ်သွားတယ်။
ဂျင်မီက သူငယ်ချင်းတစ်ယောက် သင်္ဘောအပြန် လက်ဆောင်ဝယ်လာပေးတဲ့ခွေးလေး.....

ခွေးစာကို သတ်သတ် ၀ယ်ကျွေးရတယ်.....
နောက်ပြီး သတ်မှတ်ရက်အတိုင်း ပိုးသတ်ဆေးနဲ့ ရေချိုးပေးရတယ်၊
အိပ်ဖို့ကိုလည်း သီးသန့် စီစဉ်ပေးရတယ်.....
အစာကျွေးရင်လည်း မှောက်လျှက် လက်တစ်ဘက်ပေါ် မေးတင်ပြီး တည်တည်ငြိမ်ငြိမ်ကြည့်နေတတ်တယ်။
ဝမ်းသာခြင်း၊ ကျေးဇူးတင်ခြင်းတွေကို မပြတတ်ဘူး၊

အခု သူ့အလိုလို ရောက်လာတဲ့ ခွေးလေးကျတော့လည်း စားကြွင်းစားကျန်လေးတွေ ကျွေးတာတောင်မှ အငမ်းမရ ပျူငွာစွာ ဆီးကြိုနှုတ်ဆက်နေရှာတယ်.... လို့ အတွေးတွေ ရှည်လျားသွားမိတယ်...။

ဒီလောကကြီးမှာ ဘာကြောင့်များ ခွေးလေးတွေတောင် နားလည်မှုခြင်း မတူကြတာလဲလို့...လည်း ကြံကြံဖန်ဖန် ဝေဖန်စောကြောမိသေးတယ်...။

ကျွန်တော်က.... ဆူညံနေတာကို သိပ်မကြိုက်ဘူး၊
အေးဆေး တည်ငြိမ်နေတဲ့ နေထိုင်မှု ဘ၀နဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်းတွေကို သဘောကျတတ်တယ်၊

တစ်နေ့ ..... ရုံးပိတ်ရက်မှာ နေ့ခင်း ခဏအိပ်နေတုန်း အိမ်နောက်မှာနေတဲ့ ခွေးလေးကအားနဲ့ အင်နဲ့ အလန့်တကြား ထိုးဟောင်နေပါလေရော.....

ကျွန်တော်လည်း တော်တော် စိတ်တိုသွားတယ်......

ထပြီး အိမ်နောက်ကတံမြက်စည်းနဲ့ ရိုက် မလို့..... ကြည့်လိုက်တော့ ကျွန်တော့် အသိတစ်ယောက်ခြံထဲ ၀င်လာတာလေ....

ကျွန်တော်စဉ်းစာရင်း ခွေးလေးကို မရိုက်ဖြစ်လိုက်ဘူး.....

သူက သူ့သခင်ရဲ့ ခြံဝင်းကို ကာကွယ်ပေးတာကိုးဗျ......
ကျွန်တော့် အသိမိတ်ဆွေကို သူမှ မသိဘဲ....
ကျွန်တော်သူ့ကို ကျွေးမွေးထားတဲ့အတွက် ကျွန်တော့အိမ်လေးကို စောင့်ရှောက်ရင်း သူ ကျေးဇူးဆပ်တာနေမှာပါလို့ ဖြေတွေးတွေးပြီး နေလိုက်ရတယ်.......။

ကျွန်တော် ခွေးလေးကို `` အောင်နက်´´လို့ အမည်ပေးလိုက်တယ်...။

အခုတော့ အောင်နက်လေးလည်း လှပ လန်းဆန်းလို့ အရွယ်ရောက်နေခဲ့ပြီလေ....။
သူလည်း အမြဲတမ်း တာဝန်ကျေနေခဲ့တာပါပဲ။ သူမသိတဲ့ သူစိမ်းတွေဆိုရင် အမြဲဟောင်နေကျ... ကျွန်တော့အိမ်လေးကို စောင့်ရှောက်နေကျပါပဲ...

အခြေအနေနဲ့ အချိန်ကာလရဲ့ ထိတွေ့မှုကြောင့်ထင်တယ်... ကျွန်တော် အောင်နက်ဟောင်သံကြားရင် စိတ်မတိုတော့ပဲနဲ့ ဧည့်သည်တစ်ယောက်လာပြီဆိုတာကို မကြည့်ပဲနဲ့ အလိုလို သိနေတတ်ခဲ့ပါပြီ။

တစ်ခါလောက် အိမ်ကိုလာပြီး ကျွန်တော်နဲ့ တွေ့တဲ့ မိတ်ဆွေတွေ.....
ရိုးရိုးတန်းတန်း အိမ်ထဲကို ၀င်လာတဲ့ ဧည့်သည်တွေ ဆိုရင်တော့......
သူ မဟောင်တော့ဘူး၊ နားလည်လွယ်တယ်လို့ယူဆလို့ရပါတယ်....။

ခွေးတွေမှာ ကျေးဇူးသိတတ်ခြင်းနှင့် နားလည်ခြင်းတွေ ရှိတယ်လို့.... ဖတ်ဘူးကြားဘူးခဲ့တယ်.... ။

ကျွန်တော်...... အရွယ်ရောက်လာကြပြီဖြစ်တဲ့ အိမ်ထဲက ဂျင်မီနဲ့ ခြံဝင်းထဲက အောင်နက်ကို ယှဉ်ပြီး ကြည့်မိတယ်။

ဒီခွေးလေး နှစ်ကောင်က ဘ၀ပေး အခြေအနေတွေလည်း မတူ....
စားရ၊ နေရတာချင်းလည်း မတူ...၊
ကျွန်တော် ထားရှိတဲ့ ဂရုစိုက်မှုတွေလည်း မတူ.....၊
ကျွန်တော့်ကို ကာကွယ်ပေးတဲ့ စိတ်ထားခြင်းလည်း မတူ...၊
ပုံပန်းသဏ္ဍာန်တွေလည်း မတူ...၊
နေတာထိုင်တာခြင်းလည်း မတူခဲ့ကြပါဘူး၊

တူတာတစ်ခုကတော့ ကျွန်တော့်အိမ်က ခွေးလေးတွေ ဖြစ်နေခြင်းပါပဲ.....

ကျွန်တော် အခု စဉ်းစားမိတာက ကျွန်တော်လည်း အေးဆေးတဲ့၊ စာနာတတ်တဲ့၊ စိတ်ကောင်းရှိတယ်ဆိုတဲ့ လူတစ်ယောက် ဖြစ်ပေမယ့် တကယ်တမ်း ကျတော့ အိမ်ကခွေးလေးတွေ အပေါ်မှာတောင် မမျှတပါလားလို့...

နောက် တစ်ခုလည်း စဉ်းစားမိသွားပြီး ဇဝေဇ၀ါဖြစ်သွားသေးတယ်။

ကျွန်တော် အောင်နက်ကို ဂျင်မီလို ကျွေးမွေးရင် အောင်နက်လေး နေတတ် စားတတ်ပါ့မလားလို့.....

ခွေးဖြစ်ပေမယ့်....
သဘာဝခြင်း၊ နေထိုင် ကြီးပြင်းရခြင်းနဲ့ ရှင်သန်ရခြင်း မတူညီကြလို့လေ....။

ဂျင်မီကိုသာ အောင်နက်လို ဆက်ဆံကျွေးမွေးမိရင်တော့ ပိုဆိုးပြီပေါ့။

အင်း...... စရိုက်ချင်း၊ မျိုးရိုးချင်း မတူညီတော့လည်း ဘယ်လိုမှတူအောင်..... ညီမျှအောင် ဆောင်ရွက်ပေးလို့ မရနိုင်လောက်ပါဘူး...။

`` ယောနိသော မနဿီကာရ´´ တဲ့ ဘုရားဟောထားခဲ့တာပဲ...... သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်ရမယ်လေ.....

သူတို့ရဲ့ တူညီခြင်းတွေကိုတော့ ကျွန်တော် မရှာတော့ပါဘူး....
သူတို့မှာ တူညီမှုတွေ ရှိချင်လည်း ရှိမယ်။
ရှိချင်မှလည်း ရှိမယ်။

ရှိရှိ မရှိရှိ ကျွန်တော့် အတွက်ကတော့ အရေးမကြီးပါဘူး.....
သူတို့ကိုယ်တိုင် ကျွန်တော့်အိမ်မှာ ရှိနေတာကိုက ကျွန်တော့်အတွက်ပြည့်စုံနေပြီလေ။

ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့....
ကလေးလေးတွေနဲ့ ခွေးလေးတွေကို ချစ်ပါတယ်..
သူတို့မှာ.... စိတ်ယုတ်မာ မရှိဘူးထင်လို့လေ.....။

(ကွန်ဆူးမား)(၁-၉-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...