Saturday, September 7, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၆ )

September 4, 2013 at 12:11am
ထိုသူမ၏နာမည်ကား သုမိတ္တာဟူသတတ်။ ထိုနာမည်၏အဓိပ္ဗါယ်ကား မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူဟူ၏။ မှန်၏။ သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် ဘုရားဖြစ်ရန်အလို့ငှာ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူသော အလောင်းတော်အား ကူညီ၍ပါရမီဖြည့်ဆည်းပေးရမည့်သူသည် မိတ်ဆွေကောင်းဖြစ်နေပါမှ သို့မဟုတ် အများပြည်သူလူထု၏ အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အများပြည်သူလူထုကို ချစ်ခင်တတ်သူဖြစ်ပါမှ ပါရမီဖြည့် ဘက်ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက သာမန်အမျိုးသမီးတစ်ယောက်နှင့် ထူးခြားမည်မဟုတ်တော့။
ထိုဒီပင်္ကရာဘုရားရှင်ကို ကြိုဆိုသည့်အခမ်းအနားတွင် ထိုသုမိတ္တာမည်သော အမျိုးသမီးငယ်လေးသည် ဒီပင်္ကရာဘုရားရှင်ကို လှုရန်အတွက် ကြာပန်းရှစ်ခိုင်ကို ယူခဲ့လေသည်။ သူမ၏ အစပထမရည်ရွယ်ချက်သည် သူမကိုယ်တိုင် သူမတစ်ဦးတည်းပင် လူဘို့ဖြစ်သည်။ သို့သော် ဒီပင်္ကရာဘုရားရှင်အား သူ၏ခန္ဓာကိုယ်ကို တံတားခင်း၍  လှုဒါန်းနေသော သုမေဓာရှင်ရသေ့ကို မြင်တွေ့ရလေသောအခါ သူမသည် လေးစားကြည်ညိုသွားတော့၏။ ယုံကြည်မှု၊ အားထားမှု၊ ပူးပေါင်းဆောင်ရွက်လိုမှုနှင့် ပေးဆပ်ဖြည့်ဆည်းလိုမှုဟူသော ကုသိုလ်ဆန္ဒတို့သည်လည်း သူမ၏ရင်တွင်းသို့ အလိုအလျောက် ချဉ်းနင်းဝင်ရောက်လာခဲ့လေသည်။ ထို့ကြောင့်ပင် သူမသည် လှုရန်ယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်အနက် သုံးခိုင်ကိုသာ သူမကိုယ်တိုင်ကိုင်ဆောင်လျှက် ကျန်ငါးခိုင်ကိုမူ သုမေဓာရှင်ရသေ့အား လိုလိုလားလားပင်ပေးလှုလိုက်လေသည်။

     ဘုရားအလောင်းတော်၏ နာမည်ကား သုမေဓာ၊ အဓိပ္ဗါယ်ကား ပညာပြည့်ဝ နှလုံးလှသူ သို့မဟုတ် စိတ်နှလုံးဖြူစင်လှသော ပညာရှိဟူ၍ဖြစ်ပြီးလျှင် ကူညီ၍ပါရမီဖြည့်မည့်သူ သုမိတ္တာ၏ အဓိပ္ဗါယ်မှာ မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူဟု အဓိပ္ဗါယ်ရှိသဖြင့် သူတို့နှစ်ဦး၏ အမည်နာမတို့ကား ဗျူပ္ဗတ်နှင့်လုပ်ရပ်တို့ အလွန်ပင်ညီညွတ် တိုက်ဆိုင်ကြလေ၏။ ထို့နောက် သုမေဓာမည်သော ရှင်ရသေ့နှင့် သုမိတ္တာမည်သော အမျိုးကောင်းသား အမျိုးကောင်းသမီးနှစ်ယောက်တို့သည် ဒီပင်္ကရာဘုရားရှင်အား နှစ်ယောက်ပေါင်း၍ ကြာပန်းရှစ်ခိုင်ကို လှုဒါန်းခဲ့ကြလေသည်။ ထိုသို့လှုဒါန်းစဉ်တွင် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ အနှိုင်းမဲ့သော အသရေတော်ကို ဖူးတွေ့ရသဖြင့် အလွန်အားကျကြည်ညိုမိတော့သည်။ အထူးသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သုံးဆယ့်တစ်ဘုံသူ ဘုံသားတို့အတွက် လောကီကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုး ဤနှစ်မျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ၊ အနှိုင်းမဲ့သော မေတ္တာ၊ အနှိုင်းမဲ့သော သဗ္ဗညုတဥာဏ်တော်တို့ဖြင့် အနှိုင်းမဲ့ဆောင်ရွက်တော်မူနိုင်သကဲ့သို့ သုမေဓာရှင်ရသေ့သည်လည်း လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို ဆယ်ဆောင်လိုသော၊ ဆင်းရဲဒုက္ခမှန်သမျှမှ ကယ်တင်လိုသော မဟာကရုဏာနှင့်ဆန္ဒတို့သည် အလွန်အမင်း ပြင်းပြင်းပြပြ ဖြစ်တော်မူလာလေသည်။

   အမှန်စင်စစ် ဘုရားဖြစ်လိုသောဆန္ဒသည် အလွန်အမင်းပြင်းပြထက်သန်လာလေတော့သည်။ မှန်လှ၏။ ဘုရားဖြစ်မှသာလျှင် အသားအရောင်၊ အမျိုးအနွယ်၊ နေရာဒေသ၊ နိုင်ငံဘုံဌာန၊ အဆင့်အလွှာစသော လောကသားတို့၏ အပေါ်ယံအမြင်တို့ကို မရှုမြင် မခွဲကြားဘဲ ထိုလောကအမြင်ထက် ကျော်လွန်ကာ သတ္တဝါတိုင်း၏ ပါရမီအနုအရင့် အဆင့်အတန်းကိုသာ ကြည့်ရှုဆင်ခြင်တော်မူ၍ လောကကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုး ထိုနှစ်မျိုးတို့ကို အနှိုင်းမဲ့ဆောင်ရွက်နိုင်မည်ဖြစ်လေသည်။ ထို့ကြောင့်ပင် သူသည်ဘုရားဖြစ်လိုစိတ် ထက်သန်ပြင်းပြခြင်းပင်ဖြစ်သည်။ ထို့ပြင် သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးသည်လည်း သံသရာတစ်လျှောက် ဘဝဆက်တိုင်းတွင် ဘုရားဖြစ်သည်အထိ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါးမျှဝေ၍ သုမေဓာရှင်ရသေ့နှင့် အတူတကွဆောင်ရွက်လို ပါရမီဖြည့်လိုစိတ်တို့သည်လည်း တားမနိုင်ဆီးမရ ဖြစ်ပေါ်လာလေတော့၏။ အမှန်စင်စစ် သူတို့နှစ်ယောက်လုံး၏ အသိဥာဏ်နှင့် စိတ်သန္တာန်တွင် သို့မဟုတ် ဦးနှောက်နှင့် နှလုံးသားတို့တွင် အရာရာကိုစွန့်လွှတ်ပေးဆပ် အနစ်နာခံကာ လောကကောင်းကျိုးလုပ်ဆောင်ရန် အလွန်အမင်း စိတ်သန်ခံယူကြ ခံစားလျှက်ရှိကြ၏။

   ဤသည်မှာ သူတို့နှစ်ဦး၏ လောကအပေါ်ထားရှိသော မဟာကရုဏာနှင့် အသိဥာဏ်ပညာပင်ဖြစ်တော့၏။ ဤနေရာ၌ ဘုရားအလောင်းတော် သုမေဓာ၏ မဟာကရုဏာတော်နှင့် ပညာသည် သုမိတ္တာအမျိုးသမီးကောင်းလေးထက် ပို၍ပြဋ္ဌာန်းအားကြီးလှသည်ကို မမေ့သင့်ပေ။ အကြောင်းမှာ သုမေဓာရှင်ရသေ့သည် ခေါင်းဆောင်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျပါရမီဖြည့်ရမည်ဖြစ်ပြီး သုမိတ္တာအမျိုးသမီးလေးသည် ပါရမီဖြည့်ဖက်အနေဖြင့်သာ ဖြည့်ဆည်းပေးရမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ လောကကောင်းကျိုးကို သယ်ပိုးရာတွင် ကရုဏာနှင့်ပညာသည် မရှိမဖြစ် အဓိကနေရာမှလိုအပ်ပါ၏။ ကရုဏာသာရှိ၍ ပညာအားနဲပါလျှင် ထိုထိုလုပ်ရပ်တို့သည် ကောင်းကျိုးနဲတတ်ပါသည်။ စေတနာရှိသော်လည်း ဥာဏ်နှင့်မယှဉ်ပါက နည်းလမ်းမှားသဖြင့်ကောင်းကျိုးမရဘဲ ဆိုးကျိုးဖြစ်ရတတ်သည်ဟု ဆိုလို၏။ တဖန် ပညာသာတတ်၍ ကရုဏာအားနဲလျှင်လည်း အကြင်နာမဲ့၍ ရက်စက်ကြမ်းကြုတ်တတ်သဖြင့် လောကသားများ၏ အားထားရာမဖြစ်တော့ဘဲ ဆိုးကျိုးများကို ဖန်တီးတတ်သော ကြောက်မက်ဖွယ်ရာ အန္တရာယ်ပြုတတ်သူ ဖြစ်တတ်ပါသည်။ ထို့ကြောင့် လောကကောင်းကျိုးကို ဆောင်ရွက်ရာတွင်  ကရုဏာနှင့်ပညာ ဤနှစ်ဖြာသည် အမှန်ပင် မရှိမဖြစ်လိုအပ်လှပါ၏။ သို့မှသာလျှင် လောကသားတို့အတွက် စစ်မှန်သော ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်လေသည်။ ထိုသူနှစ်ယောက်တို့၏ ရင်တွင်း၌ရှိသော စိတ်ပိုင်းဆိုင်ရာအရည်အသွေးများကို ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ဖြင့် သိတော်မူလေပြီ။ ထို့ပြင် သုမေဓာရှင်ရသေ့၏ အနာဂတ်ကို ဆင်ခြင်တော်မူသောအခါ၌လည်း နောင်လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသောကာလဝယ် ဘဒ္ဒကမ္ဘာ၌ ဂေါတမအနွယ်တော်ဖြင့် ဘုရားအဖြစ်သို့ အမှန်မုချ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်း သိတော်မူသည့်အပြင် သုမိတ္တာမည်သော အမျိုးကောင်းသမီးလေးသည်လည်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဘက်အနေဖြင့် မလွဲမသွေ ပါဝင်ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်း သိမြင်တော်မူလေ၏။ ထို့ကြောင့်ပင် ဒီပင်္ကရာဘုရားရှင်က သူတို့နှစ်ဦးအား ဤသို့ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ ( ဆက်လက်ဖေါ်ပြပါမည် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...