Author: lubo601 |
11:21 AM |
|
လှိုင်ဂူအမှတ် ၁ က ဂူအမှတ်၂ လောက်" မကြီးမားပေမယ့် ရင်သပ်ရှုမောဖွယ်ရာ
ကျောက်ခေတ် ပန်းချီပညာရှင် တစ်ယောက်ရဲ့ လက်ရာတွေရှိနေတော့ ကောင်မလေးနဲ
့ကောင်လေးက သိပ်ကို ပျော်ရွှင်ကြည်နူးပြီး ဓါတ်ပုံတွေ တဖျပ်ဖျပ်နဲ့
ရိုက်လို့ မကုန်နိုင်အောင် ဖြစ်ကြရ သတဲ့ကွယ်။
"Girl ကို ပုံပြင်ပြောပြမှာဆို ပြောလေ..." "ဟိုးရှေးရှေးတုန်းကတဲ့ ဒီလှိုဏ်ဂူကြီးမှာ ကျောက်ခေတ်လူသား အထီး
နဲ့အမ
အတူတူနေထိုင်ခဲ့ကြတယ်တဲ့။ သူတို့ရဲ့ မိဘဆွေမျိုးတွေကတော့ ဟိုဘက်က
အလွန်ကြီးမားကျယ်ပြန့်တဲ့ ဂူအမှတ်၂မှာ နေထိုင်ကြတယ်တဲ့။ အစာရှာထွက်ရင်တော့
အတူတူ အုပ်စုဖွဲ့ပြီးထွက်ကြလေ့ရှိတယ်လေ။ အခုဂူရှေ့က ကောနေတဲ့ စမ်းချောင်းလေးဟာ အဲ့ဒီတုန်းက ရေတွေတသွင်သွင်စီးဆင်းနေခဲ့တာပေါ့။ လှပပြီး အရောင်အသွေးစုံတဲ့ ငါးမျိုးစုံဟာ ချောင်းရေထဲမှာကူးခတ်သွားလာခဲ့ကြ တာပေါ့။"
" စမ်းချောင်းရေကို လာသောက်ကြတဲ့ တောရိုင်းတိရစ္ဆာန်လေး
တွေလည်း ပေါတော့ အစာရှာရလည်း လွယ်ကူခဲ့တယ်လေ။ တောထဲမှာလည်း
သစ်သီးဝလံတွေပေါများတော့ သူတို့အတွက် ဧဒင်ဥယျာဉ်ကြီးလို
ပြည့်စုံသာယာနေတာပေါ့။ ကျောက်ခေတ်လူသား မောင်နှံက တခြားလူတွေထက်ပိုပြီး
ထူးခြားတာကတော့ သူတို့က ပန်းချီဆွဲရတာကို သဘောကျကြတယ်လေ။ အစာရှာပြီး
အားလပ်ချိန်တွေမှာ သူတို့နှစ်ယောက်က အတူတူ ပန်းချီတွေ ဆွဲကြတယ်တဲ့။ "
"သူတို့ပန်းချီပုံတွေက ကျောက်စက်ရေတွေ စိမ့်လာတိုင်း
ပျက်ပျက်ကုန်တာပေါ့။ ဒါ့နဲ့ပဲ သူတို့နှစ်ယောက်က ရာသီဥတုဒဏ်ကို
ခံနိုင်ပြီးဆေးသားမပျက်အောင် ထိန်းသိမ်းနိုင်တဲ့ ချုပ်ဆေးတစ်မျိုးကို ဖော်ဆပ်အောင်မြင်ခဲ့ပါလေရော။ငါးပုံ၊ နေမင်းပုံ၊လူသားရဲ့လက်ဖျံရိုးပုံတို့လို
တစ်ကြောင်းဆွဲပုံ လှလှလေးတွေကို ကျောက်ခေတ်သူမလေးက ရေးဆွဲထားတာတဲ့လေ။
နွားသားအမိပုံတို့ စိုင်ပုံတို့ တိရစ္ဆာန်ပုံတွေကို ဆေးရေးပန်ချီသဏ္ဍန်
ခြယ်သထားတာက ကျောက်ခေတ်လူသားထီးရဲ့ လက်ရာတဲ့လေ။"
"ဟုတ်လို့လားးးဟင်။ အဲ့ပုံပြင်ကို ဘယ်ကကြားဖူးခဲ့တာလဲ!!!" "အော်...ဒါကဒီလိုလေ အဲ့ဒီကျောက်ခေတ်လူသားမောင်နှံက အခုခေတ်မှာ လူပြန်ဝင်စားပြီး ကိုဆန်းမင်း နဲ့Girl ဆိုပြီး ဖြစ်လာကြတယ်တဲ့လေ။" "ခစ်ခစ်…အရမ်းအမြင်ကပ်ဖို့ကောင်းတာပဲ။ ဂဲလ်က တကယ်ပြောတယ်မှတ်နေတာ။ မန္တလေးသားပီပီ သိပ်စကားတတ်တာပဲ။"
ကောင်လေးရဲ့ပုံပြင်လေး ပြီးသွားချိန်မှာတော့
နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေ ဆူညံစွာ မြည်ဟိန်းလာတာကို
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စိတ်အာရုံနဲ့ နားထောင်နေခဲ့ကြသတဲ့ကွယ်။
"ဟိတ်…နင်တို့ဘာတွေစဉ်းစားနေကြလို့
မတ်တပ်ကမေ့နေကြတာလဲဟင်!!! အပြင်မှာလူစစ်ဖို့ တန်းစီခိုင်းနေပြီ။"
သံပုရာ့အသံစူးစူးကို ရုတ်တရက် ကြားလိုက်မိတဲ့ ကောင်မလေးဟာ
အတော်လန့်သွားရှာပြီး ရင်ခုန်သံတွေ စည်းချက်ပျက်ပြီး ပရမ်းပတာတွေ
ဖြစ်သွားရှာပါသတဲ့။
ကောင်လေးကတော့ ခပ်ပြုံးပြုံးနဲ့ ကောင်မလေးလွယ်ထားတဲ့ ကျောပိုးအိတ်လေးကို အသာတွန်းလှည့်ရင်း အပြင်ကိုထွက်လာခဲ့ကြပါသတဲ့ကွယ်။
"ဟ…သံပုရာချိုတော့ လုပ်ထည့်လိုက်ပြန်ပြီ... သူများတွေတောင်
ဓါတ်ပုံရိုက်တုန်း ရှိသေးတာကိုဟာ..." "အံမယ်…အကုန်လုံးက ရှေ့ရောက်ပြီး
ရိုက်နေကြတာလေ။ ဟိုးနောက်ထဲမှာ နင်တို့တင် ကျန်နေခဲ့လို့ စိတ်ပူလို့လာခေါ်
ပေးတာကိုများးး ကျေးဇူးမတင် တတ်လိုက်တာ" "အင်းလေ ဟုတ်သားပဲ…ဝေဝေက
စေတနာနဲ့လာခေါ်တာကို အဲ့လိုမပြောပါနဲ့။" လို့ကောင်မလေးက သူ့သူငယ်ချင်းဖက်ကနေ
ရပ်တည်ပြီး ဝင်ကူပြောပေးခဲ့ တယ်တဲ့ကွယ်။
အဲ့ဒီနောက်မှာတော့ ခြေလျှင်နာရီဝက်လောက်လျှောက်ပြီး
စက်လှေနဲ့ ကင်းတားဆည်ကြီးကို နောက်တစ်ဖန် ဖြတ်ကူးပြီး အပြန်ခရီးကို
စတင်ခဲ့ကြပါသတဲ့ကွယ်။ စက်လှေပေါ်ကဆင်းကတည်းက ခြေလျှင်ပြန်လျှောက်ကြရတာ
ကူမဲမြို့ရောက်တဲ့ထိပါပဲတဲ့။ ခရီးက သိပ်ရှည်လျားလွန်းသလို ရာသီဥတုကလည်း တော်တော်ပူသတဲ့ကွယ်။
" ဂဲလ်ဖျားနေတယ်ကြားလို့ လာမေးတာပါ" ဆိုတဲ့စကားတွေနဲ့အတူ
ရောက်လာတဲ့ ကောင်လေးကို မြင်လိုက်ကတည်းက ကောင်မလေး ကိုယ်ပူတွေကျသွားပြီး
အဖျားပျောက် သွားတယ်လို့ သူ့ကိုယ်သူထင်မိသတဲ့ကွယ်။ ဒီလိုနဲ့ အဆောင်ကို
ကောင်လေးက မနက်တိုင်းရောက်လာပြီး မနက်စာအတူတူ စားဖို့လာခေါ်တိုင်း
ကောင်မလေးက သူငယ်ချင်းတွေပါ အတူခေါ်ပြီး အချစ်ရွာ ကဖေးမှာ မနက်စာစားလေ့
ရှိကြသတဲ့ကွယ်။
ကျောင်းတော်ကြီးမှာ ဥစ္စာပေါ၊ ရုပ်ချောလို့နာမည်ကြီးစာရင်းမှာ
ကောင်လေးကလည်း အပါအဝင်ဖြစ်တဲ့ အပြင်စာလည်း အရမ်းတော်တော့ ကောင်မလေးတို့
သူငယ်ချင်းအဖွဲ့ဟာ ကျောင်းကလူငယ်တွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့
စာရင်းမှာပါဝင် လာခဲ့တာပေါ့။ တစ်ညမှာတော့ စာကျက်နေကြရင်းကနေ ကောင်မလေးက
သူ့သူငယ်ချင်း မိုးမိုးနဲ့ဝေဝေ့ကို တိုင်ပင်တဲ့အနေနဲ့ ဖွင့်ပြောလာတာက
သူမဟာ ကောင်လေးကို အဖြေပေးတော့မယ် ဆိုတာပါပဲတဲ့။
ပြီးခဲ့တဲ့ကျောင်းပိတ်ရက်ရှည် မှာလည်း ကောင်လေးက ကောင်မလေးဆီကို မကြာခဏလာလည် ခဲ့ကြောင်းတွေ၊ ဂရုစိုက်တာတွေ... သူတို့နှစ်ယောက်အတူ ကျောက်ဆည်မြို့ကရွှေသာလျောင်း တောင်ပေါ်တက်ပြီး ဘုရားဖူးဖြစ်ခဲ့တာတွေ ကိုလည်း သူငယ်ချင်းနှစ်ယောက်ကို ပြောပြခဲ့ပါတယ်တဲ့။ ဒီအခါမှာ အသံနှစ်ခုတပြိုင်တည်းထွက်လာပြီး ဆူဆူညံညံတွေ ခပ်ကျိတ်ကျိတ်ပေါ်ထွက် လာခဲ့ပါလေရော။
"မိုးကတော့ ဂဲလ်တို့နှစ်ယောက်ကို သိပ်ပြီးသဘောတူတာပဲ။ အဖြေမြန်မြန်ပေးလိုက်ပါတော့ဟယ်။"
"ဝေကတော့ ကန့်ကွက်တယ် ဂဲလ်။ နင့်အနေနဲ့ သူ့ကိုမရွေးသင့်ဘူး။ ရွေးချင်တယ်
ဆိုရင်လည်း အချိန်နည်းနည်း ထပ်ယူပြီး စဉ်းစားစေချင်သေးတယ်။" "တစ်ယောက်ကို
တစ်ယောက်က ချစ်ရင်ပြီးတာပဲဂဲလ်ရယ်။ ဆန်းမင်းဆိုတာ အဖက်ဖက်က
ပြောစရာမလိုအောင် ပြည့်စုံနေတဲ့သူ။ အတန်းထဲက ကောင်တွေ ဘိလိယက်ဝိုင်း
ဂိမ်းဆိုင်နဲ့ ဖဲဝိုင်းတွေသွား နေကြချိန်မှာ အချိန်မှန်ကျောင်းတက်ပြီး
စာတကယ်လုပ်နေတဲ့သူလေ။ ပြီးတော့နင့်ကိုလည်း တကယ်ချစ်နေတာ လူတိုင်းသိတာပဲ။
ဒီလိုလူမျိုးကို ငြင်းရင်နင်မိုက်တာပေါ့။ "
"ဆန်းမင်းက လူချောတစ်ယောက်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဥပဓိရုပ် မကောင်းဘူးဟ။
သူ့မျက်လုံးအိမ်အနေအထားကို ငါမကြိုက်ဘူး။ ဒီလိုလူမျိုးက
သစ္စာမရှိဘူး။ပြီးတော့ ရက်စက်တတ်တယ်။ဂဲလ်က ဝေ့ရဲ့
သူငယ်ချင်းကောင်းပါ။ဒါ့ကြောင့် အမုန်းခံပြီး သတိပေးရမှာ ဝေ့တာဝန်ပဲလေ။ ကျန်တာဂဲလ်ဖာသာ စိတ်တိုင်းကျ ဆုံးဖြတ်ပါ။" "ဟာသပဲ။တော်တော်အပြောကောင်းတာပဲ
သံပုရာ။ နင်က အစကတည်းက ဆန်းမင်းနဲ့ ဂဲလ်ကြား ဝင်ရှုပ်ချင်နေတာ ငါသိသားပဲ။ "
"ဂဲလ်တို့ကို မနီးစပ်စေချင်တာတော့ အမှန်ပဲ။ ဒါပေမယ့်
ဝင်ရှုပ်တယ်ဆိုတဲ့စကား တော့နင်မသုံးသင့်ဘူးမိုးမိုး။ ငါ...သူတို့ကြားအပါအဝင် ဘယ်သူ့ကြားမှ ဝင်မရှုပ်ဘူးးး။ "
"တော်ကြပါတော့ကွယ်။ နှစ်ယောက်လုံးက ဂဲလ်အပေါ် ကောင်းတဲ့သူငယ်ချင်းတွေဆိုတာ
သိပါတယ်။ပြဒါးလင်းဂူက ပြန်လာကတည်းက ကိုဆန်းမင်းက
ဖွင့်ပြောထားတာပါ။ဂဲလ်လည်း သေချာစဉ်းစားနေလို့ ခုလို ခြောက်လနီးပါး
ကြာနေတာပါ။ ဂဲလ်အတွက် သင့်တော်တယ်လို့လည်း ထင်သလို ကိုဆန်းမင်းကို ဂဲလ်တကယ်
ချစ်နေမိတယ်။ အဲ့ဒါကြောင့် အဖြေပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ "
"ဂဲလ်အနေနဲ့ ချစ်လို့ဆုံးဖြတ်တာ ဆိုရင်တော့ ဝေ့အနေနဲ့
ပြောစရာဘာမှ မရှိပါဘူး။ကောင်းပါတယ်။ ဂွတ်လပ်ခ်ပါနော်။" "……… " အခန်းထဲမှာ
တိတ်ဆိတ်ခြင်းက မင်းမူသွားပါတယ်။ တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်မှာ တင်းမာခက်ထန်သွားတဲ့ ကြိုးတစ်ချောင်းရဲ့ မြည်ဟီးသံကလည်း တိတ်တဆိတ် ဖြစ်တည်လာခဲ့ပါတယ်။ဒီလိုနဲ့
ကောင်မလေးက ကောင်လေးရဲ့ အချစ်တွေကို လက်ခံလိုက်ပါတယ်တဲ့။
မန္တလေးဆေးတက္ကသိုလ်ကြီးရဲ့ ပုရဝုဏ်မှာ ချစ်သူစုံတွဲလေးတစ်တွဲ
တိုးလာခဲ့တာပေါ့ကွယ်။
မနက်ခင်းတိုင်းမှာ
ကျောင်အနောက်ဖက်က အချစ်ရွာကဖေးဟာ သူတို့ချစ်သူနှစ်ဦးရဲ့ မနက်စာစားရင်း
စာဆွေးနွေးနေကြ နေရာလေးဖြစ်လာပါတယ်ကွယ်။စနေ တနင်္ဂနွေလို နေ့တွေကတော့ မန္တလေးတက္ကသိုလ် မိန်းထဲက ရူဘီကဖေးမှာ မနက်စာစားလေ့ရှိသတဲ့။ကောင်မလေးက
ရူဘီကဖေးရဲ့ တိတ်ဆိတ်တဲ့ဝန်းကျင် သီးသန့်ဆန်တဲ့ တဲအမိုးလေးထဲမှာ
သင်ဖျူးဖျာလေးခင်းထားပြီး စာပွဲဝိုင်းလေးနဲ့ ထိုင်ရတဲ့ အရသာကို တော်တော်
သဘောကျသတဲ့ကွယ်။
ကျောင်းရဲ့ပတ်ဝန်းကျင်က
သရီးကာလာကဖေးနဲ့ အေးချမ်းမြေအပါအဝင် ရှမ်းထမင်းဆိုင်တွေကလည်း
သူတို့နှစိဦးရဲ့ ခြေရာတွေ ထပ်နေတော့တာပါပဲတဲ့ကွယ်။ သူတို့စုံတွဲကို
အားလုံးက အားကျမနာလိုနေ ကြချိန်မှာပဲ သတင်းတစ်ခုက တိတ်တဆိတ်
ပြန့်နှံ့နေခဲ့သတဲ့ကွယ်။ အဲ့ဒါကတော့ ကောင်လေးရဲ့မျက်လုံးပုံသဏ္ဍန်ကိုကြည့်ပြီး သစ္စာမရှိတဲ့သူလို့ ပြောလိုက်တဲ့ ဝေဝေ့ရဲ့ ဟောချက်ပါပဲကွယ်။
ကောင်လေးကို ကျိတ်သဘောကျ နေတဲ့မိန်းကလေးတွေကရော
ကောင်လေးနဲ့ကောင်မလေးကို သဘောတူအားကျနေတဲ့ သူငယ်ချင်းတွေရောရဲ့ ကြားမှာ
ဒီစကားဟာ တော်တော်ရယ်စရာ ဟာသတစ်ခု ဖြစ်နေခဲ့ပါတယ်တဲ့။တစ်ရက်မှာတော့ ရွှတ်တီးရွှတ်နောက် သူငယ်ချင်းအုပ်စုက "ဟေ့..ဝေဝေ…ငါတို့မျက်နှာကို ကြည့်ပြီးတော့လည်း ရှေ့ရေးနောက်ရေးလေးတွေ ပြောပြပါအုံး" လို့အစခံလိုက်ရချိန်မှာတော့ ဝေဝေတစ်ယောက် မိုးမိုးအပေါ်အတော်ကြီး စိတ်နာသွားခဲ့ပါတယ်။
တစ်ခုသော လဆန်းရက် လေးမှာတော့ လေးထပ်ဆောင်က
သုံးယောက်ခန်းလေးကို စွန့်ခွာပြီး တစ်ယောက်သီးသန့်ခန်းရှိရာ သပြေဆောင်ကို
ဝေဝေတစ်ယောက် ရွှေ့ပြောင်းသွားခဲ့ပါတယ်။ ကောင်မလေးက"ဘာလို့လဲဝေရယ်။ပြောင်းမှကို ဖြစ်မှာမို့လားးး စဉ်းစားပါ အုံးဟယ်။ငါတို့နဲ့နေရတာ မပျော်လို့လားဟင်။" "ဘာမှမဖြစ်ပါဘူးဂဲလ်။နင်နဲ့နေရတာ ပျော်ပါတယ်။ဒါပေမယ့် ငါကမနက်အစောကြီးထ ဟိုင်ကင်လျှောက် ဘာညာဆိုတော့ နင်တို့လည်း အိပ်ရေးပျက်တယ်လေ။"
"ဝေကအသံမထွက်အောင် ဂရုစိုက်ပြီး လုပ်တတ်တော့ ဂဲလ်ဖြင့် တစ်ခါမှမနိုးပါဘူး။ အဲ့ဒါကြောင့်ပြောတာပေါ့…အတူနေကြတယ်ဆိုတာ
မလွယ်ဘူးလေ။ တစ်ယောက်အပေါ် တစ်ယောက်က အလိုက်သိပေးဖို့ဆိုတာ
လွယ်တာမဟုတ်ဘူးးး။" "မိုးမိုး တစ်ယောက်လုံးရှိနေတာပဲလေ။
ဂဲလ်တစ်ယောက်ထဲမှမဟုတ်တာ။" "ဂဲလ်တော့ ဝေ့ကို သတိရနေတော့မှာပဲ။"
"ကျောင်းမှာနေ့တိုင်းတွေ့နေရမှာပဲ သူငယ်ချင်းရယ်။"
"အဆောင်ဝရန်တာကို ကျော်ချပြီး ဆေးကြောင်နေတဲ့ လူတစ်ယောက်
ဝင်လာတဲ့ညကို သတိရတယ်ဝေဝေ။ သန်းခေါင်ဆိုပေမယ့် စာကျက်နေကြတော့
တော်တော်များများ မအိပ်ကြသေးဘူး။ သူခိုးသူခိုး လို့အော်သံကြားပေမယ့်
ရုတ်တရက်ဘယ်သူမှ မထွက်ရဲခဲ့ကြဘူးးး ဝေဝေတစ်ယောက်
ဝုန်းဆိုရေချိုးခန်းထဲပြေးဝင်ပြီး
လက်ရိုက်တုတ်ကြီးကိုင်ပြီး ဗြုန်းခနဲ ထွက်လာပြီး အသံကြားတဲ့အခန်းဆီ
ပြေးသွားတဲ့ပုံကို ဂဲလ်တော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးးး " "ဟားဟားဟားးး
နင်ဘယ်သူ့မှလျှောက်မပြောပါနဲ့တော့ဟယ်။ ပြန်တွေးတိုင်းရယ်ချင်လွန်းလို့ပါ။ငါလေ နင်နဲ့နေရတာပျှော်ပါတယ်ဂဲလ်ရယ်။ဒါပေမယ့် တစ်ယောက်ခန်းလေးရတုန်း ပြောင်းချင်လို့ပါ။"
ဒီလိုနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့
ချောမောခန့်ငြားတဲ့ ကောင်ကလေးတို့ဟာ အတန်းတိုင်းကို အမှတ်ကောင်းကောင်း
အဆင့်ကောင်းကောင်းတွေနဲ့ အောင်မြင်ခဲ့ကြသလို ချစ်ခြင်းမေတ္တာတွေလည်း
ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ကောင်လေးရဲ့ သစ္စာရှိမှုနဲ့ ချစ်ခြင်းမေတ္တာကို
အချိန်က သက်သေပြနိုင်ခဲ့သလို ဝေဝေ့ရဲ့ ခန့်မှန်းပြောကြားချက်
မှားယွင်းမှုတွေကိုလည်း အချိန်ကပဲ ထောက်ပြသွားခဲ့ပါတယ်။
ကျောင်းပြီးခါနီးတော့ ကောင်လေးနဲ့ကောင်မလေးဟာ နှစ်ဖက်မိဘတွေကို
ဖွင့်ပြောခဲ့ကြပါသတဲ့။ နှစ်ဘက်စလုံးကလည်း သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ဘွဲ့ယူပြီးတော့ သူတို့နှစ်ယောက်ရဲ့
မင်္ဂလာကိစ္စတွေကို စီစဉ်နေခဲ့ကြပါတယ်။ ကောင်လေးနဲ့တွေ့ဆုံခဲ့ရချိန်တွေဟာ
ကောင်မလေးအတွက်တော့ နှင်းဆီလွှမ်းပြီး မွှေးရနံ့တွေသင်းကြိုင်တဲ့
အချိန်ကာလတွေဖြစ်ခဲ့ပါတယ်။ ဘဝမှာ နှစ်ခါပြန် လျှောက်ခွင့်မရှိတဲ့
ပစ္စုပ္ပန်ရဲ့ နေ့ရက်တိုင်းကို သူတို့နှစ်ဦး အလွန်တန်ဖိုးထားခဲ့ကြပါတယ်တဲ့ကွယ်။
ဆက်လက်ဖော်ပြပါမည်။
နေထက်ထက်အောင်
—
0 comments:
Post a Comment